အကောင်အထည်မဲ့ ကြောက်လန့်မှု
Vol. 51 Ch. 714
“လက်ထောက်ခေါင်းဆောင်...”
အခြား အဂ္ဂိရတ် ပညာရှင်များမှာလည်း ထိုင်ရာမှ တွဲပိုး ထရပ်လိုက်ကြကာ ဦးများ ညွှတ်လိုက်ကြသည်။ သူက ထာဝရအစည်းအရုံးကြီး တစ်ခုလုံးကို လက်ရှိ အုပ်ချုပ်နေသည့် လက်ထောက် ခေါင်းဆောင် တစ်ဖြစ်လည်း ထာဝရ ဆေးလုံး နတ်ဘုရား ဖြစ်လေသည်။
အသံပိုင်ရှင်မှာ အချိန်အတန်ကြာ တိတ်ဆိတ်သွား၏။ ထို့နောက် သူက သက်ပြင်းတစ်ချက် ချလိုက်ကာ စိတ်ပျက်မှုများ လွှမ်းခြုံနေသည့် အသံဖြင့် ပြောလိုက်သည်။
“ကြည့်ရတာ ဟိုကောင်မလေး အောင်မြင်သွားပြီ ထင်တယ်... အဖြူရောင် နတ်ဘုရား မှော်ဆေးအိုးကို ထားလိုက်တော့... အဲဒီနေရာမှာ ခရမ်းရောင် နတ်ဘုရား မှော်ဆေးအိုးနဲ့ အစားထိုးပြီး ပြန်စလိုက်ကြ”
“ကျေးဇူးတင်ပါတယ်... လက်ထောက် ခေါင်းဆောင်...”
စန်းလော့ယန်၏ ခန္ဓာကိုယ်က တစ်ချက် တုန်ရီသွားကာ ခေါင်းညိတ်လိုက်၏။ ဝိညာဥ်အာရုံက လျှင်မြန်စွာပင် ပြန်လည် ပျောက်ကွယ်သွားသည်။ တစ်ခဏအတွင်းမှာပင် လောကက ပုံမှန်အတိုင်း ပြန်လည် စီးဆင်း နေခဲ့ပြီ ဖြစ်လေသည်။
စန်းလော့ယန် သက်ပြင်းတစ်ချက် ချလိုက်ရင်း လက်ထဲရှိ အစိမ်းရောင် ဆေးလုံးလေးကို ကြည့်လိုက်သည်။ ဆယ့်ခြောက်လ တိုင်တိုင် သူတို့ ရှစ်ယောက် လူအား ငွေအား ရင်းနှီးကာ ဖော်စပ်ခဲ့ရသော လျှို့ဝှက်မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန်မှာ ပါးစပ်နား ရောက်ခါနီးမှ ကျရှုံးသွားခဲ့ပြီ ဖြစ်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... ကျရှုံးထုတ်ကုန် တစ်ခု အနေဖြင့်ပင် ၎င်းက အလွန်တရာ အဖိုးထိုက်တန်နေသေးဆဲ ဖြစ်သည်။
စန်းလော့ယန် ဂရုတစိုက်ပင် ပုလင်း တစ်ခု ထုတ်ယူ၍ ထိုဆေးလုံးလေးကို သိမ်းဆည်းလိုက်၏။ ထို့နောက် သူ၏ မျက်လုံးများက အဖြူရောင် နတ်ဘုရား ဆေးလုံးကိုလှမ်းကြည့်လိုက်သည်။
“သူ တကယ်ပဲ အောင်မြင်သွားတာလား...”
...
ဝိညာဥ်ဖိအားက လျှင်မြန်စွာပင် ဖြစ်ပေါ်လာကာ ပြန်လည် ပျောက်ကွယ်သွားသည့်တိုင် မဟာစက်ဝန်း တစ်ခုလုံးရှိ များစွာသော ကျင့်ကြံသူများကတော့ အမျိုးမျိုးသော သီအိုရီများနှင့် လုံးပန်း၍ ကျန်ရစ်ခဲ့ကြသည်။ ထိပ်သီး တန်ခိုးရှင်များမှာ တစ်ယောက်နှင့် တစ်ယောက် ဆက်သွယ်၍ ဖြစ်နိုင်ချေ အမျိုးမျိုးကို ပူးပေါင်း အဖြေရှာရန် ကြိုးပမ်း နေကြ၏။
သို့ရာတွင် အခြား သီအိုရီများကို မှေးမှိန်စေသည့် အကျော်ကြားဆုံးသော သီအိုရီတစ်ခုလည်း ရှိပေသည်။ ၎င်းမှာ အတိတ်တွင် ဖြစ်ပေါ်ခဲ့ဖူးသည့် ဖြစ်ရပ်တစ်ခု၊ လူပုဂ္ဂိုလ် တစ်ယောက်နှင့် ဆက်စပ်နေကာ တစ်လောကလုံးကို တုန်လှုပ်စေခဲ့သည်။
အစစ်အမှန် ရှန့်ထိုတစ်ပါး၏ လေက မွေးဖွားမှု...
မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးတွင် ထိုဖြစ်စဥ်မှာ တစ်ကြိမ်တစ်ခါသာ ထွက်ပေါ်ခဲ့ဖူးကာ တစ်လောကလုံးကို တုန်လှုပ်စေခဲ့သည်။ သေမျိုး အဂ္ဂိရတ် ကြယ်တာရာ ပုံရိပ်ယောင်လိုပင် ၎င်းကို အဂ္ဂိရတ် တာအို၏ ဖြစ်စဥ်တစ်ခု အဖြစ် တရားဝင် အသိအမှတ် ပြုထားကြသည်။
ထိုအဂ္ဂိရတ် ဖြစ်စဥ်မှာ... အညစ်အကြေး တစ်စက်မျှ စွန်းထင်းခြင်း မရှိသည့် “လျှို့ဝှက်လောက အဆင့်” အဂ္ဂိရတ် ထုတ်ကုန် တစ်မျိုး အောင်မြင်စွာ ပေါ်ထွက်လာသည့် အချိန်အခါမျိုးတွင်သာ လောကအတွင်း ပေါ်ထွက် လာတတ်ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ၎င်းက အဂ္ဂိရတ် တာအိုတွင် လောကရှန့်ထို တစ်ပါး မွေးဖွားလာသည်ဟု ဆိုလိုပေသည်။
လောလောဆယ်၌ မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးတွင် ကျော်ကြား ထင်ရှားသည့် အဂ္ဂိရတ် မြေကြီးရှန့်ထို သုံးယောက်သာ ရှိသည်။ နောက်ပြီး... သူတို့ထဲ၌ ဖြစ်နိုင်ချေ အရှိဆုံး ပုဂ္ဂိုလ်က ထာဝရဧကရာဇ်၏ တပည့်ဟု ကောလဟလများ ထွက်ပေါ်နေသည့် မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထိုပင် ဖြစ်သည်။
အခြားနှစ်ယောက် ဖြစ်သည့် ထာဝရနတ်ဘုရား ဆေးလုံး အဂ္ဂိရတ် ရှန့်ထိုနှင့် အယ်နီယာ ခန်းမ အဂ္ဂိရတ် ရှန့်ထိုတို့ကတော့ သူတို့ မဟုတ်ကြောင်း ငြင်းဆိုခဲ့ပြီး ဖြစ်သည်။ သူတို့က မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထိုကိုပင် သွယ်ဝိုက်သော နည်းလမ်းများဖြင့် ဂုဏ်ပြုစကား ပြောဆိုခဲ့ကြသည်။
သူတို့၏ စကားလုံးများက တိုက်ရိုက် အတည်ပြုခြင်း မရှိသည့်တိုင် တစ်လောကလုံးကို ထိတ်လန့်တကြား ဖြစ်သွားစေဖို့တော့ လုံလောက်ပေသည်။
သို့သော်လည်း... ဖြစ်စဥ်အပြီး နာရီပိုင်း အကြာတွင် အင်ပါယာ ကလန်က ထုတ်ပြန်ချက် တစ်ခုကို ကြေညာခဲ့ကာ ထိုဖြစ်စဥ်နှင့် မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထိုတို့က သက်ဆိုင်ခြင်း မရှိကြောင်းနှင့် ထိုကိစ္စကို သူတို့ စုံစမ်းပါမည် ဆိုသည့် အကြောင်း ကြေညာခဲ့သည်။
မည်သို့ပင် ဆိုစေကာမူ... အခြား အဂ္ဂိရတ် ရှန့်ထို နှစ်ပါး၏ သွယ်ဝိုက် ဂုဏ်ပြုမှုများကြောင့် အင်ပါယာ ကလန်မှာ သံသယများကို လက်ခံ ရရှိနေဆဲ ဖြစ်ပေသည်။
ရိုင်းစိုင်းသော သီအိုရီများက ၎င်းမှာ ထာဝရဧကရာဇ် ကိုယ်တိုင် တီထွင်ခဲ့သည့် ဒဏ္ဍာရီလာ လျှို့ဝှက်လောက အဆင့်ဆေးလုံး တစ်လုံး ဖြစ်ကြောင်းပင် အခိုင်အမာ ပြောဆိုနေကြသည်။ ထိုဆေးလုံးမှာ လောကရှန့်ထို အဆင့်ကို ထိုးထွင်း သိမြင်နိုင်အောင် ကူညီနိုင်ကာ ရွေးချယ်ခံ ပြိုင်ပွဲကြီးတွင် ပေးအပ်မည့် အဓိက ဆုလာဘ် ဆေးလုံးနှင့် အမျိုးအစား အတူတူ ဟုလည်း ဆိုကြသည်။
ထို့အပြင်... ကြေညာချက်ကို ထုတ်သည်က အင်ပါယာ ကလန်သာ ဖြစ်သည်။ မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထို မဟုတ်ချေ။ ပြောရလျှင်.. သူမ ပေါ်ထွက် မလာခဲ့သည်မှာ နှစ်ပေါင်း သုံးဆယ်နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုပျောက်ကွယ်မှုကပင် မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထိုမှာ လျှို့ဝှက်လောက အဆင့် ဆေးတစ်လုံးကို ဖန်တီးနေခြင်း ဟူသည့် ကျပန်း သီအိုသီများကို ပိုမို၍ ခိုင်မာခြေင်း ဖြစ်သည်။
မသေချာမရေရာသည့် မြေအောက် ရေစီးကြောင်းများမှာ အခြား ကြယ်တာရာ နယ်မြေ နှစ်ဆယ့် နှစ်ခုကိုပါ ဖြည်းညင်းစွာ စီးဆင်းနေခဲ့ပြီ ဖြစ်လေသည်။ ၎င်းက ကြောက်ရွံ့မှု၊ ရုန်းကန်မှုနှင့် ထိတ်လန့်မှု အငွေ့အသက်များကိုပါ မဟာစက်ဝန်း ကြယ်ကွင်းပြင်ဆီ သယ်ဆောင်လာခဲ့သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ် ခန့်က အာရုဏ်ဦး နေမီးတောက် ဆေးလုံးမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးကို ရိုက်ခတ်ကာ အုပ်စိုးသူ အစစ်အမှန်ကို မြေတောင်မြှောက် ပေးလိမ့်မည် ဆိုခဲ့သော်လည်း အမှန်အတိုင်း ဝန်ခံရလျှင် လျှို့ဝှက် အင်အားစု အများစုမှာ ကြောက်ရွံ့ခြင်း မရှိခဲ့ကြချေ။
ကျင့်ကြံခြင်းက မာရသွန်ပြေးပွဲ တစ်ခုလိုပင် ဖြစ်သည်။ အာရုဏ်ဦး နေမီးတောက် ဆေးလုံးမှာ လူငယ် ပါရမီရှင်များ၏ အလားအလာကို မြှင့်တင်ပေးနိုင်သည့်တိုင် လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းနိုင်လိမ့်မည်ဟု မည်သူမှ အာမ မခံနိုင်ချေ။ အကယ်၍ တက်လှမ်းနိုင်သည် ထားဦး။ အင်အားစုတိုင်းတွင် လျှို့ဝှက် အာဏာရှင်များ ရှိပြီး ဖြစ်သည်။
သို့သော်လည်း... ဤလျှို့ဝှက်လောက အဆင့် ဆေးလုံးကတော့ လုံးဝ ခြားနားသည့် အရာ တစ်ခု ဖြစ်သည်။ အကယ်၍ ၎င်းကသာ အမှန်တကယ်သာ လောကရှန့်ထို တစ်ပါး မွေးဖွား ပေးနိုင်ပါက တစ်လောကလုံး လုံးဝ ကစဥ့်ကလျား ဖြစ်သွားလိမ့်မည် ဖြစ်သည်။
ထို့အပြင်... ထိုဆေးလုံးကို တစ်ကြိမ်တစ်ခါသာ ဖော်စပ်နိုင်လိမ့်မည်ဟု မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထိုထံတွင် ကန့်သတ်ချက်များ မရှိချေ။ သူမက ထိုအရာကို နှစ်ကြိမ်၊ သုံးကြိမ်... ဆယ်ကြိမ်အထိပင် ဖော်စပ်နိုင်တာ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
ထိုအခါ နောက်နှစ်သောင်းဂဏန်း အတွင်း မည်သည့် အရာများ ဖြစ်လာမည်နည်း။ ရှင်းလင်းစွာပင်... ကြယ်ကွင်းပြင်အတွင်း လောကရှန့်ထို အရေအတွက်က အလွန် တိုးတက်လာလိမ့်မည် ဖြစ်ကာ အားလုံးမှာလည်း အင်ပါယာ ကလန်မှပင် ဖြစ်ပေလိမ့်မည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် ထိုအရာကို မကြောက်သူ မရှိချေ။
ခြိမ်းခြောက်မှု တစ်ခု...
၎င်းက သူတို့၏ လွတ်လပ်မှု အတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်သည်။ သူတို့၏ သြဇာအာဏာ အတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်သည်။ သူတို့၏ အသက်များ၊ မိသားစုနှင့် မျိုးဆက်များ အတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်ပေသည်။
ကြယ်တာရာ နယ်မြေ နှစ်ဆယ့် နှစ်ခုနှင့် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ အတွင်းရှိ အင်အားစု များစွာမှာ ဖိအားများကို စတင်ကာ ခံစားလာကြရ၏။ ထိုအထဲ၌ အင်ပါယာ ကလန်နှင့် ငြိမ်းချမ်းရေး အတွက် လျှို့ဝှက် ကျိန်ဆိုမှု ပြုလုပ်ထားသည့် အင်အားစုများပင် ပါဝင်နေပေသည်။
ပုံမှန်အားဖြင့် လျှို့ဝှက် ကျိန်စာ တစ်ခုမှာ အလွန် ချေဖျက်ရန် ခက်ခဲလှသည်။ သို့သော်လည်း... နည်းလမ်း မရှိသည်တော့ မဟုတ်ချေ။ ပျောက်ကွယ်မသွားခင် အချိန်တုန်းက ထာဝရ ဧကရာဇ်မှာ ထာဝရ လောကအံ့ဖွယ် ခုနစ်ပါးဟု ခေါ်သည့် လျှို့ဝှက်လောက အဆင့် ထုတ်ကုန် ခုနစ်မျိုးကို ချန်ရစ်ခဲ့သည်။
ထိုအထဲ၌ အကျော်ကြားဆုံးက လောကရှန့်ထို တစ်ပါးကို ဖန်တီးပေးနိုင်သည် ဆိုသည့် ဆေးလုံးပင် ဖြစ်ကာ လက်ရှိ မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ပညာရှင် အောင်မြင်သွားသည်ဟု လူအများက ယူဆနေကြသည့် ထုတ်ကုန်လည်း ဖြစ်သည်။
နောက်ထပ် အလွန် ကျော်ကြားသည့် ထုတ်ကုန် တစ်မျိုးကတော့ မြေကြီးရှန့်ထို အဆင့် ကျင့်ကြံသူများ ကျိန်ဆိုခဲ့သည့် မည်သည့် လျှို့ဝှက် ကျိန်စာများကို ဖယ်ရှားပေးနိုင်သည် ဆိုသည့် ဆေးရည်ပင် ဖြစ်သည်။
လောက၌ မဖြစ်နိုင်သည့် အရာ မရှိချေ။ ဝေ့ဝူယင် ကိုယ်တိုင်ပင်လျှင် ဝိညာဥ်သန့်စင်ခြင်း ဆေးရည် တစ်ခု ဖန်တီးကာ ထို့ပိဟန်ကို ဝိညာဥ်ကျိန်ဆိုမှု အောက်မှ လွတ်မြောက်အောင် ကူညီပေးခဲ့ဖူးသည်။ ထိုကဲ့သို့ ထုတ်ကုန်မျိုးက အမှန်တကယ် တည်ရှိနေပေသည်။
အကယ်၍ ထိုထုတ်ကုန်ကိုသာ မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထို အောင်မြင်စွာ ထပ်မံ ဖော်စပ်နိုင်ပါက အဆုံးမဲ့ ကောင်းကင် တစ်ခုလုံး သူတို့ ထင်ရာစိုင်းရာ လက်အောက်သို့ ကျရောက်သွားလိမ့်မည် ဖြစ်သည်။ လျှို့ဝှက် ကျိန်ဆိုမှုက ကာကွယ်မပေးတော့ပါက သူတို့ မည်သည့် နေရာသို့ သွားရမည်နည်း။ မည်ကဲ့သို့ ဆက်လက် ရှင်သန် ရမည်နည်း။
အချို့လူများမှာ တိကျသေချာသည့် အဖြေတစ်ခု ရရှိရန် အတွက် ကောင်းကင်ဂိတ်တံခါး နန်းတော်ကို သွားရောက်၍ ရှာဖွေရန်ပင် ကြိုးစားခဲ့ကြသေးသည်။ သို့သော်လည်း ကောင်းကင် ပုရောဟိတ်များ၏ အဖြေက “အကောင်အထည်မဲ့” ဟူ၍ပင် ဖြစ်သည်။
စကားလုံးတစ်လုံး...
ထိုအရာက လုံလောက်ပေသည်။