အပမြေ
Vol. 40 Ch. 552
“မူလဝိညာဉ် ညီလာခံ ဟုတ်လား”
ကျားနတ်မင်း ဇဝေဇဝါ ဖြစ်သွားသည်။ ဤစကားမျိုး တစ်ခါမှ မကြားခဲ့ဖူးပေ။ စစ်ယွင်ရှန်းက ပုံကြမ်းစာရွက်အထပ်လိုက် ထုတ်၍ မျှော်စင်ထဲတွင် ဖြန့်ခင်းလိုက်သည်။ စာရွက်များအပေါ်၌ သင်္ကေတအမှတ်အသားမျိုးစုံ ရေးဆွဲထား၏။
“ဒါက ဂိုဏ်းသခင်နဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကောင်းကင်နတ်သိုင်းပညာရှင်တွေ အတူတူတီထွင်ထားတဲ့ နည်းလမ်းတစ်ခုပါ.... ဧကရာဇ်ကတော့ လျှို့ဝှက်ချက်သုံးသွယ် မူလဝိညာဉ်ညီလာခံလို့ နာမည်ပေးထားတယ်”
စစ်ယွင်ရှန်းက တခဏရှာပြီးသော် ချင်မူ၏မူလဝိညာဉ်အမှတ်အသားအား တွေ့သည့်အခါ ဟင်းရိုင်းပြဒါးနှင့် စုတ်တံကို ထုတ်လိုက်သည်။ ဟင်းရိုင်းပြဒါးကို အရည်ဖျော်ပြီးလျှင် မျှော်စင်၏တိုင်လုံးများအပေါ်၌ စတင်ရေးဆွဲ၏။
“ဂိုဏ်းသခင်က နန်းတွင်းကောလိပ်ရဲ့ သင်ကြားရေးခန်းမမှာ အားလုံးရဲ့ မူလဝိညာဉ်အမှတ်အသားတွေကို ရေးဆွဲထားခဲ့တယ်.... သူ့အမှတ်အသားလည်း အဲဒီနေရာမှာ ရှိတယ်... မူလဝိညာဉ်ညီလာခံက လူတစ်ယောက်ရဲ့ မူလဝိညာဉ်ကို ဆွဲခေါ်လိုက်တာမျိုးပဲ... ဒါကြောင့် အားလုံး မူလဝိညာဉ်တွေကို စုစည်းပြီး ဆွေးနွေးလာနိုင်ကြတယ်”
လင်ယွိရှို့က အမွှေးတိုင်တစ်တိုင် ထုတ်ပြီး မူလဝိညာဉ်အမှတ်အသားအောက်၌ စိုက်ကာ ထွန်းညှိလိုက်သည်။ “ဒီဝိညာဉ်လမ်းညွှန်အမွှေးတိုင်က ဝိညာဉ်လမ်းညွှန်အစီအရင်ကနေတစ်ဆင့် နွားကျောင်းတဲ့ကောင်လေး ဖန်တီးထားတဲ့ အမွှေးတိုင်ပဲ... မူလဝိညာဉ်ကို ခေါ်တဲ့နေရာမှာ သုံးတယ်... အမှတ်အသားနဲ့ အမွှေးတိုင်ကို အတူတွဲသုံးပြီး သူ့မူလဝိညာဉ်နဲ့ အဆက်အသွယ် ဖန်တီးလိုက်ရင် ဒီနေရာကို လမ်းညွှန်ပေးလိမ့်မယ်... ဒါဆို သူ ဘယ်မှာရှိနေလဲ မေးလို့ရပြီ... “
မိန်းကလေးနှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ စစ်ယွင်ရှန်းက ချီစွမ်းအင်ပို့လွှတ်၍ ချင်မူ၏ မူလဝိညာဉ်အမှတ်အသားအား ထွန်းလင်းလိုက်၏။ ထိုအချိန်တွင် လင်ယွိရှို့က ချီစွမ်းအင်ဖြင့် ဝိညာဉ်လမ်းညွှန်အမွှေးတိုင်၏ ရနံ့ကို သယ်ကာ မူလဝိညာဉ်အမှတ်အသားဆီသို့ စေလွှတ်လိုက်သည်။
အားလုံး မျှော်စင်ထဲတွင် တိတ်ဆိတ်စွာ စောင့်ရင်း ဝိညာဉ်လမ်းညွှန်အမွှေးတိုင် လောင်ကျွမ်းနေသည်ကို ရပ်ကြည့်နေကြ၏။ အခိုးအငွေ့များက ခရုပတ်ကဲ့သို့ ရစ်ခွေတက်နေသော်လည်း ရနံ့က သိပ်မပြင်းပေ။ လန်းလန်းဆန်းဆန်း ရှိစေသည်။
အမွှေးတိုင် တမြေ့မြေ့ လောင်ကျွမ်းရင်း တိုသထက် တိုလာသည်နှင့်အမျှ အားလုံး ရင်တဒိန်းဒိန်း ခုန်နေကြသည်။ မူလဝိညာဉ်အမှတ်အသားနှင့် ဝိညာဉ်လမ်းညွှန်က ချင်မူ၏မူလဝိညာဉ်တွင် လှုံ့ဆော်မှုတစ်ခု ဖြစ်စေလိမ့်မည်။ ထိုအခါ သူ့အနေဖြင့် လျှို့ဝှက်ချက်သုံးသွယ် မူလဝိညာဉ်ညီလာခံကို အသုံးပြုလိုက်ရုံနှင့် သူတို့ဆီ လာနိုင်မည်။
သို့သော် တစ်ခုခုဖြစ်နေပါက ... လာနိုင်မည်မဟုတ်ပေ။
ဝိညာဉ်လမ်းညွှန်အမွှေးတိုင် တစ်ဝက်သာ ရှိတော့သည့်အချိန်အထိ မည်သို့မျှ ဖြစ်မလာသေးရာ အားလုံး စိတ်ပူလာကြ၏။ သို့သော် ထိုအခိုက်အတန့်တွင် လေတစ်ချက် ဟူးခနဲ တိုက်သွားပြီး မျှော်စင်ထဲ ဝင်လာသည်။
အားလုံး ဝမ်းသာသွားကြ၏။ ချင်မူ၏မူလဝိညာဉ်က ဝိုးတိုးဝါးတား ဖြစ်နေပြီး မတည်ငြိမ်သည်ကို မြင်လိုက်ကြရသည်။
“ဂိုဏ်းသခင် ဘယ်ရောက်နေတာလဲ” နဂါးချီလင်က အတိုင်းထက်အလွန် ဝမ်းသာသွားကာ အလျင်အမြန် အော်လိုက်သည်။ “စွမ်းအင်ဆေးလုံးတွေ ကုန်ပြီ... မြန်မြန် ပြန်လာပါတော့”
“ငါ မင်းအတွက် သုံးလစာ စွမ်းအင်ဆေးလုံးတွေ ပြင်ပေးခဲ့တာလေ... ဘယ်လိုလုပ် ကုန်သွားတာလဲ”
“သခင်လေး၊ ကျွန်မတို့ သခင်လေးကို လိုက်ရှာနေတာ... သခင်လေး အခု ဘယ်မှာလဲ” ဟူလင်းအာက မေးလိုက်သည်။
ချင်မူက ခေါင်းယမ်းလိုက်၏။ “ငါလည်း မသိဘူး... အခု နတ်ဆိုးမြေထဲမှာ … လလည်းမရှိ၊ နေလည်းမရှိ၊ ကြယ်တွေလည်း မရှိတော့ အရပ်မျက်နှာ ရှာမရဘူး ဖြစ်နေတယ်.... ဖုရွေ့လော် လက်ထဲကနေ ငါ ထွက်ပြေးနေရတယ်.... ကောင်းကင်နတ်ဆိုးမျိုးနွယ်ရဲ့ လက်ရွေးစင်သိုင်းသမားတွေလည်း ငါ့ကို လိုက်ဖမ်းနေတယ်... ငါ့မူလဝိညာဉ် ဒီမှာ ကြာကြာနေလို့မရဘူး”
အားလုံ အကြီးအကျယ် မျက်မှောင်ကြုတ်သွားကြသည်။
စန်းဟွာက ရုတ်တရက် စကားပြောလိုက်၏။ “ခြွေလှေ့တဲ့ကောင်လေး...မြေပြင်အနေအထားကြည့်ပြီး မှတ်ထား... မြို့တွေရှိလား ကြည့်.... ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ မြို့ခြောက်ဆယ့်လေးမြို့ ရှိတယ်... နာမည်တွေလည်း မတူကြဘူး... မြို့တစ်မြို့စီရဲ့ မြေပြင်အနေအထားကလည်း ကွာခြားကြတယ်... ပတ်ဝန်းကျင်ကို အကဲခတ်ပြီး ပြောပြကြည့် ... ငါတို့ နင့်နေရာကို ဆုံးဖြတ်နိုင်လောက်တယ်”
ချင်မူ၏မူလဝိညာဉ်က ဟင်းရိုင်းပြဒါးစုတ်တံကို ကောက်ကာ ကြမ်းပြင်ပေါ်တွင် သူ့ပတ်ဝန်းကျင်ရှိ မြေပြင်အနေအထားအား အလျင်အမြန် ဆွဲပြလိုက်သည်။ “ငါ နတ်ဘုရားမြို့တစ်မြို့မှ မမြင်မိဘူး”
စန်းဟွာ၊ ယွီဟယ်နှင့် ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကောင်းကင်နတ်သိုင်းပညာရှင်များက တစ်ချက်ကြည့်ကာ ခေါင်းယမ်းကြသည်။ သူတို့မှာ အတွေ့အကြုံနည်းပါးသလို၊ နတ်ဆိုးမြေသို့လည်း တစ်ခါမှ မရောက်ဖူးကြပေ။
“အဖေ့ကို ခေါ်လိုက်မယ်” စန်းဟွာ ကပျာကယာ ထွက်သွားသည်။
ရုတ်တရက် ချင်မူ၏မူလဝိညာဉ် မှေးမှိန်သွား၏။ "ရန်သူတွေ ရောက်လာပြီ... ငါ ပြန်မှဖြစ်မယ်”
လေတစ်ချက်က မျှော်စင်အပြင်သို့ ဝေါခနဲ ထွက်သွားပြီး မူလဝိညာဉ် ပျောက်ကွယ်သွား၏။ များစွာမကြာလိုက်ဘဲ စန်းဟွာက နတ်ဘုရားစန်းယဲ့ကို ခေါ်လာသည်။ စန်းယဲ့သည် ချင်မူ ဆွဲပြခဲ့သော မြေပြင်အနေအထားအား ကြည့်၍ တခဏ တွေးပြီးသော် အော်ဟစ်လိုက်မိ၏။ “သူ နတ်ဆိုးအသိုက်ဟောင်းထဲ ရောက်နေတာပဲ... ကွေ့မိန်မြို့ဘေးက မဟူရာနေတောင်တန်းထဲ ရောက်နေတာ”
ယွီဟယ် မျက်မှောင်ကြုတ်လိုက်မိသည်။ "ကွေ့မိန်မြို့ဟုတ်လား... အဲဒီနတ်ဘုရားမြို့က ပျက်စီးသွားပြီမဟုတ်လား... အပမြေတစ်မြေတောင် ဖြစ်နေပြီ ကြားတယ်”
နတ်ဘုရားစန်းယဲ့က ခေါင်းညိတ်သည်။ “မိစ္ဆာနတ်ဆိုးတွေ ကျူးကျော်လာတုန်းက ကွေ့မိန်မြို့မှာ အရင်ဆုံးပေါ်လာပြီး မြို့တစ်မြို့လုံးကို ဖျက်စီးပစ်ခဲ့တယ်... မဟူရာနေတောင်တန်းရဲ့ အရှေ့က ကွေ့မိန့်မြို့ရဲ့ စစ်တလင်းပဲ...အဲဒီနေရာက ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ အရက်စက်ဆုံး စစ်မြေပြင် ဖြစ်ခဲ့တာ... နတ်ဘုရား၊ မိစ္ဆာနတ်ဆိုးတစ်ထောင်လောက် အဲဒီနေရာမှာ သေခဲ့ကြရတယ်... နှစ်ဖက်လုံး ဆုံးရှုံးလိုက်ရတဲ့ ကောင်းကင်နတ်သိုင်းပညာရှင်အရေအတွက်လည်း ရေတွက်လို့တောင် မရဘူး... သူ ရှေ့ဆက်သွားရင် အပမြေထဲ ဝင်သွားလိမ့်မယ်”
“ဘာလို့ အဲဒီမြေကို အပမြေလို့ ခေါ်တာလဲ” လင်ယွိရှို့ ဇဝေဇဝါ မေးလိုက်မိသည်။
“နတ်ဘုရားတွေ၊ မိစ္ဆာနတ်ဆိုးတွေ အများကြီး သေခဲ့တာဆိုတော့ သူတို့သွေးတွေ စုဝေးသွားပြီး အင်မတန် ထူးဆန်းတဲ့နေရာတစ်ခု ဖြစ်လာတယ်... နတ်ဘုရားတွေ၊ မိစ္ဆာနတ်ဆိုးတွေရဲ့ စိတ်အစွဲတွေ၊ ကျိန်စာတွေ၊ မိစ္ဆာသဘာဝတွေနဲ့ မကျွတ်မလွတ်သေးတဲ့ ဝိညာဉ်တွေလည်း အပြည့်ပဲ... အဲဒီနေရာမှာ ကောင်းကင်နတ်သိုင်းပညာရှင်တွေ၊ နတ်ဘုရားတွေနဲ့ မိစ္ဆာနတ်ဆိုးတွေ အစုလိုက်အပြုံလိုက် သေခဲ့တာမလို့ ညရောက်ရင် တစ်နေရာလုံး နေ့အလား လင်းထိန်လာတတ်တယ်... ”
စန်းယဲ့က ထိတ်လန့်နေသောအသံဖြင့် ဆက်ပြောသည်။ “လင်းထိန်လာတာတွေက ... မီးအိမ်တွေပဲ... ယိုတုက ထွက်လာတဲ့ လှေတွေပေါ်မှာ ချိတ်ဆွဲထားတဲ့ မီးအိမ်တွေပေါ့... မရဏတမန်တော်တွေက အဲဒီနေရာမှာ လှည့်လည်သွားနေတတ်ပြီး စစ်တလင်းအဟောင်းကြီးက မာယာများတဲ့နေရာလို ဖြစ်လာတာပဲ ... အဲဒီအချိန်တုန်းက ငါဆို နတ်ဘုရားအဆင့်တောင် မရောက်သေးဘူး... စစ်သားလေးအဆင့်ပဲ ရှိသေးတယ်...”
စစ်ပွဲကြီးပြီးနောက် ထိုနေရာမှာ အလွန်တိတ်ဆိတ်ခြောက်ကပ်လာခဲ့၏။ လူငယ်စန်းယဲ့မှာ စစ်ပွဲအတွင်း ဒဏ်ရာများစွာရခဲ့ပြီး သတိလစ်နေခဲ့သည်။ နိုးလာသည့်အခါ ကောင်းကင်မှာ မှောင်နေပြီဖြစ်ချေသည်။
သူ အလောင်းပုံထဲမှ ထလိုက်သည့်အချိန်တွင် တစ်သက်မမေ့နိုင်သော မြင်ကွင်းတစ်ခုကို မြင်ခဲ့ရသည်။ အမှောင်ထုထဲမှ လှေငယ်များ ထွက်လာပြီး မီးအိမ်များအောက်တွင် ရုပ်ချင်း ချွတ်စွပ်တူနေသည့် အဘိုးကြီးများ ရှိနေ၏။ သူတို့က ပတ်ဝန်းကျင်ကို တိတ်ဆိတ်စွာ ကြည့်ရင်း စစ်မြေပြင်မှ ဝိညာဉ်များကို ခေါ်နေသည်။
အဘိုးကြီးများဆီမှ အသံတစ်ချက် မထွက်သော်လည်း ယိုတုသို့ မလိုက်ချင်သော ဝိညာဉ်တို့၏ အော်ဟစ်ငိုယိုသံများက ညအမှောင်ထဲ၌ ပဲ့တင်ထပ်နေခဲ့သည်။ သို့သော် မရဏတမန်တော်များ၏ လက်ထဲမှ မည်သူမှ မလွတ်ကြပေ။ လှေပေါ်တက်၍ ယိုတု၏အမှောင်ထုထဲ လိုက်ပါသွားခဲ့ကြသည်။
နတ်ဘုရားစန်းယဲ့မှာ ထိုမြင်ကွင်းအား မေ့မရခဲ့ပေ။
“တစ်ပိုင်းတစဝိညာဉ်တွေကို မရဏတမန်တော်တွေက ခေါ်မသွားတော့ အချိန်ကြာလာတဲ့အခါ အဲဒီနေရာက အပမြေတစ်မြေ ဖြစ်လာတာပဲ... ထူးဆန်းတဲ့ဖြစ်ရပ်တွေ၊ ထူးဆန်းတဲ့အရာတွေ အဲဒီနေရာမှာ ပုန်းအောင်းနေကြတယ်”
နတ်ဘုရားစန်းယဲ့က ဣန္ဒြေပြန်ဆည်ကာ ဆက်ပြောသည်။ “နောက်ပိုင်း ငါတို့ရော၊ မိစ္ဆာနတ်ဆိုးတွေပါ အဲဒီနေရာကို လက်လျှော့လိုက်ကြတယ်... ဂိုဏ်းသခင် ရှေ့ဆက်သွားရင် အပမြေထဲ ရောက်တော့မှာ”
နဂါးချီလင်က ရုတ်တရက် အော်ဟစ်လိုက်၏။ “နတ်ဘုရားနဲ့ မိစ္ဆာသွေးတွေ ရောသွားရင် အထီးကျန်တောင်ကြား သစ်မြစ်မိစ္ဆာလို ကြောက်စရာကြီးတွေ မွေးဖွားလာနိုင်တယ်... အဲဒီနေရာကို ရှောင်သွားဖို့ ဂိုဏ်းသခင်ကို မြန်မြန်အကြောင်းကြားလိုက်ပါဦး”
“အထီးကျန်တောင်ကြား သစ်မြစ်မိစ္ဆာက ဘယ်လောက်သန်မာအားကောင်းလဲ” နတ်ဘုရားစန်းယဲ့က မေးလိုက်သည်။
“သေခြင်းရှင်ခြင်းအဆင့် သိုင်းသမားနဲ့ ညီမျှတယ်”
နတ်ဘုရားစန်းယဲ့က သရော်တော်တော် ပြောလိုက်သည်။ “အဲဒါက ဘာမှမဟုတ်သေးဘူး... အပမြေကဟာတွေက သေခြင်းရှင်ခြင်းအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်တွေထက်တောင် သန်မာအားကောင်းတယ်.... အဲဒီနေရာကို ရှောင်သွားဖို့ မြန်မြန် အကြောင်းကြားလိုက်”
စစ်ယွင်ရှန်းနှင့် လင်ယွိရှို့က ချင်မူ့ကို အလျင်အမြန် ဆက်သွယ်ကြသော်လည်း အမွှေးတိုင် ကုန်သွားသည့်အချိန်တွင်ပင် သူ့ဆီမှ တုံ့ပြန်မှုမလာသေးပေ။
“ရန်သူတွေနဲ့ တွေ့နေလို့ အချိန်မရတာပဲ ဖြစ်မယ်... မကောင်းတော့ဘူး” စစ်ယွင်ရှန်းက ပြောလိုက်သည်။ “ရန်သူတွေက... သူ့ကို အပမြေထဲ တွန်းပို့လောက်တယ်”
“ငါ သွားခေါ်လိုက်မယ်” ကျားနတ်မင်းက ပြတ်ပြတ်သားသား ဆိုသည်။
နတ်ဘုရားစန်းယဲ့က ခေါင်းယမ်းလိုက်၏။ “မင်း သွားလို့မရဘူး... ခရီးက ရှည်တယ်.. လမ်းမှာလည်း ရန်သူများတယ်... မိစ္ဆာနတ်ဘုရားတစ်ယောက်ယောက်နဲ့ တွေ့ရင် မင်းတောင် သေသွားလိမ့်မယ်... မင်းတို့တွေ ဒီမှာနေပြီး သူ့မူလဝိညာဉ် အကြောင်းပြန်တာကို စောင့်တာ အကောင်းဆုံးပဲ... သူ အပမြေကနေ ထွက်လာနိုင်ဖို့ပဲ မျှော်လင့်ရမယ်... ထွက်မလာနိုင်ရင် အသက်မရှင်နိုင်ဘူး”
ကျားနတ်မင်း မျက်မှောင်ကြုတ်၍ ခေါင်းယမ်းလိုက်သည်။ “ငါ့ကြောင့် သူ ပျောက်သွားတာ... ပြန်သွားခေါ်မှ ဖြစ်မယ်”
စစ်ယွင်ရှန်းနှင့် လင်ယွိရှို့လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တစ်ပြိုင်တည်း ပြောလိုက်ကြ၏။ “ကျွန်မတို့လည်း လိုက်ခဲ့မယ်”
“ကျွန်မရောပဲ” ဟူလင်းအာက အမြီးလေးခြောက်ချောင်းထောင်၍ နဂါးချီလင်ဘက်သို့ လှမ်းကြည့်သည်။
နဂါးချီလင်မှာ တွန့်ဆုတ်နေ၏။ ဟူလင်းအာ မျက်လုံးများကို မှေးကျဉ်း၍ ခပ်တိုးတိုး ပြောလိုက်သည်။ “ဖက်တီးနဂါး.... သခင်လေးကို ရှာမတွေ့ရင် နင် ငတ်သေမှာနော်”
နဂါးချီလင် တမုဟုတ်ချင်း တက်ကြွသွားသည်။ “ကျုပ်လည်း လိုက်မယ်”
စန်းဟွာက သူမအဖေကို ကြည့်ကာ ပြောလိုက်၏။ “အဖေ၊ သူတို့က ဒီနေရာနဲ့ ရင်းနှီးတာ မဟုတ်ဘူး...”
နတ်ဘုရားစန်းယဲ့ ခေါင်းကိုက်လာ၏။ “သတိတော့ ထားကြ... မင်းတို့ နတ်ဆိုးမြေထဲ ဝင်သွားပြီး တစ်ရက်နေရင် ငါ စစ်သည်တွေကို ဦးဆောင်ပြီး အာရုံလွှဲပေးမယ်.... အဲဒါဆို မင်းတို့ ပိုအန္တရာယ်ကင်းလောက်တယ်”
အပမြေနယ်စပ်တွင် ချင်မူ့အောက်ရှိ မိစ္ဆာမြင်းမှာ ဓားမရောင်များကြောင့် ခြေထောက်များ ပြတ်တောက်သွားသဖြင့် ကျယ်ဟောင်စွာ ဟီလိုက်၏။ ကောင်းကင်နတ်ဆိုးတစ်ယောက်က မြင်း၏ ဗိုက်ကို ခွဲဖွင့်ကာ ကျောပေါ်ရှိ ချင်မူ့ကို တိုက်ခိုက်လိုက်သည်။
ချင်မူက လက်ဝါးဖြင့် အောက်သို့ ဖိနှိပ်ရင်း ခုန်ဆင်းလိုက်၏။ ကောင်းကင်နတ်ဆိုးမှာ မြင်းနှင့်အတူ ကြေမွသွားတော့သည်။
ဝှစ်
အဘွားအိုတစ်ယောက် ဘူးသီးခြောက်တစ်လုံးဖြင့် တရှိန်ထိုး ပြေးလာသည်။ ဘူးသီးခြောက် ပွင့်သွားသည့်အခါ သွေးရောင်အလင်းက ရေလှိုင်းကြီးသဖွယ် ထွက်လာပြီး ချင်မူ့ကို လွှမ်းခြုံသွား၏။ သွေးညှီနံ တထောင်းထောင်း ထသွားပြီး သွေးငွေ့များက မြွေကြီးအသွင် ဖွဲ့တည်ကာ ချင်မူ့အား ရစ်ပတ်ရင်း အရိုးများချိုးပစ်နေသည်။
ချင်မူ့သူငယ်အိမ်နှစ်ဖက်တွင် ဝင်္ကပါအမှတ်အသားများ လည်ပတ်လာပြီး နဂါးငွေ့တန်းထဲ၌ နေလုံးကြီး ထွန်းလင်းလာသည်။ အလင်းတန်းနှစ်တန်း ထွက်လာပြီး တစ်တန်းက မြွေခေါင်းကို ထိုးဖောက်၍ တစ်တန်းက အဘွားအို၏ လည်ပင်းကို ပိုင်းဖြတ်လိုက်သည်။
ကင်းမြီးကောက်မိန်းမက ချွန်ထက်နေသော အမြီးဖြင့် ချင်မူ၏ပခုံးထဲသို့ စိုက်ချလိုက်ပြီး သူ့အား မြှောက်တင်လိုက်သည်။ သူမ သူ့ကို မြေကြီးပေါ်သို့ ရက်ရက်စက်စက် ပြန်ရိုက်ချလိုက်သည့်အချိန်တွင် အလံရှစ်ခုဖြင့် နတ်ဆိုးလူငယ်တစ်ယောက်က ချင်မူ့ဆီ ပြေးဝင်လာသည်။ အလံများ တဖျပ်ဖျပ် ပျံလွင့်သွားပြီး ချင်မူ့ကို ဝန်းရံလျက် မြေကြီးထဲ စိုက်ဝင်သွားသည်။
“နတ်ဆိုးဆယ်သွယ်တောင်တန်း ဝင်္ကပါ... ဖိနှိပ်လိုက်၊ ဖိနှိပ်လိုက်၊ ဖိနှိပ်လိုက်၊ ဖိနှိပ်လိုက်၊ ဖိနှိပ်လိုက်၊ ဖိနှိပ်လိုက်၊ ဖိနှိပ်လိုက်၊ ဖိနှိပ်လိုက်”
နတ်ဆိုးလူငယ် ရှစ်ကြိမ်အော်ဟစ်လိုက်သည့်အခါ တောင်ပုံရိပ်ရှစ်ခုက ကောင်းကင်ယံမှ ကျဆင်းလာသည်။ ဖိအားကြောင့် မြေပြင်မှာ စိစိညက်ညက် ကြေမွသွား၏။
ရုတ်တရက် ကြယ်တာရာများက တောင်ပုံရိပ်ရှစ်ခုကို လွှမ်းခြုံ၍ မဟာကြယ်ခြုံလွှမ်းလက်ဝါးအသွင် ဖွဲ့တည်လိုက်၏။ ချင်မူ၏လက်ဝါးတစ်ချက်ဖြင့် တောင်ရှစ်ခုစလုံး ပြိုကွဲသွားသည်။
သူက အလံဝင်္ကပါထဲမှ ပြေးထွက်လိုက်ပြီး တရှိန်ထိုး ပြေးဝင်လာသော ဓားမစက်လုံးဆယ်လုံးကျော်အား လှမ်းမြင်လိုက်သည်။ ထိုအရပ်မျက်နှာဘက်သို့ သူ အလျင်အမြန် လက်ညှိုးထိုးလိုက်သည်တွင် ‘ချုပ်’ ဆိုသည့် စာလုံးကြီး ပေါ်လာကာ ဓားမစက်လုံးများ ရပ်တန့်သွား၏။ သို့သော် နောက်တခဏ၌ မရေမတွက်နိုင်သော ဓားမများ ဖြာထွက်လာပြီး ‘ချုပ်’ စာလုံးအား ခုတ်ပိုင်းပစ်ကြသည်။
ချင်မူက လှည့်၍ မဟာကြယ်ခြုံလွှမ်းလက်ဝါးအားလှိုင်းအတွင်းရှိ ကြယ်တာရာများအပေါ် နင်းကာ ဓားမများအား ပွတ်သီကာ ရှောင်လိုက်၏။ သူ၏ဓားစက်လုံးက ဝှမ်ခနဲ ပျံတက်သွားပြီး လေကိုခွင်းလျက် ဓားမများကို ပိုင်းဖြတ်ပစ်လိုက်၏။
ခေါင်းသုံးလုံး၊ လက်လေးဖက် မိစ္ဆာနတ်ဆိုးများ ရောက်လာကြသည်။ သူတို့က တက်ချည်၊ ဆုတ်ချည်ဖြင့် ချင်မူ့ကို အလှည့်လိုက် တိုက်ခိုက်နေကြသည်။
ချင်မူမှာ မျက်စိတစ်မှိတ်အတွင်း လက်သီးချက်ပေါင်းများစွာ ခံလိုက်ရ၏။ သူက မြေကြီးထဲ အလျင်အမြန် ငုပ်လျှိုးသွားသည်။ လက်လေးဖက်မိစ္ဆာနတ်ဆိုးများက မြေကြီးအပေါ် ဖိချလိုက်သည့်အခါ မြေသားစိုက်များ မြောက်တက်သွားပြီး ချင်မူ အထုတ်ခံလိုက်ရသည်။
သူ လေပေါ် ခုန်တက်လိုက်သော်လည်း တခဏကြာသော် ရိုက်ချခံလိုက်ရသည်။ သူက နဂါးတစ်ကောင်လို ပြေး၍ မြွေတစ်ကောင်လို လျှောတိုက်သွားကာ ရှေ့တူရူရှိ နွံအိုင်ကြီးထဲ ပြေးဝင်သွားတော့သည်။
မိစ္ဆာနတ်ဆိုးများက နွံအိုင်အစပ်အထိ ပြေးလိုက်ကြသော်လည်း ရုတ်တရက် ရပ်လိုက်ကြပြီး မျက်မှောင်ကြုတ်သွားကြ၏။
“လိုက်ဝင်မှာလား” ကောင်းကင်နတ်ဆိုးတစ်ယောက်က ခပ်တိုးတိုး မေးလိုက်သည်။
ချင်မူမှာ နွံ့အိုင်ထဲ ရောက်သည့်အခါ ပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်လိုက်သည်။ မြူများ အုံ့ဆိုင်းနေပြီး မိစ္ဆာနတ်ဆိုးချီများ ရစ်သိုင်းလျက်ရှိ၏။ ရေအောက်တွင် အလောင်းများ မျောနေသည်။ တစ်ချက်တစ်ချက် အရိုးစုများ၊ သံချေးတက်နေသော လက်နက်များက ပေါလောပေါ်လာတတ်၏။
သူက တခဏ စဉ်းစားပြီး မြေပေါ်ရှိ အရိုးစုတစ်စုအား အသာအယာ ခေါက်ကာ မေးလိုက်သည်။ “နောင်ကြီး... ဒီကနေ ဘယ်လို သွားရမလဲ”
အရိုးစုက ငေါက်ခနဲ ထထိုင်ကာ သူ့ကို လှည့်ကြည့်သည်။ သူက ပါးစပ်ပွင့်လိုက်၏။ “ဒီနေရာက အပဘုံဆီ ဦးတည်နေတဲ့ လမ်းပဲ... ဝင်လာလို့ရတယ်... ထွက်လမ်း မရှိဘူး”
၎
င
၎
၎