အမည်မသိစွမ်းအား
Vol. 63 Ch. 876
အဆုံးမဲ့လေဟာနယ်အတွင်း တစ်စုံတစ်ခု ကျိုးပျက်သွားသည့်အသံက ပေါ်ထွက်လာကာ တိထျန်းက မျက်လုံးပွင့်လာသည်။ သူ့အသားအရည်က အဖွေးဆုံးနှင်းထက်ပင် ဖြူဖျော့နေလေ၏။ သူက ဒူးထောက်လျက် အသက်ပြင်းပြင်းရှူနေသည်။
သူက ဝမ်ဝေ့ကို ဒေါသဖြင့် ကြည့်လိုက်ပြီး သူ့မျက်ဝန်းမှ သွေးမျက်ရည်များ စီးကျနေ၏။ သို့သော်လည်း သူ့မျက်ဝန်းက ယခင်နှင့် မတူတော့ပေ။ ယခုအခါ မပြောပြနိုင်လောက်ဖွယ် ဝမ်းနည်းမှုနှင့် နာကျင်မှုမျိုးက သူ့စိတ်ထဲ ကိန်းအောင်းနေလေသည်။
တိထျန်းက သူက လွန်ခဲ့သည့်မိနစ်ပိုင်းခန့်က လူနှင့် မတူတော့ကြောင်း သိလိုက်၏။ သူ့တစ်စိတ်တစ်ပိုင်းက သေဆုံးသွားခဲ့သည်။ သူက သူ ဆုံးရှုံးသွားသည့်အရာကို ဘယ်သောအခါမှ ပြန်ရနိုင်မည် မဟုတ်ပေ။ သူက လီကျွင်းကို သတ်မိသည့်အတွက် ခေတ္တမျှ နောင်တရသွားမိသည်။ သို့သော်လည်း သူက နောက်ပြန်ဆုတ်၍ မရကြောင်း နားလည်ထားလေသည်။
သူ့တွင် ကျန်ရှိနေသည့် နောက်ဆုံးသော အသိစိတ်ဖြင့် ထိုပုံရိပ်ယောင်အတွင်း တွေ့ကြုံခံစားခဲ့ရသည့် မှတ်ဉာဏ်များကို ဖယ်ရှားဖို့ ကြိုးစားလိုက်သည်။ နှမြောစရာကောင်းလှသည်က ဝမ်ဝေ့က ထိုမှတ်ဉာဏ်များအား သူ့ဝိညာဉ်ထဲ ကိန်းအောင်းနေဖို့ ခြိမ်းခြောက်နိုင်ဖွယ် ကျိန်စာတစ်ခုကို အသုံးပြုခဲ့ဟန်ပေါ်သည်။
တိထျန်းက ထိုမှတ်ဉာဏ်များကို ဖယ်ရှားဖို့ ကျိန်စာအသိပညာများကို အသုံးပြုခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။ ကျိန်စာများက အသုံးပြုသူသည် စွမ်းအားအပေါ် မူတည်နေသည်။ သူ့အတွက် ကံဆိုးသည်က ဝမ်ဝေ့သည် တန်ကြေးကြီးကြီးမားမား ပေးဆပ်ခဲ့၏။ သူက မဟာဧကရာဇ်တစ်ပါးနှင့် တူညီသည့် ဝိညာဉ်စွမ်းအားကို စတေးကာ ကျိန်စာ ကျန်ရှိစေဖို့ လုပ်ဆောင်ခဲ့သည်။ တိထျန်း၏ မှတ်ဉာဏ်များထဲ အချိန်အတော်ကြာ နစ်မြုပ်နေလိမ့်မည်။
တိထျန်းက စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီးသည့်နောက်တွင် သူ တာအိုကို သက်သေပြနိုင်ခဲ့လျှင်ပင် သူ့ဝိညာဉ်မှ ထိုအရာကို ဖယ်ရှားဖို့ အနည်းဆုံး ဆယ်စုနှစ်တစ်ခု ကြာနိုင်ကြောင်း နားလည်လိုက်၏။ ထိုမျှအထိပင် ဝမ်ဝေ့က သူ့ကို နာကျင်အောင် လုပ်လိုခဲ့သည်။
တိထျန်း၏ အရှိန်အဝါက ရုတ်ချည်း ဖရိုဖရဲဖြစ်လာပြီး သူ့စိတ်အခြေအနေက ပြိုလဲလုနီးပါး သူ့စိတ်ဝိညာဉ်ကို ပို၍ ဆိုးရွားသွားစေသည်။ တိထျန်း၏ အသိစိတ်ပင်လယ်အတွင်းရှိ အလင်းရောင်တစ်ခုက ပိုမို ပြင်းထန်လာကာ သူ့ ကမ္ဘာဦးစိတ်ဝိညာဉ်ကို ပြုပြင်ပေးဖို့ ဆက်တိုက် ကြိုးစားနေသည်။
ထိုစဉ် ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ်သာ ကြည့်နေလေ၏။ တိထျန်းက ထိုမျှအားနည်းသည့် အခြေအနေတွင် ရှိနေစဉ် သူ့မျက်ဝန်းများက ယခင် မမြင်နိုင်ခဲ့သည့်အရာများကို မြင်တွေ့လာရသည်။
ထို့ကြောင့် သူသည် တိထျန်း၏ စိတ်ဝိညာဉ်ကို ထိန်းသိမ်းဖို့ ကြိုးစားနေသည့် ဗောဓိသစ်ပင်နှင့် နောက်ထပ် အသုံးအဆောင်ပစ္စည်းတစ်ခုကို မြင်လိုက်ရသည်။ ထို့အပြင် ထိုအရာနှစ်ခုက တိထျန်းအား သူ့ပုံရိပ်ယောင်မှ လွတ်မြောက်သွားစေဖို့ ကြိုးစားခဲ့ကြောင်း သိထားလေ၏။
အကယ်၍ သူ့အပေါ်သာ မူတည်ပါက သူ့ကို အဆုံးသတ်ထိ နှိပ်စက်မိလောက်သည်။
ဒီပစ္စည်းက သူ့ရဲ့ တာအိုသက်သေပြပစ္စည်းပဲ နေမယ်…
ဝမ်ဝေ့က အဖြူရောင်နှင့် အနက်ရောင်အလင်းများ ထုတ်လွှတ်နေသည့် မျှော်နန်းဆောင်တစ်ခုကို ကြည့်ကာ ရေရွတ်လိုက်၏။
“ ဒါက ဘာလို့ အဲ့လောက်တောင် အားကောင်းနေရတာလဲ”
ဝမ်ဝေ့က ထိုအသုံးအဆောင်ပစ္စည်းသည် သူ့ဟာနှင့် တူညီကြောင်း ပြောနိုင်လေသည်။ ထိုအရာထဲတွင် စွမ်းအားနှင့် အလားအလာကို ညွှန်ပြနိုင်သည့် လျှို့ဝှက်ဆန်းကြယ် တာအိုစည်းချက်တစ်ခု ပါဝင်နေလေ၏။ မဟာတာအို၏ ဆေးကြောမှုအပြီး တာအိုကို သက်သေပြပြီးသည့်နောက်တွင် ထိုအရာက အနည်းဆုံး ၅ရာခိုင်နှုန်း တိုးမြင့်သွားစေလိမ့်မည်။
သို့သော်လည်း တိထျန်း၏ အသုံးအဆောင်ပစ္စည်းက သူ့ထက်ပင် ပို၍ အလားအလာကောင်းနေလေ၏။
ဒါက သူ့အနေနဲ့ ဟွင်သွမ်းရတနာတွေ အများကြီးသုံးပြီးတော့ သန့်စင်ပြီး လေ့ကျင့်ခဲ့လို့လား…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။ သူ့စိတ်ထဲ အလျင်အမြန် တွက်ချက်ကြည့်နေ၏။ သူက အောက်ခြေစည်းမျဉ်း မရှိဘဲ ဒေါသူပုန်ထနေသည့် အခြေအနေတွင် ရှိနေသော်လည်း သူက တိတ်ဆိတ်ကာ တည်ငြိမ်နေဆဲ ဖြစ်၏။
သူက တိုက်ပွဲ၏ အရေးပါမှုကို သိထားကာ စိတ်ခံစားချက်များကို ရလဒ်အပေါ် သက်ရောက်ခွင့်ပေးမည် မဟုတ်ပေ။ အထူးသဖြင့် သူ လီကျွင်းကို ထပ်မံ မြင်တွေ့လိုပါက ဤတိုက်ပွဲကို ရှုံး၍ မရပေ။
အသုံးအဆောင်ပစ္စည်းမှ ထုတ်လွှတ်လာသည့် ဖရိုဖရဲစည်းချက်တွေက ငါ့ထက်တောင် ပိုပြီးမြင့်မားနေတာပဲ။ ဒါပေမဲ့ ဒါက ထူးကဲမှုရဲ့ အဓိကအကြောင်းအရင်းတော့ မဟုတ်သေးဘူး…
သူ့သုံးသပ်ချက်အရ တိထျန်း၏ အသုံးအဆောင်ပစ္စည်းသည် မဟာတာအိုအရင်းအမြစ်၏ ၆ ရာခိုင်နှုန်းအထိ တိုးမြင့်ပေးနိုင်လိမ့်မည်။ ထိုအရာက အနည်းဆုံးပမာဏမျှသာ ဖြစ်၏။ ထို့ကြောင့် သူသည် ဤတိုက်ပွဲ၏ ရလဒ်ကို ဆုံးဖြတ်ပေးနိုင်မည့် အဓိကအချက်တစ်ခု ဖြစ်လာနိုင်သည့်အတွက် သိချင်နေမိသည်။
ဒါက သံသရာဆေးကြောမှုကြောင့် ဖြစ်နေနိုင်တယ်…
ကျင့်ကြံသူများက သူတို့၏ စွမ်းအားများဖြင့် ပြန်လည်ဝင်စားတတ်ကြသည်။ တကယ်တော့ ကျင့်ကြံသူအများစုသည် ပြန်လည်ဝင်စားဖို့ရာအတွက် ရွေးချယ်လေ့ ရှိ၏။ အသုံးဆောင်ပစ္စည်းက သူတို့၏ ကာကွယ်သူအဖြစ် ဆောင်ရွက်ပေးမည် ဖြစ်ကာ ပြန်လည်ဝင်စားခြင်း အစောပိုင်းအဆင့်များတွင် သူတို့ကို အသက်ရှင်အောင် ကာကွယ်ပေးလိမ့်မည်။
သူတို့၏ မှတ်ဉာဏ်များ မနိုးထခင် ကျင့်ကြံရေးလမ်းစဉ်ကို လျှောက်လှမ်းဖို့ သေချာအောင် လုပ်ဆောင်ပေးလိမ့်မည်။ အသုံးအဆောင်ပစ္စည်းက ကံကောင်းမှုစုစည်းရေးပစ္စည်း အဖြစ်လည်း အသုံးပြုလေ့ရှိပြီး ပြန်လည်ဝင်စားသူများတွင် အသက်ရှင်ကာ ကြီးထွားဖို့ ကံအမြောက်အများရှိစေဖို့ ဆောင်ရွက်ပေးသည်။
ထို့ကြောင့် လက်နက်တစ်ခု သို့မဟုတ် အသုံးအဆောင်ပစ္စည်း တစ်ခုဖြင့် ပြန်လည်ဝင်စားခြင်းက ပုံမှန်ကိစ္စရပ်သာ ဖြစ်၏။
ဝမ်ဝေ့ နိမိတ်ကြေးမုံမှ သင်ယူထားသလောက် တိထျန်းသည် သူ့ဘိုးဘေးချီယွမ်နှင့် တိုက်ခိုက်စဉ်အခါက သူ့ပထမဘဝမှ သွေးမျိုးဆက် အသုံးအဆောင်ပစ္စည်းတစ်ခု ရှိခဲ့ဖူးသည်။
သို့သော်လည်း သူ ရှုံးနိမ့်ပြီးသည့်နောက်တွင် မူလလမ်းစဉ်ကို ကျင့်ကြံကာ တာအိုသက်သေပြပစ္စည်းကို ဖန်တီးခဲ့၏။
ဝမ်ဝေ့က တိထျန်းသည် သူ့ သွေးမျိုးဆက်ပစ္စည်းကို အသုံးပြု၍ တာအိုသက်သေပြပစ္စည်းအဖြစ် ပြောင်းလိုက်သည်လား သို့မဟုတ် သူတို့ကို ပေါင်းစပ်လိုက်သည်လား ဒါမှမဟုတ် တစ်စုံတစ်ခုကို အသုံးပြုလိုက်သည်လား မသိရပေ။
သို့သော်လည်း သူ သိထားသည်က ထိုသူသည် ၉ ဘဝလုံးတွင် တူညီသည့် ပစ္စည်းကိုသာ အသုံးပြုခဲ့သည့်အတွက် ထူးကဲနေခြင်းသာ ဖြစ်ရမည်။
မဟုတ်သေးဘူး။ ဒီပစ္စည်းရဲ့ သံသရာအငွေ့အသက်က သန့်စင်ပြီးတော့ အလားအလာကောင်းတယ်။ ဒါပေမဲ့ တစ်ခုခုတော့ ထူးဆန်းနေတဲ့ပုံပဲ။ ဒီလက်နက်က တကယ့်ဧကရာဇ်အသုံးအဆောင်ပစ္စည်းလောက် အားကောင်းတဲ့ပုံပဲ…
ဝမ်ဝေ့က အမှန်တရား နောက်ကွယ်မှ ရှုပ်ထွေးမှုကို သိလိုက်သည်။ ဧကရာဇ်အသုံးအဆောင်များက မည်မျှပင် အားကောင်းစေကာမူ သူတို့က တစ်စုံတစ်ယောက်၏ ပစ္စည်းများသာ ဖြစ်သည့်အတွက် သေမျိုးများက အစီအရင်နှင့် အင်အားစု ကံကောင်းမှုကဲ့သို့သော ပြင်ပအကူအညီများလိုမျိုး အလွယ်တကူ အသုံးပြု၍ မရပေ။
သို့သော်လည်း တာအိုသက်သေပြပစ္စည်းကမူ ကျင့်ကြံသူများအတွက် အကောင်းဆုံးလက်နက်တစ်ခု ဖြစ်၏။ သူတို့က သူတို့ပိုင်ရှင်၏ တာအို၊ ဝိညာဉ်၊ ခန္ဓာကိုယ်၊ ချီအတွေးအခေါ်၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်နှင့် အိပ်မက်များအထိ ပြီးပြည့်စုံစွာ သင့်တော်လှသည်။
ထို့ကြောင့် ကျင့်ကြံသူများသည် သူတို့၏ တာအိုသက်သေပြပစ္စည်း စွမ်းအားအလားအလာကို အလွယ်တကူ ထုတ်သုံးနိုင်ကြပြီး စမ်းသပ်ချက်ကို ကျော်လွန်ကာ မြင့်မားသည့် တိုက်ခိုက်စွမ်းရည်ကို ရယူနိုင်ကြသည်။
ဝမ်ဝေ့က ထိုအသုံးအဆောင်ပစ္စည်းအကြောင်း မှတ်ထားလိုက်ပြီး ဖြစ်နိုင်သည့် တန်ပြန်နည်းလမ်းများကို စဉ်းစားနေလေ၏။ သူက စွမ်းအားတချို့ပြန်ရလာသည့် တိထျန်းကို ကြည့်ကာ အရိုးခဲလုမတတ် အေးစက်မှုဖြင့် ပြောလိုက်သည်။
“အခု မင်းက ဝိညာဉ်ဆေးကြောမှုကို စိတ်ပိုင်းဆိုင်ရာ ခံစားပြီးသွားပြီဆိုတော့ ရုပ်ပိုင်းဆိုင်ရာအလှည့်ပဲ”
တိထျန်းဆီ ထိတ်လန့်မှုတစ်ခု လွှမ်းခြုံသွားလေ၏။ သူက သူ့ဝိညာဉ်ထဲ ကျိန်စာကို စည်းပိတ်ရေး ပြီးမြောက်ကာစဖြစ်ကာ ထိုမှတ်ဉာဏ်များ၏ သက်ရောက်မှုကို အနိမ့်ဆုံးအနေအထားထိ လျှော့ချနိုင်ခဲ့သည်။ ထို့ကြောင့် သူက စိတ်ပိုင်းဆိုင်ရာ အားနည်းနေဆဲအချိန်ဖြစ်ပြီး တုံ့ပြန်ဖို့၊ ကုသဖို့ရာအတွက် အချိန်များများ လိုအပ်နေလေသည်။
သို့သော် သူက နှေးကွေးလွန်းလှသည်။
ပင်ကိုစွမ်းရည် - နာကျင်မှု
“အား” တိထျန်းက သူ့အာရုံအားလုံးအပေါ် ကျရောက်လာသည့် နာကျင်မှုမျိုးကို ခံစားလိုက်ရသည်။ သူက ခန္ဓာကိုယ်လေ့ကျင့်သူဖြစ်ပြီး အတော်အတန် ပြီးမြောက်ထားသူဖြစ်၍ နာကျင်မှုက သူ့အတွက် သာမန်သာ ဖြစ်၏။
သူ့နာကျင်မှုတောင့်ခံနှုန်းက ဒိုင်မေးရှင်းအနိမ့်ရှိ ၉၀ ရာခိုင်နှုန်းသော ကျင့်ကြံသူများက ရရှိဖို့ အိပ်မက် မမက်နိုင်သည့်အရာ ဖြစ်ပေသည်။ သို့သော် သူက ဤနာကျင်မှုကို တွေ့ကြုံခံစားခဲ့ရပြီးသည့်နောက်တွင် စိတ်လွတ်လုနီးပါးဖြစ်သွားခဲ့သည်။
တိထျန်း၏ အလိုလိုသိစိတ်က ခေါင်းကို ကိုင်ထားဖို့ ပြောပြနေ၏။ ထိုနေရာက အနာကျင်ဆုံးနေရာ ဖြစ်နေလေသည်။ သို့သော်လည်း တခြားသော အစိတ်အပိုင်းများကလည်း သူ မလှုပ်ရှားနိုင်လောက်အောင် နာကျင်လွန်းလှသည်။ အကယ်၍ ပျံသန်းခြင်းက အလိုအလျောက် စွမ်းရည်တစ်ခု မဟုတ်ခဲ့ပါက သူသည် ယင်ဒိုင်မေးရှင်းရှိ လေထုထဲမှ ပြုတ်ကျလာလောက်သည်။
ဝမ်ဝေ့က ထိုအရာကို တည်တည်ငြိမ်ငြိမ်ဖြင့်သာ ကြည့်နေလေ၏။ သူက တစ်ဖက်လူအပေါ် ထားရှိသည့် နာကျင်မှုမျိုးကို သိထားသည့် တစ်ဦးတည်းသောသူ ဖြစ်ပေသည်။ သူက နာကျင်မှုစွမ်းရည်ကို အသုံးပြုကာ ခွန်အားအစစ်အမှန်တာအို၏ တတိယအဆင့်တွင် ခန္ဓာကိုယ်စမ်းသပ်ချက် ခုနစ်ခုလုံးကို ယူစဉ်အခါက ဖြစ်စဉ်ကို ပြန်လည်ဖန်တီးခဲ့ခြင်း ဖြစ်၏။
ထို့အပြင် သူက သူ့စွမ်းရည်ဖြင့် နာကျင်မှုကို တိုးမြှင့်ခဲ့သည့်အတွက် သူပင် တောင့်ခံနိုင်ပါ့မလား မသိသည့် အနေအထားတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။
တိထျန်း၏ တည်ငြိမ်လာကာစ အသိစိတ်က တစ်ဖန်ပြိုလဲလုနီးပါး ဖြစ်လာခဲ့သည်။ ဗောဓိသစ်ပင်နှင့် သံသရာမျှော်နန်းဆောင်တို့က သူတို့၏ စွမ်းအားများကို ထုတ်လွှတ်ကာ နာကျင်မှုအာရုံခံများကို ထိန်းချုပ်ပြီး ခန္ဓာကိုယ်နှင့် ဝိညာဉ်ကြားမှ ဆက်နွယ်မှုကို ဖြတ်တောက်ထားကြသည်။ သို့သော်လည်း ထိုကြိုးစားမှုက အသုံးမဝင်ခဲ့ပေ။
ဝမ်ဝေ့၏ ပင်ကိုစွမ်းရည်က နာကျင်မှုကို အယူအဆသဘောတရားအထိ ရောက်လောက်အောင် ကျင့်ကြံထားလေသည်။ ထို့ကြောင့် သူက နာကျင်မှုစည်းမျဉ်းကို မထိန်းချုပ်သော်လည်း ပင်ကိုစွမ်းရည်၏ စွမ်းအားက ထိုအဆင့်အထိ ရောက်ရှိသွားခဲ့သည်။
တိထျန်းက သူ့အသိစိတ်သည် ပျောက်ကွယ်လာကြောင်း ခံစားမိလိုက်၏။ မခံစားနိုင်ဖွယ် နာကျင်မှုများကြားတွင် သူက ရှင်းရှင်းလင်းလင်း တွေးခေါ်နိုင်ဖို့ရာ အင်မတန် အာရုံစိုက်ထားနေရသည်။ နှစ်များစွာ အတွေ့အကြုံနှင့် မြင့်မားသည့် စိတ်စွမ်းအားကြောင့်သာ သူ့အသိစိတ်ကို ထိန်းထားနိုင်ခြင်း ဖြစ်၏။
ထို့ကြောင့် သူက တာအိုဆန္ဒနှင့် စိတ်ဆန္ဒသဏ္ဌာန်ပြခြင်းကို စုစည်းကာ သူ့ဝိညာဉ်ဝန်းကျင်တွင် ကာကွယ်ရေးအလွှာ တစ်ခုအဖြစ် ဖွဲ့စည်းလိုက်သည်။
ဤသို့သော အပြုအမူမျိုးက ဉာဏ်ရှိသည့် ရွေးချယ်မှုတစ်ခု ဖြစ်၏။ သူက သူ့ကမ္ဘာဦးစိတ်ဝိညာဉ်ကို ဆက်လက် ထိန်းချုပ်နေရင်း ဗုဒ္ဓကျမ်းတစ်ခုကို ရွတ်ဖတ်ကာ ဗောဓိသစ်ပင်၏ သက်ရောက်မှုကို အားဖြည့်ပေးနေသည်။
နောက်ဆုံးတွင် သူက ကျန်ရှိနေသည့် ယင်စကြဝဠာကို သူ့မျှော်နန်းဆောင်ဆီ စတေးခဲ့ပြီး အားဖြည့်ပေးခဲ့သည်။ သူက ယင်ဒိုင်မေးရှင်းရှိ ယင်စွမ်းအားကို အသုံးပြုလိုသော်လည်း ဝမ်ဝေ့က ခွင့်ပြုမည် မဟုတ်ကြောင်း သိထားလေ၏။
ထိုနည်းလမ်းများဖြင့် တိထျန်းက နာကျင်မှုကို ခံနိုင်ရည်ရှိသည့်အဆင့်အထိ ဖိနှိပ်ထားနိုင်ခဲ့သည်။
ငါ သူ့ကို သတ်ပစ်မယ်။
သူက စိတ်ထဲမှ ကြုံးဝါးလိုက်သည်။ နောက်ဆုံးတွင် သူ့အားအကောင်းဆုံး ဝှက်ဖဲတစ်ခုကို အသုံးပြုဖို့ ရွေးချယ်လိုက်၏။ သို့သော်လည်း သူ့နောက်ဆုံးသော ဉာဏ်အသိက သူသာ ဤဝှက်ဖဲကို အသုံးပြုလိုက်လျှင် ရှိလာမည့် အလိုလိုသိစိတ်အကြောင်း သတိပေးနေလေ၏။ ထို့ကြောင့် သူက ဉာဏ်ပိုရှိသည့် နည်းလမ်းကိုရွေးချယ်ခဲ့သည်။
ဝုန်း
တိထျန်းက ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်လာပြီး တစ်စုံတစ်ခု မှားယွင်းသည်ဟု ခံစားမိပြီးသည့်နောက်တွင် ပြေးဝင်လာသည့် ဝမ်ဝေ့အား လွင့်စင်သွားစေသည်။
သူ့စည်းမျဉ်းပလ္လင်မှ အမည်မသိ စွမ်းအားတစ်ခု သို့မဟုတ် ဆင့်ကဲပြောင်းလဲမှုတစ်ခု ထွက်ပေါ်လာပြီး နာကျင်မှု ပင်ကိုစွမ်းရည်ကို ချက်ချင်းဆိုသလို ပျော်ကျသွားစေသည်။ ထို့အပြင် သူ့ဝိညာဉ်အပေါ်မှ ကျိန်စာ စည်းတံဆိပ်သည်လည်း အားဖြည့်ခံလိုက်ရသည်။
သူက ဝမ်ဝေ့ကို ရူးသွပ်ကာ ဒေါသအပြည့်ဖြင့် ကြည့်လိုက်သည်။ သူ့အရှိန်အဝါက အင်မတန် လွှမ်းမိုးနိုင်ဖွယ်ကောင်းနေ၏။