တာအိုသက်သေပြခြင်း
Vol. 63 Ch. 882
ခဏအကြာတွင် ဝမ်ဝေ့က ကောင်းကင်အလိုဆန္ဒကို အသုံးမပြုဘဲ သူ့မိသားစုအတွက် သိမ်းဆည်းထားမည်ဟူသော အတွေးအခေါ်ရှိလာခဲ့၏။ သူက မဟာဧကရာဇ်တစ်ပါး ဖြစ်နေပြီ မဟုတ်ပါလော။ သို့သော်လည်း သူ့နည်းလမ်းက မဟာဧကရာဇ်တစ်ယောက် ဖြစ်လာဖို့ ကန့်သတ်ချက်ကို ရောက်ရှိသွားဟန်ပေါ်သည်။ သူက ရာခိုင်နှုန်းအနည်းငယ် တိုးမြင့်နိုင်လျှင်ပင် ဒုတိယတန်းစားအဆင့်အထိ ရောက်ရှိမည် မဟုတ်ပေ။
ထို့ကြောင့် သူက ထာဝရဧကရာဇ် ဖြစ်လာလိုပါက ကောင်းကင်အလိုဆန္ဒကို စုပ်ယူရလိမ့်မည်။ ထို့အပြင် သူက ကောင်းကင်တာအိုသည် ထိုအရာကို တိုက်ပွဲကွင်းပြင် ပြင်ပသို့ ယူဆောင်ခွင့်ပြုမည် မဟုတ်ကြောင်း ခံစားချက်ရနေလေ၏။
ထို့ကြောင့် သူက လေဟာနယ်ထဲ တင်ပျဉ်ခွေထိုင်ကာ မျက်လုံးပိတ်လျက် တရားထိုင်လိုက်သည်။ သူက အကောင်းဆုံးအခြေအနေတွင် ရှိနေကြောင်း အတည်ပြုပြီးသည့်နောက်တွင် ကောင်းကင်အလိုဆန္ဒကို စုပ်ယူလိုက်၏။
ဝမ်ဝေ့က ခံစားမှုနှစ်ခုကို ရလိုက်သည်။ ပထမတစ်ခုက သူ့ကို ကာကွယ်ပေးနေသည့် လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခု ဖြစ်၏။ သူက လက်ရှိ သူ့ဘဝတွင် အလုံခြုံဆုံးဟု ခံစားရစေသည်။
ဤသည်က ကောင်းကင်တာအို၏ အကာအကွယ် စက်ယန္တရားတစ်ခုဖြစ်ကြောင်း သိလိုက်၏။ ထို့ကြောင့် စံပြများက သူ့ကို တိုက်ခိုက်လာလျှင်ပင် သူက ဘေးကင်းနေလိမ့်မည်။ သူသာ အာရုံစူးစိုက်ထားသရွေ့ မေတ္တယျနှင့် အန္တိမသဟဇာတတို့ လာတိုက်လျှင်ပင် ဘေးကင်းလိမ့်မည်။
ကာဒီနယ် ၆ယောက် အဆင့် ကျင့်ကြံသူများကမူ တန်ကြေးကြီးကြီးမားမား ပေးဆပ်ပြီးသည့်နောက်တွင် တာအိုကို သက်သေပြသည့် လူတစ်ယောက်ကို တိုက်ခိုက်နိုင်လိမ့်မည်။ မဟုတ်ပါက မဟာတာအိုသည် စည်းမျဉ်းချိုးဖောက်သည့်သူကို သုတ်သင်ပစ်လိမ့်မည်။
ဝမ်ဝေ့က စိတ်ငြိမ်ငြိမ်ထားကာ ဖြစ်စဉ်ကို ဆက်လက် လုပ်ဆောင်လိုက်သည်။ သူက သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်နေသည့် လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခုကို ခံစားမိလိုက်သည်။ အတိအကျပြောရလျှင် ထိုအရာက သူ့တာအိုနှလုံးသားကို စစ်ဆေးနေခြင်း ဖြစ်၏။ လိုအပ်ချက်နှင့် ပြည့်မှီနေပြီးသည့်နောက်တွင် ဝမ်ဝေ့က ကမ္ဘာအသစ်တစ်ခု ပွင့်သွားသလို ခံစားလိုက်ရသည်။
သူ့စိတ်က ယခင်ထက်ပင် ပိုမိုကြည်လင်ပြတ်သားနေ၏။ သူ့ဘဝတွင် တာအိုကို နားလည်ခြင်းက ဤမျှအထိ မပြတ်သားခဲ့ဖူးပေ။ သူ လိုချင်သည့် အဖြေများက သဲလွန်စအမြောက်အများ ရှိနေသလိုမျိုးဖြစ်နေ၏။
ဝမ်ဝေ့က စိတ်ကို အလျင်အမြန် ထိန်းချုပ်လိုက်ပြီး ထိုအရာသည် ကောင်းကင်အလိုဆန္ဒကို ရယူပြီးသည့်နောက်တွင် ခံစားချက်တစ်ခု ဖြစ်ကြောင်း ဂိုဏ်း၏ မှတ်တမ်းများထဲမှ ဖတ်ရှုခဲ့ဖူးသည်။
မှတ်တမ်းများထဲတွင် ကောင်းကင်အလိုဆန္ဒက မဟာတာအိုအရင်းအမြစ်ကို နားလည်စေဖို့အတွက် အဆထောင်ချီ ပိုမိုလွယ်ကူအောင် ပြုလုပ်ပေးထားသည်ဟု ဆိုသော်လည်း အမှန်တရားနှင့် ဝေးကွာလှသည်။ အထူးသဖြင့် ဤသို့ သတ်မှတ်ပေးထားသည့် အချိန်တိုအတွင်း ဖြစ်၏။
ထို့ကြောင့် ဝမ်ဝေ့က အာရုံစိုက်ကာ နားလည်မှုကို စတင်လိုက်သည်။ ကိစ္စများက သူ့အတွက် ချောမွေ့နေလေ၏။ ဤအချိန်တိုလေးအတွင်း သူ့နားလည်နိုင်စွမ်းက ဆယ်ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့သည်။
သူ နားမလည်နိုင်ခဲ့သည့် ကံကြမ္မာ၏ လျှို့ဝှက်ဆန်းကြယ်မှုများက သူ့ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။ သူက သူ့အရန်တာအိုများဖြစ်သည့် ကာလံဒေသံ၊ ကံကောင်းမှု၊ ကံ၊ အစီအစဉ်ကျမှု၊ မကျမှု၊ သေခြင်းရှင်ခြင်း၊ ကြမ္မာတို့နှင့် ဆက်နွယ်မှုအားလုံးကိုပင် မြင်လိုက်ရသည်။
သူက လွတ်လပ်ခွင့်တာအို၏ အနှစ်သာရကို ချောင်းကြည့်နေနိုင်ခဲ့ပြီး ကံကြမ္မာအနှောင်အဖွဲ့ကို ချိုးဖောက်သည့် ယုံကြည်ချက်မျိုး ရလာခဲ့သည်။ နောက်ဆုံးတွင် အားလုံးကို မျှခြေညီစေသည့် ယင်ယန်၏ အနှစ်သာရဖြင့် သူ့တာအိုက သိသိသာသာ တိုးတက်လာသည်။
ဝုန်း
ဝမ်ဝေ့က သူ့စိတ်ထဲ အသံတစ်သံ ကြားလိုက်ရပြီးသည့်နောက်တွင် စိတ်ထဲ သတင်းအချက်အလက် တစ်ခု ပေါ်ထွက်လာကာ အဖြစ်အပျက်ကို သိလိုက်ရသည်။ သူက မဟာတာအိုအရင်းအမြစ်၏ နားလည်မှု ၂၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားခဲ့သည်။ ထိုအရာက ထာဝရဧကရာဇ်ဖြစ်လာဖို့အတွက် ပထမဦးဆုံးလိုအပ်ချက် ဖြစ်၏။
ခရမ်းရောင်အလင်းများက ဝမ်ဝေ့ကို လွှမ်းခြုံသွားကာ တူညီသည့် အရောင်ရှိသည့် ကြာပွင့်တစ်ခု ထွက်ပေါ်လာသည်။ ကြည့်ရှုနေသည့်သူများက မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ကြ၏။ ယနေ့ကား သမိုင်းကြောင်း၏ မှတ်တမ်းတွင် ထာဝရ မှတ်တမ်းတင်ထားရမည့် နေ့ရက်တစ်ရက် ဖြစ်ပေသည်။
ထိုကောင်းကင်ရွေးချယ်ခံ နှစ်ယောက် ယူဆောင်လာသည့် ထိတ်လန့်မှုများက သူတို့၏ တတိယတန်းစားစွမ်းအားကို ပြသရင်းဖြင့် စိတ်လှုပ်ရှားစေခဲ့သော်လည်း တစ်စုံတစ်ယောက်က ကောင်းကင်အလိုဆန္ဒကို အသုံးမပြုဘဲ ဧကရာဇ် ဖြစ်လာနိုင်သည်ကို ကြည့်ခဲ့ကြရသည်။
လူများစွာက ထိုကိစ္စအကြောင်း စဉ်းစားနေကြ၏။ ထိုအရာက မိုးမြေစည်းမျဉ်း ပြောင်းလဲသွားခြင်းကြောင့် လူအများက ကောင်းကင်အလိုဆန္ဒ၏ အထောက်အပံ့ကို မလိုတော့ဘဲ တာအိုကို သက်သေပြနိုင်သည်လား။
ဒီနည်းလမ်းက အခုထိ ရှာဖွေမတွေ့ရှိရသေးတဲ့ နည်းလမ်းလား ဒါမှမဟုတ် အခုလေးမှ ဖန်တီးလိုက်တဲ့ နည်းလမ်းလား ဒါမှမဟုတ်ဘူးဆိုရင် ဝမ်ဝေ့ရဲ့ ဖြစ်ရပ်ကပဲ ထူးခြားပြီးတော့ သူ့အတွက်ပဲ အသုံးဝင်တာမျိုးလား…
လူအများက အဖြေကို လိုချင်နေကြသော်လည်း မည်သူကမှ အဖြေမပေးနိုင်ပေ။ ထို့အပြင် သူတို့က အဖြေရှာမတွေ့နိုင်ချေပါ ရှိနေ၏။
ထို့ကြောင် ဝမ်ဝေ့က မဟာတာအိုအရင်းအမြစ်၏ ၂၀ ရာခိုင်နှုန်း ရောက်ရှိကြောင်း အမြင်ရုပ်လွှာပြသလာသည့်အခါ မည်သူကမှ ထိုစံချိန် ချိုးဖောက်သွားသည်ကို ဂရုမစိုက်ကြပေ။ ထိုလူများအတွက် တစ်စုံတစ်ယောက်က ထာဝရဧကရာဇ် ဖြစ်လာသည်မှာ အံ့အားသင့်စရာအနည်းဆုံးကိစ္စ ဖြစ်ပေသည်။
သို့သော်လည်း ထိုသူများ၏ အတွေးက အလျင်အမြန် ပြောင်းလဲသွားခဲ့၏။ သူတို့က ဝမ်ဝေ့ဝန်းကျင်ရှိ ခရမ်းရောင်သည် ခရမ်းရွှေရောင်အဖြစ် အလျင်အမြန် ပြောင်းလဲသွားသည်ကို ကြည့်လိုက်ကြရသည်။
“ဘာတွေဖြစ်နေတာလဲ” တစ်ကမ္ဘာလုံးက မေးလိုက်ကြ၏။ ယနေ့ သူတို့က ထိုမေးခွန်းကို မကြာခဏ မေးလေ့ရှိသည်။ နှမြောစရာကောင်းလှသည်က ဝမ်ဝေ့ကသာ အဖြစ်အပျက်ကို သိထားပြီး သူတို့ကို ရှင်းပြမည် မဟုတ်ပေ။
အလင်းရောင်က ခရမ်းရွှေရောင်အဖြစ် ပြောင်းလဲသွားပြီးသည့်နောက်တွင် ဝမ်ဝေ့၏ အသိစိတ်က ဉာဏ်အလင်းပွင့်ရာ အနေအထားမှ နိုးထလာခဲ့၏။
မဟာတာအိုအရင်းအမြစ်ရဲ့ ၂၅ ရာခိုင်နှုန်း…
သူက အံ့အားသင့်စွာ တွေးလိုက်မိသည်။ သူက ကောင်းကင်အလိုဆန္ဒကို မရယူခင် ၅ ရာခိုင်နှုန်းကို နားလည်ထားခဲ့၏။ ထို့ကြောင့် သူက ၂၀ရာခိုင်နှုန်း တိုးတက်လာသည့်အတွက် ယခင်အောင်မြင်မှုမှ အကျိုးကျေးဇူး ရရှိခဲ့သည်။
ကောင်းတယ်…
ဝမ်ဝေ့က တွေးလိုက်မိသည်။ ဤအပို ၅ရာခိုင်နှုန်းက သူ့အား အရင်းအမြစ်၊ ကုသိုလ်နှင့် အချိန်များစွာ သက်သာသွားစေသည်။
ဆက်လုပ်ရအောင်…
ဝမ်ဝေ့က ဆက်လက် အာရုံစိုက်လိုက်သည်။ နောက်တဆင့်က သူ့တာအိုဆန္ဒကို ပုံဖော်ဖို့ ဖြစ်၏။ သို့သော်လည်း ထိုဖြစ်စဉ်က သူ့အတွက် အင်မတန် လွယ်ကူလှသည်။ တုယီနယ်ပယ်က တာအိုဆန္ဒ၏ ရှေ့ပြေးပုံစံဖြစ်သည့်အတွက် အသွင်ပြောင်းမှုက ရိုးရှင်းကာ လွယ်ကူလှသည်။
တာအိုဆန္ဒဆိုသည်မှာ နာမည်အတိုင်း ကျင့်ကြံသူတစ်ယောက်၏ တာအိုမှ စိတ်ဆန္ဒသဏ္ဌာန်ပြခြင်း ဖြစ်သည်။ ထိုစဉ် တုယီနယ်ပယ်က ကျင့်ကြံသူတစ်ယောက်သည် လူအများ လက်ခံထားသည့် ကျင့်ကြံရေးနည်းစနစ် သို့မဟုတ် တာအိုလမ်းစဉ်ကို ဖန်တီးသည့်အခါ သူတို့ ဖန်တီးလိုက်သည့် တာအိုလမ်းစဉ်မှ စွမ်းအားသဏ္ဌာန်ပြမှုတစ်ခုဖြစ်ပြီး တာအိုလမ်းစဉ်နောက်လိုက်ဖို့ သူတို့စိတ်စွမ်းအား၏ သဏ္ဌာန်ပြမှုတစ်ခုလည်း ဖြစ်ပေသည်။
ဟိုးယခင်က ကျင့်ကြံရေးနည်းစနစ်ကို ဖန်တီးထားသည့်သူများကသာ တုယီနယ်ပယ်အဆင့်သို့ ဝင်ရောက်နိုင်ကြပြီး သူတို့တာအို၏ သဏ္ဌာန်ပြမှုကို တွေ့ကြုံနိုင်ကြသည်။ သို့သော်လည်း မဟာတာအိုက ဟွင်သွမ်းစကြဝဠာ၏ စည်းမျဉ်းများကို ပြောင်းလဲကာ တုယီနယ်ပယ်ကို ရယူဖို့ သမာသမတ်မကျသည့် နည်းလမ်းများကိုပါ ခွင့်ပြုပေးခဲ့၏။
ဝမ်ဝေ့က သူ့တုယီနယ်ပယ်ဆန္ဒကို အတုအယောင် တာအိုနယ်ပယ်ဟု ခေါ်ဆိုနိုင်လောက်သည့် အနေအထားထိရောက်အောင် ပြုစုပျိုးထောင်ထားခဲ့သည့်အတွက် အသွင်ပြောင်းမှုက သူ့အတွက် အနည်းငယ်မျှပင် ပြဿနာ မရှိခဲ့ပေ။ ထို့ကြောင့် ဒုတိယမြောက် ခရမ်းရွှေရောင်ကြာပွင့်က သူ့နောက်တွင် ပေါ်ထွက်လာခဲ့သည်။
နောက်ဆုံးတွင် ကျန်ရှိနေသည့် အချိန်များဖြင့် တတိယအဆင့်ဖြစ်သည့် တည်ရှိမှုကို စတင်ခဲ့၏။
တည်ရှိမှုဆိုတာဘာလဲ
ဝမ်ဝေ့က ထိုမေးခွန်းကို အကြိမ်များစွာ မေးလေ့ရှိပြီး ဝေဝေဝါးဝါး အဖြေများနှင့် ခန့်မှန်းချက်များစွာ ရှိခဲ့သည်။ သို့သော်လည်း ယနေ့တွင် သူက အမှန်တရားကို နားလည်သဘောပေါက်သွားခဲ့၏။
အရိုးရှင်းဆုံးသဘောတရားအရ အရာအားလုံးသည် လူတစ်ယောက်ကို မည်သူနှင့် မည်သည့်အရာဖြစ်ကြောင်း ညွှန်ပြနိုင်သည့် ခန္ဓာကိုယ် သို့မဟုတ် အသွေးအသား၊ ဝိညာဉ်၊ တာအိုနှင့် ချီများပင် ပါဝင်နေသည်။ သို့သော်လည်း ထိုအရာများက တည်ရှိမှု၏ အဆီအနှစ်၊ စိတ်ဝိညာဉ်နှင့် ချီသုံးခုထဲမှ တစ်ခု၏ သဏ္ဌာန်ပြမှုသာ ဖြစ်၏။
လူတစ်ယောက်၏ တည်ရှိမှုထဲတွင် သူတို့၏ စိတ်၊ စိတ်ဝိညာဉ်၊ မှတ်ဉာဏ်၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ အိပ်မက်၊ လောကအမြင်၊ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်အတွေ့အကြုံများအထိ ပါဝင်နေသည်။
ဝမ်ဝေ့က အတိတ်ဘဝတုန်းက ဆိုရိုးတစ်ခုကို အမှတ်ရလိုက်၏။
လူတစ်ယောက်ကို တခြားသူတွေ မေ့လျော့သွားတဲ့အခါမှသာ အစစ်အမှန် သေဆုံးသွားလိမ့်မယ်…
ထိုစကားက တည်ရှိမှု၏ ပြယုဂ်တစ်ခု ဖြစ်ပေသည်။
ဆိုလိုသည်မှာ လူတစ်ယောက်က သူ့ဘေးနားတွင် ရှိနေသည့်လူများ၊ သူတို့ ရေးထွင်းခဲ့သည့် သမိုင်းကြောင်းနှင့် ကမ္ဘာကပင် သူတို့တည်ရှိမှု၏ အစိတ်အပိုင်းများ ဖြစ်နေလေသည်။ သူတို့၏ နာမည် သို့မဟုတ် ဂုဏ်ပုဒ်များက သူတို့ဇစ်မြစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကာ သူတို့တည်ရှိမှု၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်နေသည်။
ကမ္ဘာကြီးက ငါ့ကို မှတ်မိနေသရွေ့၊ ငါ့ရဲ့ အောင်မြင်မှုတွေကို လူတွေသိပြီး အမှတ်ရနေသရွေ့၊ လူတစ်ယောက်က ငါ့နာမည်ကို သိနေသရွေ့၊ စာရွက်တစ်ရွက်မှာ ငါ့နာမည်ကို မှတ်သားထားသရွေ့ ငါက အဆုံးမဲ့တည်ရှိလိမ့်မယ်…
ဝုန်း
ဝမ်ဝေ့၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်က ချက်ချင်းဆိုသလို အပြောင်းအလဲကြီးတစ်ခုကို ကျော်ဖြတ်လိုက်ရပြီး မြင့်မားသည့် သက်ရှိအနေအထားသို့ ပြောင်းလဲသွားကာ တတိယကြာပွင့် ထွက်ပေါ်လာသည်။
ထာဝရဧကရာဇ်တွေက လျှို့ဝှက်ဆန်းကြယ်တယ်ဆိုပေမဲ့ သူတို့ရဲ့ အဓိကက အကြွင်းမဲ့ ထိန်းချုပ်မှုပဲ။ သူတို့အတွက် သူတို့ရဲ့ နာမည်၊ မှတ်ဉာဏ်နဲ့ အောင်မြင်မှုတွေကလည်း သူတို့ကိုယ်တိုင်ရဲ့ ကိုယ်ပွား၊ သူတို့ခန္ဓာကိုယ်ရဲ့ ကိုယ်ပွားတစ်ခုပဲ…
အဲဒါဆိုတော့ သူတို့ရဲ့ ခန္ဓာကိုယ်၊ ဝိညာဉ်နဲ့ တာအိုအမှတ်သားကို ဖယ်ရှားခံလိုက်ရရင်တောင် သူတို့က သူတို့ကိုယ်သူတို့ အသက်ပြန်သွင်းနိုင်လိမ့်မယ်..
ဝမ်ဝေ့၏ အကြည့်များက ပိုမိုတောက်ပလာခဲ့သည်။
ပြီးတော့ ထာဝရကောင်းကင်ဘုံအဆင့် ကျင့်ကြံသူဖြစ်လာဖို့အတွက် ငါက ငါ့ရဲ့ “ကိုယ်” နားလည်မှုကို မြှင့်တင်ဖို့လိုတယ်။ ထာဝရဧကရာဇ်တွေရဲ့ တည်ရှိမှုနားလည်နိုင်စွမ်းက သူတို့ရဲ့ “ကိုယ်”ကို အသွေးအသား၊ ပစ္စည်းနဲ့ စွမ်းအားကန့်သတ်ချက် အယူအဆသဘောတရားတွေကနေ သာလွန်သွားစေလိမ့်မယ်။
ပြီးတော့ ထာဝရကောင်းကင်ဘုံအဆင့်က တခြားကန့်သတ်ချက်တွေ ရှိလောက်ပေမဲ့ ပြန်လည်ဝင်စားခြင်းကို ကျော်လွန်နေတယ်…
ဝမ်ဝေ့က တာအိုကို သက်သေမပြခင် တည်ရှိမှုနှင့် အစစ်အမှန် ကိုယ်အကြောင်း နားလည်မှုအနည်းငယ်ရှိထားလေသည်။ ယခုတွင် ထိုအခွင့်အရေးဖြင့် သူက သူ့နားလည်နိုင်စွမ်းကို နက်ရှိုင်းစေခြင်းဖြင့် ထာဝရကောင်းကင်ဘုံအဆင့် ဖြစ်လာဖို့ အခြေခံအုတ်မြစ်ကို ချထားနိုင်ခဲ့သည်။
“ဒီလောက်စစ်ဆေးမှုတွေ စမ်းသပ်ချက်တွေ ကျော်လွှားပြီးတဲ့နောက်မှာ ငါက သေခြင်းတရား အနှောင်အဖွဲ့ကနေ လွတ်မြောက်လာပြီးတော့ ထာဝရ တည်ရှိနိုင်ပြီ”
ဝမ်ဝေ့က သူသည် ဤအဆင့်အထိ ရောက်ရှိခဲ့ရသည်ကို တွေးတောရင်း ရေရွတ်လိုက်သည်။
သူက ကမ္ဘာမြေမှ ရုန်းကန်နေရသည့် လူငယ်လေးကနေ ကမ္ဘာဦးဟွင်သွမ်းအတွင်း အထီးကျန်မှုများကို ခံစားပြီး ပြန်လည်ဝင်စားလာသည်အထိ ကိစ္စများစွာ ဖြစ်ပျက်ခဲ့သည်။
သူ့မိတ်ဆွေ၊ မိသားစု၊ ချစ်မြတ်နိုးရသူနှင့် ဂိုဏ်းကပင် သူ့အတွက် မျှော်လင့်ချက်များစွာ ထားရှိခဲ့၏။ ဤနှစ်များစွာတိုင် သူက ထိုမျှော်လင့်ချက်များ၏ ဝန်ထုပ်ဝန်ပိုးအောက်တွင် ရှင်သန်ခဲ့ရပြီး သူ့အဖွားဖြစ်သူကသာ ဖိအားကို လျော့ကျစေခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူက လူအားလုံး၏ မျှော်လင့်ချက်ကို ဖြည့်စည်းပေးခဲ့၏။ ပြောရလျှင် သူကိုယ်တိုင် ထားရှိခဲ့သည့် မျှော်လင့်ချက်များကို ဖြည့်စည်းနိုင်ခဲ့သည်။
သူ မြင့်တက်လာမှုအတွင်း သူ့ကို ရုပ်ပိုင်းဆိုင်ရာအရ၊ စိတ်ပိုင်းဆိုင်ရာအရနှင့် ဉာဏ်ပညာအရပါ စိန်ခေါ်နိုင်သည့် ပါရမီရှိသည့် ရန်သူများစွာနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ရသည်။ သို့သော် သူက အားလုံးကို အနိုင်ယူကာ ထိပ်ဆုံးထိ ရောက်ရှိလာပြီး ပလ္လင်ပေါ်တွင် ထိုင်နိုင်သည့် နောက်ဆုံးသော အနိုင်ရရှိသူ ဖြစ်လာခဲ့သည်။
ငါ့လမ်းစဉ်က သွေးမြစ်ကြောင်း၊ အပြစ်တွေနဲ့ တည်ဆောက်ထားရတယ်။ ဒါပေမဲ့ ငါ့ဆီမှာ နောင်တ မရှိဘူး…
ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက ထိုလမ်းစဉ်ကို လျှောက်လှမ်းဖို့ ရွေးချယ်လိုက်ကတည်းက ပြန်လည်ပေးဆပ်ရမည့် တန်ကြေးနှင့် အကျိုးဆက်ကို သိထားလေသည်။
ယနေ့တွင် သူက ပေးဆပ်ခဲ့သမျှများကို မြင်တွေ့လိုက်ရသည်။ ကျင့်ကြံရေးခရီးလမ်းတွင် ပထမဦးဆုံး ပင်မ ခြေလှမ်းတစ်ခုကို ချနိုင်ခဲ့လေပြီ။
ဝမ်ဝေ့က သူ့စိတ်ထဲ သတင်းအချက်အလက် တစ်ခု ပေါ်ထွက်မလာခင် အသက်ပြင်းပြင်းရှူလိုက်၏။