← Chapters

တာအို ထိပ်တိုက်တွေ့ဆုံမှု အပိုင်း(၆)

Vol. 63 Ch. 871

တာအို ထိပ်တိုက်တွေ့ဆုံမှု အပိုင်း(၆)

Vol. 63 Ch. 871

“ဖန်ဆင်းခြင်း တာအို” ဝမ်ဝေ့က တိထျန်း၏ အရှိန်အဝါကို အာရုံခံမိပြီးသည့်နောက်တွင် ရေရွတ်လိုက်၏။ ထို့နောက် ချက်ချင်းဆိုသလို ထိုသူက ဘာလုပ်ခဲ့မှန်း သိလိုက်သည်။ သူက အတိတ်ဗုဒ္ဓကိုယ်ကို အသုံးပြု၍ အချိန်မြစ်ကြောင်းမှ အတိတ်ကိုယ်၏ အမှတ်အသားကို ဆင့်ခေါ်လိုက်ခြင်း ဖြစ်သည်။

ထို့နောက် သံသရာစွမ်းအားဖြင့် သူသည် ပထမဘဝမှ မသေဆုံးခင် နားလည်နိုင်စွမ်းများနှင့် ကျင့်ကြံရေးအားလုံးကို ရယူလိုက်ခြင်း ဖြစ်၏။ ဝမ်ဝေ့က တိထျန်း၏ စည်းမျဉ်းပလ္လင်သည် ပြောင်းလဲသွားပြီး ဖန်ဆင်းခြင်း စည်းမျဉ်းများ ထွက်ပေါ်လာကြောင်း‌ ကောက်ချက်ချလိုက်သည်။

ပုံမှန်အားဖြင့် သူ့အပြုအမူက မီးနှင့် ကစားနေခြင်းသာ ဖြစ်၏။ သို့သော် ယခုတွင် အလောင်းအစားနှင့် တူလာသည်။

ဝမ်ဝေ့က တွေးလိုက်မိ၏။ ပုံမှန်အားဖြင့် တိထျန်းအနေဖြင့် ကောင်းကင်တာအိုက သူ့ကို ချက်ချင်း သုတ်သင်ပစ်နိုင်သည့်အတွက် ထိုအရာမျိုးကို ဘယ်သောအခါမှ လုပ်မည် မဟုတ်ပေ။ သို့သော်လည်း သူက ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွင်း ထိုအရာကို စိတ်ပူစရာ မလိုပေ။ မည်သည့်အခြေအနေတွင် ဖြစ်နေစေကာမူ ကောင်းကင်တာအိုက တိုက်ပွဲအတွင်း ဝင်ရောက်မစွက်ဖက်နိုင်ပေ။ ထို့ကြောင့် တိထျန်းက စည်းမျဉ်းကို အနေအထားတစ်ခုအထိ ချိုးဖောက်နိုင်ခဲ့၏။

သူ့အပြုအမူ၏ အကျိုးဆက်အတွက်မူ

သူ အနိုင်ရရှိပါက ကမ္ဘာပေါ်တွင် မြင်တွေ့ဖူးသမျှထဲ အားအကောင်းဆုံး ထာဝရဧကရာဇ်များအနက် တစ်ပါး ဖြစ်လာလိမ့်မည်။ ထို့ကြောင့် သူက ကောင်းကင်တာအို၏ ခြိမ်းခြောက်မှုကို လျစ်လျူရှုထားနိုင်၏။ အနှစ်ချုပ်အားဖြင့် စိုးရိမ်ရမည့်သူမှာ ကောင်းကင်တာအိုသာ ဖြစ်၏။

အစစ်အမှန် ကောင်းကင်တာအို၏ တုံ့ပြန်မှုနှင့် ပတ်သက်လာသည့်အခါ တိထျန်းက သူ ဖန်တီးခြင်းတာအိုကို ထိန်းသိမ်းမထားဘဲ ယာယီသာ အသုံးပြုသရွေ့ တက်လှမ်းပြီးသည့်နောက်တွင် သူ့အပြုအမူအတွက် ကံဆိုးမှုတချို့ကို ခံစားတွေ့ကြုံရနိုင်သလို အစစ်အမှန် ကောင်းကင်တာအိုက သူ့အား အပြည့်အဝ လျစ်လျူရှုထားခြင်းလည်း ဖြစ်နေနိုင်သည်။

အနှစ်ချုပ်အားဖြင့် တိထျန်း၏ အပြုအမူက တွက်ဆထားသည့် စွန့်စားမှုမျိုး ဖြစ်၏။ အကယ်၍ သူသာ တိုက်ပွဲတွင် ရှုံးနိမ့်သွားပါက သေဆုံးသွားမည်ဖြစ်ကာ နောက်ဘဝမှသာ ကောင်းကင်တာအို၏ လက်စားချေမှုကို စိုးရိမ်စရာ လိုတော့သည်။ သို့သော်လည်း သူက သူ အသက်ရှင်နေသရွေ့ ကောင်းကင်တာအို၏ လှည့်စားမှုဖြင့် ရင်ဆိုင်ရမည် ဖြစ်သောကြောင့် သူ့အတွက် ပြဿနာကြီးကြီးမားမား မဟုတ်ပေ။

သူက ဤဘဝတွင် ပင်ကိုဧကရာဇ်ဝိညာဉ်ကို ရယူထားနိုင်သည့်အတွက် သူ့ဝိညာဉ်ကန့်သတ်ချက် မရောက်ခင် ပြန်လည်ဝင်စားမှုတချို့ကို ရယူနိုင်လိမ့်မည်။ ထို့ကြောင့် သူသည် သူ့ပြန်လည်ဝင်စားစဉ်အတွင်း ဖြစ်နိုင်ချေ အပြောင်းအလဲများကို ဖြေရှင်းဖို့ရာ နည်းလမ်းများစွာ ရှိလေ၏။

တိထျန်းက လက်သီးကျစ်ကျစ် ဆုပ်ကာ သွေးကြောများအတွင်း စီးဆင်းနေသည့် စွမ်းအားအသစ်ကို ခံစားမိလိုက်သည်။ ထိုစွမ်းအားက စွဲမက်ဖွယ်ကောင်းလှ၏။

ကိစ္စတွေက စီစဉ်ထားသလို မဖြစ်ပေမဲ့ ထင်ထားတာထက်တော့ ပိုကောင်းပါသေးတယ်…

တိထျန်းက တွေးလိုက်မိသည်။ သူက ဒဿမသာလွန်အုတ်မြစ်ကို မြင့်မားသည့်အဆင့်တစ်ခုသို့ ရောက်အောင် သိမ်မွေ့သွားစေဖို့ ကြိုးစားရင်း သူ့ခန္ဓာကိုယ်ဖြင့် ပေါင်းစပ်ဖို့ရာ ခန္ဓာကိုယ်တစ်ခုလုံးကို ဆင့်ခေါ်ဖို့ စီစဉ်ထားခဲ့သည်။

သို့သော်လည်း သူက ပထမဘဝမှ တာအိုနှင့် အမှတ်အသားကိုသာ ဆင့်ခေါ်နိုင်ခဲ့သည်။

နောက်ဆုံးတွင် တိထျန်းက ဝမ်ဝေ့ကို တိုက်ခိုက်လိုစိတ်ဖြင့် ကြည့်လိုက်၏။ ယခင်တိုက်ပွဲအတွင်း သူက လိုအပ်ချက်များကို သဘောပေါက်သွားခဲ့သည်။ အတိအကျပြောရလျှင် သူက မိုးမြေ၏ အခြေခံအမှန်တရားတချို့ကို သဘောပေါက်သွားခဲ့၏။ တချို့သော တာအိုများက တခြားအရာများထက် ပို၍ အားကောင်းပေသည်။

သူက တိုက်ပွဲအတွင်း လွှမ်းမိုးခံလိုက်ရသည်မှာ ဝမ်ဝေ့၏ ကံကြမ္မာ အထွတ်အထိပ် တားမြစ်ခံတာအိုသည် သူ့ပြန်လည်ဝင်စားခြင်း တာအိုထက် ကျော်လွန်နေ၍ ဖြစ်၏။

ထိုသူ၏ တာအိုက အလားအလာကောင်းကာ စွယ်စုံ သုံးနိုင်လေသည်။

ပိုပြီးအရေးကြီးတာက လူတွေက တားမြစ်ခံတာအိုကို ကိုင်ဆောင်နိုင်ဖို့ ဘာကြောင့်စစ်ဆေးမှုကို ကျော်ဖြတ်ရလဲဆိုတာကို နားလည်သွားခဲ့ပြီ…

တိထျန်းက မလိုလားမှုဖြင့် တွေးလိုက်မိသည်။ ဝမ်ဝေ့၏ နည်းစနစ်က ရှုပ်ထွေးသောကြောင့် ထိုနည်းစနစ်များကို နားလည်အောင်လုပ်ပြီး တန်ပြန်နည်းလမ်းကို ရှာဖွေပါက အချိန်ကြာမည်ဖြစ်ကာ သူ့အနေနှင့် ဒုက္ခတွေ့သွားနိုင်သည်။

သူက ဗောဓိသစ်ပင်သာ မရှိပါက ဤတိုက်ပွဲအတွင်း မည်မျှခံစားရမည်ကို သိထား၏။

ပြီးတော့ ငါ့ရဲ့ကျင့်စဉ်တွေက အခြေခံဖြစ်ပြီးတော့ ရှုပ်ထွေးမှု နည်းပါးတယ်…

တာအို၏ အသုံးပြုပုံများကို နှိုင်းယှဉ်ပြီးသည့်နောက်တွင် တိထျန်းက အနည်းငယ် မျက်နှာပူမိသွားသည်။ ဤမျှကြာကြာ အသက်ရှင်နေထိုင်လာပြီးသည့်နောက်တွင် ဓားဧကရီ၊ ဧကရီဝူနှင့် ဝမ်ဝေ့ကဲ့သို့ အကျိုးအကြောင်း မသင့်သည့် မကောင်းဆိုးဝါးလိုမျိုး ပါရမီရှင်များနှင့် မနှိုင်းယှဉ်သင့်ကြောင်း သဘောပေါက်သွားခဲ့၏။

ထိုမကောင်းဆိုးဝါးများ နှိုင်းယှဉ်နိုင်မည့် သူ့စွမ်းရည်က ကြာရှည်လှသည့် သက်တမ်းနှင့် နက်နဲသည့် အုတ်မြစ်သာ ဖြစ်၏။ ထို့ကြောင့် သူက စိတ်ငြိမ်ငြိမ်ထားကာ ပြန်လည်ထိန်းချုပ်ထားလိုက်သည်။

သုတ်သင်ရေး မီးတောက်

တိထျန်းက လက်တစ်ချက်အဝေ့ဖြင့် မီးတောက်တာအိုနှင့် ဖျက်ဆီးခြင်းတာအို ပေါင်းစပ်ထားသည့် ခရမ်းရောင် မီးတောက်တစ်ခုကို ဖန်တီးလိုက်သည်။ ထိုမီးတောက် ပေါ်ထွက်လာသည်နှင့် ဤဒိုင်မေးရှင်းအတွင်းရှိ သတ္တုများနှင့် သတ္တုရိုင်းအားလုံးက အရည်ပျော်ကျသွားလေသည်။

ထိုအရာ ပေါ်ထွက်လာပြီး စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ဤဒိုင်မေးရှင်းရှိ သတ္တုကို အရေးပေးထားသည့် စည်းမျဉ်းအားလုံးက မီးတောက်၊ ဖန်ဆင်းခြင်းနှင့် ဖျက်ဆီးခြင်းတာအိုကို မျက်နှာသာပေးရန် အတင်းအကြပ် ပြောင်းလဲခံလိုက်ရသည်။

ဝမ်ဝေ့က ထိုအရာကို မြင်တွေ့ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်၏။ သူ့အကြည့်များက အနည်းငယ် တောက်ပသွားပြီးသည့်နောက်တွင် ပုံမှန်သို့ ပြန်လည်ပြောင်းသွားသည်။ သူက တိထျန်း၏ စွမ်းအားအသစ်ကို ဂရုမစိုက်ပေ။ သို့သော်လည်း သူက လှုပ်ရှားသည်ကို မြင်တွေ့ပြီးသည့်နောက်တွင် သူ့ဒဿမသာလွန်အုတ်မြစ်အကြောင်း ခံစားရသည့် မပြီးပြည့်စုံမှုက အနည်းငယ် လှုံ့ဆော်မှုတချို့ရှိလာခဲ့၏။

သူသာ ထိုအရာကို ဖမ်းဆုပ်နိုင်ပါက လက်ရှိအတားအဆီးကို ကျော်ဖြတ်ကာ မပြီးပြည့်စုံမှုအတွက် ကာမိအောင် လုပ်ဆောင်နိုင်လိမ့်မည်။ နှမြောစရာကောင်းလှသည်က ထိုလှုံ့ဆော်မှုသည် ခံစားချက်မျှသာ ဖြစ်သည့်အတွက် သူ့သာလွန်နေသည့် စိတ်ဖြင့်ပင် မဖမ်းဆုပ်နိုင်ခဲ့ပေ။

စိတ်ငြိမ်ငြိမ်ထား၊ စိတ်မပူနဲ့…

ဝမ်ဝေ့က သူ့ကိုယ်သူ ဖျောင်းဖျလိုက်၏။ သူက မပြီးပြည့်စုံခြင်းသည် ဤတိုက်ပွဲအတွက် သော့ချက် ဖြစ်လိမ့်မည်ဟု ခံစားချက် ရှိနေသော်လည်း စိုးရိမ်ခြင်းနှင့် အမြန်အဆန် လုပ်ခြင်းက အောင်မြင်ဖို့ရာအတွက် ပြောင်းပြန် ဖြစ်နိုင်ကြောင်း သိထားသည်။

ခရမ်းရောင်မီးတောက်က သူ့ဆီ ဝင်ရောက်လာသည့်အခါ ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီး တူညီသည့် မီးတောက်ကို ဖန်ဆင်းလိုက်၏။ နေဝင်ဖျိုးဖျဧကရာဇ်က သူ့ကျမ်းကို ပေးခဲ့ဖူးသည့်အတွက် သူက ဖျက်ဆီးခြင်းတာအိုနှင့် ပတ်သက်ပြီး ကောင်းကောင်းသိထားလေသည်။

သုတ်သင်ခြင်းက ပြီးပြည့်စုံသည့် ဖျက်ဆီးခြင်း အခြေအနေတစ်ခုသာ ဖြစ်သော်လည်း ဖျက်ဆီးခြင်းတာအို၏ သဘောတရားမှ မလွတ်မြောက်ခဲ့ပေ။

သုတ်သင်ရေး စက်ဝန်းပြား

တိထျန်းရှေ့တွင် ခရမ်းရောင် စက်ဝန်းပြား ဒါဇင်ချီပေါ်ထွက်လာပြီး တစ်ခုချင်းစီက ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်လွှတ်လာ၏။

ပျက်သုဉ်းခြင်း

ဝမ်ဝေ့က တွေးလိုက်မိပြီး ထိုနည်းစနစ်၏ အဓိကအချက်ကို သဘောပေါက်သွားခဲ့သည်။

ဒါက ပိုပြီးအာရုံစိုက်ထားတဲ့ ဖျက်ဆီးခြင်း တာအိုပုံစံပဲ…

သူက ထိုစက်ဝန်းပြား တစ်ခုချင်းစီ၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားခဲ့၏။ စက်ဝိုင်းပြားတစ်ခုက သူ့ခန္ဓာကိုယ်ကို သုတ်သင်ပစ်လိုပြီး နောက်တစ်ခုက သူ့ဝိညာဉ်၊ သူ့တာအို၊ စိတ်၊ စိတ်ဝိညာဉ်၊ မှတ်ဉာဏ်၊ အသိဉာဏ်နှင့် ကံအထိ ပါဝင်လေသည်။

အထွတ်အထိပ် တားမြစ်ခံတာအိုငါးခုက တကယ့်ကို အထွတ်အထိပ်ဖြစ်နေရတဲ့ အကြောင်းအရင်းရှိနေတာပဲ…

သူက တည်တည်ငြိမ်ငြိမ်ဖြင့် မှတ်ချက်ပေးလိုက်သည်။ တိထျန်းက ဖန်ဆင်းခြင်းတာအိုကို အသုံးပြုကာ ဖျက်ဆီးခြင်းတာအိုကို ထိန်းချုပ်ခဲ့သည့်အတွက် ထိုအရာက သူ့ကန့်သတ်ချက် မဟုတ်သေးပေ။

တာအိုသုံးထောင်နဲ့ အရန်တာအို ရှစ်ရာတို့ကို ထိန်းချုပ်နိုင်စွမ်းနဲ့ စွယ်စုံသုံးနိုင်စွမ်းအရ ဖန်ဆင်းခြင်းတာအိုက အတော်လေးကို အရေးသာချက်များလွန်းတယ်…

သူ့အနောက်ဘက်တွင် ယင်ယန်တာအိုသင်္ကေတတစ်ခု ပေါ်ထွက်လာပြီး သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားလေ၏။

စကြဝဠာက ယင်ယန်သဘောတရားကို ကိုင်ဆောင်ထားပြီး အရာအားလုံးက မျှခြေညီရမည် ဖြစ်၏။ ထို့ကြောင့် ပျက်စီးသွားပြီးသည့်နောက်တွင် ဖန်ဆင်းမှုဆိုတာ ဖြစ်လာလိမ့်မည်။

ဘန်း

စက်ဝန်းက ဝမ်ဝေ့၏ ခန္ဓာကိုယ်ကို ထိရိုက်ခဲ့သော်လည်း သူက အကာင်းအတိုင်းရှိနေဆဲ ဖြစ်၏။ စက်ဝန်းပြားက တစ်စုံတစ်ခုကို ဖယ်ရှားပစ်လိုက်သည့်အချိန်တိုင်း သူ့ခန္ဓာကိုယ်က မျှခြေကို ထိန်းဖို့ရာအတွက် ဆန့်ကျင်ဘက် သဘောတရားကို အသုံးပြုထားသည်။

ဝမ်ဝေ့က ယင်ယန်တာအိုသည် သူ့အနှစ်သက်ဆုံးဖြစ်ကြောင်း ဝန်ခံရပေမည်။ သူသာ ကံကြမ္မာလမ်းစဉ်ကို မလျှောက်လှမ်းခဲ့ပါက ထိုအရာကို ပင်မတာအိုကို ရွေးချယ်မိလောက်၏။ အကယ်၍ သူသာ မဟာတာအိုဖြစ်ပြီး ဟွင်သွမ်းစကြဝဠာကို ဖန်တီးခဲ့ပါက ယင်ယန်တာအိုကို အထွတ်အထိပ် တားမြစ်ခံတာအိုအဖြစ် သတ်မှတ်မိလိမ့်မည်။

တိထျန်းက သူ့နည်းစနစ်သည် သူ ထင်ထားသလိုမျိုး မအောင်မြင်ရခြင်းအပေါ် အံ့ဩခြင်း မရှိပေ။ ဤတိုက်ပွဲက မလွယ်ကူမှန်း သိထားလေ၏။ သို့သော် သူက စိတ်အေးလက်အေး ဖြစ်နေမိသည်။ သူ့ဖန်ဆင်းခြင်းတာအိုက ဤကစားပွဲကို အနေအထားတစ်ခုထိ ရောက်အောင် မြှင့်တင်ပေးခဲ့သည်။

ထို့အပြင် သူက သူ့ဖန်ဆင်းခြင်းတာအိုဖြင့် များစွာ လုပ်ဆောင်နိုင်ကြောင်း သိသွားခဲ့သည်။ ယခုသူ့ တွင် ဒဿမသာလွန်အုတ်မြစ် ရှိထားလေသည်။ ယခင်သူ့အတားအဆီး၊ မစွမ်းဆောင်နိုင်မှုနှင့် ကန့်သတ်ချက်တို့က ပျောက်ကွယ်သွားပြီ ဖြစ်၏။

သူ့ဖန်ဆင်းခြင်းတာအိုက ကန့်သတ်ချက် မရှိတော့ပေ။

စိတ်ငြိမ်ငြိမ်ထား။ ဒီစွမ်းအားကို လွှမ်းမိုးခံလိုက်ရလို့ မဖြစ်ဘူး…

သူ့ကိုယ်သူ သတိပေးလိုက်၏။

………………………………

ကမ္ဘာဦးဟွင်သွမ်း

တိထျန်း၏ အတွေးတစ်ချက်ဖြင့် သူက ကမ္ဘာဦးဟွင်သွမ်း အပိုင်းအစတစ်ခုကို ဖန်တီးခဲ့သည်။ သို့သော်လည်း သိပ်မကြာခင် ထိုအပြုအမူက သူ့အတွက် များပြားလွန်းကြောင်း သဘောပေါက်သွားခဲ့၏။ ထို့ကြောင့် သတ္တုဒိုင်မေးရှင်းကို သူ့ဖန်ဆင်းခြင်း၏ အရင်းအမြစ်ပစ္စည်းအဖြစ် ဝါးမျိုပစ်ခဲ့သည်။

ဝမ်ဝေ့က သူသည် ခရမ်းရင့်ပတ်ဝန်းကျင်တစ်ခုတွင် ရောက်ရှိနေကြောင်း သိလိုက်ရ၏။ အရာအားလုံးက ရှေးကျကာ မြင့်မြတ်ပြီး အဆုံးမဲ့လှဟန်ပေါ်သည်။ ထို့အပြင် ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ကို အလျင်အမြန် ဖျက်ဆီးပစ်နေ၏။

သူက သူ့ကိုယ်သူ ဒိုင်းကာတစ်ခုဖြင့် ကာကွယ်လိုက်ပြီး အစစ်အမှန်စိတ်ဆန္ဒဖြင့် စွမ်းအားကို မြှင့်တင်ပေးလိုက်သည်။ သို့သော်လည်း ထိုအပြုအမူက ဖျက်ဆီးခံရနှုန်းကို အနည်းငယ်မျှသာ လျှော့ချနိုင်ခဲ့၏။

“ကမ္ဘာဦးဟွင်သွမ်းရဲ့ ကံကြမ္မာက ဗလာနတ္ထိကို တည်ရှိမှုအဖြစ် ပြောင်းလဲပြီးတော့ ကမ္ဘာ၊ သက်ရှိနဲ့ ဘဝလိုမျိုး ဖန်ဆင်းမှုတွေနဲ့ ဖြည့်လိုက်ဖို့ပဲ”

ဝမ်ဝေ့က ထိုစကားများကို ရေရွတ်လိုက်သည့်အခါ ကမ္ဘာဦးဟွင်သွမ်းအထက်တွင် ကံကြမ္မာမြစ်ကြောင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။ ထို့နောက် ထိုအရာ၏ ကြိုးမျှင်များက အလျင်အမြန် တုန်ခါလာကာ ကမ္ဘာဦးဟွင်သွမ်းအပိုင်းအစကို ပုံသွင်းပေးနေ၏။

တိထျန်း၏ ကမ္ဘာဦးဟွင်သွမ်းအတွင်း သက်ရှိများကို ထိန်းထားနိုင်သည့် ကမ္ဘာတစ်ခု ပေါ်ထွက်လာခဲ့ပြီး ဝမ်ဝေ့က အထဲတွင် အကောင်းအတိုင်းရှိလျက် မြောလွင့်နေသည်။

တိထျန်းက မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်၏။

“ကမ္ဘာဦးဟွင်သွမ်းထဲမှာ ရှိတဲ့ ကမ္ဘာတွေအားလုံး၊ သက်ရှိတွေနဲ့ သတ္တဝါတွေအားလုံးက ယင်ယန်အပြောင်းအလဲ၊ မွေးဖွားခြင်း၊ သက်တမ်းကြီးရင့်ခြင်းနဲ့ ဖျက်ဆီးခြင်းတို့ကို တွေ့ကြုံခံစားကြရမယ်။ သူတို့က သံသရာကို တွေ့ကြုံခံစားကြရမယ်”

သူက ထိုစကားများကို ပြောသည့်အခါ ဝမ်ဝေ့၏ ကျယ်ပြန့်လွန်းသော ကမ္ဘာသည် ရုတ်ချည်းဆိုသလို ပြန်လည်ဝင်စားခြင်းလမ်းစဉ် ဖြစ်ပေါ်လာခဲ့၏။ ထို့နောက် ထိုအရာက အလျင်အမြန် သက်တမ်းကြီးရင့်ကာ သေဆုံးတော့မည့် အခြေအနေသို့ ရောက်ရှိလာ၍ ဝမ်ဝေ့က အန္တရာယ်ကြား ကျရောက်သွားပြန်သည်။

“လူသားတွေက သဘာဝကို ပိုင်စိုးတယ်။” ဝမ်ဝေ့က ပြောလိုက်သည်။

“ဘယ်သက်ရှိကမှ သူတို့ရဲ့ ပျက်သုဉ်းခြင်းကံကြမ္မာကို လက်ခံမှာ မဟုတ်ဘူး။ အသက်ရှင်ဖို့ရာအတွက် နောက်ဆုံးအခိုက်အတန့်အထိ တိုက်ခိုက်နေလိမ့်မယ်”

သူက ထိုစကားများကို ပြောလိုက်သည့်အခါ သေဆုံးလုနီးပါး ကမ္ဘာကြီးသည် သက်ရှိများကို မွေးဖွားလာခဲ့၏။ ထိုသက်ရှိများက မိုးမြေကို လေ့လာကာ သူတို့ကမ္ဘာ၏ ပျက်သုဉ်းမှုနှင့် သေခြင်းတရားကို ကာကွယ်ဖို့ ကြိုးစားနေကြသည်။

သူတို့၏ ကြိုးစားမှုက အသုံးမဝင်ဟန်ထင်ရသော်လည်း သူတို့သည် သူတို့၏ တည်ရှိမှု ရည်ရွယ်ချက်ကို ပြီးမြောက်ခဲ့ပြီး ဤကမ္ဘာ၏ သေဆုံးမှုကို နှောင့်နှေးကာ ဝမ်ဝေ့အတွက် အချိန်လုံလုံလောက်လောက် ဆွဲထားပေးနိုင်ခဲ့သည်။

All Chapters