မယုံရသော မှတ်တမ်းများ
Vol. 75 Ch. 1040
ရှုယင်လင်းတစ်ယောက် ထိုသို့ စိတ်ပိုင်းဖြတ်လိုက်စဉ်မှာပင် အဆုံးနဲ့တာအိုနယ်မြေထဲ၌ အထူးနယ်မြေတစ်ခု ရှိနေ၏။ ထို နယ်မြေမှာ ပုံရိပ်ယောင် ပင်လယ်တစ်စင်းနှင့် တူပြီး မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပနေသည့် အလင်းရောင်များဖြင့် ပြည့်နှက်နေသည်။
ထိုပင်လယ်ကြီးထဲတွင် အလင်းရောင်များနှင့်အတူ စီးမျောနေသည့် အလင်းရောင်စက်လုံးတစ်လုံး ရှိနေ၏။
ထို အလင်းရောင်စက်လုံးထဲတွင်မူ သက်တံ့ရောင် အဝတ်အစားများ ဆင်မြန်းထားသည့် ရုပ်အလောင်းကြီးတစ်ခု ထိုင်နေသည်။ ထို ရုပ်အလောင်းကြီးမှာ ခြောက်သွေ့နေပြီ ဖြစ်သည့်တိုင်အောင် ၎င်းမှာ အမျိုးသမီးတစ်ယောက်၏ ရုပ်အလောင်းတစ်ခုဖြစ်ကြောင်း သိနိုင်ပေသည်။ ထို အခိုက်အတန့်တွင် ထို အမျိုးသမီး၏ မျက်ခွံများမှာ ရုတ်တရက်ဆိုသလို လှုပ်ရှားသွားပြီး သူမသည် မျက်လုံးများပွင့်လာ၏။
" ဒီလိုမှပေါ့... " သူမ၏ နှုတ်မှ ခပ်အောအော စကားသံကြီးတစ်သံ ထွက်ပေါ်လာသည်နှင့် သူမ၏ မျက်ဝန်းများမှာလည်း တောက်ပသွားသည်။
ထိုအချိန်တွင် ကံကြမ္မာဂြိုဟ်အထက်ရှိ ကောင်းကင်ယံထဲတွင်မူ အလင်းတန်းများဖြင့် ပြည့်နှက်နေသည်။ ဝမ်ပေါင်လဲ့နှင့် သူ၏အဖွဲ့မှာ အရင်ဆုံး ရှေ့သို့ ပျံထွက်သွားခဲ့သည်ဖြစ်ရာ ရှေ့ဆုံးတွင် ရှိနေ၏။ ရှဲ့ဟေးရန်၊ မီးလျှံဝိညာဉ်လူမှုအဖွဲ့အစည်း ခေါင်းဆောင်ကြီးနှင့် အခြားသူများမှာ သူ၏နောက်၌ လိုက်ပါလာကြသည်။ ဝမ်ပေါင်လဲ့မှာ ကံကြမ္မာဂြိုဟ်ထဲသို့ ဝင်ရောက်သွားသည်နှင့် ကောင်းကင်ယံထဲ၌ မျောလွင့်နေသည့် ပူစည်ဖောင်းများကို မြင်လိုက်ရသည်။
ထို ပူစည်ဖောင်း အများစုမှာ အကြည်ရောင်ဖြစ်နေကြပြီး ၎င်းတို့၏ မျက်နှာပြင်များပေါ်တွင် အသက်မပါသည့် မျက်နှာများ ရှိနေကြသည်။ ဝမ်ပေါင်လဲ့တစ်ယောက် ထို ပူစည်ဖောင်းများအား ကြည့်လိုက်သည်နှင့် ၎င်းတို့ထဲမှ ဆယ်လုံးမှာ ရုတ်တရက်ဆိုသလို ရှေ့သို့ ပျံထွက်လာကြ၏။ ၎င်းတို့မှာ တဖြည်းဖြည်းနှင့် အရွယ်အစား ကြီးမားလာကြပြီး ဝမ်ပေါင်လဲ့နှင့် သူ၏အဖွဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာနေကြပြီ ဖြစ်သည်။ နောက်ဆုံးတွင် ၎င်းတို့မှာ ရပ်တန့်သွားခြင်းမရှိဘဲ သူတို့အား ဝင်တိုက်သွားလိုက်တော့သည်။
" ဦးလေးဆရာ။ ဒါက ကံကြမ္မာဂြိုဟ်ရဲ့ စည်းမျဉ်းတစ်ခုပဲဗျ။ ဒီဂြိုဟ်ကို လာတဲ့လူတိုင်း ပူစည်ဖောင်းတွေထဲမှာ ထိုင်ပြီးတော့ အလယ်ပိုင်းဒေသကို သွားရတာ " ရှဲ့ဟေးရန်မှာ အလျင်အမြန် ရှင်းပြလိုက်၏။ ဝမ်ပေါင်လဲ့မှာလည်း သူ၏ စကားကို ကြားလိုက်ရသောအခါ အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို အဆင်သင့်ပြင်ထားသည့်တိုင်အောင် ထို ပူစည်ဖောင်းများအား ရှောင်တိမ်းနေခြင်းမရှိဘဲ သူ့အား ဝင်တိုက်သွားစေလိုက်၏။ ထိုအခါ သူတို့အဖွဲ့ထဲမှ လူတိုင်းမှာ ပူစည်ဖောင်းများ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသည်။
ထို ပူစည်ဖောင်းများမှာ ဝမ်ပေါင်လဲ့နှင့် အဖွဲ့သားများကို လွှမ်းခြုံပြီးသွားသည်နှင့် လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်မျိုး၏ ဆွဲငင်ခြင်းကို ခံလိုက်ရသည့်အလား လမ်းကြောင်းပြောင်းသွား၏။ ယခုတွင် ၎င်းတို့မှာ ကံကြမ္မာဂြိုဟ်၏ အလယ်ပိုင်းဒေသဆီသို့ ဦးတည်သွားနေကြပြီဖြစ်သည်။ တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ ကံကြမ္မာဂြိုဟ်ပေါ်သို့ ရောက်ရှိလာကြသည့် အခြားကျင့်ကြံသူများ ပူစည်ဖောင်းများ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသည့် မြင်ကွင်းကိုလည်း မြင်လိုက်ရသေးသည်။
အကယ်၍ အပေါ်စီးမှနေ၍ ကြည့်လိုက်မည်ဆိုပါက ကောင်းကင်ယံထဲရှိ မရေမတွက်နိုင်လောက်အောင် များပြားနေသည့် ပူစည်ဖောင်းများ ဒုဓလီပန်းများကဲ့သို့ အဝေးသို့ မျောလွင့်သွားနေသည့် မြင်ကွင်းကို မြင်နိုင်ပေမည်။ ဝမ်ပေါင်လဲ့မှာ ပူစည်ဖောင်းထဲသို့ ရောက်သွားသည်နှင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို အသုံးပြုနေစရာ မလိုကြောင်း သိလိုက်ရ၏။ ထို ပူစည်ဖောင်းများထဲ၌ ရပ်နေရခြင်းမှာ မြေကြီးပေါ်၌ ရပ်နေရခြင်းနှင့် အတူတူပင်ဖြစ်ရာ သူသည် တင်ပျဉ်ခွေထိုင်ချလိုက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်တော့သည်။
ကံကြမ္မာဂြိုဟ်၏ သဘာဝပတ်ဝန်းကျင်မှာ ပြည်ထောင်စုကြီး၏ သဘာဝပတ်ဝန်းကျင်နှင့် မတူပေ။ မြေပြင်ကြီးမှာ အနီရောင်ဖြစ်နေပါသော်လည်း ရွှံ့မြေများ မဟုတ်ပဲ သဲများ ဖြစ်နေ၏။ သို့ဖြစ်ရာ ၎င်းမှာ သွေးများဖြင့် ဖုံးလွှမ်းနေသကဲ့သို့ပင်။
ထို့အပြင် အပင်များမှာလည်း အနီရောင်ဖြစ်နေကြပြီး ၎င်းတို့၏ ပုံပန်းသွင်ပြင်များမှာလည်း အလွန်အင်မတန်မှ ထူးဆန်းကြ၏။ အချို့မှာ လူသားများနှင့် တူပြီး အချို့မှာ ပုံသဏ္ဍာန် အတိအကျမရှိသော ဧရာမ စက်လုံးကြီးများနှင့် တူကြသည်။ ထို့အပြင် ပင်စည်သေးငယ်ပါသော်လည်း မီတာထောင်ပေါင်းများစွာ ရှည်လျားသည့် သစ်ကိုင်းများကို ပိုင်ဆိုင်ထားသည့် သစ်ပင်များလည်း ရှိနေကြသေးသည်။
ထိုမျှသာမက အုပ်စုဖွဲ့နေထိုင်ကြသည့် လူမျိုးစုအချို့ကိုလည်း မြင်နိုင်ပေသည်။ ၎င်းတို့ထဲမှ အများစုမှာ အလွန်အင်မတန်မှ ရှေးကျပြီး ထိုမျိုးနွယ်စုဝင်များမှာ အလွန်အင်မတန်မှ ထူးဆန်းကြသည်။ အချို့မှာ မျက်လုံးတစ်လုံးတည်းရှိကြပြီး အချို့မှာဆိုလျှင် ခြေထောက်လေးချောင်းအထိ ပိုင်ဆိုင်ထားကြ၏။
မိုးကောင်းကင်ကြီးမှာမူ ဝမ်ပေါင်လဲ့ မြင်ဖူးနေသည့်အတိုင်း အပြာရောင်သာဖြစ်သည်။ သို့သော် တိမ်တိုက်များ၏ အရောင်များမှာမူ အနက်ရောင်ဖြစ်နေ၏။ သို့သော် ၎င်းတို့မှာ ကမ္ဘာဂြိုဟ်ပေါ်ရှိ တိမ်မည်းကြီးများကဲ့သို့ မဟုတ်ဘဲ လုံးဝ နက်မှောင်နေခြင်း ဖြစ်သည်။ ကောင်းကင်ယံထဲ၌ ပြည့်နှက်နေကြသည့် ထို တိမ်တိုက်များမှာ ထူးဆန်းလွန်းလှသလို ဖိနှိပ်အားများကိုလည်း ထုတ်လွှတ်နေသေးသည်။
ထို့အပြင် ကောင်းကင်ယံထဲ၌ မကြာခဏဆိုသလို ပေါ်ပေါက်လာတတ်သည့် လင်းနို့များနှင့် တူသော သားရဲကြီးများလည်း ရှိသေးသည်။ ၎င်းတို့ အားလုံးမှာ လျှပ်စီးတန်းများကဲ့သို့ မြန်ဆန်နေကြသောကြောင့် သာမန်ကာလျှံကာ ကြည့်လိုက်မည်ဆိုပါက ၎င်းတို့အား အနက်ရောင် လျှပ်စီးတန်းများအဖြစ် အမြင်မှားသွားနိုင်ပေသည်။
သို့သော် ထို သားရဲကြီးများမှာ ပူစည်ဖောင်းများအား အလွန်အင်မတန်မှ ကြောက်ရွံ့ကြသည့်ပုံပင်။ ၎င်းတို့မှာ ထို ပူစည်ဖောင်းများအား မြင်လိုက်ရသည်နှင့် ၎င်းတို့၏ အဝေးသို့ အလျင်အမြန် ရှောင်တိမ်းသွားကြသည်သာ ဖြစ်သည်။
ထိုမျှလောက်သာဆိုပါက ရေးကြီးခွင်ကျယ်မဟုတ်ပေ။ သို့သော် ဝမ်ပေါင်လဲ့နှင့် အဖွဲ့သားများ လိုက်ပါစီးနင်းလာကြသည့် ပူစည်ဖောင်းများ ကောင်းကင်ယံထဲ၌ မျောလွင့်နေစဉ် ဝမ်ပေါင်လဲ့မှာ အနက်ရောင် တိမ်တိုက်များထဲမှ အကြေးခွံများ ဖုံးလွှမ်းနေသည့် လက်ကြီးတစ်ဖက် ရုတ်တရက်ဆိုသလို ဆန့်ထွက်လာသည်ကို မြင်လိုက်ရသည်။ ၎င်းမှာ ကောင်းကင်ယံထဲ၌ ပျံသန်းနေကြသည့် သားရဲကြီးများထဲမှ အချို့အား ဖမ်းဆုပ်ကာ တိမ်တိုက်များထဲသို့ ဆွဲခေါ်သွား၏။ ထို့နောက် ခဏအကြာတွင် ထို တိမ်တိုက်များထဲမှ တစ်စုံတစ်ခုအား ဝါးစားနေသည့် အသံများ ထွက်ပေါ်လာတော့သည်။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။ လေထဲ၌ ပျံသန်းနေကြသည့် သားရဲကြီးများမှာ အလွန်အမင်း အစွမ်းမထက်ပါသော်လည်း တိမ်တိုက်များထဲမှ ထွက်ပေါ်လာသည့် လက်ကြီးမှာမူ ဝမ်ပေါင်လဲ့အား တုန်လှုပ်ချောက်ချားသွားစေသည်။ သူသည် ၎င်းမှာ ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်ထက်ပင် ပို၍အစွမ်းထက်သည်ဟု ခံစားလိုက်ရ၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကံကြမ္မာဂြိုဟ်အား ပို၍ပင်အထင်ကြီးသွားရသလို တစ်ချိန်တည်းမှာပင် နှလုံးသားထဲတွင်လည်း ထူးဆန်းသော ခံစားချက်တစ်မျိုး ပေါ်ပေါက်လာရ၏။ သူ ထို ပူစည်ဖောင်းထဲ၌ ရက်အနည်းငယ်ခန့် လိုက်ပါသွားလိုက်ပြီးနောက် မြေပြင်ပေါ်၌ ဧရာမ သားရဲကြီးများကို မြင်လိုက်ရချိန်တွင် ထိုခံစားချက်ကြီးမှာ ပို၍ပင် အားကောင်းလာရသည်။
ထို သားရဲကြီးများမှာ ဆင်များနှင့် ဆင်တူပါသော်လည်း ၎င်းတို့၏ နှာမောင်းများမှာ အလွန်အင်မတန်မှ တိုတောင်း၏။ ၎င်းတို့မှာ မြေပြင်ပေါ်တွင် လဲလျောင်းနေကြရင်း ကောင်းကင်ကြီးအား မော့ကြည့်၍ အဆက်မပြတ် အော်ဟစ်မြည်တမ်းနေကြသည်။ ၎င်းတို့၏ အော်သံများမှာ မချိတင်ကဲဝေဒနာများကို ခံစားနေရသည့် ငိုကြွေးသံများနှင့် ဆင်တူကာ ၎င်းတို့ ထိုသို့ အော်ဟစ်လိုက်သည့်အချိန်တိုင်း ၎င်းတို့၏ နှာခေါင်းပေါက်များထဲမှ ပူစည်ဖောင်းများ ထွက်ပေါ်လာပြီး လေထဲသို့ မျောလွင့်သွားကြသည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအားမြင်လိုက်ရသောအခါ မျက်စိ ပေကလတ်ပေကလတ် ဖြစ်သွား၏။ သူ၏ အမြင်တွင် ထို ပူစည်ဖောင်းများမှာ သူ လိုက်ပါစီးနင်းလာသည့် ပူစည်ဖောင်းကြီးနှင့် တထေရာတည်း တူနေသည်မဟုတ်ပါလော။
တစ်ချိန်တည်းမှာပင် သူသည် ထို သားရဲကြီးများ အော်ဟစ်မြည်တမ်းနေရသည့် အကြောင်းရင်းကိုလည်း သိလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော ၎င်းတို့၏ ခန္ဓာကိုယ်များပေါ်ရှိ အနက်ရောင် အစက်အပြောက်များမှာ ကျုံ့ဝင်သွားလိုက် ပြန်၍ ကြီးမားလာလိုက် ဖြစ်နေသောကြောင့်ပင်။
သူသည် သေသေချာချာ အကဲကြည့်ရှုလိုက်သဖြင့် ထို အနက်ရောင် အစက်အပြောက်များအား မရေမတွက်နိုင်လောက်အောင် များပြားသည့် အသေးစား ပိုးကောင်လေးများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ ထိုပိုးကောင်လေးများ ကိုက်သည့်အချိန်တိုင်း သားရဲကြီးများမှာလည်း အော်ဟစ်မြည်တမ်းလိုက်ကြသည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအားမြင်လိုက်ရသောအခါ မျက်လုံးများ မှေးသွားပါသော်လည်း စကားတစ်ခွန်းမှ မပြောပေ။ အခြားသူများမှာလည်း ပူစည်ဖောင်းများထဲ၌ ရောက်နေကြသည်ဖြစ်ရာ အသံတစ်သံမှ မထွက်ကြပေ။ သူတို့ထဲမှအများစုမှာ ကံကြမ္မာဂြိုဟ်၏ ထူးဆန်းသော အချက်များကို သိရှိထားကြပြီဖြစ်ရာ အမူအရာများ ပြောင်းလဲသွားကြခြင်း မရှိပေ။ သို့သော် ဝမ်ပေါင်လဲ့ကဲ့သို့ ဤနေရာသို့ ယခုမှ ပထမဆုံးအကြိမ်အဖြစ် ရောက်ဖူးသည့် ကျင့်ကြံသူများမှာမူ မျက်နှာအမူအရာများ ပြောင်းလဲသွားရသည်သာ ဖြစ်သည်။
ထိုသို့ဖြင့် နှစ်ရက်တိတိ ကုန်ဆုံးပြီးသွားချိန်တွင် မြေပြင်ကြီး၏ အရောင်မှာ ပြောင်းလဲသွား၏။ ၎င်းမှာ အနီရောင်မဟုတ်တော့ဘဲ ရွှေရောင်သဲများ ဖြစ်နေပြီဖြစ်သည်။ ထို အရောင်နှစ်ရောင် ကြားရှိ နယ်စပ်ဒေသတွင် ဝမ်ပေါင်လဲ့မှာ ပို၍ပင်ထူးဆန်းသည့် မြင်ကွင်းတစ်ခုအား မြင်ခဲ့ရ၏။
ထို နယ်စပ်ဒေသမှာ အတည်တကျမရှိဘဲ ပင်လယ်လှိုင်းများကဲ့သို့ ဖြစ်နေ၏။ တစ်ခါတစ်ရံတွင် အနီရောင်သဲပြင်ကြီးမှာ ပို၍ ကြီးမားတတ်ပြီး တစ်ခါတစ်ရံတွင် ရွှေရောင်သဲပြင်ကြီးမှာ ပို၍ ကြီးမားတတ်ပေသည်။ သေသေချာချာ ကြည့်လိုက်မည်ဆိုပါက ထို နယ်စပ်ဒေသမှာ ပင်လယ်တစ်စင်း မဟုတ်ဘဲ ခြေလက်များပါသည့် သဲပြင်ကြီးနှစ်ခု အချင်းချင်း အပြန်အလှန် တိုက်ခိုက်နေကြခြင်းဖြစ်ကြောင်း မြင်လိုက်ရမည်ဖြစ်သည်။
အကယ်၍ အနီရောင်သဲပြင်ဘက်မှ အသာစီးရပါက ၎င်းမှာ ရွှေရောင်သဲပြင်ထဲသို့ ကျူးကျော်လာသည်ဖြစ်သလို ရွှေရောင်သဲပြင်ဘက်မှ အသာစီးရပါကလည်း ၎င်းမှာ အနီရောင်သဲပြင်ထဲသို့ ကျူးကျော်သွားသည်သာဖြစ်သည်။ သို့သော် ၎င်းတို့၏ စစ်ပွဲကြီးမှာ ပြီးဆုံးသွားခြင်းမရှိဘဲ ထာဝစဉ် ရှိနေမည့်ပုံပင်...
" အံ့သြဖို့ကောင်းလိုက်တဲ့ ကံကြမ္မာဂြိုဟ်... " ပူစည်ဖောင်းကြီး ရွှေရောင်သဲပြင်ပေါ်မှ ဖြတ်၍ ပျံသန်းသွားနေစဉ် ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ရေရွတ်မိလိုက်၏။ ခဏအကြာတွင် သူသည် ခပ်လှမ်းလှမ်း၌ ဧရာမ မြွေကြီးတစ်ကောင် တွားသွားနေသည်ကို မြင်လိုက်ရသည်။
ထို မြွေကြီးမှာ ပေသောင်းဂဏန်းအထိ ရှည်လျားပြီး ၎င်း၏ ခန္ဓာကိုယ်မှာလည်း အလွန်အင်မတန်မှ တုတ်ခိုင်၏။ ထို့ကြောင့် ၎င်းမှာ ကုန်းမြေစိုင်ကြီးတစ်ခုနှင့်ပင် ဆင်တူနေသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင်လည်း တောင်တန်းများ၊ ရေကန်များသာမက ဂေဟာပေါင်း မြောက်မြားစွာလည်း ရှိနေသေးသည်။
ထို ဧရာမ မြွေကြီး၏ ကျောကုန်းပေါ်တွင် ကျင့်ကြံသူပေါင်းမြောက်မြားစွာ ရှိနေကြ၏။ ဝမ်ပေါင်လဲ့၏ ပူစည်ဖောင်းကြီး ထို မြွေကြီး၏ အပေါ်မှ ဖြတ်ပျံသွားချိန်တွင် ၎င်း၏ ကျောကုန်းပေါ်တွင်ရှိနေသည့် ကျင့်ကြံသူအများစုမှာ ၎င်းအား သတိထားမိလိုက်ကြသဖြင့် လှမ်းကြည့်လိုက်ကြ၏။
လေထဲတွင်ရှိနေသည့် ဝမ်ပေါင်လဲ့မှာလည်း ခေါင်းငုံ့ကာ အောက်သို့ လှမ်းကြည့်လိုက်သည်။ ထိုအချိန်တွင် သူသည် ထို ဧရာမမြွေကြီး၏ ကျောကုန်းပေါ်ရှိ ကျင့်ကြံသူပေါင်း မြောက်မြားစွာထဲမှ သူ ရင်းရင်းနှီးနှီး မြင်ဖူးနေသည့် အမျိုးသမီး ကျင့်ကြံသူတစ်ယောက်ကို မြင်လိုက်ရ၏။
သူမသည် အပြာရောင် ဝတ်ရုံရှည်တစ်ခုကို ဆင်မြန်းထားပြီး လှပသော မျက်နှာဖုံးတစ်ခုကို တပ်ထားသည်။ ထို့အပြင် သူမသည်လည်း ဝမ်ပေါင်လဲ့အား လှမ်းကြည့်နေသည်။
သူတို့နှစ်ယောက် အကြည့်ချင်း ဆုံသွားချိန်တွင် ဝမ်ပေါင်လဲ့၏ ပူစည်ဖောင်းကြီး အပါအဝင် အခြား ပူစည်ဖောင်းများ အားလုံးမှာ အရှိန်မြှင့်တင်ကာ ထို ဧရာမမြွေကြီးဆီသို့ ဦးတည်ပျံသန်းသွားကြ၏။ ၎င်းတို့မှာ ယခင်တုန်းကထက် အများကြီးပို၍ မြန်ဆန်လာသောကြောင့် ထို ဧရာမမြွေကြီးအား ချက်ချင်းလိုက်မီသွားသည်။ ထို ပူစည်ဖောင်းများမှာ ဧရာမမြွေကြီးပေါ်သို့ ရောက်လာသည်နှင့် ပေါက်ကွဲသွားကြသဖြင့် ၎င်းတို့ထဲတွင် လိုက်ပါစီးနင်းလာကြသည့် ကျင့်ကြံသူများမှာလည်း ဧရာမမြွေကြီး၏ ကျောကုန်းပေါ်သို့ ဆင်းသက်လာတော့သည်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားလိုက်၏။ ထို ပူစည်ဖောင်းများ ပေါက်ကွဲသွားချိန်တွင် သူသည် ဧရာမမြွေကြီး၏ ကျောကုန်းပေါ်ရှိ တောင်တစ်လုံး၏ ထိပ်တွင် မတ်တတ်ရပ်နေပြီဖြစ်သည်။ ရှဲ့ဟေးရန်မှာ သူ၏နောက်တွင် ရှိနေပြီး သူ့ဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်၏။
" ဦးလေးဆရာ။ အဲဒီ ပူစည်ဖောင်းတွေထဲမှာ ရှိနေရင် ကျွန်တော်တို့ရဲ့ နတ်ဘုရားအာရုံတွေကို ထုတ်လွှတ်လို့မရဘူး။ ဒီ ဧရာမမြွေကြီးကို ကျဲ့လင်လို့ ခေါ်တယ်။ သူက မီးတောက်ကြယ်စင်စုရဲ့ နတ်နွားကြီးနဲ့ အဆင့်အတန်း အတူတူပဲ။ ကံကြမ္မာဂြိုဟ်ပေါ်မှာရှိတဲ့ ရှေးဟောင်းသားရဲကြီး သုံးဆယ့်ကိုးကောင်ထဲက တစ်ကောင်ဆိုရင်လည်းဟုတ်တယ်။ ကျွန်တော်တို့တွေ ကျန်တဲ့ခရီးစဉ်တစ်ခုလုံးအတွက် ဒီ ဧရာမမြွေကြီးရဲ့ ကျောကုန်းပေါ်မှာပဲ နေရတော့မှာ "
" ဒီ ဧရာမမြွေကြီး သူ့ရဲ့ခရီးပန်းတိုင်ဆီ ရောက်တဲ့နေ့က မွေးနေ့ပွဲ စမယ့်နေ့ပဲ။ ပုံမှန်အတိုင်းဆိုရင်တော့ ကျွန်တော်တို့တွေ နောက်ထပ်လဝက်နေရင် ရောက်မှာ "
ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ အသက်ပြင်းပြင်းရှူမိသွား၏။ သူသည် ဧရာမမြွေကြီး ရှေ့သို့ တွားသွားနေသဖြင့် သူ၏ အောက်ရှိ ကုန်းမြေစိုင်ကြီး တုန်ရီနေသည်ကို အာရုံခံမိနေသည်။ ထို့အပြင် သူသည် ထို ဧရာမမြွေကြီး ထုတ်လွှတ်နေသည့် စွမ်းအင်လှိုင်းများကိုလည်း ခံစားမိလိုက်သဖြင့် မှင်တက်သွားရ၏။
" ဒီဂြိုဟ်ပေါ်မှာ နတ်နွားကြီးနဲ့တူတဲ့ သတ္တဝါ သုံးဆယ့်ကိုးကောင် တကယ်ရှိတာလား။ ကောင်းကင်ဘုံဓမ္မသခင်ကြီးက တကယ်ပဲ ကံကြမ္မာစာအုပ်ရဲ့ အဆောင်ဝိညာဉ် ဖြစ်နေမယ်ဆိုရင် အဲဒီ ကံကြမ္မာစာအုပ်ရဲ့ မူလဇာစ်မြစ်က ဘာလဲ "
ရှဲ့ဟေးရန်မှာ ထိုမေးခွန်းများကို ကြားလိုက်ရသောအခါ တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွား၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့ဆီသို့ အသံလွင်အကြောင်းကြားစာတစ်စောင် ထပ်၍ ပေးပို့လိုက်သည် " ရှဲ့မိသားစုရဲ့ ရှေးဟောင်းမှတ်တမ်းတွေထဲမှာ မှတ်တမ်းတစ်ခု ရှိတယ်။ ကျွန်တော်ကတော့ အဲဒီမှတ်တမ်းက လုံးဝ အဓိပ္ပါယ်မရှိဘူးလို့ ထင်တာပဲ။ ရှဲ့မိသားစုရဲ့ ခေါင်းဆောင်ကြီးတောင်မှ အဲဒီမှတ်တမ်းကို ယုံတာ မဟုတ်ဘူး... "
" အဲဒီ မှတ်တမ်းထဲမှာ ရေးထားတာက.... ကျွန်တော်တို့ရဲ့ စကြဝဠာကြီးက အတိတ်မှာ ဖြစ်ပျက်ပြီးသွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုတဲ့။ အရင်တုန်းက အမှောင်ဂိုဏ်းပဲဖြစ်ဖြစ်၊ လက်ရှိ အဆုံးမဲ့မျိုးနွယ်စုပဲဖြစ်ဖြစ် သူတို့တွေ အကုန်လုံးကလည်း အတိတ်မှာ ကျန်ခဲ့ပြီတဲ့။ အဲဒီ အကြောင်းတွေ အကုန်လုံးကိုလည်း ကံကြမ္မာစာအုပ်ထဲမှာ မှတ်တမ်းတင်ထားပြီးသားတဲ့ "
" တခြားတစ်နည်းနဲ့ ပြောရမယ်ဆိုရင်... ကျွန်တော်တို့တွေက တကယ်မရှိဘူးဆိုတဲ့ သဘောပေါ့ဗျာ။ အဲဒါ အဓိပ္ပါယ်မရှိဘူးလို့ ဦးလေးဆရာ မထင်ဘူးလား " ရှဲ့ဟေးရန်မှာ ထိုသို့ ဆိုလိုက်ပြီးနောက် ခေါင်းယမ်းလိုက်၏။