← Chapters

ကျိယွဲ့၏ အဆက်အနွယ်

Vol. 75 Ch. 1039

ကျိယွဲ့၏ အဆက်အနွယ်

Vol. 75 Ch. 1039

" ရှုယင်လင်းက တော်တော်လေးကို လျှို့ဝှက်တာပဲဟ "

" ဟွန်း။ ရုပ်လေးဗန်းပြ၊ အားနည်းချင်ယောင် ဆောင်ပြီး နောက်ကွယ်မှာ ဉာဏ်များတတ်တဲ့ မိန်းမတစ်ယောက်ပဲ။ အဲဒီလို မိန်းမမျိုးတွေကို ငါ အမုန်းဆုံးပဲကွ "

" လှလိုက်တဲ့ အကွက်။ ကြည့်ရတာ ရှုယင်လင်းရဲ့ အစီအစဉ်က ဝမ်ပေါင်လဲ့ နာမည်ကြီးလာအောင် လုပ်ဖို့ဖြစ်မယ်။ အဲတာမှ တခြားသူတွေ ဝမ်ပေါင်လဲ့အပေါ် အာရုံရောက်နေတဲ့အချိန် သူက သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို လူမသိ သူမသိ မြှင့်တင်နိုင်မှာလေ "

ရှုယင်လင်းတစ်ယောက် ဝမ်ပေါင်လဲ့ကြောင့် သူမ၏ ကျင့်ကြံခြင်းစွမ်းအား အစစ်အမှန်အား ထုတ်ပြလိုက်ရသဖြင့် ပွဲကြည့်ပရိသတ်များမှာ အခြေအနေကြီးတစ်ခုလုံးအား ချက်ချင်းနားလည်သွား၏။ သူတို့သာလျှင်မဟုတ်ပေ။ ကံကြမ္မာဂြိုဟ်ပေါ်မှနေ၍ စောင့်ကြည့်နေကြသည့် လူများမှာလည်း ထိုနည်းတူပင်။

အမှန်အတိုင်းဆိုရပါက ရှုယင်လင်း၏ အစီအစဉ်မှာ မည်သူမှ မခန့်မှန်းမိနိုင်လောက်အောင် ခြောက်ပစ်ကင်းသဲလဲစင်နေသည်တော့ မဟုတ်ပေ။ သို့သော် ရှုယင်လင်းကို အန္တရာယ်ပြုလိုသည်ဖြစ်စေ၊ ဝမ်ပေါင်လဲ့ကို အန္တရာယ်ပြုလိုသည်ဖြစ်စေ အကြောင်းပြချက်ကောင်းကောင်းတစ်ခု လိုအပ်ပေသည်။

ထို့ကြောင့်လည်း ပွဲကြည့်ပရိသတ်များမှာ ရှုယင်လင်းတစ်ယောက် ပြဿနာရှာနေသည်ကို သိထားသည့်တိုင်အောင် ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ စောင့်ကြည့်နေခဲ့ခြင်းသာဖြစ်သည်။ သို့သော် ယခုတွင်မူ သူမ၏ အစီအစဉ်မှာ ဘူးပေါ်သလို ပေါ်သွားပြီဖြစ်ရာ ၎င်းအား အကြောင်းပြချက်တစ်ခုအဖြစ် အသုံးပြု၍ရတော့မည်မဟုတ်ပေ။ ရှုယင်လင်းမှာလည်း ထိုအချက်အား နားလည်ထား၏။ ထို့ကြောင့်လည်း သူမသည် ဝမ်ပေါင်လဲ့အား ပို၍ပင် ရွံရှာမုန်းတီးလာရတော့သည်။

စွန်းရန်မှာမူ မျက်နှာအမူအရာ အမျိုးမျိုး ပြောင်းလဲနေပြီဖြစ်သည်။

သူသည် ဝမ်ပေါင်လဲ့အား တိုက်ခိုက်ရန် အကြောင်းပြချက်တစ်ခု လိုအပ်ပါသော်လည်း သူ၏စိတ်ထဲတွင် ရှုယင်လင်း၏ တိုက်ရည်ခိုက်ရည် စွမ်းအားများကို သိပ်၍ ဂရုမစိုက်ခဲ့ပေ။ ယခုတွင် ရှုယင်လင်းမှာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေပြီဖြစ်ရာ စွန်းရန်မှာ မျက်နှာတစ်ခုလုံး ထူပူသွားရ၏။ သူသည် အခြားသူတစ်ယောက်၏ လှည့်စားခြင်းကို ခံလိုက်ရသဖြင့် တစ်ကိုယ်လုံး ပေါက်ကွဲသွားတော့မည့်အလား ခံစားနေရသည်။

" ဝမ်ပေါင်လဲ့ ပြောတာမှန်တယ်။ သူက မိန်းမပျက်တစ်ယောက်ပဲ " စွန်းရန်တစ်ယောက် အံကြိတ်ကာ ရေရွတ်လိုက်စဉ်မှာပင် ထစ်ချုန်းသံများမှာ ပို၍ပင်ကျယ်လောင်လာ၏။ ဝမ်ပေါင်လဲ့နှင့် ရှုယင်လင်းတို့၏ တိုက်ကွက်များကြောင့် တာအိုဂြိုဟ်နှစ်လုံး၏ တုန်ခါမှုလိုင်းများ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့နေကြသဖြင့် စွန်းရန်မှာ နောက်သို့ ဆုတ်ခွာသွားလိုက်ရသည်။

ထိုအချိန်တွင် အုန်းခနဲ အသံကျယ်ကြီးတစ်သံ နောက်ထပ်တစ်ကြိမ် ထပ်၍ ထွက်ပေါ်လာပြီး ရှုယင်လင်းမှာလည်း ပါးစပ်ထဲမှ နောက်ထပ်သွေးတစ်ပွက် အန်ထွက်လာ၏။ နတ်ဘုရားစွမ်းရည်ပေါင်း မြောက်မြားစွာမှာ စက္ကူရွက်များအဖြစ် ပြောင်းလဲသွားကြပြီး သူမသည်လည်း နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်ခွာသွားလိုက်ရသည်။ ထို့နောက် သူမသည် မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များ တောက်ပသွားပြီး သူမ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ ခေါင်းလောင်းသံများ ထွက်ပေါ်လာပြီး သူမ၏ နောက်တွင် ရှိနေသည့် တာအိုဂြိုဟ်မှာ ပို၍ပင် ကြည်လင်ပြတ်သားလာသည်။ စည်းမျဉ်းဥပဒေသ စွမ်းအားများလည်း ပေါက်ကွဲထွက်ပေါ်လာပြီး တုန်ခါမှုလှိုင်းများအသွင် ပြောင်းလဲကာ အရပ်မျက်နှာအနှံသို့ ပျံ့နှံ့သွား၏။ ထို့နောက် ရှုယင်လင်း၏ စကားသံကြီးမှာ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာတော့သည်။

" စက္ကူသက်ရှိပညာရပ် "

သူမ၏ နှုတ်မှ ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် တာအိုဂြိုဟ်၏ စည်းမျဉ်းဥပဒေသစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာ၏။ ထို့နောက် သူမ၏ ခန္ဓာကိုယ်မှာ စက္ကူများအဖြစ် အလျင်အမြန် ပြောင်းလဲသွားတော့သည်။ သူမ၏ လက်နှစ်ဖက်မှာ စက္ကူများအဖြစ် အရင်ဆုံး ပြောင်းလဲသွားခြင်းဖြစ်ပြီး ထိုသို့ ပြောင်းလဲသွားသည်နဲ့ သူမ၏ ခန္ဓာကိုယ်ထဲမှ ယခင်တုန်းကထက်ပင် ပို၍ အားကောင်းသည့် အငွေ့အသက်တစ်မျိုး ထွက်ပေါ်လာသည်။

ထို အငွေ့အသက်များမှာ သက်တံ့တစ်ခုနှင့် တူနေပြီး ဘေးပတ်ဝန်းကျင်တစ်ခုလုံးအား တုန်ရီသွားစေ၏။ ဝမ်ပေါင်လဲ့မှာမူ မျက်ဝန်းများ ဝင်းလက်စွာ တောက်ပသွားသည်။ သူသည် ဂြိုဟ်အဆင့်သို့ ရောက်ရှိလာခဲ့ပြီးနောက် လူပေါင်းမြောက်မြားစွာနှင့် တိုက်ခိုက်ခဲ့ဖူးပြီးသားဖြစ်သည်။ သို့သော် သူ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သည့် ပြိုင်ဘက်များထဲတွင် မည်သူကမှ သူ၏ ရှေ့တွင် ရှိနေသည့် ရှုယင်လင်း၏ ခြေဖျားကိုပင် မမီပေ။

ရှုယင်လင်းမှာ သူ့လို တာအိုဂြိုဟ်တစ်လုံး ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည်မဟုတ်ပါလော။ ထို့အပြင် သူမ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်နှုန်းမှာလည်း နှေးကွေးနေခဲ့ခြင်း မရှိပေ။ သူတို့နှစ်ယောက်စလုံးမှာ အလယ်အလတ် ဂြိုဟ်အဆင့်သို့ ရောက်နေကြပြီ ဖြစ်သည်။

တာအိုဂြိုဟ်တစ်လုံး ပိုင်ဆိုင်ထားသည့် အလယ်အလတ် ဂြိုဟ်အဆင့်ကျင့်ကြံသူတစ်ယောက်မှာ ဂြိုဟ်အဆင့်ကျင့်ကြံသူ အများစုအား အလွယ်တကူ ချေမှုန်းနိုင်စွမ်းရှိပေသည်။ ထို့အပြင် ရှုယင်လင်းမှာ လျှို့ဝှက်ပညာရပ်တစ်ခုကိုလည်း ဝှက်ဖဲတစ်ချပ်အဖြစ် အသုံးပြုနေသေးသည် မဟုတ်ပါလော။ ထို့ကြောင့် သူမ၏ အငွေ့အသက်များ အားကောင်းလာသည်နှင့် ဝမ်ပေါင်လဲ့မှာ မျက်နှာအမူအရာ တည်ကြည်သွား၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကိုမြှောက်ကာ ကြယ်အချုပ်အနှောင်ပညာရပ်အား အသုံးပြုလိုက်သည်။ ထိုသို့ဖြင့် သူ၏ နောက်၌ နတ်နွားကြီး၏ ကြယ်မြေပုံကြီး စတင် ပေါ်ပေါက်လာတော့သည်။

သူတို့နှစ်ယောက် ထိပ်တိုက်ရင်ဆိုင်တွေ့ကြတော့မည့် အချိန်တွင် ကံကြမ္မာဂြိုဟ်ပေါ်မှ တည်ကြည်မှုအပြည့်ရှိသော စကားသံတစ်သံ ထွက်ပေါ်လာ၏။

" တော်လောက်ပြီ။ မင်းတို့နှစ်ယောက် တိုက်ခိုက်ချင်တယ်ဆိုရင် ကံကြမ္မာကြယ်အဖွဲ့အစည်းရဲ့ အပြင်ဘက်ကို ထွက်ကြ။ ငါတို့ရဲ့ အရှင်သခင်ကြီးကို မွေးနေ့ဆုမွန်ကောင်းတောင်းပေးဖို့ စိတ်ကူးမနေနဲ့တော့ "

ထို စကားသံကြီး ထွက်ပေါ်လာသည်နှင့် ကံကြမ္မာဂြိုဟ် အပြင်ဘက်ရှိ စကြဝဠာကြီးမှာ တုန်ရီသွားရသည်။ ထို့နောက် ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်မျိုး အရှိန်အဟုန်ဖြင့် ဆင်းသက်လာသောကြောင့် စစ်မြေပြင်ကြီးထဲ၌ တုန်ခါမှုလှိုင်းတစ်မျိုး ပေါ်ပေါက်လာ၏။

ထိုအခါ ထို အနီးနားတစ်ဝိုက်တွင် တိုက်ခိုက်နေကြသည့် ထာဝရကြယ်အဆင့် ကျင့်ကြံသူများအားလုံးမှာ အမူအရာများ ပြောင်းလဲသွားကြ၏။ ထို ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကြီးကြောင့် သူတို့အားလုံးမှာ ဆက်လက် မတိုက်ခိုက်ရဲကြတော့ဘဲ နောက်သို့ဆုတ်ခွသွားရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ ဝမ်ပေါင်လဲ့နှင့် ရှုယင်လင်းတို့မှာဆိုလျှင် ပို၍ပင် အခြေအနေ ဆိုးပေသည်။ ထို အငွေ့အသက်ကြီး၏ ဖိနှိပ်ချုပ်တည်းမှု စွမ်းအားများကြောင့် ဝမ်ပေါင်လဲ့၏ နောက်ရှိ နတ်နွားပုံရိပ်ယောင်ကြီးမှာ ချက်ချင်းဆိုသလိုပင် မတည်မငြိမ် ဖြစ်သွားရ၏။ သို့သော် ရှေးဟောင်းဂြိုဟ်ကိုးလုံးဖြင့် ဖွဲ့စည်းထားသည့် တာအိုဂြိုဟ်ကြီးမှာ ဖိနှိပ်ချုပ်တည်းမှုများအောက်မှ ရုန်းထွက်ကာ ပြန်လည် ခုခံတိုက်ခိုက်နိုင်ရန် ကြိုးစားလိုသည့်ပုံ ပေါက်နေဆဲပင်။

သို့သော်လည်း ဝမ်ပေါင်လဲ့မှာ ထို တာအိုဂြိုဟ်၏ အရှင်သခင် ဖြစ်နေသောကြောင့် ၎င်းအား ထိန်းချုပ်နိုင်စွမ်းရှိနေဆဲပင်။ ထို့ကြောင့် သူ တစ်ချက်တွေးလိုက်ရုံနှင့် ထို တာအိုဂြိုဟ်ကြီးမှာ ပျောက်ကွယ်သွားရသလို ကြယ်အချုပ်အနှောင် ပညာရပ်မှာလည်း ပျောက်ကွယ်သွား၏။ ထို့နောက် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ကံကြမ္မာဂြိုဟ် ရှိရာဘက်သို့လှည့်ကာ တောင်းပန်းစကား ဆိုလိုက်တော့သည်။

" ကျွန်တော် ရိုင်းပြမိသွားပါတယ်။ ကျေးဇူးပြုပြီးတော့ ခွင့်လွှတ်ပေးပါ လူကြီးမင်း " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် တရိုတသေ ဦးညွှတ်လိုက်၏။ သို့သော် သူသည် အဓိပ္ပါယ်လေးနက်သည့် မျက်ဝန်းများဖြင့် ရှုယင်လင်းအား လှမ်း၍ မျက်စောင်းထိုးကြည့်လိုက်ဆဲပင်။ ဤနေရာတွင် ရှုယင်လင်းအား သတ်ဖြတ်ရန်မှာ မဖြစ်နိုင်ကြောင်း သူက သိထားပြီဖြစ်သည်။ ထို့ကြောင့် သူသည် ရှုယင်လင်း၏ တာအိုဂြိုဟ်အား အကဲခတ်နေခြင်းဖြစ်၏။

သူသည် ရှုယင်လင်း၏ တာအိုဂြိုဟ်မှာ သူ၏ တာအိုဂြိုဟ်နှင့် မတူကြောင်း ကောင်းကောင်းကြီး မှတ်မိနေသည်။ သူမသည် ထို တာအိုဂြိုဟ်အား ပိုင်ဆိုင်နိုင်ရန် ၎င်းအား အရှင်သခင်အဖြစ် သတ်မှတ်ခဲ့ရသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူမ ထို တာအိုဂြိုဟ်အား အောင်မြင်စွာ ထိန်းချုပ်နိုင်ရန်မှာ မသေချာပေ။

သူ ထင်ထားသည့်အတိုင်းပင်။ ဝမ်ပေါင်လဲ့ သူ၏ အငွေ့အသက်များကို ပြန်လည်ရုပ်သိမ်းကာ သူ၏ တာအိုဂြိုဟ်အား ပျောက်ကွယ်သွားအောင် လုပ်လိုက်သည်နှင့် ရှုယင်လင်းမှာ တစ်ကိုယ်လုံးတုန်ရီသွား၏။ သူမသည်လည်း ဖိနှိပ်ချုပ်တည်းအားများကို တောင့်ခံနိုင်စွမ်းမရှိသဖြင့် သူမ၏ တာအိုဂြိုဟ်အား ပျောက်ကွယ်သွားအောင်လုပ်ရန် ကြိုစားလိုက်သည်။ သို့သော် သူမ၏ တာအိုဂြိုဟ်မှာ မောက်မာဝင့်ကြွားလွန်းနေ၏။

ထို့ကြောင့် သူမ၏ တာအိုဂြိုဟ်မှာ ဖိနှိပ်ချုပ်တည်း၍ မရနိုင်ပေ။ ထိုမျှသာမက ၎င်းမှာ ရှုယင်လင်း၏ ဆန္ဒအတိုင်း ပျောက်ကွယ်သွားခြင်း မရှိသည့်အပြင် ပို၍ပင် ဝင်းလက်တောက်ပလာ၏။

ထိုအခါ ရှုယင်လင်းမှာ မျက်နှာအမူအရာများ ပြောင်းလဲသွားရ၏။ တစ်ချိန်ထဲမှာပင် ကံကြမ္မာဂြိုဟ်ဆီမှလည်း မကျေမနပ်ဖြစ်နေသည့် အေးစက်စက် နှာမှုတ်သံကြီးတစ်သံ ထွက်ပေါ်လာသည်။ ထိုနှာမှုတ်သံ ထွက်ပေါ်လာသည်နှင့် စကြဝဠာကြီးတစ်ခုလုံး တွန့်လိမ်ပုံပျက်သွားကာ ကံကြမ္မာဂြိုဟ်ပေါ်၌ ဧရာမ လက်ကြီးတစ်ဖက် ပေါ်ပေါက်လာ၏။ ၎င်းမှာ ရှေ့သို့ ဆန့်ထွက်လာပြီး ရှုယင်လင်းအား လှမ်း၍ ဖမ်းဆုပ်တော့မည် ဖြစ်သည်။

ထိုလက်ကြီး ပေါ်ပေါက်လာသည်နှင့် အပြင်ဘက် စကြဝဠာကြီးထဲရှိ လူတိုင်းမှာ မည်သည့်ကျင့်ကြံခြင်းအဆင့်တွင် ရှိနေရှိနေ သူတို့၏ နှလုံးသားများ တုန်ရီသွားသည်ကို ခံစားမိလိုက်၏။ သို့ဖြစ်ရာ မျက်လုံးဖြင့်မမြင်နိုင်သည့် လက်တစ်ဖက်မှာ သူတို့၏ နှလုံးသားများကို ဆုပ်ကိုင်ထားသဖြင့် သူတို့မှာ ပြန်လည်ခုခံနိုင်စွမ်း မရှိတော့သည့်အလားပင်။

" လူကြီးမင်း " ရှုယင်လင်း၏ မျက်ဝန်းများထဲတွင်မူ ပထမဆုံးအကြိမ်အဖြစ် ကြောက်စိတ်များပေါ်ပေါက်လာ၏။ သူမ၏ တာအိုဂြိုဟ်မှာ ထို လက်ကြီးကြောင့် ထိခိုက်ပျက်စီးသွားမည် မဟုတ်ပါသော်လည်း သူမ၏ ခန္ဓာကိုယ်မှာမူ ၎င်းအား တောင့်ခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။ ထိုကဲ့သို့သော အသက်အန္တရာယ်မျိုးနှင့် ကြုံတွေ့နေရချိန်တွင် သူမသည် သူမ၏ လျှာထိပ်အား ကိုက်ကာ သွေးတစ်ပွက် ထွေးထုတ်လိုက်၏။ ထို့နောက် သူမသည် လျှို့ဝှက်ပညာရပ်တစ်ခုကိုအသုံးပြုကာ သူမ၏ တာအိုဂြိုဟ်အား ပြန်လည် သိမ်းဆည်းနိုင်ရန် ကြိုးစားလိုက်တော့သည်။

ထို လျှို့ဝှက်ပညာရပ် အလုပ်ဖြစ်သွားသောကြောင့်လား သို့မဟုတ် သူမ၏ တာအိုဂြိုဟ် ၎င်း၏ လက်ခံကောင် သေဆုံးသွားမည်ကို မလိုလားသောကြောင့်လားတော့ မသိပေ။ ထို တာအိုဂြိုဟ်ကြီးမှာ စိတ်မပါလက်မပါနှင့် ပျောက်ကွယ်စပြုလာတော့သည်။

၎င်း ပျောက်ကွယ်သွားသည်နှင့် ၎င်းအား လှမ်းဆွဲနေသည့် ဧရာမလက်ကြီးမှာလည်း မှုန်ဝါးဝါး ဖြစ်သွား၏။ ထိုလက်ကြီး လူတိုင်း၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားချိန်တွင် သူတို့အပေါ်သို့ သက်ရောက်နေခဲ့သည့် ဖိအားကြီးမှာလည်း ပျောက်ကွယ်သွား၏။

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ ထို့နောက် သူသည် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်နေသည့် ရှုယင်လင်းအား ကြည့်ကာ ခေါင်းယမ်းလိုက်သည်။

" နင်က တခြားသူတွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်နေခဲ့တဲ့အပြင် အခု တာအိုဂြိုဟ်ရဲ့ ကျေးကျွန်ဘဝကိုပါ ရောက်သွားရပြီ။ အဲဒီအပြင် နင်က ဘယ်အရာကိုမှ ထိန်းချုပ်နိုင်စွမ်းမရှိတာမလို့ အခန့်မသင့်ရင် အချိန်မရွေး စွန့်ပစ်ခံရပြီးတော့ တခြား ကျေးကျွန်းတစ်ယောက်နဲ့ အစားထိုးခံရဦးမှာ။ ရှုယင်လင်း၊ ရှုယင်လင်း။ နင့်ကိုတော့ ဘယ်ဘုရားမှ ကယ်လို့ မရတော့ဘူး။ ငါ့ကို ထပ်ပြီးတော့ ပြဿနာမရှာပါနဲ့တော့ " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် ရှုယင်လင်းအား ဂရုစိုက်နေခြင်းမရှိတော့ဘဲ လှစ်ခနဲ လှုပ်ရှားကာ ကံကြမ္မာဂြိုဟ်ဆီသို့ ဦးတည်ပျံသန်းသွားလိုက်၏။ ရှဲ့ဟေးရန်မှာလည်း သူ၏ နောက်မှ လိုက်သွားလိုက်သည်။ သူသည် နောက်သို့လှည့်ကာ ရှုယင်လင်းအား လှမ်းကြည့်လိုက်ပါသော်လည်း စကားတစ်ခွန်းမှ မပြောခဲ့ပေ။

မီးလျှံဝိညာဉ် လူမှု့အဖွဲ့အစည်း ခေါင်းဆောင်ကြီးနှင့် အခြားသူများမှာလည်း ထိုနည်းတူပင်။ သူတို့မှာ ကံကြမ္မာဂြိုဟ်ဆီသို့သာ ပျံသန်းသွားလိုက်ကြသည်။ အခြား ထာဝရကြယ်အဆင့် ကျင့်ကြံသူများမှာလည်း သူတို့၏ သက်ဆိုင်ရာသခင်လေးများ၏ ဘေးသို့ အသီးသီး ပြန်ရောက်သွားကြ၏။ စွန်းရန်မှာမူ ထွက်ခွာမသွားခင် ရှုယင်လင်းအား အေးစက်စက်မျက်ဝန်းများဖြင့် ကြည့်သွားခဲ့၏။ သို့ဖြစ်ရာ သူသည် ရှုယင်လင်းအား မျက်မုန်းကျိုးနေပြီဖြစ်ကြောင်း အထင်အရှားသိနိုင်ပေသည်။

သူတို့၏ တိုက်ပွဲကြီးအား ကြည့်ရှုရန် အာကာသထဲသို့ ရောက်ရှိလာခဲ့ကြသည့် အခြားသူများမှာလည်း အလင်းတန်းများအသွင် ပြောင်းလဲသွားပြီး ကံကြမ္မာဂြိုဟ်ဆီသို့ ဦးတည်ပျံသန်းသွားကြ၏။ ထို့ကြောင့် ရှုယင်လင်းနှင့် သူမ၏ ဘေးတွင် စုဝေးနေကြသည့် သူမ၏ တာအိုအစောင့်အရှောက်များသာလျှင် နှုတ်ဆိတ်ကာ ကျန်ရစ်ခဲ့ကြသည်။ သူတို့မှာ မျက်နှာအမူအရာ ရှုံ့မဲ့နေသည့် ရှုယင်လင်းအားကြည့်ကာ သူမ၏ နောက်တွင် ရပ်ရင်း စကားတစ်ခွန်းမှ မပြောနိုင်ကြပေ။

" ဝမ်ပေါင်လဲ့ " အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ ရှုယင်လင်း၏ မျက်နှာအမူအရာမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ သူမ၏ မျက်ဝန်းများထဲတွင်မူ နာကြည်းမှုများနှင့် မနာလိုစိတ်များဖြင့် ပြည့်နှက်နေသည်။

သူမသည် ဝမ်ပေါင်လဲ့တစ်ယောက် သူမ တာအိုဂြိုဟ်၏ ထိန်းချုပ်မှုအောက်သို့ ရောက်နေသည့်အကြောင်းနှင့် မတည်မငြိမ် ဖြစ်နေသည့် သူမ၏ အခြေအအနေအား လူအများသိသွားအောင် ထုတ်ဖော်ပြသနိုင်ခဲ့သဖြင့် နာကြည်းကာ မကျေမချမ်းဖြစ်နေရခြင်း ဖြစ်သည်။ ထို့အပြင် သူမသည် သူမ၏ တာအိုဂြိုဟ်အား ရရှိပိုင်ဆိုင်နိုင်ရန် အရာအားလုံးကို စွန့်လွှတ်ကာ အောက်ကျို့၍ တောင်းဆိုခဲ့ရပါသော်လည်း ဝမ်ပေါင်လဲ့၏ တာအိုဂြိုဟ်မှာမူ သူ့အား သခင်အဖြစ် လိုလိုလားလားသတ်မှတ်ခဲ့သောကြောင့် မနာလိုဖြစ်နေရခြင်း ဖြစ်သည်။

" ဆရာမကျိယွဲ့ ပြောတာမှန်တယ်။ ဒီကမ္ဘာကြီးက တရားမျှတမှုမရှိဘူး။ အဲဒီ မတရားမှုတွေကနေ လွတ်မြောက်ချင်တယ်ဆိုရင်၊ ကိုယ့်ရဲ့ကံကြမ္မာကို ကိုယ်ကိုယ်တိုင် ထိန်းချုပ်ခွင့်ရချင်တယ်ဆိုရင် တစ်ခုတည်းသောနည်းလမ်းက.... ဒီကမ္ဘာကြီးထဲမှာ ကြယ်သစ်စေ့တွေ စိုက်ပျိုးဖို့ပဲ " ရှုယင်လင်းမှာ ထိုသို့တွေးလိုက်ပြီးနောက် မျက်လုံးများမှိတ်ကာ သူမ၏ သိုလှောင်လက်ကောက်ထဲမှ ကျောက်စိမ်းပေလွှာတစ်ခု ထုတ်ယူလိုက်၏။ ထို့နောက် သူမသည် ၎င်းအား သူမ၏ လက်ဖဝါးထဲ၌ ထပ်တလဲလဲ ပွတ်နေလိုက်တော့သည်။

" ကြီးမားတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုရင်တောင် ငါ... ကြယ်သစ်စေ့တွေကို ဆက်ပြီးတော့ စိုက်ပျိုးနေဖို့လိုတယ် “

All Chapters