ထာဝရ အစည်းအရုံး
Vol. 51 Ch. 713
ဝေ့ဝူယင်မှာ ဝိညာဥ်ကွင်းများ ဖွဲ့စည်းလာကို စောင့်ကြည့် နေခဲ့၏။ ကွင်းကိုးကွင်းစီမှာ အရပ်မျက်နှာ လေးခုတွင် နေရာယူ နေခဲ့ပေသည်။ သို့သော်လည်း ဝိညာဥ်ဖိအားကတော့ အတော်လေး အားနည်းလှပေသည်။ သူ့ခန္ဓာကိုယ် လေးပိုင်းကွဲထွက် မသွားသေးသရွေ့ ထိုကပ်ဘေးအားက သူ့အတွက် အတော်လေး လွယ်ကူလိမ့်မည် ဖြစ်သည်။ သူ့မျက်နှာထက်၌ ယုံကြည်ချက် ရှိသည့် အပြုံးတစ်ခု ဖြည်းညင်းစွာ မွေးဖွားလာခဲ့၏။
သို့သော်လည်း... ဝိညာဥ်ကွင်းအားလုံး ပြည့်စုံသွားသည့် တစ်ခဏတွင်ပင် သူ့ မျက်လုံးများမှာ ပြူးကျယ်သွား၏။ သူသတိမထားမိလိုက်ခင်မှာပင် သူ၏ ကြယ်တာရာ ဝိညာဥ်များမှာ အဆုံးမဲ့စွာ စတင် လှုပ်ရှား လာနေခဲ့ပြီ ဖြစ်လေသည်။
“မဟုတ်ဘူး...”
သူတို့က စတင်ကာ စွမ်းအင်များကို ဖလှယ်လာကြ၏။
“မဟုတ်ဘူး...”
မကြာခင်မှာပင် သူတို့ အငွေ့အသက်များကို ခွဲခြားရန် မလွယ်ကူတော့ချေ။
“မဟုတ်ဘူး...”
သူတို့က အဆုံးမဲ့စွာ တောက်ပ နေခဲ့ကြပြီ ဖြစ်လေသည်။ ဝေ့ဝူယင် လှောင်ပြောင် ရယ်မောသံများကို ကြားလိုက်ရသလိုပင် ခံစားလိုက်ရ၏။
ဝိညာဥ်ကွင်း သုံးဆယ့်ခြောက်ကွင်းကတော့ တုန်ရီကာ စတင် ကျိုးပဲ့လာခဲ့ပြီ ဖြစ်လေတော့သည်။
...
အမှောင် ဟင်းလင်းပြင် အတွင်း၌ လှိုင်းလုံးများမှာ အဆက်မပြတ် တုန်ခါနေ၏။ လူတစ်ယောက်၏ စိတ်၊ ရုပ်နှင့် ဝိညာဥ်ကို ထိခိုက်စေနိုင်သည့် ကြောက်မက်ဖွယ် ဝိညာဥ်ဖိအားများက နေရာအနှံ့ ပြန့်ကျဲနေသည်။ ထိုခံစားချက်က လူတစ်ယောက်ကို တင်းတင်းကြပ်ကြပ် ဖျစ်ညှစ်ထားသလိုပင်။
မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ ကျင့်ကြံသူများစွာမှာ ထူးဆန်းသော ခံစားချက် တစ်ခုကို တစ်ပြိုင်နက်တည်း လိုလိုပင် ခံစားလိုက်ရသည်။ ထိုအရာက လေတိုးသံ သဲ့သဲ့လိုလို၊ လက်ဖျောက်တီးသံ လိုလို၊ နောက်နားမှ အရိပ်တစ်ခုခု ဖြတ်ပြေး သွားသလိုလိုပင်။ ၎င်းက တိကျသေချာသည့် ခံစားချက် တစ်ခု ဖြစ်သည့်တိုင် တစ်ချိန်တည်း၌ ဖော်ပြရန် ခက်ခဲသည့် တစ်စုံတစ်ရာလည်း ဖြစ်သည်။
ဝူယုမှာ ကြာပန်း သဏ္ဌာန် ဆက်လက် မထိုင်နိုင်တော့ချေ။ မတ်တပ်ရပ်ကာ ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် ကြည့်နေခဲ့ပြီ ဖြစ်သည်။ သူ၏ မျက်လုံးများကတော့ ပြင်းထန်သည့် ဝိညာဥ် အလင်းများဖြင့် တဖျပ်ဖျပ် တောက်ပနေ၏။ တာရာ လျှို့ဝှက် မိုင်းတွင်းကို စောင့်ရှောက်နေသည့် လူတစ်ယောက် ဖြစ်လေရာ သူ၏ အာရုံခံစားမှုက အခြားလူများထက် ပိုမို၍ အကဲဆတ်ပေသည်။
ဝူယု သတိထားရန် ဆုံးဖြတ်လိုက်၏။ သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရင်း ဖြည်းညင်းစွာပင် လက်ဝါးကို တွန်းထုတ် လိုက်သည်။ သူ့အောက်ရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှား သဏ္ဌာန် တာရာ သတ္တုလုံးကြီးမှာ စတင် တုန်ရီလာကာ အခြား တစ်နေရာသို့ ရွေ့လျား သွားတော့၏။
ယခုလို သီးခြားနေရာမျိုးတွင် ဝိညာဥ်ဖိအားကို ခံစားရခြင်းက မြေကြီးရှန့်ထို တစ်ယောက် သို့မဟုတ် အမှောင်ဟင်းလင်းပြင် သက်ရှိ တစ်ကောင် သူ့တည်နေရာကို သတိထားမိခြင်း ရှိ၊ မရှိ ဝူယုအား မေးခွန်းထုတ်စေသည်။ ထို့အပြင်... အန္တရာယ် လာနေပြီ ဆိုသည့် ထူးဆန်းသော ခံစားချက် တစ်ခုကလည်း ဝူယု၏ စိတ်ကို အဆက်မပြတ် သတိပေးနေသည်။
ထို့နောက် သူ ဆက်သွယ်ရေး သလင်းကျောက်ကို ထုတ်ယူကာ သူ့ဆုံးဖြတ်ချက်နှင့် အစီအစဥ် အကြောင်းကို ဝေ့ဝူယင်ထံ သတင်းပို့လိုက်၏။ ပြီးသည်နှင့် သူက ချက်ချင်းပင် ထိုနေရာမှ ထွက်ခွာကာ ပျောက်ကွယ် သွားတော့သည်။
ဝေ့ဝူယင်၏ ဝိညာဥ်ကွင်းများမှာ အမှောင် ဟင်းလင်းပြင် အတွင်း ပုန်းကွယ်နေသည့် တည်ရှိမှု အချို့ကို နိုးထ လာစေခဲ့ကာ ရင်းမြစ်ကို ရှာဖွေရန် လှုပ်ရှားလာစေခဲ့ပေသည်။
ဝူယု ထွက်ခွာသွားပြီး နာရီ အနည်းငယ် အကြာတွင်ပင် သူ မူလက ရှိနေခဲ့သည့် ဟင်းလင်းပြင်မှာ တုန်ရီလာကာ ဟင်းလင်းပြင်လှိုင်း တစ်ချို့ ရိုက်ခတ် လာခဲ့၏။ ၎င်းက ဝေ့ဝူယင်နှင့် ပိုင်လင်တို့ ကြုံခဲ့သလို ကြောက်မက်ဖွယ် တည်ရှိမှုကြီး တစ်ခု ဖြစ်သည်။ သို့သော်လည်း... ၎င်းက ယခင်တစ်ခုထက် ပိုမို တက်ကြွကာ လှုပ်ရှားမှုများက ရန်လိုနေပေသည်။
အကယ်၍ ဝူယုသာ ထိုနေရာတွင် ဆက်နေခဲ့ပါက အသက် ဆုံးရှုံးသွားလောက်ပြီ ဖြစ်လေသည်။
...
ထာဝရ နယ်မြေ၊ စန်းမျိုးနွယ်၏ ပင်မဂြိုဟ် တတိယ ကောင်းကင်ထက်၌ မိုင်ပေါင်းများစွာကို ဖြန့်ကျက်ထားသည့် ခုနစ်ထပ် စေတီတစ်ဆူ ရှိ၏။ ၎င်း၏ အထပ် တစ်ခုချင်းစီကို မတူကွဲပြားသည့် အရောင်များဖြင့် ခြယ်သထားကာ အဂ္ဂိရတ် တာအို၏ လမ်းစဥ် ခုနစ်ရပ်ကို ကိုယ်စား ပြုနေပေသည်။ ထိုစေတီကြီး အတွင်းတွင်တော့ အဂ္ဂိရတ် ပညာရှင် ရှစ်ယောက် တိတိ ရှိ၏။ သူတို့ထဲမှ ခုနစ်ယောက်က အလွန် ကြီးမားသော အဖြူရောင် ဆေးအိုးကြီး ဘေးတွင် ဝိုင်းပတ်၍ ရပ်နေကြကာ နောက်ဆုံး တစ်ယောက်ကတော့ အပေါ် တည့်တည့်တွင် ကြာပန်း သဏ္ဌာန် တင်ပျဥ်ချွေ ထိုင်၍ မြောလွင့် နေခဲ့သည်။ သူ၏ သေးသွယ် ရှည်လျားသော လက်များကတော့ မတူကွဲပြားသည့် ချိပ်စည်းများကို အဆက်မပြတ် ဖော်ထုတ် နေခဲ့၏။
အဖြူရောင် ဆေးအိုးကြီးက ထူထဲသည့် မြူနှင်းများနှင့် ရှေးဟောင်း အော်ရာ တစ်ခုကို ထုတ်ဖော်နေကာ ကြာရှည်သော သက်တမ်း တစ်ခုကို လှစ်ဟာပြသနေ၏။ ၎င်းက ပတ်ဝန်းကျင် ဧရိယာ တစ်ခုလုံးကို အဂ္ဂိရတ် အော်ရာတစ်ခု ဖြစ်သည့် အသန့်စင်ဆုံး မြူနှင်းများဖြင့် ဖုံးအုပ်ထားပေသည်။ ထို့အပြင် ၎င်းတို့က နှစ်ဆယ့် လေးမီတာတိုင် ရောက်ရှိနေလေရာ ကြောက်မက်ဖွယ် ပမာဏ တစ်ခုဟု ဆိုနိုင်ပေသည်။
ဆေးအိုး၏ အပေါ်တည့်တည့်၌ လွင့်မြောနေသည့် အဂ္ဂိရတ် ပညာရှင်မှာ ချောမောကာ အနက်ရောင် ဆံပင်များကို ပိုင်ဆိုင်ထားသည့် အသက်လတ် လူကြီး ဖြစ်သည်။ အကယ်၍ သေချာ ကြည့်မည် ဆိုပါက သူ့ အနက်ရောင် ဆံနွယ်များထဲတွင် မီးခိုးရောင် အမွေးအမျှင် အချို့ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည့်တိုင် ထိုအရာကပင် သူ့ လေးနက်မှုနှင့် ခန်းညားမှုတို့ကို ပိုမို ပေါ်လွင်စေသည်။
ထိုလူကြီးကား အခြားလူ မဟုတ်...။ ထာဝရ ကြယ်တာရာ နယ်မြေသားများကို ရွှေ့ပြောင်းပေးရာတွင် အဓိက တာဝန်ယူ လုပ်ဆောင်ပေးခဲ့သည့် စန်းလော့ယန်ပင် ဖြစ်လေသည်။ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် အနေဖြင့် သူက အဆုံးမဲ့ ကောင်းကင်တွင် အလွန် ကျော်ကြားသူ တစ်ယောက် ဖြစ်သည်။
ထို့အပြင်... ဆေးအိုး ပတ်လည်၌ ဝန်းရံနေသည့် လူခုနစ်ယောက်၏ ဂုဏ်သတင်း အရှိန်အဝါမှာလည်း စန်းလော့ယန်ထက် နည်းနည်းလေးမျှ နိမ့်ကျခြင်း မရှိပါချေ။ သူတို့ အထဲ၌ မျက်နှာဖုံး ဖုံးအုပ်ထားသည့် မိန်းကလေး တစ်ယောက်လည်း ပါဝင်နေ၏။ သူမကတော့ အာရုဏ်ဦး နေမီးတောက် ဆေးလုံး မဟာ သရုပ်ဖော် ပြပွဲတွင် ပါဝင်ခဲ့သည့် ဆည်းဆာ အဂ္ဂိရတ် အာဏာရှင် မူယုယပင် ဖြစ်လေသည်။
လက်ရှိ၌ အဂ္ဂိရတ် ပညာရှင် ရှစ်ယောက်မှာ အတူတကွပင် စုပေါင်းကာ အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို ဖော်စပ် နေကြဟန် ရသည်။ သူတို့ နဖူးများထက်၌ ထွက်ပေါ်နေသည့် ချွေးစေးများကို ကြည့်ခြင်း အားဖြင့် ထိုထုတ်ကုန်က ပုံမှန် မဟုတ်ကြောင်း ရှင်းလင်းလှပေသည်။
ဘုန်း... ဘုန်း... ဘုန်း...
ရုတ်တရက် ဆေးအိုးမှာ တစ်စုံတစ်ရာ၏ သက်ရောက်မှုကို ခံလိုက်ရဟန်ဖြင့် တုန်ရီသွားကာ အတွင်းပိုင်းမှ ထစ်ချုန်းသည့် အသံများမှာ ထုတ်လွှတ်လာ၏။
စန်းလော့ယန်၏ မျက်နှာ အမူအရာက ပြောင်းလဲသွားကာ လျှင်မြန်စွာပင် လက်ဟန် ချိပ်စည်း အချို့ကို ဖန်တီးရင်း ထိန်းချုပ်ဖို့ ကြိုးစားလိုက်၏။ တစ်ချိန်တည်း၌ သူက အဂ္ဂိရတ် အင်အားများကို ဆေးအိုး အတွင်း လောင်းထည့်ကာ ပေါက်ကွဲမှုများကို ငြိမ်းသတ်လိုက်သည်။ သို့သော်လည်း ကံမကောင်းစွာပင်...
ဘုန်း...
ဆေးအိုး အတွင်းမှ ကြီးမားသော ပေါက်ကွဲမှုလှိုင်းကြီး တစ်ခု ထွက်ပေါ်လာကာ အဂ္ဂိရတ် ပညာရှင် အားလုံး နောက်သို့ လွင့်စဥ် သွား၏။ သူတို့၏ ခန္ဓာကိုယ်များက အမိုး၊ နံရံများဖြင့်ပင် ဝင်တိုက်ကာ ဒွါရပေါက်များမှ သွေးများ စီးကျလာခဲ့သည်။ သူတို့၏ ကျင့်ကြံခြင်း အဆင့်က အလွန် မြင့်မားသည့်တိုင် ပေါက်ကွဲမှု အရှိန်က ဂြိုဟ်များကိုပင် ဖျက်ဆီးနိုင်သည် အထိ ပြင်းထန်လွန်းသည်။ အကျိုးဆက် အနေဖြင့် စေတီကြီးပင်လျှင် တုန်ရီ ယိမ်းထိုးသွားခဲ့၏။
ဝှစ်... ဝှစ်...
ချက်ချင်းပင် အသန့်စင်ဆုံး မြူနှင်းများမှာ နားမလည်နိုင်သည့် ဥပဒေသ တစ်ခု၏ သက်ရောက်မှုကို ခံလိုက်ရဟန်ဖြင့် ကျုံ့ဝင်လာသည်။ ထို့နောက် စက္ကန့်ပိုင်း အတွင်းမှာပင် ၎င်း၏ နှစ်ဆယ့်လေး မီတာလုံးမှာ လုံးဝ လောင်ကြွမ်းခံလိုက်ရသလို ပျောက်ကွယ် သွားခဲ့၏။
“ဘာတွေ ဖြစ်နေတာလဲ...”
စန်းလော့ယန်၏ အမူအရာက မည်းမှောင် နေခဲ့ပြီ ဖြစ်လေသည်။ ပုံမှန်အားဖြင့် ဆိုလျှင် အသန့်စင်ဆုံး မြူနှင်းများမှာ ဆေးဖော်စပ်မှု တစ်ခု ကျရှုံးခြင်းကြောင့် ပျောက်ကွယ်လေ့ မရှိချေ။ ယခု မည်သည့် အရာများ ဖြစ်နေသနည်း။
သူက ဒေါသတကြီးဖြင့် မတည်ငြိမ်မှုကို စဖြစ်ခဲ့သည့် အဂ္ဂိရတ် ပညာရှင် သုံးယောက်ကို လှမ်းကြည့်လိုက်၏။ သူတို့က သွေးချောင်းများ အဆက်မပြတ် ဆိုးနေကြကာ တည်ငြိမ်ရန်ပင် မနည်း ကြိုးစား နေရပုံ ပေါ်သည်။ သူတို့ထဲမှ တစ်ယောက်ဆိုလျှင် သတိလစ် မေ့မြော၍ပင် နေခဲ့ပြီ ဖြစ်သည်။
စန်းလော့ယန်က လက်ဝါးကို ဖြန့်လိုက်ရာ အစိမ်းရောင် ဆေးတစ်လုံး ထွက်ပေါ်လာသည်။ ၎င်းက မျက်နှာပြင်ထက်တွင် လျှို့ဝှက် သင်္ကေတ တစ်ခု တည်ရှိနေသည့်တိုင် ၎င်းက မပြည့်စုံချေ။ အကယ်၍ ဝေ့ဝူယင်သာ ဤနေရာတွင် ရှိပါက ထိုသင်္ကေတမှာ သူ့လျှို့ဝှက် ရည်ရွယ်ချက် မျိုးစေ့ တစ်ခု၏ တည်ဆောက်ပုံနှင့် တူညီနေကြောင်း သတိထားမိလိမ့်မည် ဖြစ်သည်။
“ဝိညာဥ်ငလျင်လား..”
နတ်ဘုရား တစ်ပါးကဲ့သို့ ရှေးဟောင်းဆန်ကာ လျှို့ဝှက် နက်ရှိုင်းသည့် ဝိညာဥ်အာရုံမှာ စေတီတစ်ခုလုံးကို ဖုံးအုပ်၍ ကျရောက်လာ၏။ စန်းလော့ယန် အပါအဝင် အဂ္ဂိတ် အာဏာရှင် အားလုံး၏ အမူအရာများက ချက်ချင်းပင် ရိုသေ လေးစားသည့် ဟန်အဖြစ် ပြောင်းလဲသွားသည်။ စန်းလော့ယန်က လေးလေးစားစားပင် ဦးတစ်ချက် ညွှတ်လိုက်၏။
“လက်ထောက်ခေါင်းဆောင်...”