← Chapters

ပွဲကြီးပွဲကောင်းပဲ ၊ သဘောကျစရာကောင်းတယ်

Vol. 73 Ch. 1017

ပွဲကြီးပွဲကောင်းပဲ ၊ သဘောကျစရာကောင်းတယ်

Vol. 73 Ch. 1017

အခန်း (၁၀၁၇) ပွဲကြီးပွဲကောင်းပဲ ၊ သဘောကျစရာကောင်းတယ်

“တောင်တံခါးဖွင့်ပွဲအခမ်းအနားကို လူတွေဘယ်လောက်များများလာကြမလဲ မသိနိုင်ဘူး...”

ရန်ကျောက်ကဲ စိတ်ထဲမှတွေးလိုက်ပြီး ပြင်ဆင်မှုများကို ထပ်မံတွက်ချက်လိုက်သည်။

တိုက်ခိုက်မည့်တိုက်ပွဲတစ်ခုအတွက် လုံလောက်သောယုံကြည်ချက်မရှိခြင်းမှာ ရန်ကျောက်ကဲအတွက် ရှားပါးဖြစ်ရပ်တစ်ခု ဖြစ်သည်။

နောက်ဆုံးအခိုက်အတန့်အထိ ရန်သူမည်မျှရှိမည် ၊ မည်သို့သောရန်သူဖြစ်မည် ၊ မိမိဘက်မှ ကူညီသူမည်မျှရှိမည်ကို မသိနိုင်သောအခြေအနေဖြစ်သည် မဟုတ်ပါလား။

ပတ်သက်နေသည့်အချက်အလက်များက များပြားလွန်းပြီး လက်ထဲတွင်ရှိနေသော အချက်အလက်များက နည်းပါးသောကြောင့် ကိစ္စရပ်များစွာက ရှင်းလင်းပြတ်သားခြင်း မရှိလှပေ။

ဥပမာဆိုရသော် သူ၏မိခင်နှင့်ခင်မင်ရင်းစွဲရှိသော အရှေ့မြောက်ထိပ်တန်အရှင်သခင်က သူ့ကို အကူအညီပေးပါမည်လားဆိုသည့်အချက်ကို လုံးဝမသိရသေးပေ။

ပြီးတော့ အရှေ့မြောက်ထိပ်တန်းအရှင်သခင်နှင့် တောင်ပိုင်းထိပ်တန်းအရှင်သခင်အကြား ခင်မင်ရင်းနှီးမှုမရှိသလို ပဋိပက္ခလည်း မရှိပေ။

တစ်ဖက်လူက အဘယ့်ကြောင့် ဝါဒတောင်ကို ကူညီရပါမည်နည်း။

ထို့ပြင် ချင်းယွမ်ဧကရာဇ်၏ ဖိအားကလည်း ရှိနေသေးသည်။

အရှေ့မြောက်ထိပ်တန်းအရှင်သခင်က အကြောင်းပြချက်ကောင်းကောင်းမရှိပါဘဲ ချင်းယွမ်ဧကရာဇ်ကို ဆန့်ကျင်ပါမည်လား။

ထို့ပြင် အရှေ့မြောက်ထိပ်တန်းအရှင်သခင်နှင့် ရွှယ်ချူးချင်ကြားဆက်ဆံရေးကို လူသိများသွားပါက အရှေ့ပိုင်းထိပ်တန်းအရှင်သခင် ၊ အနောက်ပိုင်းထိပ်တန်းအရှင်သခင်နှင့် အနောက်မြောက်ထိပ်တန်းအရှင်သခင်တို့သည်လည်း သူ့ကိုပြဿနာရှာလာနိုင်သည်။

ဤအကြောင်းအရာများက အတိအကျမဟုတ်သေးသည့်တိုင် ရန်ကျောက်ကဲအနေဖြင့် ၎င်းတို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်နေသေးသည်။

ဤသို့သော အခြေအနေများကို အကြမ်းဖျင်းနားလည်သဘောပေါက်ထားသည့်တိုင် အတော်လေးမိုက်မဲသည့်မှန်းဆချက်များကိုလည်း စိတ်ကူးကြည့်နိုင်သည်။

သတင်းအချက်အလက်နည်းပါးခြင်း ၊ လုံးဝမသိရှိသည့်အကြောင်းအရာများလည်းရှိနေခြင်းတို့ကြောင့် မည်သည့်အချိန်တွင်မဆို ရန်ကျောက်ကဲ မျှော်လင့်ထားသည်ထက် ကျော်လွန်သွားနိုင်သော အဖြစ်အပျက်များလည်း ရှိလာနိုင်သည်။

ဥပမာအားဖြင့် - သူ၏မိခင်နှင့်ပတ်သက်သည်များ ၊ သူပိုင်ဆိုင်သော ယိုးမင်ဂမ္ဘီရစက်ဝန်း ၊ ကွယ်လွန်သူ ယိုးမင်ဂမ္ဘီရဧကရာဇ်တို့နှင့်ပတ်သက်ပြီး အထက်ဘုံကမ္ဘာမှ ဧကရာဇ် (၃)ပါး၏ ထင်မြင်ယူဆချက်များက မည်သို့ရှိပါသနည်း။

ပိုးသားဧကရာဇ်နှင့် ချင်းယွမ်ဧကရာဇ်မှလွဲပြီး အခြားသော အုပ်စိုးရှင် (၅)ပါး၏ရည်တည်ချက်သည်လည်း မည်သို့ရှိမည်နည်း။

ထို့ပြင် ထိပ်တန်းအရှင်သခင် (၁၀)တွင် ကျန်ရှိသော အရှင်သခင်များ၏ ရပ်တည်ချက်က မည်သို့နည်း။

ကိုယ့်ကိုယ်ကိုယ်သိရှိသလို ရန်သူများအကြောင်းမသိရှိပါက လက်ရှိ ကောက်နုတ်ချက်များအားလုံးက မှားယွင်းနေမည် ဖြစ်သည်။

သို့သော် ရန်ကျောက်ကဲက တုန်လှုပ်ခြင်းလည်းမရှိသလို ကြောက်ရွံ့ခြင်းလည်းမရှိဘဲ အဆက်မပြတ်ပင် သူ၏အစီအစဉ်အတိုင်း လုပ်ဆောင်နေခဲ့သည်။

ချန်လှပ်ထားခြင်း ၊ ချို့ယွင်းချက်ပါရှိခြင်း တစ်စုံတစ်ရာမရှိဘဲ အကောင်းဆုံးလုပ်ဆောင်ခြင်းက အောင်မြင်ခြင်း၏ အခြေခံအုတ်မြစ် ဖြစ်သည်။

ဤအကြောင်းအရာကို အခြေခံပြီး နောက်ထပ်အစီအစဉ်များ ထပ်မံရေးဆွဲထားခဲ့သည်။

သို့မှသာ လုံးဝမထင်မှတ်ထားသော အပြောင်းအလဲများရှိလာပါက အစီအစဉ်တစ်ခုမှတစ်ခုသို့ လိုက်လျောညီထွေစွာ ပြောင်းလဲနိုင်ပေမည်။

ပိုးသားဧကရာဇ်က ကတိပြုထားသည့်အတိုင်း ကူညီမည်ဆိုပါက အရာအားလုံးက အဆင်ပြေလွယ်ကူသွားမည် ဖြစ်၏။

“ဘာပဲဖြစ်ဖြစ် ကိုယ့်အားကိုယ်ကိုးဖို့ပဲ ကြိုးစားရမှာပဲ”

အ‌တွေးနှင့်အတူ ရန်ကျောက်ကဲက ယိုးမင်ဂမ္ဘီရစက်ဝန်းကို လှမ်းကြည့်လိုက်သည်.

ဤပစ္စည်းအတွက် ရန်ကျောက်ကဲ ရတနာပစ္စည်းများစွာ ရင်းနှီးမြှုပ်နှံခဲ့ရသည်။ ဤအရာကြီးက အမှန်တကယ် ဖြုန်းတီးလွန်းသည့် ပစ္စည်းကြီးသာပင်။

ဤပစ္စည်း အခြေခံအုတ်မြစ်ချရန်အတွက် ယိုးမင်ဧကရာဇ်ယင်ထျန်းရှ အသုံးပြုခဲ့သော ယိုးမင်တစ္ဆေမီးအိမ်ကို ထည့်မတွက်ဘဲ ရန်ကျောက်ကဲလက်ထဲရောက်လာပြီးနောက်ပိုင်း အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်း အတော်များများကို စားသုံးပစ်ခဲ့သည်။

နေလစကြာအပြင် ငါးရောင်ခြယ်ဇာမဏီယပ်တောင် ၊ နဂါးအမြီးကာပွတ် ၊ မီးတောက်ဓား ၊ မိုးမြေပြောင်းပြန်ပုဆိန် ၊ နဂါးနက်ကြာပွတ်နှင့် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်မှ ရရှိခဲ့သည့် အခြားသော အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်း (၂)ခုဖြစ်သော အစစ်အမှန်ခုတ်ပိုင်းဓား ၊ အလင်းမှုံသဏ္ဌန်မဲ့ချပ်ဝတ်တို့အားလုံးကို ယိုးမင်မ္ဘီရစက်ဝန်းအား သန့်စင်ရန်အတွက် ရန်ကျောက်ကဲ အသုံးပြုခဲ့ရသည်။

ဤ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းများတွင်ပါဝင်သော သိုင်းပညာအယူအဆများသည် ထိပ်တန်းအဆင့် ထူးခြားလွန်းလှသည်။ သို့သော် ထိုသိုင်းပညာအများစုကို ယိုးမင်ဂမ္ဘီရစက်ဝန်းက လိုအပ်ခြင်း မရှိခဲ့ပေ။

ရန်ကျောက်ကဲက ထိုပစ္စည်းများကို ကြားခံများအဖြစ် အသုံးပြုပြီး သူတတ်ကျွမ်းသည့် ထိပ်တန်းသိုင်းပညာအမျိုးမျိုးကို အသုံးပြုကာ ယိုးမင်ဂမ္ဘီရစက်ဝန်းကို သန့်စင်ခဲ့သည်။

ထို့ပြင် အစောပိုင်းကတည်းကပင် ဝါးမျိုခံလိုက်ရသော ရွှေကျီးကန်းကောင်းကင်ဓားနှင့် ခရမ်းရောင်ပင်လယ်ဓားတို့လည်း ရှိသေးသည်။

ရန်ကျောက်ကဲနှင့်အတူ တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်မှ ယူလာသော အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်း (၁၀)မျိုးအနက် အလင်းရောင်တာအိုဝတ်ရုံ ၊ ဇာမဏီသံစဉ်သရဖူတို့သာကျန်ရစ်ခဲ့ပြီး သူ့တွင်နဂိုရှိရင်းစွဲဖြစ်သော ခရမ်းရောင်နေစက်ဝန်းနှင့် မိုးမြေပြောင်းပြန်ပုဆိန်ကိုပါ အသုံးပြုခဲ့ရသည်။

သို့သော် ပေးဆပ်ရသည်မှာ တန်ပါသည်။

အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်း (၁၀)ခု မစွမ်း‌ဆောင်နိုင်သော အလုပ်များကို သူ့အရှေ့မှ အဖိုးတန်ရတနာပစ္စည်းကြီးက ပြုလုပ်နိုင်ပေသည်။

၎င်းကို အပြည့်အဝအောင်မြင်စွာ မသန့်စင်ရသေးသော်လည်း ဤပစ္စည်းက ရန်ကျောက်ကဲ၏အစီအစဉ်များတွင် အလွန်အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်မည် ဖြစ်၏။

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း ရုတ်တရက်ပြုံးလိုက်သည်။

“ပွဲကြီးပွဲကောင်းပဲ ၊ သဘောကျစရာကောင်းတယ်”

“ကံဆိုးဖို့ပဲဖြစ်ဖြစ် ကံကောင်းဖို့ပဲဖြစ်ဖြစ် မြန်မြန်လာတော့ကွာ... ငါ မစောင့်နိုင်တော့ဘူး”

နောက်ရက်များတွင်တော့ ရန်ကျောက်ကဲက များပြားလှစွာသော ပြင်ဆင်မှုများပြုလုပ်ရင်း ကိုယ်တိုင်လည်း ဆက်လက်ကျင့်ကြံနေခဲ့သည်။

ထိုအချိန်မှာပင် ပြင်ပကမ္ဘာက သိရှိခြင်းမရှိသော ဝါဒတောင်၏ တတိယမြောက် အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက် ထွက်ပေါ်လာခဲ့သည်။

ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည် နောက်ဆုံးမှာတော့ သူ၏ခန္ဓာကိုယ်တွင်းစကြာဝဠာ ကြယ်စင်ပတ်လမ်းများကို အောင်မြင်စွာသိမြင်နိုင်ခဲ့ပြီး သွေးကြောဆုံချက်များအားလုံး ပွင့်လင်းကာ နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ ရောက်ရှိလာခဲ့သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ပင်မခန္ဓာကိုယ်ဖြစ်သော ရန်ကျောက်ကဲရရှိခဲ့သည့် အတွေ့အကြုံများမှတစ်ဆင့် သူ၏ကိုယ်ပွားသည်လည်း ကျင့်ကြံခြင်းတစ်ဆို့မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။

ယခု ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက တူညီသော ကျင့်ကြံခြင်းအဆင့်တွင် ရှိနေသော်လည်း ကိုယ်ပွား၏တန်ခိုးစွမ်းအားကတော့ ရန်ကျောက်ကဲကိုယ်တိုင်ထက် နိမ့်ကျသည်။

သို့သော် ရန်ကျောက်ကဲတွင် သူ၏ကိုယ်ပွားနှင့်ပတ်သက်ပြီး မည်သို့ပြုလုပ်ရမည်ကို အတွေးတစ်ခု ရှိထားသည်။

ခွန်ဖိန် ၊ နဂါးအစစ်အမှန် ၊ တောင်းတျဲ ၊ ဖီရှိုး ၊ ပိဖန်းတို့၏ တန်ခိုးစွမ်းအားများအပြင် ရန်ကျောက်ကဲက ရွှေကျီးကန်း၏တန်ခိုးစွမ်းအားဖြင့်လည်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားအား ပေါင်းစပ်ပေးထားသည်။

များပြားလှသောတန်ခိုးစွမ်းအားများနှင့် ရတနာပစ္စည်းများက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားအား ရှေ့သို့ရောက်အောင် မြှင့်တင်ပေးပြီး သူ၏တန်ခိုးစွမ်းအားကို အဆင့်တစ်ခုရောက်အောင် ခုန်တက်သွားစေသည်။

အရင်က ရန်ကျောက်ကဲတွေးထားသောအတွေးများက တဖြည်းဖြည်းနီးစပ်လာသည့်အလားပင်။

ထိုသို့ဖြင့်...

အချိန်များတရွေ့ရွေ့ကုန်ဆုံးသွားပြီး ဝါဒတောင် တရားဝင်ဖွင့်လှစ်မည့် ဖွင့်ပွဲအခမ်းအနား ကျင်းပမည့်ရက် နီးကပ်လာသည်။

ထိုအချိန် သတင်းတစ်ခု ရောက်ရှိလာသည်။

ပိုးသားဧကရာဇ် ပြန်ရောက်လာပြီးသိပ်မကြာမီ ချင်းယွမ်ဧကရာဇ်လည်း အထက်ဘုံကမ္ဘာသို့ပြန်ရာက်လာသည်ဆိုသော သတင်းပင် ဖြစ်၏။

***

“ချန်းဧကရာဇ် အထက်ဘုံကမ္ဘာကိုပြန်ရောက်လာပြီလား...”

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ။

ချင်းဖိန်တောင် ၊ ရှုခင်းသာတောင်ထွတ်ရှိ စီးဆင်းကောင်းကင်မိုးကုတ်စက်ဝိုင်း။

ကျောက်ဂူအိမ်တော်ထဲတွင် ချောမောသောလူငယ်တစ်ယောက် ပျင်းရိစွာလဲလျောင်းနေသည်။ သို့တိုင် သူ့ပုံစံက ကျက်သရေနှင့်ပြည့်နေဆဲပင်။

ကျောက်ဂူအိမ်တော်တွင် ဤသို့သောအပြုအမူဖြင့်နေထိုင်သူမှာ ဤနေရာ၏အရှင်သခင် လုန်ချွမ်ဧကရာဇ် ‘လုန်ရှင်းချွမ်’ မှလွဲပြီး အခြားသူမဟုတ်ပေ။

သူက ယွိချင်အဆက်အနွယ်တစ်ယောက်ဖြစ်သော်လည်း စန့်ချင်အဆက်အနွယ်နောက်သို့ လိုက်ပါလာသူ ဖြစ်သည်။

သူ့အရှေ့မှာတော့ ဆံပင်ဖြူများနှင့် အဘိုးအိုတစ်ယောက် မတ်တတ်ရပ်နေသည်။

ထိုသူက ချင်းဖိန်တောင် ၊ ရှောက်ပိုင်တောင်ထွတ်၏အရှင်သခင်ဖြစ်ပြီး လုန်ချွမ်ဧကရာဇ်၏ အကြီးဆုံးသားလည်း ဖြစ်သော ‘‌ကောင်းရွှယ်ပေါ်’ ဖြစ်၏။

သူက ခေါင်းညိတ်ရင်း...

“ဟုတ်တယ် အဖေ ၊ ချင်းယွမ်ဧကရာဇ် အထက်ဘုံကမ္ဘာကိုပြန်ရောက်နေပြီ”

လုန်ချွမ်ဧကရာဇ်က ပြုံးလိုက်ရင်း...

“သူက ဝါဒတောင်အတွက် အကြီးမားဆုံးခြိမ်းခြောက်မှု ဖြစ်လာနိုင်တယ်”

သူက ဆက်ပြောသည်။

“တခြားသူတွေလည်း လှုပ်ရှားမလားဆိုတာ တွေးနေမိတယ်”

ကောင်းရွှယ်ပေါ်က...

“အဖေ အထက်ဘုံကမ္ဘာကိုပြန်မလို့လား”

လုန်ချွမ်ဧကရာဇ်က ခေါင်းခါရမ်းရင်း...

“ဝါဒတောင်အတွက် ကပ်ဘေးကျရောက်နိုင်တယ်ဆိုပေမယ့် ဒီကိစ္စ ကျန့်ပေကိုင်တွယ်ဖို့အတွက် ချန်ထားလိုက်မယ်”

ကောင်းရွှယ်ပေါ်က မျက်မှောင်ကြုံ့ရင်း...

“အဲဒီလူဆိုရင်တော့... မကြာသေးမီနှစ်များအတွင်း သူ့ရဲ့သဘောထားကို သုံးသပ်ကြည့်ရရင်...”

လုန်ချွမ်ဧကရာဇ်က သိမ်မွေ့စွာဖြင့်...

“သူ ကျုပ်တို့ကိုစိတ်ပျက်အောင်မလုပ်ဘူးထင်တာပဲ”

သူက ဆက်ပြောသည်။

“ဒီတစ်ခါတော့ အထက်ဘုံကမ္ဘာမှာ ပွဲကြီးပွဲကောင်းဖြစ်တော့မယ်ထင်တယ်... ၊ ကပ်ဘေးကြီးတောင်ကျရောက်နိုင်တယ်”

***

အထက်ဘုံကမ္ဘာ ၊ အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ်။

ခွန်လွန်တောင် ၊ နန်ကောင်းတောင်ထွတ် ၊ ချီလင်ကမ်းပါး။

ကျောက်ဂူအိမ်တော်ထဲတွင် အဘိုးအိုတစ်ယောက်က သူ့အရှေ့မှ အလင်းပုံရိပ်များကိုကြည့်နေပြီး အချိန်ကြာမြင့်စွာ စကားမဆိုဘဲ ရှိနေသည်။

အချိန်အတန်ကြာမှ...

“ဒါက တိုက်ဆိုင်တာမဖြစ်နိုင်ဘူး ၊ ဒီလိုသိုင်းတာအိုက မမှားနိုင်ဘူး ၊ ဒါပေမဲ့ ဒါ ဘယ်လိုလုပ်လိုက်တာလဲ ၊ ပြီးတော့ အသက်အရွယ်က မကိုက်ညီဘူး”

ထိုစဉ် လူတစ်ယောက် ကျောက်ဂူအိမ်တော်ထဲဝင်လာပြီး...

“ဆရာ... တောင်ပိုင်းထိပ်တန်းအရှင်သခင် အပြင်ဘက်မှာစောင့်နေပါတယ်”

အဘိုးအိုလှည့်ကြည့်လိုက်သည့်အခါ လေးလံသောမြေပြင်နှင့်ဆင်တူသည့် အိုမင်းသောမျက်နှာ ထွက်ပေါ်လာသည်။

ထိုပုဂ္ဂိုလ်သည်ကား အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ်၏အရှင်သခင် ၊ မြေကမ္ဘာထိပ်တန်းအရှင်သခင်မှလွဲပြီး အခြားသူမဟုတ်ပေ။

သူက ခဏမျှစဉ်းစားပြီးနောက် ကျောက်စိမ်းသေတ္တာတစ်ခုကိုထုတ်ယူလိုက်ပြီး...

“ဒါကို တောင်ပိုင်းကျွမ်းရှန်ဆီ ပေးလိုက်ပါ”

တပည့်ဖြစ်သူက ကျောက်စိမ်းသေတ္တာကိုလက်ခံယူသွားပြီး မြေကမ္ဘာထိပ်တန်းအရှင်သခင်ကို ဦးညွှတ်ကာ ထွက်ခွာသွားသည်။

ကျောက်ဂူအိမ်‌တော်တံခါးက အသံမဲ့ပိတ်သွားချိန် ဝမ်ကျန်းချန်ကြည့်နေသည့်အလင်းပုံရိပ်သည်လည်း ပျောက်ကွယ်သွားသည်။

ကျောက်ဂူအိမ်တော်အပြင်ဘက်တွင် အဖြူရောင်ဆံနွယ်ရှည်များနှင့် လူရွယ်တစ်ယောက် ထိုင်နေသည်။

ထိုသူက တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်ဖြစ်သည်။ သူက သစ်ပင်တစ်ပင်အောက်တွင်ထိုင်နေပြီး ကျောက်ခုံတန်းထက်မှ အဆုံးမသတ်သေးသော စစ်တုရင်ကစားပွဲကို ငြိမ်သက်စွာငေးစိုက်ကြည့်နေကာ မလှုပ်မယှက် စကားလည်းမဆိုဘဲ ရှိနေ၏။

ကျောက်ဂူအိမ်တော်ထဲမှ တပည့်တစ်ယောက်ထွက်လာသည်ကိုမြင်တော့ ကျွမ်းရှန်က ခေါင်းမော့ကြည့်လိုက်သည်။ ထိုတပည့်က ကျောက်စိမ်းသေတ္တာကို ကျွမ်းရှန်ထံသို့ ပေးအပ်လိုက်သည်။

ကျွမ်းရှန်က ကျောက်စိမ်းသေတ္တာအားယူငင်ကာ ဖွင့်ကြည့်လိုက်တော့ သူ့မျက်ဝန်းများက အလင်းရောင်တစ်ချက် လင်းလက်သွားသည်။

သူက ကျောက်စိမ်းသေတ္တာအဖုံးကိုပိတ်ကာ မတ်တတ်ရပ်လိုက်ပြီး ကျောက်ဂူအိမ်တော်ဆီသို့ ဦးညွှတ်လိုက်သည်။

“ကျေးဇူးတင်ပါတယ် အကြီးအကဲ’ဝမ်’”

ထို့နောက် သူက ခန္ဓာကိုယ်ကိုလှည့်လိုက်ရာ မီးလျှံဇာမဏီငှက်အဖြစ်ပြောင်းလဲသွားပြီး လေထဲသို့ပျံသန်းကာ တစ်ခဏအတွင်းပျောက်ကွယ်သွားလေတော့၏။

All Chapters