မပြီးပြည့်စုံမှုနှင့် ဂမ္ဘီရ
Vol. 63 Ch. 879
ဝမ်ဝေ့၏ ခန္ဓာကိုယ် ပြန်လည်ပေါ်ထွက်လာသည့်အခါ သူ့မျက်နှာအထက် နားလည်မှုနှင့် စိတ်လှုပ်ရှားမှု အရိပ်အယောင်တို့ ရှိနေလေသည်။ သူက ပဟေဠိ၊ လျှို့ဝှက်ချက်နှင့် စိတ်ရှုပ်ထွေးမှုများစွာကို ဖြေရှင်းနိုင်ခဲ့၏။
မဟာတာအိုအရင်းအမြစ် … ဒါက အရာအားလုံးအတွက် အဖြေပဲ…
ဝမ်ဝေ့က တွေးလိုက်မိသည်။ သူ့အကြည့်များက ယခင်ထက် ပိုမိုတောက်ပနေ၏။
တာအိုဘိုးဘေးက မဟာတာအိုအရင်းအမြစ် ၄ရာခိုင်နှုန်းအထိ ထိန်းချုပ်နိုင်တယ်ဆိုတော့ ဒဿမသာလွန်အုတ်မြစ်နဲ့ ငါက ဘာလို့ အဲ့လို မလုပ်နိုင်ရမှာလဲ…
ဝမ်ဝေ့က သူ့မပြီးပြည့်စုံမှု၏ အရင်းအမြစ်ဖြစ်သည့် လက်ရှိအုတ်မြစ်ကို အသုံးပြုကာ မဟာတာအိုအရင်းအမြစ် ၄ရာခိုင်နှုန်းအထိ ထိန်းချုပ်ပြီး သူ့စွမ်းအားကို နောက်တစ်ဆင့်သို့ တိုးမြှင့်နိုင်ကြောင်း သိသွားသည်။
အကြောင်းအရင်းတချို့ကြောင့် တိထျန်းက အမှန်တရားကို သိထားပြီး အောင်မြင်ခဲ့လေ၏။ သို့သော်လည်း သူက တကယ့်စွမ်းအားအစစ်အမှန်ကို ထုတ်မပြခဲ့ပေ။
ကြည့်ရတာ ငါက သူ့ဆီကနေ သင်သွားမှာစိုးလို့ မဟာတာအိုအရင်းအမြစ်ရဲ့ အတက်အကျကို ဖုံးကွယ်ထားခဲ့တာပဲ…
ထို့အပြင် ထိုအဖြေက အရာအားလုံးကို ရှင်းပြပြီးသား ဖြစ်သွားလေ၏။ တိထျန်း၏ တာအိုက ဒိုင်မေးရှင်းတစ်ခု၏ စည်းမျဉ်းများကို အဘယ်ကြောင့် ပြောင်းလဲပြီး သံသရာတာအိုကို နေရာတစ်ခုလုံး၏ ပင်မတာအိုအဖြစ် အဘယ်ကြောင့် သတ်မှတ်ကာ လုပ်ဆောင်နိုင်ခဲ့ကြောင်း ရှင်းပြနေလေ၏။
ပြောရလျှင် ဝမ်ဝေ့၏ တာအိုများအားလုံးက ဖိနှိပ်ခံလိုက်ရပြီး အထူးသဖြင့် သူ၏ သေခြင်းရှင်ခြင်းတာအိုက အဘယ်ကြောင့် ဖိနှိပ်ခံလိုက်ရသနည်း။
ထိုအရာအားလုံးက သူက တာအိုအားလုံး၏ အရင်းအမြစ်ဖြစ်သည့် မဟာတာအို အရင်းအမြစ်ကို ထိန်းချုပ်နေ၍ ဖြစ်သည်။ ထို့ကြောင့် ထိုအရင်းအမြစ်ရှေ့တွင် စည်းမျဉ်း သို့မဟုတ် တာအိုအားလုံးက ဖိနှိပ်ခံလိုက်ရသည့်အတွက် တာအိုဘိုးဘေးများနှင့် မဟာဧကရာဇ်များကသာ သေမျိုးများရှေ့တွင် အကြွင်းမဲ့ သက်ရှိဖြစ်နေရသည့် အကြောင်းအရင်း ဖြစ်သည်။
သူက အဲဒါကို ဘယ်လိုလုပ် လိုက်တာလဲ။ သူက သမာသမတ်ကျတဲ့ ချဉ်းကပ်မှုကို အသုံးပြုခဲ့လို့ မဟာတာအိုအရင်းအမြစ် ထိန်းချုပ်နိုင်တယ်ဆိုတာကို ချက်ချင်း သိသွားတာလား။ ဒါမှမဟုတ်ဘူးဆိုရင် တခြားတစ်ခုလား…
ဝမ်ဝေ့က အလျင်အမြန် သဘောပေါက်ကာ တွေးလိုက်မိသည်။
ထိုအရာက အရေးမကြီးတော့ပေ။
ငါ အခုလုပ်ဖို့ လုပ်တာက မဟာတာအိုအရင်းအမြစ်ကို ထိန်းချုပ်ဖို့ပဲ
“မင်းက အမှန်တရားကို သိသွားပြီကိုး” တိထျန်း၏ အသံနှင့် အကြည့်များက ချောက်နက်ကြီးထက်ပင် ပိုမိုအေးစက်နေသည်။ ယခင် ထိပ်တိုက်တွေ့ဆုံမှုအတွင်း ဝမ်ဝေ့က အဖြေကို ရသွားခဲ့သော်လည်း သူသည်လည်း သိလိုက်ရသည်။
နောက်ဆုံးတွင် သူ့အလိုလိုသိစိတ်က သူ မဟာတာအို အရင်းအမြစ်အကြောင်း မထုတ်ဖော်ဖို့ သတိပေးနေရသည့် အကြောင်းအရင်းကို နားလည်သွားခဲ့၏။
ဝမ်ဝေ့က ဘာအရင်းအမြစ်မှ မထိန်းချုပ်နိုင်သေးဘူး။ ဒါပေမဲ့ သူ့ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ပါရမီနဲ့ စည်းမျဉ်းနားလည်နိုင်စွမ်း အုတ်မြစ်နဲ့ဆိုရင် သူ ဖြစ်နိုင်တယ်ဆိုတာကို သိလိုက်တာနဲ့ ငါနဲ့ အနေအထားတူ ရောက်လာဖို့ သူ့အတွက် လွယ်ကူတယ်။ အဲဒီမတိုင်ခင် သူ သေမှ ဖြစ်မယ်…
ဝုန်း
နဂိုကတည်းက ကြောက်ဖို့ကောင်းနေသည့် သူ့အရှိန်အဝါက ထပ်မံ တိုးမြင့်သွားလေသည်။ သူ့နောက်တွင် သံကြိုးများဖြင့် ပြုလုပ်ထားသည့် မြစ်ကြောင်းတစ်ခု ပေါ်ထွက်လာ၏။
မဟာတာအိုအရင်းအမြစ်ရဲ့ သဏ္ဌာန်ပြမှု…
ဝမ်ဝေ့က တွေးလိုက်မိသည်။
မဟာတာအိုက မြစ်ကြောင်းတွေကို တော်တော်သဘောကျတဲ့ပုံပဲ…
သူက ထိုအာရုံလွဲမှားဖွယ် အတွေးများကို ဖယ်ရှားလိုက်သည်။ သူက အမှားအယွင်းအနည်းငယ်ကပင် သူ့ကို ကျရှုံးသွားပြီး သေသွားစေနိုင်ကြောင်း သိထားလေ၏။
သူ့စွမ်းအားက တတိယတန်းစားရဲ့ ကန့်သတ်ချက်ဖြစ်တဲ့ ၇ရာခိုင်နှုန်းကနေ ၉ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်။ သူက ဒုတိယတန်းစားအဆင့်ကို ရောက်သွားရင်တောင် အံ့ဩစရာတော့ မဟုတ်ပါဘူး…
သူက တိထျန်း၏ ထူးကဲလှသော တာအိုသက်သေပြပစ္စည်းကို အမှတ်ရလိုက်သည်။ ယခုမူ ထိုအရာ၏ ထူးကဲမှုအကြောင်းအရင်းကို နားလည်သွားခဲ့၏။ ထိုအရာက တိထျန်း တာအိုကို သက်သေမပြခင် မဟာတာအိုအရင်းအမြစ်၏ ဆေးကြောမှုကို တစ်ကြိမ် ကြုံတွေ့ထားရသည်။ ထိုလက်နက်ဖြင့် ဝမ်ဝေ့က တိထျန်း ရောက်ရှိနိုင်သည့် အနေအထားကို မှန်းကြည့်၍ ရပေသည်။
ကျစ် ကိစ္စတွေက ဘာလို့ အဲ့လောက်ထိ ဖြစ်သွားရတာလဲ…
ဝမ်ဝေ့က တုံ့ဆိုင်းမနေဘဲ သူ့စွမ်းရည်အားလုံးကို ထုတ်သုံးလိုက်သည်။ သူ့ခန္ဓာကိုယ်က လက်သည်းရှည်များရှိသည့် မီးခိုရောင်အဖြစ် ပြောင်းလဲသွားပြီး သူ့မျက်ဝန်းများက ခရမ်းရင့်ရောင် ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်တွင် ရှေးကျကာ မြင့်မြတ်သည့် အငွေ့အသက်မျိုး ကိန်းအောင်းလာသည်။
သူ့နောက်ကျောဘက်မှ အရိုးတောင်ပံများ ထွက်ပေါ်လာပြီး သူ့အား လွှမ်းခြုံသွားကာ အရိုးချပ်ဝတ်သဖွယ် ပြောင်းလဲသွားလေ၏။ သူ့ခန္ဓာကိုယ်က ပိုမိုသိမ်မွေ့သွားပြီး ယန်နှင့် သွေးစွမ်းအားတို့က သိသိသာသာ တိုးပွားလာသည်။
ရှေးဟောင်းဖျက်ဆီးခြင်း နတ်ဘုရားအသွင်ပြောင်းခြင်း
အသွင်ပြောင်းခြင်းက အစမျှသာ ဖြစ်၏။ ဝမ်ဝေ့က သူ့ခန္ဓာကိုယ်၏ ဗလာနတ္ထိသဘောတရားကိုပါ အသက်သွင်းလိုက်ပြီး သူ့ခန္ဓာကိုယ်ကို ကိုယ်ထည်မဲ့ အနေအထားသို့ ဝင်ရောက်လိုက်သည်။
မရဏလက်ဝါး
တိထျန်းက အချိန်မဖြုန်းဘဲ အပြင်းထန်ဆုံး တိုက်ကွက်ကို အသုံးပြုခဲ့သည်။ ထို့ကြောင့် သေခြင်းရှင်ခြင်းစာအုပ်၊ အကဲဖြတ်ရေး စုတ်တံ၊ မရဏဓား၊ နိုက်ဟယ်တံတား အားလုံးက မရဏစွမ်းအား စုစည်းနေသည့် ဧရာမလက်ဝါးကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဝုန်း
လမ်းကြောင်းတွင် ရှိသမျှ အရာအားလုံးက သုတ်သင်ခံလိုက်ရ၏။ ယင်နှင့်ယန် ဒိုင်မေးရှင်း ပျက်သုဉ်းသွားမှုနှင့်အတူ တိုက်ပွဲက ယခုအခါ ကောင်းကင်တာအိုက ကမ္ဘာ့အရင်းအမြစ်အနည်းငယ်ကို အသုံးပြု၍ ခွဲခြားထားသည့် ဗလာလေဟာနယ်တစ်ခုဆီ ကျရောက်သွားလေသည်။
သို့သော် ထိုတိုက်ကွက်က အသုံးမဝင်ခဲ့ပေ။ ထိုလက်ဝါးက သူ့ဆီ ဖြတ်သန်းသွားသည့်အခါ သူက မိုးမြေကြားတွင် မတည်ရှိနေသကဲ့သို့ အကောင်းအတိုင်း ကျန်ရှိနေဆဲ ဖြစ်၏။
ငါ မြန်မြန် လုပ်ရမယ်…
ဝမ်ဝေ့က နောက်ထပ် ပဟေဠိတစ်ခုကို အဖြေရသွားလေသည်။
သူ့နိမိတ်…
တိုက်ပွဲနှစ်ခု၊ အဆင့်တက်မှုနှစ်ခု၊ တစ်ခုက အသုံးမဝင်ဘူး၊ တစ်ခုက အောင်မြင်တယ်။ သံသရာပဲ။ ဒါက သေခြင်းတရား အချုပ်အနှောင်ကို ချိုးဖျက်နေတာပဲ…
ငါက တိထျန်းနဲ့ တိုက်ခဲ့တဲ့ ပထမတိုက်ပွဲတုန်းက ငါက တိုက်ပွဲအတွင်း အဆင့်တက်ခဲ့ပေမဲ့ အသုံးမဝင်ခဲ့ဘူး။ သူ့စွမ်းအားက ငါ့ထက် အတော်လေးကို ကျော်လွန်နေခဲ့တယ်။ အခု ဒုတိယတိုက်ပွဲမှာ ငါသာ အဆင့်တက်ပြီး မဟာတာအိုအရင်းအမြစ်ကို နားလည်နိုင်မယ်ဆိုရင် ငါက အနိုင်ရရှိပြီး တာအိုကို သက်သေပြနိုင်တယ်။ အဲဒီအခါ ဧကရာဇ် ဖြစ်လာပြီးတော့ သေခြင်းတရား အချုပ်အနှောင်ကနေ လွတ်မြောက်လိမ့်မယ်…
ဝမ်ဝေ့၏ အကြည့်များက ပိုမိုတောက်ပလာကာ သူ့ဂမ္ဘီရ၊ သူ့အနာဂတ်နှင့် သူတာအိုကို သက်သေပြဖို့အတွက် သူ လျှောက်လှမ်းရမည့် လမ်းစဉ်ကို ဆုံးဖြတ်ပေးပြီးသား ဖြစ်၏။
ဒါပေမဲ့ ကံကြမ္မာရဲ့ ခြေလှမ်းအတိုင်းလိုက်ဖို့တော့ မလိုဘူး။ ဂမ္ဘီရရဲ့ နောက်ဆုံးအပိုင်းက ငါသာ တခြားနည်းလမ်းနဲ့လုပ်မယ်ဆိုရင် လှုံ့ဆော်မှုပေးနိုင်တယ်။
ဝမ်ဝေ့၏ စိတ်ထဲ ရူးမိုက်သည့် အတွေးတစ်ခု ပေါ်ထွက်လာခဲ့ပြီး စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။ သူ့စိတ်ထဲ ယခင်ထက်ပင် လျင်မြန်စွာ တွက်ချက်နေပြီး အောင်မြင်ဖို့ရာအတွက် နည်းလမ်းကို ဖန်တီးနေသည်။
အံ့ဝင်ခွင်ကျဖြစ်မှု … ဒီကမ္ဘာက ဒီအဆင့်ထိ လိုက်လျောညီထွေ ဖြစ်လာပြီးပြီ။ ငါက ဒီဟာကို တွေးထားပြီးတော့ ပြင်ဆင်ထားသင့်တယ်…
သူ့အသိဉာဏ်နှင့် ဉာဏ်ပညာတို့ဖြင့် ထိုအတွေးကို တွေးခဲ့မိသင့်သည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ ကံဆိုးစွာဖြင့် သူက ဤကမ္ဘာ၏ လွှမ်းမိုးမှုကို ခံထားရပြီး စည်းချက်အတွင်း နစ်ဝင်ကာ လူသားများ၏ တွေးခေါ်နှုန်းကြောင့် ကန့်သတ်ခံထားရသည်။
ကံကောင်းတာက နောက်မကျသေးဘူး။ ငါ့မှာ အောင်မြင်ဖို့ အခြေခံအုတ်မြစ် ရှိတယ်…
ဝမ်ဝေ့က အန္တရာယ်ကို ခံစားမိလိုက်၍ တိထျန်းကို အာရုံစိုက်လိုက်သည်။ ထိုသူက သံသရာမျှော်နန်းဆောင်ကို ဆင့်ခေါ်လိုက်ပြီး ယခုအခါ ၉ဆင့်တွင် ၅ဆင့်က ပွင့်နေလေပြီ။
ထိုအလွှာများ ပွင့်လာသည့်အခါ တိထျန်း၏ မဟာတာအို အရင်းအမြစ်နှင့် ဆက်သွယ်မှုက ပို၍နက်ရှိုင်းသွားပြီး သူ့အရှိန်အဝါက သိသိသာသာ တိုးမြင့်လာ၏။
ဆယ်ရာခိုင်နှုန်း … ဒါက ဒုတိယတန်းစားရဲ့ စွမ်းအားပဲ…
ဝမ်ဝေ့က အမူအရာ ပျက်ယွင်းလျက် တွေးလိုက်မိသည်။ သူ မတုံ့ပြန်နိုင်ခင် မရဏလက်ဝါးက သူ့အပေါ် ကျရောက်လာလေ၏။
ဝုန်း
သူ့ခန္ဓာကိုယ်က လွင့်စင်ထွက်သွားသည်။ ကံဆိုးစွာဖြင့် အကွာအဝေး သဘောတရားက ဤဗလာလေဟာနယ်အတွင်း ပျက်ယွင်းသွားကာ သူ မည်မျှပျံသန်းသွားသည်ကို မည်သူကမှ မသိကြပေ။
ငါ ဒဏ်ရာရသွားတာလား…
သူက တွေးလိုက်မိသည်။ ကိုယ်ထည်မဲ့အခြေအနေက သူ့အား သတ်ဖြတ်ခံရခြင်းမှ တားဆီးပေးခဲ့သော်လည်း ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့သည်။ ထို့အပြင် သူက သူ့ဒဏ်ရာများကို အလွယ်တကူ မကုစားနိုင်ကြောင်း တွေ့လိုက်ရ၏။
တကယ်လို့ ဒီဒဏ်ရာတွေသာ စုပုံသွားရင် ငါ့အခြေအနေ အဆုံးသတ်သွားတာနဲ့ ချက်ချင်းသေသွားလိမ့်မယ်။ ဒါက ထာဝရ ဖြစ်သွားလိမ့်မယ်…
ဝမ်ဝေ့က အချိန်မဖြုန်းဘဲ ပစ္စည်းလေးမျိုးကို ဆင့်ခေါ်လိုက်သည်။ ဧကရာဇ်အသုံးအဆောင် ပစ္စည်းသုံးခုနှင့် သူ့တာအိုသက်သေပြပစ္စည်း တစ်ခု ဖြစ်၏။ ထိုအရာများက သူ့ကို ဗဟိုပြုလျက် ဝန်းရံထားကြသည်။
မြောက်ဖက်တွင် ဂိုဏ်း၏ ပင်မအသုံးအဆောင်ပစ္စည်းဖြစ်သည့် လိပ်ခွံ ရှိနေသည်။ တောင်ဖက်တွင်မူ လိပ်ခွံနှင့် သဏ္ဌာန်တူသည့် သူ့တာအိုသက်သေပြပစ္စည်း ရှိနေသည်။ ထိုအရာက မြောက်ဖက်ရှိ အရာနှင့် လိုက်လျောညီထွေဖြစ်စေပြီး ထိုအရာ၏ စွမ်းအားကို ထိန်းချုပ်နိုင်ခွင့်ပြုထားလေသည်။
အရှေ့ဖက်နှင့် အနောက်ဖက်ရှိ ပစ္စည်းနှစ်ခုက သိပ်အရေးမပါလှပေ။ ထို့ကြောင့် ထိုမှော်ပစ္စည်းလေးခုဖြင့် ဝမ်ဝေ့က တည်နေရာလေးဖက် အစီအရင်ဟုခေါ်သည့် အစီအရင်တစ်ခုကို ခင်းကျင်းခဲ့လေသည်။
ထိုအစီအရင်၏ အဓိကရည်ရွယ်ချက်က သူ့ခန္ဓာကိုယ်၏ ကိုယ်ထည်မဲ့အခြေအနေကို တိုးမြှင့်ဖို့ဖြစ်ပြီး သူ့ခုခံနိုင်စွမ်းကို မြှင့်တင်နိုင်ဖို့ ဖြစ်သည်။
နောက်ဆုံးတွင် ဝမ်ဝေ့က မျက်လုံးမှိတ်ထားပြီး သူ့စည်းမျဉ်းပလ္လင်ကို အာရုံစိုက်လိုက်သည်။ ဤနှစ်များစွာ သူ့တာအိုနားလည်နိုင်စွမ်းက ကြောက်မက်ဖွယ် အနေအထားတစ်ခုသို့ ရောက်ရှိလာခဲ့၏။ သူက တာအိုကို မဟာတာအိုအရင်းအမြစ်အဖြစ် မြှင့်တင်သည့်အတွက် သူ့စည်းမျဉ်းပလ္လင်သည် ခရမ်းရောင်မှ ရွှေရောင် ပြောင်းလဲခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း သူက မဟာတာအိုအရင်းအမြစ်ကို နားလည်ဖို့ မကြိုးစားခဲ့ဖူးပေ။ သူက ကန့်သတ်ခံထားရ၏။ ထို့ကြောင့် သူ လုပ်ဖို့ လိုအပ်သည်က သူ့တာအိုနားလည်နိုင်စွမ်းကို မဟာတာအိုအရင်းအမြစ်ထဲ ထည့်သွင်းပြောင်းလဲကာ တိထျန်းထက် မမြင့်မားလျှင်ပင် တူညီသည့် အနေအထားသို့ ရောက်ရှိစေရန် ဖြစ်သည်။
ဝမ်ဝေ့က ထိုအရာကို စတင်လိုက်သည်နှင့် သူ့အနောက်ဖက်တွင် သံကြိုးများဖြင့် ပြုလုပ်ထားသည့် ပုံရိပ်ယောင်မြစ်ကြောင်းတစ်ခု ပေါ်ထွက်လာသည်။
တိထျန်းက ထိုအရာကိုမြင်ကာ အမူအရာပျက်ယွင်းသွားခဲ့၏။
မဖြစ်ဘူး။ ငါ မြန်မြန်လုပ်ဖို့ လိုတယ်…
သူက သူ့မျှော်နန်းဆောင်၏ ၆ဆင့်မြောက်အလွှာကို ဖွင့်လှစ်လိုက်သည်။ ကံဆိုးစွာဖြင့် ၅ဆင့်မြောက်အထက် အလွှာများကို ဖွင့်လှစ်ခြင်းက သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်အပေါ် ဝန်ထုပ် ဖြစ်လာစေသည်။ အကယ်၍ သူ့ပင်ကိုဧကရာဇ်ဝိညာဉ်ကြောင့်သာ မဟုတ်ပါက ထိုအရာများကို ဖွင့်လှစ်နိုင်စွမ်းရှိမည် မဟုတ်ပေ။
နှမြောစရာကောင်းလှသည်က အလွှာတစ်ခုချင်းစီကို ဖွင့်လှစ်ရခြင်းက အချိန်တစ်ခု ကြာမြင့်လေသည်။ သို့သော် သူ့တွင် အချိန်မရှိပေ။
တိထျန်းက ၆ဆင့်မြောက်ကို ဖွင့်လှစ်လိုက်ပြီး တိုက်ခိုက်လိုက်သည်။
ဝုန်း
သို့သော်လည်း ထိုအရာက ဝမ်ဝေ့၏ ခန္ဓာကိုယ်အထက် ဒဏ်ရာသာ တိုးပွားလာစေခဲ့ပြီး သူ့နားလည်နိုင်စွမ်းကို မနှောင့်ယှက်နိုင်ခဲ့ပေ။
မဟုတ်သေးဘူး။ ငါ ၉ဆင့်မြောက်ကို ဖွင့်လှစ်ပြီးတော့ အဲဒီနည်းစနစ်ကို သုံးဖို့လိုတယ်။ အဲဒါမှပဲ သူ့ရဲ့ ကိုယ်ထည်မဲ့အခြေအနေကို အတင်းအကြပ် ဖျက်ဆီးပစ်နိုင်မှာ…
အချိန်က အသက် ဖြစ်၏။ အကယ်၍ ဝမ်ဝေ့ကိုသာ အောင်မြင်ခွင့် ပြုလိုက်ပါက မဟာတာအိုအရင်းအမြစ်မှ ကောင်းချီးပေးထားသည့် သူ့ယခင်အင်အားဖြင့်ပင် အနိုင်ရရှိမည် မဟုတ်ကြောင်း သိလေသည်။
ထို့ကြောင့် တိထျန်းက ၇ဆင့်မြောက်မှ ၉ဆင့်မြောက်အထိ ဖွင့်လှစ်ဖို့ အဆုံးစွန်သော နည်းလမ်းများကို အသုံးပြုဖို့ ရွေးချယ်ခဲ့သည်။