တာအိုထိပ်တိုက်တွေ့ဆုံမှု အပိုင်း(၅)
Vol. 63 Ch. 870
ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် သူ့လက်ကို မြှောက်လိုက်သည့်အခါ နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးမှ အနက်ရောင်လျှပ်စီးများက သူ့လက်ကို လွှမ်းခြုံသွားလေ၏။ သူက အရှိန်ပြင်းပြင်းဖြင့် ထိုးချလိုက်သည်။
သူနှင့် မိုင်အနည်းငယ်အကွာတွင် ရှိနေသည့် တိထျန်းက ရောက်ရှိလာမည့် တိုက်ကွက်အတွက် ပြင်ဆင်ထားလေ၏။ သို့သော်လည်း ဖြစ်စဉ်တစ်ခုလုံးအတွင်း သူက တစ်စုံတစ်ခု မှားယွင်းကြောင်း ခံစားမိခဲ့သည်။ သူက ထိုသူ၏ ယခင် နတ်ဆိုးဆန်ဆန်အပြုံးကို မမေ့သေးပေ။
တိထျန်း၏ အပေါ်ပိုင်းခန္ဓာကိုယ်က သွေးအိုင်အဖြစ် ပေါက်ကွဲထွက်သွားပြီး ခြေထောက်များသာ ကျန်ရှိခဲ့သည်။ ထိုဖြစ်စဉ်က ရုတ်တရက် ဆန်လွန်းလှ၍ ကြည့်ရှုသူများအပါအဝင် မည်သူကမှ အဖြစ်အပျက်ကို မသိလိုက်ကြပေ။ ထိုသူထဲတွင် တိုက်ကွက်အတွက် တာဝန်ရှိသူတစ်ယောက်ကမူ ခြွင်းချက် ဖြစ်၏။
“အဲဒါဆိုတော့ အပြည့်အဝ အောင်မြင်သွားတာတော့ မဟုတ်ဘူးပဲ” ဝမ်ဝေ့က မကျေမနပ် မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။
ထိုစဉ် တိထျန်းက သူ့ခန္ဓာကိုယ်ကို ပြန်လည်ကောင်းမွန်လာစေ၏။ သူက အဖြစ်အပျက်ကို တွေးတောရင်း ထိတ်လန့်လာမိသည်။ ကံဆိုးစွာဖြင့် ဝမ်ဝေ့က သူ့ကို ဘာမှရှင်းမပြခဲ့ပေ။
သူက လက်ကို ဝှေ့ကာ တစ်ဖက်လူအပေါ် ကျဆင်းလာစေသည့် ဧရာမလက်ဝါးချက်ကို ထုတ်ဖော်လိုက်၏။ ထိုလက်ဝါးချက်မှ တိထျန်းသည် မရဏစွမ်းအားကို ခံစားမိလိုက်ပြီး ထိုအရာသည် လူတစ်ယောက် သေဆုံးနိုင်သည့် နည်းလမ်းများစွာ၏ သဏ္ဌာန် ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။
တိထျန်းက အလျင်အမြန် တုံ့ပြန်ကာ သူ့များပြားလှသည့် စုဆောင်းမှုထဲမှ ခုခံရေးဧကရာဇ်အသုံးအဆောင် ပစ္စည်းသုံးခုကို ဆင့်ခေါ်လိုက်၏။ သူက အကောင်းဆုံးနှင့် အားအကောင်းဆုံး ပစ္စည်းများကို ရွေးချယ်ခဲ့သည်။
သူက အကောင်းဆုံးစွမ်းရည် ထုတ်သုံးနိုင်ဖို့ရာ လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုခဲ့သည်။ သူ့ဒဿမသာလွန်အုတ်မြစ်ဖြင့် ထိုပစ္စည်းများကို သူတို့၏ စွမ်းအားကို ကျော်လွန်အောင် သုံးဖို့ ပြဿနာ မရှိပေ။
ကံဆိုးစွာဖြင့် သူက သေမျိုးဧကရာဇ်သာ ရှိနေသေးပြီး မဟာဧကရာဇ်တစ်ယောက်၏ မသေမျိုးအနှစ်သာရတို့ ကင်းမဲ့နေဆဲ ဖြစ်၏။ အကယ်၍ သူသာ တတိယတန်းစားဧကရာဇ် ဖန်တီးထားသည့် အသုံးအဆောင်ပစ္စည်း၏ စွမ်းအားအပြည့်အဝကို ထုတ်သုံးနိုင်ပါက တန်ပြန်သက်ရောက်မှုသည် သူ့သက်တမ်းနှစ်များစွာကို ကုန်ဆုံးသွားစေလိမ့်မည်။ သူက သက်တမ်း နှစ်သန်းရာချီ ဆုံးရှုံးသွားနိုင်၏။
တိထျန်းက ထိုအချက်ကို သိကာ ဟာကွက်ကို ဖြည့်စည်းမည့် လျှို့ဝှက်နည်းစနစ်တစ်ခုကို ထပ်မံ အသုံးပြုလိုက်သည်။ သူက အသုံးအဆောင် ပစ္စည်းတစ်ခုချင်းစီ၏ ၈၀ ရာခိုင်နှုန်းကို အသက်သွင်းခဲ့ပြီး ပဲ့တင်သံမှတဆင့် သူတို့၏ စွမ်းအားကို ပေါင်းစည်းကာ ဧကရာဇ်အသုံးအဆောင်ပစ္စည်း၏ စွမ်းအားအပြည့်အဝကို အသုံးပြုထားသည့် လူတစ်ယောက်နှင့် ယှဉ်နိုင်သည့် ဒိုင်းကာတစ်ခုကို ဖန်တီးခဲ့သည်။
သို့သော် သူ့ အားစိုက်ထုတ်မှုများက အသုံးမဝင်ခဲ့ပေ။ ဝမ်ဝေ့၏ တိုက်ကွက်က သူ့ကို အမှုန့် ဖြစ်သွားစေ၏။ ပြောရလျှင် ထိုဖြစ်စဉ်က ပို၍ပင် ဆိုးရွားလှသည်။ သူက သူ့ဝိညာဉ်နှင့် တာအိုအပါအဝင် တည်ရှိမှု ကဏ္ဍအားလုံးကို သုတ်သင်ပစ်လိုက်ခြင်း ဖြစ်သည်။
“ကျရှုံးသွားတုန်းလား” ဝမ်ဝေ့က တိထျန်း စည်းပိတ်လိုက်ပြီးသည့်နောက်တွင် ပျောက်ကွယ်သွားခဲ့သည့် အချိန်မြစ်ကြောင်းကို မော့ကြည့်ကာ ပြောလိုက်သည်။ ထို့နောက် မြစ်ကြောင်းမှ တိထျန်းသည် ဖြူဖျော့နေသည့် အသားအရည်ဖြင့် ပေါ်ထွက်လာ၏။
ဒါက ကျမ်း ၃ခု ပေါင်းစည်းထားတဲ့ စွမ်းအားလား…
ဝမ်ဝေ့က သုံးသပ်လိုက်၏။ သူက တိထျန်း၏ အတိတ်ဗုဒ္ဓကိုယ်သည် အချိန်မြစ်ကြောင်းမှ ဆွဲတင်ကာ သူ့ကို အသက်ကယ်တင်ခဲ့ကြောင်း မြင်လိုက်ရသည်။
သူ့ရှေ့တွင် ရှိနေသည့် တိထျန်းက ထိုလက်ဝါး ကျဆင်းမလာခင်တွင် တည်ရှိခဲ့သည့် အတိတ်ပုံစံ ဖြစ်ပေသည်။
ဝမ်ဝေ့က အာရုံစူးစိုက်လိုက်၏။ သူက အနာဂတ်ဗုဒ္ဓကိုယ်ကို တူညီစွာ အသုံးပြုဖူးသော်လည်း ကျရှုံးခဲ့ရသည်။ သူက တူညီသည့် ရလဒ်ကို ရရှိဖို့ တခြားနည်းလမ်းများ အသုံးပြုရ၏။
ဒီလူက တကယ်ကို ချမ်းသာတာပဲ…
ဝမ်ဝေ့က အနည်းငယ် စိတ်ခုစွာဖြင့် တွေးလိုက်မိသည်။ တိထျန်း၏ အတိတ်ဗုဒ္ဓကိုယ်က အချိန်မြစ်ကြောင်း၏ တန်ပြန်သက်ရောက်မှုကြောင့် ပျက်သုဉ်းသွားသင့်ပေသည်။
သို့သော်လည်း တိထျန်းက တန်ပြန်သက်ရောက်မှု အများစုကို ခံနိုင်ရည်ရှိဖို့ အချိန်ဟွင်သွမ်းရတနာကို အသုံးပြုခဲ့၏။ အကြောင်းအရင်းတချို့ကြောင့် သူ့အနာဂတ်ဗုဒ္ဓကိုယ်သည် ကျန်ရှိနေသည့် တန်ပြန်သက်ရောက်မှုကို ခံစားခဲ့ရသည်။
ဝမ်ဝေ့က အခြေအနေကို သုံးသပ်နေစဉ် တိထျန်းကလည်း တူညီစွာ လုပ်ဆောင်နေလေ၏။ သို့သော်လည်း သူက ထိုသူလောက် တည်ငြိမ်နေခြင်း မရှိပေ။ ယခင် ခုခံရေးက သူ့ပိုင်ဆိုင်သမျှထဲ အကောင်းဆုံးထဲက တစ်ခုဖြစ်သော်လည်း ထိုလက်ဝါးချက်ရှေ့တွင် အသုံးမဝင်ခဲ့ပေ။
ဒီတိုက်ကွက်က အပြိုင်စကြဝဠာကို ဖြတ်သန်းပြီးတိုက်လိုက်တဲ့ တိုက်ကွက်နဲ့ တူနေတာပဲ။ ဒါက ငါ့ရဲ့ ခုခံမှုတွေအားလုံးကို လျစ်လျူရှုထားနိုင်တယ်…
တိထျန်းက သူ့ကိုယ်သူ အတင်းဖိအားပေးကာ တည်ငြိမ်အောင် လုပ်ပြီး အခြေအနေကို သုံးသပ်လိုက်သည်။ မဟုတ်ပါက အမည်မသိမှုအပေါ် အကြောက်တရားသည် သူ့စိတ်ကို လွှမ်းခြုံသွားလိမ့်မည်။
ငါက သူ့အချိန်တာအိုနဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်မှုတွေ အများကြီးလုပ်ပြီးသွားပြီ။ အဲဒါဆိုတော့ ဒီတိုက်ကွက်က တခြားတာအိုအပေါ်မှာ အခြေခံထားတာပဲ ဖြစ်ရမယ်။ အဲဒါဆိုတော့ ဘာဖြစ်နိုင်မလဲ…
သူ့စိတ်ထဲ အလျင်အမြန် တွက်ချက်နေကာ ဝမ်ဝေ့အကြောင်း သိထားသည့် သတင်းအချက်အလက်များကို ပြန်လည်သုံးသပ်နေ၏။ သူက ထိုသူ၏ စည်းမျဉ်းအားလုံးကို မသိထားသော်လည်း တချို့ကိုတော့ သိထားလေသည်။
ကံကြမ္မာ ဒါမှမဟုတ် ယင်ယန်တာအိုပဲ ဖြစ်ရမယ်…
သူက ထိုရလဒ်ကို ကောက်ချက်ချလိုက်သည်နှင့် ဝမ်ဝေ့က တိုက်ခိုက်လာလေပြီ ဖြစ်၏။ သူ့ရှေ့တွင် ထိုက်ချိသင်္ကေတတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို စည်းပိတ်ထားလိုက်သည်။
ယင်ယန်သင်္ကေတက ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် လှည့်ပတ်လာသည်။ ထိုလှည့်ပတ်နှုန်းမှ တိထျန်းက ကမ္ဘာ၏ အပြောင်းအလဲများ၊ ရာသီဥတု၏ အပြောင်းအလဲများ၊ နေဝင်နေထွက်၊ စိတ်ဝိညာဉ်စွမ်းအားများ၏ ဆုတ်ယုတ်မှု၊ သက်ရှိအားလုံး၏ ကံကောင်းမှု၊ ကံဆိုးမှုနှင့် တည်ရှိသမျှ အရာအားလုံး၏ မွေးဖွားခြင်းနှင့် သေဆုံးခြင်းများကိုပင် မြင်တွေ့လိုက်ရသည်။
ထိုအပြောင်းအလဲများကို ကြည့်ပြီးသည့်နောက်တွင် တိထျန်းက သံသရာအပေါ် နားလည်နိုင်စွမ်းသည် အနည်းငယ် တိုးမြင့်လာကြောင်း ခံစားမိလိုက်၏။ သူက သူ့တာအိုကန့်သတ်ချက်သို့ ရောက်ရှိသွားပြီဟု ထင်ထားခဲ့သော်လည်း မှားယွင်းနေခဲ့သည်။ နှမြောစရာကောင်းလှသည်က ယခုကား ဉာဏ်အလင်းပွင့်ရမည့် အချိန်မဟုတ်ဘဲ အန္တရာယ်ကြီးကြီးမားမားကြား ကျရောက်နေလေ၏။
တိုက်ကွက်က သူ့လှုပ်ရှားနိုင်စွမ်းကို ထိန်းချုပ်ထားလေသည်။ ထိုအရာထဲတွင် သူ့စိတ်လုပ်ဆောင်ပုံလည်း အပါအဝင် ဖြစ်၏။
အကယ်၍ ဗောဓိသစ်ပင်ကသာ သူ့အသိစိတ်ပင်လယ်ကို ကောင်းချီး ပေးမထားပါက သူသည် ဤတိုက်ပွဲအတွင်း ဉာဏ်အလင်းပွင့်လာမည် မဟုတ်သလို သူ့အသက်ကို ကယ်တင်ဖို့ စဉ်းစားနိုင်မည့် စိတ်လည်း ရှိမည်မဟုတ်ပေ။
သေခြင်းတရားက သူ့ဆီ လွှမ်းခြုံလာသည့်အခါ တိထျန်းက အရာနှစ်ခုကို လုပ်ဆောင်ခဲ့၏။ ပထမတစ်ခုက သူသည် အရေပြားအံ့ဖွယ်စွမ်းရည်ကို အသက်သွင်းခဲ့ပြီး အကြွင်းမဲ့ခံနိုင်ရည် အခြေအနေကို ဝင်ရောက်ခဲ့၏။ ယခင်က သူသည် ဝှက်ဖဲအဖြစ် ထိန်းသိမ်းထားလိုခဲ့သည်။
သို့သော်လည်း သူ့ကိုယ်သူ အသက်ပြန်သွင်းဖို့ နည်းလမ်းများ ကင်းမဲ့လာသည့်အခါ သူ့အသက်ကို ကယ်တင်ဖို့ လိုအပ်လာခဲ့၏။ ဒုတိယအနေဖြင့် သူသည် ဗောဓိသစ်ပင်ကို ထိုနည်းစနစ် ဖန်တီးပုံကို နားလည်ဖို့ရာအတွက် ကန့်သတ်ချက်ကို ကျော်လွန်အောင် တွန်းပို့ခဲ့သည်။
ဘန်း
ထိုက်ချိသင်္ကေတက မြေပြင်ပေါ်ရှိအရာအားလုံးကို ဖုန်မှုန့်ဖြစ်သွားစေ၏။ ထိုအရာက မြေကမ္ဘာဒိုင်မေးရှင်းတစ်ခုလုံးလည်း အပါအဝင်ဖြစ်ပေသည်။ ထို့ကြောင့် တိုက်ပွဲက လက်နက်၊ သတ္တုတွင်းများနှင့် သတ္တုစွမ်းအားများ ပြည့်နှက်နေသည့် သတ္တုဒိုင်မေးရှင်းသို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာက ဓားကျင့်ကြံသူများ သို့မဟုတ် လက်နက်တာအိုကျင့်ကြံသူများအတွက် ကောင်းကင်ဘုံဟုပင် ဆိုနိုင်လေသည်။ သို့သော်လည်း ထိုသူနှစ်ဦးက ထိုအရာကို ဂရုမစိုက်ပေ။
တိထျန်း၏ ဖြူဖျော့နေသည့် မျက်နှာက ပေါ်ထွက်လာပြီး ဓားများဖြင့် ပြုလုပ်ထားသည့်တောင်ထိပ်တွင် ရပ်နေလေသည်။
အဲဒါက ကံကြမ္မာနဲ့ ဆက်စပ်နေတဲ့ စွမ်းရည်ပဲ။ ဒါပေမဲ့ အဲဒါကိုပဲ ငါသိတယ်…
သူ့မျက်နှာက သိပ်ကြည့်မကောင်းလှပေ။ နောက်ဆုံးသော တိုက်ကွက်က အကြွင်းမဲ့ခံနိုင်ရည် အခြေအနေတွင် ရှိနေသည့် အချိန်အများစုကို လျှော့ချပစ်ခဲ့၏။ လက်ရှိ သူက စက္ကန့်သုံးဆယ်မျှသာ ကျန်ရှိတော့သည်။
အခု ငါ့အတွက် တစ်ခုတည်းသော ရွေးချယ်မှုက အဲဒီဝှက်ဖဲကို အသုံးပြုဖို့ပဲ။ ဒါပေမဲ့ သူ့ရဲ့နည်းစနစ်ကို မသိဘဲနဲ့ လုပ်လိုက်ရင် ဒီလိုဝှက်ဖဲရဲ့ တန်ဖိုးကို လျှော့ချသလို ဖြစ်သွားလိမ့်မယ်…
ဝုန်း
သူ့မျက်ဝန်းအထက် ရက်စက်သည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားလေသည်။ သူက ဝေဟင်အထက် မြောလွင့်နေသည့် ဝမ်ဝေ့ကို ကြည့်ကာ ပြေးဝင်သွားလိုက်သည်။ သို့သော်လည်း သူ့ကို စောင့်ကြိုနေသည်က မယုံကြည်နိုင်ဖွယ် စွမ်းအားတို့ ပြည့်နှက်နေသည့် လက်သီးတစ်ချက် ဖြစ်နေ၏။
ဝုန်း
တိထျန်းက တောင်များစွာဆီ ပျံသန်းသွားပြီး သူ့ခန္ဓာကိုယ်က တောင်တစ်ခုပြီးတစ်ခု ထိုးဖောက်သွားလေသည်။ နောက်ဆုံးတွင် သူက ဥက္ကာပျံတစ်လုံးဖြင့် ဖွဲ့စည်းထားသည့် တောင်တစ်လုံးကို ဝင်တိုက်သွားမိခဲ့၏။ သို့သော်လည်း သိပ်သည်းခိုင်မာလှသည့် သတ္တုက သူ့ခန္ဓာကိုယ်အတွက် ရွှံ့လိုမျိုး အားနည်းလှသည်။
တိထျန်းက တောင်ပေါ်ရပ်ကာ အရိုးများ ကျိုးလျက် ဒွာရများမှ သွေးများ စီးကျနေသည်။ သို့သော်လည်း သူ့မျက်ဝန်းက တောက်ပနေဆဲ ဖြစ်၏။
သူ့တိုက်ကွက်တွေက အောင်မြင်ဖို့ ကံကြမ္မာဖန်နေတာပဲ။ ငါ တားဆီးနိုင်မဲ့ အရာမရှိဘူး…
သူက ပဟေဠိအတွက် အဖြေ ရှိသွားလေပြီ..
ဝမ်ဝေ့၏ အသိစိတ်ပင်လယ်အတွင်း ကြမ္မာဟု ရေးသားထားသည့် စာအုပ်တစ်အုပ် ရှိနေလေ၏။ ထိုစာရွက်ဗလာတစ်ရွက်ပေါ်တွင် စာကြောင်းသုံးကြောင်းသာ ရှိနေသည်။
နတ်ဘုရားအပြစ်ဒဏ် လက်သီးချက်က တစ်ဖက်လူရဲ့ ခန္ဓာကိုယ်၊ ဝိညာဉ်နဲ့ တာအိုတို့ကို သုတ်သင်ပစ်ပြီးတော့ သူ တားဆီးနိုင်တဲ့အရာ မရှိဘူး။
ယင်ယန် အမှုန့်ချေစက်ဝန်းပြားက တစ်ဖက်လူရဲ့ စိတ်အပါအဝင် လှုပ်ရှားနိုင်စွမ်းကို စည်းပိတ်ထားပြီးတော့ သူ့ကို အမှုန့်ဖြစ်အောင် ချေမွပစ်ခဲ့တယ်။ သူ့အနေနဲ့ တတ်နိုင်တဲ့အရာ မရှိဘူး။
ဖျက်ဆီးခြင်းလက်သီးက တစ်ဖက်လူကို အမှုန့်ဖြစ်သွားစေပြီးတော့ တည်ရှိမှုကနေ အပြီးတိုင် ပျက်သုဉ်းသွားစေပြီးတော့ ဘယ်နည်းလမ်းနဲ့မှ အသက်ပြန်သွင်းဖို့ မဖြစ်နိုင်အောင် တားဆီးထားတယ်။ အဲဒါအပြင် သူက ပစ်မှတ်ကို ထိခြင်းကနေ တိုက်ကွက်ကို တားဆီးဖို့ရာ ဘာမှမလုပ်ဆောင်နိုင်ဘူး။
အဲဒါဆိုတော့ ကျင့်ကြံသူတစ်ယောက်ရဲ့ ကံကြမ္မာက ဆုံးဖြတ်ဖို့ မဖြစ်နိုင်တာတော့ မဟုတ်ဘူးပဲ …
ဝမ်ဝေ့က တွေးလိုက်မိ၏။ သို့သော် ထိုအရာက သူ့ကို အနည်းငယ် စိတ်ပျက်စေသည်ကို ရှောင်လွှဲလို့မရပေ။
မည်သို့ပင်ဆိုစေကာမူ သူက အမှန်တရားကို သိထားပြီး ထိုအရာကို ကံကြမ္မာစာအုပ်ဟု မခေါ်ဘဲ ကြမ္မာစာအုပ်ဟု ခေါ်ဆိုခဲ့ခြင်း ဖြစ်၏။
ဘာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ ငါက ဒီနည်းစနစ်ကို မပြီးပြည့်စုံသေးဘူးလို့ပဲ မှတ်ယူလို့ရတယ်။ တစ်ရက်ကျရင် မိုးမြေကြားမှာ မဟာတာအိုတောင် ဒီထဲကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။
ဝမ်ဝေ့က ထိုအခွင့်အရေးကိုအရယူကာ ၄ကြိမ်မြောက် တိုက်ခိုက်လိုက်သည်။ သို့သော်လည်း သိပ်မကြာခင် တိထျန်း၏ အပြောင်းအလဲများကို သတိပြုမိသွားခဲ့၏။
အတိအကျပြောရလျှင် တိထျန်း၏ အတိတ်ဗုဒ္ဓကိုယ်က စတင်လှုပ်ရှားလာပြီဖြစ်ကာ အချိန်မြစ်ကြောင်းထံ တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့သည်။
အတိတ်ဗုဒ္ဓကိုယ်က တိထျန်း၏ အပေါ်တွင် ပေါ်ထွက်လာပြီး လက်ကို ဝှေ့ယမ်းလိုက်၏။ ထို့နောက် သူက တိထျန်း၏ ခန္ဓာကိုယ်မှ ကံဆက်နွယ်မှုမှတဆင့် အချိန်မြစ်ကြောင်းမှ တစ်စုံတစ်ခုကို ဆင့်ခေါ်ခဲ့သည်။
သူ ဆင့်ခေါ်လိုက်သည့်အရာက ဝိညာဉ် သို့မဟုတ် အမှတ်အသားပင် ဖြစ်နေဟန်ပေါ်သည်။ ထိုအရာက တိထျန်း၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်မှ သံသရာစွမ်းအား ထွက်ပေါ်လာကာ အပြောင်းအလဲတို့ကို ပြီးပြည့်စုံသွားစေသည်။
ဝုန်း
တိထျန်း၏ အရှိန်အဝါက ရုတ်ချည်းဆိုသလို ပြောင်းလဲသွား၏။
“ဒါက…” ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်၏။