ကျိန်စာမိထားသည့် ကံကြမ္မာ
Vol. 63 Ch. 880
တိထျန်းက အမည်မသိ ဆေးလုံးတစ်ခုကို မျိုချလိုက်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်၏ အသက်ဓာတ် တိုးပွားလာလေ၏။ ထို့နောက် သူက တုံ့ဆိုင်းခြင်းမရှိဘဲ သွေးစွမ်းအားကို စတေးကာ မျှော်နန်းစင်၏ ၇ဆင့်မြောက်ကို ဖွင့်လှစ်လိုက်သည်။
သူက မံမီတစ်ကောင်လိုမျိုး အလျင်အမြန် ခြောက်သွေ့လာသော်လည်း ဂရုမစိုက်ပေ။ သူ ဂရုစိုက်သည်က အောင်မြင်မှုသာ ဖြစ်၏။
ထိုအရာများကို လုပ်ဆောင်နေရင်း သူက မရဏလက်ဝါးဖြင့် ထပ်မံ တိုက်ခိုက်လိုက်သည်။
ဝမ်ဝေ့က တိုက်ကွက်ကို ခံယူခဲ့ပြီး သူ့ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများ ဖြစ်လာလေသည်။ သို့သော်လည်း သူ့မျက်ဝန်းက ပိတ်လျက်သာရှိနေပြီး မဟာတာအိုအရင်းအမြစ်ဟု သိသည့် ကျယ်ပြန့်လွန်းသည့် သမုဒ္ဒရာထဲ နစ်မြုပ်နေသည်။
မဟာတာအိုအရင်းအမြစ် ၁ရာခိုင်နှုန်း
သူ့နောက်တွင်ရှိနေသည့် သံကြိုးမြစ်ကြောင်းက ပိုမိုထင်ရှားလာကာ သူ့စွမ်းအားကလည်း သိသိသာသာ တိုးပွားလာသည်။ သူ့စင်မြင်ပလ္လင်အထက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး သူ့ပင်မစည်းမျဉ်းများက သိမ်မွေ့သွားကာ မြင့်မားသည့် တည်ရှိမှုအဖြစ် ပြောင်းလဲသွားသည်ကို ခံစားမိလိုက်သည်။
သို့သော်လည်း ဝမ်ဝေ့က ယခုအာရုံများနေရမည့် အချိန်မဟုတ်ကြောင်း သိလေသည်။ အချိန်က သိပ်မကျန်တော့ပေ။ သူ့အန္တရာယ်ခံစားသိမှုက တိထျန်းသည် သူ့မျှော်နန်းဆောင်ကို အဆင့်များ ဖွင့်လှစ်လာသည်နှင့် ပို၍နက်ရှိုင်းလာခဲ့သည်။
သူ့အလိုလိုသိစိတ်က သူသာ ထိုလူ ၉ဆင့်မြောက်အထိ မဖွင့်လှစ်ခင် သူသာ မအောင်မြင်ပါက အရိုးပင်မကျန်ပဲ အမှန်တကယ် သေဆုံးသွားရမည်ဖြစ်ကြောင်း သတိပေးနေသည်။
ဝုန်း
တိထျန်း၏ အရှိန်အဝါက ရုတ်ချည်းဆိုသလို မြင့်တက်သွားသည်။ သူ့တည်ရှိမှုက လေဟာနယ်ကိုပင် အနည်းငယ် လှုပ်ခတ်သွားစေ၏။ သူ့လက်ရှိ ပိန်ပါးလှသည့် ခန္ဓာကိုယ်က ယခင်ထက်ပင် ပိုမိုခြိမ်းခြောက်နိုင်ဖွယ်ကောင်းနေသည်။
ထို့နောက် သူက တုံ့ဆိုင်းခြင်းမရှိပဲ မရဏစွမ်းအားများကို ဧရာမလက်ဝါးကြီးအဖြစ် စုစည်းပြီး တစ်ဖက်လူဆီ ပစ်လွှတ်လိုက်သည်။
ဝုန်း
ဝမ်ဝေ့၏ ဘယ်ဖက်ခန္ဓာကိုယ်အခြမ်းက မြူခိုးအဖြစ် ပေါက်ကွဲထွက်သွားပြီး ကမ္ဘာမှ ထာဝရပျောက်ကွယ်သွားသည်။ သူ့အစီအရင်က ၇ဆင့်မြောက်အလွှာမှ တိုက်ကွက်တချို့ကို ခံယူပြီးသည့်နောက်တွင် ကြာရှည်ခံတော့မည် မဟုတ်ပေ။
သူ့လက်ရှိအခြေအနေက မည်သို့ပင်ဖြစ်နေစေကာမူ ဝမ်ဝေ့က မျက်လုံးဖွင့်မလာသေးပေ။ သူက စိတ်ဝိညာဉ်အမှုန် ထရီလီယမ်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသည့် သူ့ကမ္ဘာဦးစိတ်ဝိညာဉ်ကို အမှုန်တစ်ခုချင်းစီက သူ့လိုမျိုး သီးခြားစဉ်းစားနိုင်စွမ်းရှိအောင် လုပ်ဆောင်ထား၏။
ထို့ကြောင့် သူက အမှုန်တစ်ခုကိုသာ ပြင်ပလောကကို အာရုံစိုက်ပြီး တုံ့ပြန်ဖို့ အပ်နှံထားသည်။
ဝုန်း
အရှေ့ဖက်နှင့် အနောက်ဖက်ရှိ ဧကရာဇ်အသုံးအဆောင်ပစ္စည်းများက ပေါက်ကွဲထွက်သွားပြီး စွမ်းအားအမြောက်အများ ထုတ်လွှတ်လာသည်။ သို့သော်လည်း ထိုစွမ်းအားက ဤလေဟာနယ်ထဲ ပျောက်ကွယ်မသွားခင် ဧကရာဇ်အသုံးအဆောင်ပစ္စည်းနှစ်ခု ထပ်မံထွက်ပေါ်လာကာ ယခင်ပစ္စည်းများ၏ စွမ်းအားကို စုပ်ယူ၍ တည်နေရာလေးဖက်အစီအရင်ကို အားဖြည့်ပေးထားသည်။
၇ဆင့်မြောက်အလွှာမှ နောက်ထပ် မရဏလက်ဝါးက ဝမ်ဝေ့အပေါ် ကျဆင်းလာသည်။ သို့သော်လည်း အစီအရင် အဆင့်မြှင့်တင်ထားမှုဖြင့် သူ့ဒဏ်ရာများက မတည်ရှိသလောက် နည်းပါးလှသည်။
တိထျန်းက အဖြစ်အပျက်ကို ကြည့်နေရင်း အသုံးအဆောင်ပစ္စည်း ၃ခုကို အသုံးပြုကာ ကန့်သတ်ချက်ကို ကျော်လွန်အောင် လုပ်ခြင်းက နည်းလမ်းကောင်းတစ်ခုဟု တွေးမိသွားသည်။ ပြောရလျှင် နောက်ဆုံးတိုက်ပွဲက ထင်ရသလောက် မမျှတပေ။ ဧကရာဇ်တစ်ယောက်ဖြစ်လာဖို့အတွက် ကံကောင်းမှုက လိုအပ်၏။ ထို့ကြောင့် မိသားစုကြီးများနှင့် အင်အားစုကြီးများမှ မွေးဖွားလာသည့်သူများက သူတို့၏ မွေးဖွားလာကတည်းက အခွင့်အရေးအများအပြားရှိကြသည်မှာ သူတို့ ကံကောင်းမှု၏ ပြယုဂ်သာ ဖြစ်၏။
မင်းရဲ့ အတွေးအခေါ်အတွက်တော့ ကျေးဇူးပဲ…
တိထျန်းက နှာခေါင်းရှုံ့ကာ တွေးလိုက်၏။ သူက ဧကရာဇ်အသုံးအဆောင်ပစ္စည်းတစ်ခုကို ဆင့်ခေါ်လိုက်ပြီး သူတို့ကို ဖောက်ခွဲပစ်လိုက်သည်။ ထို့နောက် သူက ထိုပေါက်ကွဲရာမှ ထွက်ပေါ်လာသည့် စွမ်းအားများကို သူ့မျှော်နန်းဆောင်အတွင်း ပို့ဆောင်လိုက်ပြီး ယခင် ထိခိုက်ထားသည့် ခန္ဓာကိုယ်ကို ကုစားလိုက်သည်။
တိထျန်းက ၈ဆင့်မြောက်အလွှာ ပွင့်လာမည့်နှုန်း မြန်ဆန်လာသည်ကို ကြည့်နေလိုက်သည်။ သို့သော်လည်း သူ့မျက်နှာအထက် မျက်မှောင်ကြုတ်မှုတစ်ခု ပေါ်ထွက်လာခဲ့၏။ ဤနည်းဗျူဟာက ဖြစ်စဉ်ကို တိုးမြှင့်ပေးနိုင်ခဲ့သော်လည်း သူက နောက်ထပ် ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရသည်။
သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်က ဧကရာဇ်အသုံးအဆောင်ပစ္စည်း ၃ခု၏ စွမ်းအားကို မထိန်းချုပ်နိုင်စဉ် မျှော်နန်းဆောင်၏ အလွှာများကို ဖွင့်လှစ်ပြီး မဟာတာအိုအရင်းအမြစ်ကိုပါ ထိန်းချုပ်နေရသည်။
တကယ်လို့ ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင် ငါ မအောင်မြင်ခင် သေသွားနိုင်တယ်…
တိထျန်းက သူ့မျက်ဝန်းအထက် ရက်စက်သည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားကာ ခေတ္တမျှ တုံ့ဆိုင်းသွားမိ၏။ သူက ၈ဆင့်မြောက်အလွှာကို မည်သို့ပင်ဖြစ်စေကာမူ ဖွင့်လှစ်ရမည်။ ထို့နောက် သူက စတေးရမည့် အရေအတွက်ကို တစ်ခုလျှော့ချလိုက်၏။
ဝုန်း ဝုန်း
အသုံးအဆောင်ပစ္စည်း၃ခုက ပေါက်ကွဲထွက်သွားသည့်အခါ ကြည့်နေသူများက နာကျင်သလို ခံစားလိုက်ရသည်။ သူတို့က တိမျိုးနွယ်သည် သူတို့၏ ကောင်းကင်ရွေးချယ်ခံကို ဧကရာဇ်အသုံးအဆောင် ပစ္စည်းများစွာ ပေးနိုင်လောက်အောင် ချမ်းသာလိမ့်မည်ဟု မယုံကြည်နိုင်ကြပေ။ ပြောရလျှင် သူတို့မိသားစုက ဤလောက် များများစားစားရှိထားမည်ဟု မထင်ကြပေ။
လူတချို့ကသာ ထိုချမ်းသာမှုသည် တိမျိုးနွယ် မဟုတ်ဘဲ တိထျန်း၏ အပိုင်ဖြစ်ကြောင်း ကောက်ချက်ချနိုင်ကြ၏။ သို့သော်လည်း ထိုအချက်က ပို၍ပင် အံ့ဩဖို့ကောင်းနေသည်။ လူတစ်ယောက်ထဲက ဧကရာဇ်လေးယောက်မှ ငါးယောက် မွေးထုတ်ထားနိုင်သည့် ဧကရာဇ်မျိုးနွယ်များထက်ပင် ပိုမိုချမ်းသာကြွယ်ဝနေသည် မဟုတ်ပါလော။
သံသရာမျှော်နန်းဆောင် - ၈ဆင့်မြောက်အလွှာ
တိထျန်းက ၈ဆင့်မြောက်အလွှာကို ဖွင့်လှစ်လိုက်သော်လည်း သူ့ပင်ကိုဧကရာဇ် ကမ္ဘာဦးစိတ်ဝိညာဉ်အထက်တွင် အက်ကြောင်းများ ပေါ်ထွက်လာခဲ့သည်။ ဗောဓိသစ်ပင်က ကုစားဖို့ ကြိုးစားနေသော်လည်း ပို၍ ဆိုးရွားမသွားအောင်သာ တားဆီးပေးနိုင်သည်။ တိထျန်းက ပြန်လည်ဝင်စားခြင်းများစွာ ဖြတ်ကျော်လာသော်လည်း သစ်ပင်က ကနဦးအစပျိုးကာစသာ ရှိနေဆဲ ဖြစ်၏။
သူက ဝမ်ဝေ့ကို အာရုံစိုက်ထားလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
နှစ်ရာခိုင်နှုန်း … သုံးရာခိုင်နှုန်းနဲ့ နီးနေပြီ…
တိထျန်းက သူသည် မဟာတာအိုအရင်းအမြစ်၏ ၃.၅ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်နိုင်ကြောင်း သိထားလေ၏။ မဟာတာအိုအရင်းအမြစ်ကို တိုက်ရိုက်ယူသုံးနိုင်သည့် တာအိုဘိုးဘေးများနှင့် မတူဘဲ ဒဿမသာလွန်အုတ်မြစ်ရှိသည့် သူတို့လိုလူမျိုးအတွက် သူတို့၏ စည်းမျဉ်းနားလည်နိုင်စွမ်းကိုသာ မဟာတာအိုအရင်းအမြစ်အဖြစ် ပြောင်းလဲနိုင်ကြသည်။
ထို့ကြောင့် သူ စည်းမျဉ်းနားလည်နိုင်သည့် နှစ်များစွာဖြင့် သူစည်းမျဉ်းပလ္လင်က သူ့အပေါ်မှ အတားအဆီးများကို ချိုးဖောက်ပြီးသည့်နောက်တွင် ခရမ်းရောင်တစ်ဝက် ပြောင်းလဲသွားခဲ့သည်။ ထို့ကြောင့် ထိုအရာကို မဟာတာအိုအရင်းအမြစ်ဖြင့် ပြောင်းလဲသွားပြီးနောက်တွင် သူက မဟာတာအိုအရင်းအမြစ်၏ ၃.၅ရာခိုင်နှုန်းကို နားလည်လာခဲ့၏။
သူ့လက်ရှိအင်အား၏ အကြောင်းအရင်းကမူ မဟာတာအိုအရင်းအမြစ်၏ ၅ရာခိုင်နှုန်းနှင့် တူညီသည့် ဒဿမသာလွန်အုတ်မြစ်၏ စွမ်းအားတို့ဖြင့် ဆင့်ကဲပေါင်းစည်းထားခြင်း ဖြစ်၏။
နောက်ဆုံးတွင် သူ့တာအိုသက်သေပြပစ္စည်းက သံသရာ ၉ကြိမ်မြောက် ဆေးကြောပြီးသည့်နောက်တွင် မယုံကြည်နိုင်ဖွယ် အနေအထားတစ်ခုသို့ ရောက်ရှိသွားလေသည်။ ထို့နောက် ထိုအရာက သူနှင့် ဆက်နွယ်နေသည့်အတွက် ဒဿမသာလွန်အုတ်မြစ်ကို အောင်မြင်ပြီးသည့်နောက်တွင် ဒုတိယဆေးကြောခြင်းကို ဖြတ်ကျော်ခဲ့ရပြီး သူ မဟာတာအိုအရင်းအမြစ်ကို နားလည်ပြီးသည့်နောက်တွင် တတိယဆေးကြောခြင်းကို ဖြတ်ကျော်ခဲ့ရသည်။
တိထျန်းက တာအိုကို သက်သေပြဖို့ မျှော်လင့်စောင့်စားနေပြီး မဟာဧကရာဇ်ဖြစ်ပြီးသည့်နောက် မဟာတာအိုအရင်းအမြစ်၏ လေးကြိမ်မြောက် ဆေးကြောမှုကို ခံယူပြီးသည့်နောက်တွင် ဘယ်အဆင့်သို့ ရောက်ရှိသွားမည်ကို သိချင်နေမိသည်။
သို့သော် ယခုတွင် သူသာ မှန်မှန်ကန်ကန် မရွေးချယ်ပါက ထိုနေ့ရက်ကို မြင်နိုင်မည် မဟုတ်ပေ။
တိထျန်းက အချိန်မဖြုန်းဘဲ ၈ဆင့်မြောက်အလွှာ၏ မရဏလက်ဝါးကို ဝမ်ဝေ့အပေါ် ပစ်ချလိုက်သည်။ တစ်ဖက်လူ၏ စည်းမျဉ်းနားလည်နိုင်စွမ်းနှင့် အခြေခံအုတ်မြစ်တို့က သူ့ထက် ပိုမိုနက်ရှိင်းကြောင်း ခန့်မှန်းမိ၏။ ထို့ကြောင့် သူ့စွမ်းအားက မကြာခင် သူ့ကို ကျော်လွန်သွားလိမ့်မည်။
ယခုအခါ သူ့တွင် ရှိနေသည့် တစ်ခုတည်းသော အရေးသာချက်က အချိန်သာဖြစ်၏။
ဝုန်း
ဧရာမလက်ဝါးကြီးက ဝမ်ဝေ့ကို ကိုယ်ထည်မဲ့အခြေအနေမှ ဆွဲထုတ်လာပြီး တည်နေရာလေးဖက်အစီအရင်ကို ဖျက်ဆီးပစ်ခဲ့သည်။ ထို့နောက် ချက်ချင်းဆိုသလို ဝမ်ဝေ့က သူ့ခန္ဓာကိုယ်မှ ယခင်ဒဏ်ရာများကြောင့် အသက်ဓာတ်က အလျင်အမြန် ကုန်ဆုံးနေကြောင်း ခံစားမိလိုက်သည်။
သူသာ တစ်ခုခု မလုပ်လျှင် အခြေအနေကို တာဝန်ယူထားသည့် စိတ်ဝိညာဉ်မှုန်က သေဆုံးသွားနိုင်လေသည်။ ထို့ကြောင့် သူက နောက်ထပ် အရန်အစီအစဉ်တစ်ခုဖြစ်သည့် ကွမ်တန်အစီအရင်ကို အသုံးပြုလိုက်ရသည်။
သူက ထိုအစီအရင်ကို စစ်ဆေးမှုအတွင်း ကျန့်ချောင်းကို လုပ်ခဲ့သလိုမျိုး အသုံးမပြုပေ။ တိထျန်း၏ လက်ရှိခန္ဓာကိုယ်ဖြင့် သူ့အက်တမ်အားလုံးက အသိစိတ် သို့မဟုတ် စိတ်ဆန္ဒ ရှိနေကြလေပြီ။ ထို့ကြောင့် သူ့ကို ကွမ်တန်အရွယ်အစားဖြင့် ထိခိုက်အောင် ကြိုးစားလိုက်သည်နှင့် သူ့ခန္ဓာကိုယ်က အလိုလိုတုံ့ပြန်လာကာ ဖယ်ရှားပစ်လိမ့်မည်။
သူ ထိုအရာများကို အသုံးပြုရသည့် ရည်ရွယ်ချက်က သူ့အပေါ်သာ ဖြစ်၏။ ဝမ်ဝေ့က သူတို့ကို နာနိုဘော့အဖြစ် အသုံးပြုကာ ပျက်စီးသွားသည့် သူ့ခန္ဓာကိုယ်ကို ပြုပြင်ဖို့ ထိန်းချုပ်ထားခဲ့သည်။ ကွမ်တန်အစီအရင်က အဆများစွာပွားနိုင်သောကြောင့် သူက သူတို့၏ အရေအတွက် များပြားမှုကို အသုံးပြုကာ သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ကြောက်မက်ဖွယ် မရဏစွမ်းအားများကို ရင်ဆိုင်ခဲ့သည်။
ထို့ကြောင့် ထိုအစီအရင် ထရီလီယမ်ပေါင်းများစွာကို သတ်ဖြတ်ပြီးသည့်နောက်တွင် မရဏစွမ်းအားက ပျောက်ကွယ်သွားပြီး အစီအရင်များက သူ့ခန္ဓာကိုယ်ရှိ အထိခိုက်အများစုကို ပြင်ဆင်ပေးကြလိမ့်မည်။
ဝမ်ဝေ့က သူ့အစီအရင်၏ ၉၅ ရာခိုင်နှုန်းကျော် ဆုံးရှုံးလိုက်ရသည်ကို မြင်လိုက်ရသည်။ သူ့ခန္ဓာကိုယ်အတွင်း ထိုအရာများကို ဤအနေအထားတစ်ခု ရောက်ဖို့အတွက် နှစ်များစွာ ကုန်ဆုံးခဲ့ရသည်။
ဝမ်ဝေ့က သူတို့ကို သူ့ပြန်လည်ကုသနိုင်စွမ်းကို အထောက်အပံ့ဖြစ်ဖို့ နည်းလမ်းအဖြစ် အသုံးပြုလိုခဲ့သည်။
သို့သော်လည်း သူတို့ကို တစ်ကြိမ် အသုံးပြုပြီးသည်နှင့် သူတို့က အသုံးမဝင်ဖြစ်သွားမည်ဖြစ်ကာ သူတို့၏အရေအတွက်ကို ပြန်လည်အားဖြည့်နိုင်ဖို့အတွက် အချိန်လိုအပ်လာလိမ့်မည်။
ဟမ် ဒီလောက်တောင် စောတယ်လား…
စိတ်ဝိညာဉ်အမှုန်က အပြုံးဖြင့် တွေးလိုက်သည်။
မဟာတာအိုအရင်းအမြစ် ၃ရာခိုင်နှုန်း
တိထျန်း၏ အမူအရာက ပိုမို ပျက်ယွင်းလာလေသည်။ ဤအနေအထားသို့ မရောက်ခင် သူက တာအိုကို နားလည်ဖို့ နှစ်သန်းထောင်ချီ ကုန်ဆုံးခဲ့ရပြီး တိုင်၉လုံး၏ အမွေအနှစ်ကို ရရှိကာ ဒဿမသာလွန်အုတ်မြစ်အကြောင်းကို သိခဲ့ရသည်။
သို့သော် ယခုတွင် တစ်စုံတစ်ယောက်က နှစ်သိန်းချီမျှဖြင့် သူနှင့် အနေအထား အတူတူသို့ ရောက်ရှိလာခဲ့သည်။
သူက အံကြိတ်လိုက်ပြီးသည့်နောက်တွင် သံသရာဟု ရေးသားထားသည့် စည်းတံဆိပ် ရှိနေသည့် စက်လုံးတစ်ခုကို ဆင့်ခေါ်လိုက်၏။ သူက စည်းတံဆိပ်ကို နှမြောတသစွာဖြင့် ကြည့်လိုက်သည်။
ထိုစည်းတံဆိပ်က ပထမဘဝမှ သူ့သွေးမျိုးဆက် လက်နက် ဖြစ်၏။ ထိုအရာက ဖန်ဆင်းခြင်းစည်းတံဆိပ်အတွက် အသုံးပြုခဲ့သော်လည်း ဒုတိယဘဝတွင် ပြောင်းလဲပစ်ခဲ့သည်။ သူက ချီယွမ်၏ လက်ထဲရှုံးနိမ့်သွားပြီးသည့်နောက်တွင် သူက ထိုအသုံးအဆောင်ပစ္စည်းကို သူ့တစ်စိတ်တစ်ပိုင်းကဲ့သို့ ဆက်လက် အားဖြည့်ပေးနိုင်သည့် သီးသန့်ပင်ကိုရတနာအဖြစ် ထားရှိခဲ့သည်။
တိထျန်းက သံသရာမှတဆင့် လက်နက်နှစ်ခုလုံးကို ယူဆောင်ဖို့ ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့သည်။ ထို့ကြောင့် သူက ဤတစ်ခုကို ကမ္ဘာအတွင်း ထားရှိကာ အချိန်နှင့်အမျှ ပိုမိုအားကောင်းလာခွင့်ပြုထားခဲ့သည်။ သူ့အစီအစဉ်က ထိုအရာကို သံသရာမျှော်နန်းဆောင်နှင့် ပေါင်းစည်းပြီး ပိုမိုအားကောင်းလာစေရန် ဖြစ်၏။
သို့သော်လည်း ပထမသံသရာ ဆေးကြောမှုအပြီးတွင် သူ့မျှော်နန်းဆောင်၏ ပထမအလွှာသည် ဆင့်ကဲပြောင်းလဲသွားကြောင်း တွေ့လိုက်ရသည်။ ထို့ကြောင့် သူက တာအိုကို သက်သေမပြခင် ဆင့်ကဲပြောင်းလဲမှုပြီးသွားသည်အထိ စောင့်ဆိုင်းပြီးမှ ပေါင်းစည်းဖို့ ဆုံးဖြတ်ခဲ့သည်။
သို့သော် ကျရှုံးမှုတစ်ခုချင်းစီနှင့် ပြန်လည်ဝင်စားမှုတစ်ခုချင်းစီအပြီးတွင် ဆင့်ကဲပြောင်းလဲမှုက ပို၍ ထင်ရှားလာခဲ့သည်။ ထိုအချိန်တွင် တိထျန်းက စွမ်းအင်မျိုးစေ့ကို စုပ်ယူပြီးသည့်နောက်တွင် ပြန်လည်ဝင်စားခြင်းနှင့်အမျှ ပို၍ အားကောင်းလာကြောင်း သဘောပေါက်ခဲ့သည်။
သူက မတုံးအပေ။ ထို့ကြောင့် သူသည် ကောင်းကင်အလိုဆန္ဒတိုက်ပွဲ ၉ခုကို ရှုံးနိမ့်ဖို့ ကံကြမ္မာဖန်လာကြောင်း သဘောပေါက်ခဲ့၏။ ထို့နောက် ဆယ်ကြိမ်မြောက် ကြိုးစားမှုတွင် သူ့စွမ်းအားနှင့် တာအိုသက်သေပြပစ္စည်းတို့က ပြီးပြည့်စုံသွားမည်ဖြစ်ကာ တာအိုကို အောင်အောင်မြင်မြင် သက်သေပြနိုင်လိမ့်မည်။
တိထျန်းက ကံကြမ္မာသည် သူ့အတွက် စီမံထားခဲ့ကြောင်း သိထားသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ သို့သော်လည်း သူက ထိုအချက်ကို လက်မခံလိုဘဲ ထိုအတွေးများကို စိတ်ထဲ၌သာ နစ်မြုပ်ထားခဲ့သည်။
ငါ ထပ်ပြီး ရှုံးမှာ မဟုတ်ဘူး။ ဒီကျိန်စာကနေ ချိုးဖောက်ပြီးတော့ တာအိုကို သက်သေပြမယ်။ ပြီးရင် နဉ်အာနဲ့ ထပ်ပြီးတော့ တွေ့ဆုံမယ်။