အဖြေ
Vol. 63 Ch. 878
ယမမင်းရဲ့ ချပ်ဝတ်
ယမမင်းဆိုသည်မှာ မရဏနတ်ဘုရားတစ်ပါးဖြစ်ပြီး မြေအောက်လောက၌ အမြင့်မားဆုံးရာထူးကို ကိုင်ဆောင်ထားပြီး အရာအားလုံး ချောချောမွေ့မွေ့ဖြစ်စေဖို့ လုပ်ဆောင်ပေးသည်။ နောက်ဘဝ၏ အုပ်ချုပ်သူ တစ်ယောက်အနေဖြင့် ယမမင်းက သေခြင်းတရား၏ အရှင်သခင် ဖြစ်ပေသည်။
တိထျန်း၏ ခန္ဓာကိုယ်အပေါ်တွင် ချပ်ဝတ် ပေါ်ထွက်လာသည့်အခါ သူ့အရှိန်အဝါက အနည်းငယ် တိုးမြင့်သွားသည်။ သို့သော်လည်း အသိသာဆုံး အပြောင်းအလဲက သူ့လက်ထဲတွင် ရှိနေသည့် ဓားတွင် ကြောက်မက်ဖွယ် မရဏစွမ်းအား ပါဝင်လာခြင်း ဖြစ်၏။
မရဏသံကြိုး
လေဟာနယ်ထဲတွင် သံကြိုးများစွာ ထွက်ပေါ်လာပြီးသည့်နောက်တွင် ဝမ်ဝေ့ဆီ ဦးတည်သွားလေ၏။ သူတို့က ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး ရည်ရွယ်ချက်တစ်ခုသာ ကိုင်ဆောင်ထားသည်။ သူ့ကို ဖမ်းဆီးရန် ဖြစ်၏။
ကံကြမ္မာကတောင် ငါ့ကို မချုပ်နှောင်နိုင်တာ သေခြင်းတရားက ထည့်ပြောဖို့တောင် မလိုဘူး…
ဝမ်ဝေ့က နှာခေါင်းရှုံ့လိုက်သည်။
ကံကြမ္မာအော်သံ
ဟွင်သွမ်းစကြဝဠာရှိ သက်ရှိအားလုံးက ကံကြမ္မာမြစ်ကြောင်းကို ပုံဖော်စေသည့် ကံကြမ္မာကြိုးမျှင်များ ရှိကြသည်။ လူတချို့က ထိုကြိုးမျှင်မှ လွတ်မြောက်သွားကြလေသည်။ ဖြစ်နိုင်သည်မှာ ထိုအရာက မရှောင်လွှဲနိုင်သည့် ရလဒ်သာ ဖြစ်၏။
ထိုအော်သံဖြင့် ဝမ်ဝေ့က သူတို့တစ်ဘဝလုံးရှိ ရုန်းကန်မှု၊ နာကျင်မှု၊ မြင့်တက်မှုနှင့် အောင်မြင်မှုတို့၏ သဏ္ဌာန်ပြမှု ကြိုးမျှင်များကို အသံအဖြစ် ပြောင်းလဲပစ်လိုက်သည်။ အတိအကျပြောရလျှင် သူတို့၏ ဘဝများကို ဒေါသ၊ မလိုလားမှုနှင့် ခုခံမှု အသံအဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်၏။
ဘန်း
ကြောက်မက်ဖွယ် အသံက ထိုမရဏသံကြိုးများကို ချိုးဖောက်သွားလေသည်။ ထို့နောက် အသံလှိုင်းက တိထျန်းအား နောက်ခြေလှမ်းအနည်းငယ် ဆုတ်သွားစေပြီး သူ့ချပ်ဝတ်ပေါ်တွင် ခြစ်ရာတချို့ ချန်ထားနိုင်ခဲ့သည်။
ကံကြမ္မာစွမ်းအားပဲ…
ဖိနှိပ်ခံထားရတာတောင် ဒီလောက်စွမ်းအားရှိနေတုန်းပဲ…
သူ၏ မျက်ဝန်းက ပုံမှန်ထက် ပိုမို အေးစက်လာလေ၏။ တစ်ဖက်လူကို သတ်ဖို့ ဆုံးဖြတ်ချက်က နောက်တဆင့်သို့ ရောက်ရှိသွားခဲ့သည်။
သူက တစ်ဖက်လူကို ကြည့်ကာ တိုက်ခိုက်လိုက်သည်။
ယမမင်းရဲ့ အကဲဖြတ်ချက်
သူက လက်ကို ဝှေ့လိုက်သည့်အခါ သူ့လက်ထဲရှိ မရဏဓားက ကောင်းကင်အထက် ပျံသန်းသွားပြီးသည့်နောက်တွင် ကြယ်တာရာတစ်လုံးထက် ပိုမိုကြီးမားသည့် ဧရာမအရွယ်အစားအဖြစ် ပြောင်းလဲသွားသည်။ သို့သော်လည်း ထိုအရာက အဆုံးသတ် မဟုတ်သေးပေ။ သေခြင်းရှင်ခြင်းဟု ရေးသားထားသည့် စာအုပ်တစ်အုပ်က စုတ်တံတစ်ချောင်းနှင့်အတူ ပေါ်ထွက်လာခဲ့သည်။ ထို့နောက် စုတ်တံက ဝမ်ဝေ့၏ နာမည်ကို စာအုပ်ထဲတွင် ရေးသားကာ ဓား၏ စွမ်းအားကို ထုတ်လွှတ်လိုက်၏။
ဓားက ပြစ်မှတ်အပေါ် ကျဆင်းလာသည်။
ကံကြမ္မာလှည့်ဖျားမှု
ဝမ်ဝေ့၏ ခန္ဓာကိုယ်အပေါ် ကံကြမ္မာစွမ်းအား လွှမ်းခြုံသွားလေ၏။ ထိုစဉ် သူက ကံကြမ္မာကို လှည့်ဖျားခဲ့သည်။ သူက သေခြင်းရှင်ခြင်းစာအုပ်ကို သူ့နာမည်က ဝမ်ဝေ့ ဖြစ်သော်လည်း သူက ပစ်မှတ်ထားခံရသူမဟုတ်ကြောင်း အယုံသွင်းခဲ့သည်။
ဝုန်း
ဝမ်ဝေ့၏ ခန္ဓာကိုယ်အထက် အက်ကြောင်းများ ပေါ်ထွက်လာပြီး သူ့ဒွာရပေါက်များမှ သွေးများ စီးကျလာသည်။
ကျစ်…
သူက စိတ်ထဲမှ ကျိန်ဆဲလိုက်၏။ သူ့နည်းစနစ်က အလုပ်ဖြစ်သင့်သော်လည်း သူ့တာအို ဖိနှိပ်ခံထားရမှုကြောင့် နောက်ဆုံးမိနစ်တွင် ကျရှုံးသွားကာ မရဏစွမ်းအားက သူ့ကို ပစ်မှတ်ထားလာခဲ့သည်။ ကံကောင်းစွာဖြင့် ထိုအရာ၏ စွမ်းအားအများစုကို လှည့်ဖျားနိုင်ခဲ့သည်။
တိထျန်းက သက်ညှာမှုကင်းမဲ့စွာဖြင့် သူ့ကို ကုသဖို့ သို့မဟုတ် နည်းဗျူဟာချဖို့ အချိန်မပေးခဲ့ပေ။ သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် စုတ်တံက စာအုပ်အပေါ်ရှိ ဝမ်ဝေ့၏ နာမည်အနောက်တွင် အမှတ်အသားတစ်ခု ပြုလုပ်ခဲ့သည်။
ထိုစဉ် ဝမ်ဝေ့၏ မိုးမြေကြားရှိ အဆင့်အတန်း၊ သံသရာ၏ အဆင့်အတန်းက အမြင့်မားဆုံး အပြစ်ကျူးလွန်သူအဖြစ် ပြောင်းလဲသွားခဲ့သည်။ ယခင်က ဝမ်ဝေ့သည် သူ့ကံကြမ္မာအနှောင်အဖွဲ့ကင်း ရုပ်ခန္ဓာကြောင့် သူ့ကံကြွေးအားလုံးကို ဖယ်ရှားနိုင်ခဲ့၏။ ထို့အပြင် သူက တာအိုအခွင့်အလမ်းဂိုဏ်းမှ သူ့ကို ဝိဇ္ဇာလမ်းစဉ် လျှောက်လှမ်းဖို့ ကုသိုလ်အမြောက်အများ ထောက်ပံ့ပေးခဲ့သည့်အတွက် ထိုအရာကို အောင်မြင်ခဲ့သည်။
သို့သော်လည်း ဤလှုပ်ရှားမှုတစ်ခုဖြင့် တိထျန်းက သူ့အောင်မြင်မှုအားလုံးကို ယာယီ ပြောင်းလဲပစ်ကာ သူ့ဘဝတွင် မတိုင်းတာနိုင်သည့် အပြစ်ကြွေးပမာဏ ဖန်တီးထားသူအဖြစ် ပြောင်းလဲပစ်ခဲ့သည်။
ထိုအပြစ်ကြွေးများဖြင့် အကဲဖြတ်ခြင်းနှင့် သုတ်သင်ခြင်းက အမြင့်မားဆုံးအမိန့် တစ်ခု ဖြစ်လာခဲ့၏။
ထို့ကြောင့် မရဏဓားက ဒုတိယအကြိမ် ဆင်းသက်လာသည့်အခါ သူက သာမန်နည်းလမ်းဖြင့် မခုခံနိုင်ကြောင်း သိလိုက်သည်။
သွေးမျိုးဆက် ကံကြမ္မာ
ဝမ်ဝေ့၏ နောက်တွင် အသင်္ချေပုံရိပ်များစွာ ထွက်ပေါ်လာ၏။ သေချာလေ့လာကြည့်ပါက သူနှင့် အနီးကပ်ဆုံးသူက သူ့အဖေ ဝမ်ထျန်းဖြစ်နေပြီး ထိုသူနောက်တွင် သူ့အဖိုးဝမ်ချန်း ရှိနေလေသည်။
ရှည်လျားလှသည့် လူများ၏ အနောက်တွင် တာအိုအခွင့်အလမ်းဂိုဏ်း၏ တည်ထောင်သူ ဧကရာဇ်ချီယွမ် ရှိနေသည်။ ထိုသူက သူ့ဘဝတစ်လျှောက်၌ ကလေး မရှိခဲ့သော်လည်း သူက ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်နှင့် ဆက်နွယ်မှုကို ဖြတ်တောက်ပြီးသည့်နောက်တွင် ဝမ်မျိုးနွယ်၏ သွေးမျိုးဆက်ဘိုးဘေး တစ်ယောက် ဖြစ်လာခဲ့၏။
ဝမ်ဝေ့က ထိုသူများကို ကြည့်ကာ တိတ်တဆိတ် ခေါင်းခါလိုက်သည်။ သူက သူ့ဘိုးဘေးတချို့ကို ရွေးချယ်လိုသော်လည်း ဤနည်းစနစ်အတွက်မူ သူက အထောက်အပံ့ လိုပြီး ခုခံမှု အနှောင့်အယှက် မလိုလားသည့်အတွက် သူ့အဖေကိုသာ ရွေးချယ်နိုင်သည်။
ဝမ်ထျန်းကို ရွေးချယ်ပြီးသည့်နောက်တွင် သူ့အနောက်ဖက်၌ ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်။ သို့သော်လည်း ထိုအရာက အစမျှသာ ဖြစ်၏။ သူက ကံကောင်းမှုတာအိုဖြင့် ဖြစ်နိုင်ချေကို ထိန်းချုပ်လိုက်ပြီး အချိန်တာအိုဖြင့် ဖြစ်နိုင်သည့် အနာဂတ်များစွာကို ဖန်တီးခဲ့သည်။
ထို့နောက် ထိုအနာဂတ်တစ်ခုက ဝမ်ဝေ့၏ ရုပ်ပိုင်းဆိုင်ရာ ကံကြမ္မာသဏ္ဌာန်ပြမှုနှင့် ပေါင်းစည်းသွားခဲ့သည်။
ဝုန်း
သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခု ထွက်ပေါ်လာ၏။ ထိုအရှိန်အဝါက တိထျန်းနှင့် ကြည့်ရှုနေသူများကို အံ့အားသင့်သွားစေသည်။ အကြောင်းအရင်းမှာ ထိုအရာက မဟာဧကရာဇ်တစ်ယောက်၏ အငွေ့အသက်နှင့် တူညီနေ၍ ဖြစ်သည်။
ဝမ်ဝေ့၏ နည်းလမ်းများက သူ့အဖေ၏ ကံကြမ္မာကို ဆင့်ခေါ်ပြီး တခြားနည်းလမ်းများကို အသုံးပြုကာ ထိုသူသည် ဒဿမသာလွန်အုတ်မြစ်ကို ရယူနိုင်သည့် ဖြစ်နိုင်ချေကို သုံးထားခြင်း ဖြစ်သည်။
ယခု ဝမ်ထျန်းကသာ ထိုအဆင့်သို့ ရောက်ရှိနိုင်ချေရှိနိုင်သည့် အချက်ကြောင့်သာ မဟုတ်လျှင် ထိုနည်းစနစ်က အသုံးပြု၍ရမည် မဟုတ်ပေ။ မည်သို့ပင်ဆိုကာမူ ပို၍အရေးကြီးသည်က သူသည် မှန်ကန်သည့် လူကို ရွေးချယ်ခဲ့ပြီး အောင်မြင်ခဲ့လေ၏။
ဝမ်ဝေ့က အမြဲပြောင်းလဲတာအိုနှလုံးသားကို သူ့တစ်ဘဝလုံးကို ဓားတာအိုနောက်သာ လိုက်နေသည့် အထွတ်အထိပ် ဓားသမားတစ်ယောက်အဖြစ် ပြောင်းလဲခဲ့သည်။
ဝမ်ထျန်း၏ ကံကြမ္မာက ဝမ်ဝေ့၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားပြီး သူ့စွမ်းအားများက သူ့သားအတွင်း ထပ်သွားလေသည်။ သူ့တာအိုသက်သေပြပစ္စည်းက အဖြူရောင်ဓား တစ်လက်အဖြစ် ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ် ဓားဆန္ဒကို ထုတ်လွှတ်လာခဲ့သည်။
ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ်ဖြင့် ထိုဓားကို ဝှေ့ယမ်းကာ ဂလက်ဆီထရီလီယံပေါင်းများစွာကိုပင် သုတ်သင်ပစ်နိုင်သည့် ဓားချက်ကို ထုတ်လွှတ်လာခဲ့သည်။ ထိုဓားချက်က မရဏဓားကိုလွှမ်းမိုးပြီး နှစ်ပိုင်းပြတ်သွားစေကာ စာအုပ်နှင့် စုတ်တံဆီ ကျရောက်လာသည်။
ကံဆိုးစွာဖြင့် သူတို့ဆီမှ ထိုစွမ်းအားကို ပိတ်ဆို့ထားနိုင်သည့် အကာအရံတစ်ခု ထုတ်လွှတ်လာခဲ့သည်။
ငါ့အဖေရဲ့ ဓားတာအိုကတောင် ဖိနှိပ်ခံလိုက်ရတာပဲ…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။ ထိုဓားချက်က ဖိနှိပ်ထားမှုကြောင့်သာ မဟုတ်လျှင် သံသရာကိုပင် အပိုင်းပိုင်းအစစဖြစ်သွားအောင် ဖြတ်တောက်နိုင်၏။
ခုခံတာလား။ မင်းက ပိုပြီးခုခံလေလေ ပိုပြီး မြန်မြန်ဆန်ဆန် သေလေပဲ…
တိထျန်းက တွေးလိုက်သည်။ သူ့နည်းစနစ်က သံသရာ၏ အမြင့်မားဆုံး အုပ်ချုပ်သူဖြစ်သည့် ယမမင်းအပေါ် အခြေခံထားခြင်း ဖြစ်၏။ ယမမင်းက စံပြများကဲ့သို့ အားကောင်းကာ လွှမ်းမိုးမှုရှိသည့် လူများ၏ ပြန်လည်ဝင်စားမှုကိုပင် ဖြေရှင်းနိုင်သည့် ပုဂ္ဂိုလ်များ ဖြစ်ပေသည်။
အကယ်၍ သူတို့သာ အသင်္ချေမျိုးနွယ်နှင့် ကမ္ဘာများအထက် ရပ်တည်နေသည့် စံပြများကို ဖြေရှင်းဖို့ စွမ်းအား မရှိပါက ပြန်လည်ဝင်စားခြင်းလမ်းစဉ်သည် သူတို့၏ ကစားစရာ ဖြစ်လာသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။
ဘန်း
မိုးမြေကြားတွင် ကြီးကျယ်ခမ်းနားသည့် ကျောက်တံတားတစ်ခု ပေါ်ထွက်လာခဲ့သည်။
နိုက်ဟယ်တံတား
ထိုတံတား ပေါ်ထွက်လာသည်နှင့် လူများက နာမည်ကို ချက်ချင်းသိလိုက်ကြသည်။ လူတချို့ သေဆုံးသွားပြီးသည့်နောက်တွင် သူတို့က ထိုတံတားကို ဖြတ်လျှောက်ရမည်။
သူတို့ရှေ့တွင် သူတို့၏ ဘဝကို ပြန်လည်မြင်တွေ့လိုက်ရမည် ဖြစ်ကာ သူတို့၏ အတိတ်မှ ကျရှုံးမှုများ၊ အောင်မြင်မှုများနှင့် နောင်တတရားများကိုပင် ပြန်လည်မြင်နိုင်သည်။ ထိုတံတားက လူတစ်ယောက်၏ ဘဝကို မှတ်တမ်းတင်ထားပြီး သူတို့၏ ကံကြွေးအရ ပြန်လည်ဝင်စားခြင်းလမ်းစဉ်ကို ဆုံးဖြတ်ပေးကာ အပြစ်ဒဏ်အတွက် ငရဲလား ဒါမှမဟုတ် ပြန်လည်ဝင်စားခြင်း လမ်းစဉ်ဆီ ပို့ဆောင်မှာလားဟု ဆုံးဖြတ်ပေးနိုင်သည်။
ထို့အပြင် ထိုတံတား၏ အစစ်အမှန် ရည်ရွယ်ချက်က သူတို့၏ အကဲဖြတ်ပြီးသည့်နောက်တွင် ပြဿနာရှာလိုသည့် အားကောင်းသော ဝိညာဉ်များကို အားနည်းစေဖို့ ဖြစ်၏။
ထိုတံတားက ကြောက်မက်ဖွယ် အငွေ့အသက် ထုတ်လွှတ်လာပြီး သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ဖိနှိပ်ထားနိုင်သည်။ ဝမ်ဝေ့က သူ့အဖေနှင့် ပေါင်းစည်းထားသည့် အခြေအနေမှ ထွက်လာလုမတတ် ဖြစ်သွားခဲ့၏။
ထို့နောက် သူ့ကို ထိတ်လန့်သွားစေသည်က ယခင် ဖျက်ဆီးခံလိုက်ရသည့် မရဏဓားသည် ဒုတိယအကြိမ် ပြန်လည်ပေါ်ထွက်လာလေသည်။ ထို့နောက် စာအုပ်၊ စုတ်တံ၊ ဓားနှင့် တံတားတို့က အတူတကွ တွဲလုပ်လာသည့်အခါ သူသည် မိုးမြေကြားမှ ပျောက်ကွယ်သွားခဲ့ရသည်။
ဒါက အဆုံးသတ် ဖြစ်သင့်တယ်…
တိထျန်းက မျက်မှောင်ကြုတ်လိုက်၏။ သေခြင်းရှင်ခြင်း အစစ်အမှန် စာအုပ်ကို ထိန်းချုပ်သူအနေဖြင့် တစ်ဖက်လူသည် သေလား၊ မသေလား သိလေသည်။
ဒီနည်းစနစ်တောင် သူ့ကို အစစ်အမှန် သေဆုံးမှုမဖြစ်စေဘူးလား…
အစစ်အမှန် သေဆုံးမှုက ပြန်လည်ရှင်သန်သည့် နည်းလမ်းများနှင့် စွမ်းဆောင်ရည်အားလုံးကို ဖယ်ရှားပစ်ခြင်း ဖြစ်သည်။
ငါ သူ့ကို လျှော့တွက်လို့ မဖြစ်ဘူး…
တိထျန်းက ဝမ်ဝေ့နှင့် တူညီသည့် စိတ်ငြိမ်ငြိမ်နှင့် ဒေါသထွက်နေသည့် အနေအထားသို့ ဝင်ရောက်သွားခဲ့သည်။ ယခင်အဖြစ်အပျက်ကြောင့် မည်မျှပင် ဒေါသထွက်စေကာမူ စိတ်ခံစားချက်များကို ဖုံးလွှမ်း၍ အကဲဖြတ်မရကြောင်း သိထားလေ၏။
သူက ခေါင်းကို အသာလှည့်ကာ ပြန်လည်အသက်ရှင်လာသည့် ဝမ်ဝေ့ကို လှည့်ကြည့်လိုက်သည်။ သူ့ကို အံ့အားသင့်သွားစေသည်က ထိုသူသည် ဆိုးဆိုးရွားရွား ဆိုးကျိုးရှိသည့် လျှို့ဝှက်နည်းစနစ်ကို အသုံးပြု၍ သူ့ဆီ ပြေးဝင်လာလေ၏။
တိထျန်းက အချိန်မဖြုန်းဘဲ တူညီသည့် နည်းစနစ်ကို ထပ်မံအသုံးပြုလိုက်သည်။ သို့သော်လည်း သူက ဤတိုက်ကွက်၏ အလားအလာကို တိုးမြှင့်ဖို့အတွက် သံသရာမျှော်နန်းဆောင်ကို ဆင့်ခေါ်လိုက်သည်။ သူက တစ်ဖက်လူကို သေစေလို၏။
သို့သော်လည်း ဝမ်ဝေ့၏ ခန္ဓာကိုယ်က အနီရောင်ပြောင်းလဲသွားကာ မီးတောက်များက လွှမ်းခြုံထားလေသည်။ မည်သည့် တိုက်ကွက်၊ မည်သည့်နည်းစနစ်ဖြင့် တိုက်ခိုက်စေကာမူ သူက အကောင်းအတိုင်း ရှိနေဆဲဖြစ်၏။ သူ အဆင်မပြေသည်ကို ပြသနေသည့် တစ်ခုတည်းသော လက္ခဏာက အလျင်အမြန် ကုန်ဆုံးနေသည့် အသက်ဓာတ်သာ ဖြစ်၏။
သူက လိပ်ခွံလျှို့ဝှက်နည်းစနစ်ကို အသုံးပြုပြီး သူ့ဝိညာဉ်၊ ခန္ဓာကိုယ်၊ စွမ်းအား၊ တာအိုနှင့် တခြားအရာများကို လောင်ကျွမ်းစေပြီး ခုခံစွမ်းအားကို မြှင့်တင်ထားသည်။ သူက ထိုနည်းစနစ်ကို အဆုံးစွန်ထိ တွန်းပို့ထားပြီး တစ်ဖက်လူဆီ ရောက်ရှိဖို့ အသက်ကိုပင် စတေးထားလေ၏။
တိထျန်းက တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားမိသော်လည်း ဉာဏ်ရှိသည့် အရာကို ရွေးချယ်ခဲ့သည်။ တစ်ဖက်လူ၏ နည်းစနစ်၊ အချိန် ပြတ်လပ်သွားသည်အထိ ထွက်ပြေးရှောင်တိမ်းဖို့ ဖြစ်၏။ သူက ပြန်လည်ဝင်စားခြင်း ကမ္ဘာဟုခေါ်သည့် သံသရာအလွှာများကို ဆင့်ခေါ်လိုက်သည်။
သံသရာတွင်လည်း ကံကြမ္မာမြစ်ကြောင်းနှင့် အချိန်မြစ်ကြောင်းလိုမျိုး အခွဲများစွာ ရှိလေသည်။ ထို့ကြောင့် တိထျန်းက တချို့ကိုသာ အသုံးပြုနိုင်လေ၏။
ဝမ်ဝေ့က သူ့လှုပ်ရှားမှုကို ခန့်မှန်းထားပြီးသားဖြစ်ကာ သူ့နည်းစနစ်ကို ရုတ်ချည်းပြောင်းလဲလိုက်သည်။ သူက သက်တံစံပြ၏ နည်းစနစ်ကို အသုံးပြုပြီး လိပ်ခွံနည်းစနစ်၏ ခုခံရေးအစား အရှိန်အဖြစ် တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။
ထိုစဉ် သူ့အရှိန်က အဆုံးမဲ့၏ ရာချီအထိ ရောက်ရှိသွားသည်။ သူက ပြန်လည်ဝင်စားခြင်းကမ္ဘာ၏ အလွှာအားလုံးကို ဖြတ်ကျော်ကာ တိထျန်းဆီ ရောက်ရှိလာ၏။
ပင်ကိုစွမ်းရည် - ကံကြမ္မာအနှောင်အဖွဲ့
ဝမ်ဝေ့က တိထျန်းအပေါ် အနှောင်အဖွဲ့ထားကာ သူ့စွမ်းအားကို တိုးမြှင့်ဖို့ အသုံးပြုနေသည့် စွမ်းအားသည် သူ့ကိုယ်ပိုင် မဟုတ်သလို အချိန်ကန့်သတ်ချက် ရှိကြောင်း ချုပ်နှောင်ကန့်သတ်လိုက်သည်။ သို့သော်လည်း သူ့အစီအစဉ်က ကျရှုံးသွားခဲ့ပြီး ဆိုးဆိုးရွားရွား တန်ပြန်သက်ရောက်မှုကိုသာ ခံစားလိုက်ရ၏။
“အဲဒါက ဒီလိုကိုး” သူက တန်ပြန်သက်ရောက်မှုကြောင့် မသေဆုံးခင် ရေရွတ်လိုက်လေ၏။ ဤသည်က သေခြင်းရှင်ခြင်း စက်ဝန်းမှ နောက်ဆုံးဘဝ ဖြစ်သော်လည်း သူက ကောင်းမွန်စွာ အသုံးပြုခဲ့ရ၍ အဆင်ပြေလေသည်။