← Chapters

ငိုကြွေးနေသောဖီးနစ်

Vol. 8 Ch. 9

ငိုကြွေးနေသောဖီးနစ်

Vol. 8 Ch. 9

ဆိုဖီယာက ရေဂင်ရဲ့ချိတ်တွေကို ရှောင်ရှားနေပေမဲ့ အသက်ဓာတ်စုပ်ယူတဲ့ ဧရိယာက ပိုမိုကျယ်ပြန်လာတဲ့အတွက် ပိုးတောင်မာစက်ရုပ်ကို အဝေးကနေပဲ တိုက်ခိုက်လို့ရနေတယ်။ ဆိုဖီယာက မြေကြီးတွေကို ဧရာမတူကြီးအဖြစ် ဖွဲ့စည်းဖြစ်လိုက်ပြီး ပိုးတောင်မာကို ထုချလိုက်တယ်။ ပိုးတောင်မာက လက်တစ်ဖက်ကိုမြှောက်ပြီး တားဆီးလိုက်ကာ တစ်ဖက်က ချိတ်နဲ့လှမ်းပစ်တယ်။ ဆိုဖီယာရဲ့မျက်လုံးတွေက တောက်ပလာပြီး ချိတ်ကောက်ကို တားလိုက်လေရဲ့။ ဒါပေမဲ့ ဆိုဖီယာက ရန်သူရဲ့တိုက်ကွက်ကို ခုခံလိုက်နိုင်လို့ နည်းနည်းလေးမှ ဝမ်းသာမနေဘူး။

"ခုခံဖို့တောင် ဒီလောက်ခက်ခဲနေတာ။ ရှေ့တက်ဖို့ဆိုရင်တော့။"

နဂါးပြာက ပိုးတောင်မာရဲ့ခြေထောက်အောက်မှာ နင်းချေခံရေတဲ့ နဂါးကြီးက ပါးစပ်ဟပြီး ပိုးတောင်မာရဲ့မျက်နှာကို အပြာရောင်အလင်းတန်းတွေနဲ့မှုတ်ထုတ်ပေမဲ့ ဖျက်ဆီးဖို့တောင်ဝေးစွ၊ နောက်ဆုတ်သွားအောင်တောင် ဘယ်လိုမှလုပ်လို့ရမနေဘူး။

"ဒီကောင်က လီဆာရဲ့အသက်စွမ်းအားကိုစုပ်ယူပြီး

ပိုအားကောင်းလာအောင်လုပ်နေတာပဲ။ ငါ့မှာတခြားရွေးစရာမရှိတော့ဘူး။"

ဆိုဖီယာက နှုတ်ခမ်းကိုကိုက်လိုက်တယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ သူ့ခန္ဓာကိုယ်က အရှိန်အဝါတွေ ပိုမိုပြီးပြင်းထန်လာပါပြီ။ ချက်ချင်းဆိုသလိုပဲ သူ့မျက်နှာပေါ်က သွေးရောင်သန်းနေတဲ့ အရိပ်အယောင်တွေအားလုံး ဆုတ်ယုတ်ပျောက်ကွယ်သွားပြီး မြို့ရဲ့ပတ်ဝန်းကျင်တစ်ခုလုံး အေးစက်တဲ့အငွေ့အသက်တွေနဲ့ ပြည့်နှံသွားတယ်။

"ကမ္ဘာလောကကြီး ငါ့အမိန့်ကိုနာခံစမ်း။" ချက်ချင်းဆိုသလိုပဲ တောင်တန်းတွေ၊ ပင်လယ်သမုဒ္ဒရာတွေနဲ့

လေထုကြီးတစ်ခုလုံး ဆိုဖီယာရဲ့ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားတယ်။ သူမျက်လုံးကို ပြန်ဖွင့်လိုက်ချိန်မှာတော့ နှာခေါင်းကနေ ညစ်မည်းနေတဲ့သွေးစတချို့ စီးကျလာပြီး မျက်လုံးအိမ်က လောကကြီးတစ်ခုလုံးကို ထင်ဟပ်နေတယ်။

ဒီအစွမ်းကိုသုံးလိုက်တဲ့အချိန်မှာ ဆိုဖီယာက တစ်ကမ္ဘာလုံးကို အုပ်စိုးနေသူတစ်ယောက်လိုဖြစ်နေပြီး

အနှိုင်းမဲ့စွမ်းအားတွေကို ချုပ်ကိုင်ထားသလိုခံစားရတယ်။ တစ်ချိန်တည်းမှာပဲ နောက်ထပ်ဘာဆက်လုပ်ရမလဲ သိနေတဲ့ပုံပဲ။

"နောက်သုံးစက္ကန့်အတွင်း နင့်ကိုအသေသတ်မယ်။"

ရုတ်တရက် ဆိုဖီယာရဲ့ကျောနောက်မှာ ဖယ်ရီတစ်ကောင်ရဲ့တောင်ပံလို အကြည်ရောင်တောင်ပံတစ်ခု

ပေါက်လာတယ်။ ဆိုဖီယာရဲ့အရှိန်နှုန်းက အလွန်မြင့်တက်သွားပြီး ဓာတ်သဘာဝငါးမျိုးကို ကိုယ်စားပြုတဲ့ မီး၊ ရေ၊ လေ၊ မြေ၊ လျှပ်စီး စွမ်းအားလုံးငါးလုံးက သူ့ခန္ဓာကိုယ်ကိုဝိုင်းရံပြီး ထွက်ပေါ်လာတယ်။ ဒီစွမ်းအားတွေက ဆိုဖီယာရဲ့စိတ်စွမ်းအားတော့ မဟုတ်ပါဘူး။ အဲဒီအစား ဆိုဖီယာဝင်ထားတဲ့ခန္ဓာကိုယ်က နတ်သူငယ်မလေးရဲ့စွမ်းအားပါ။ သေဆုံးပြီးသူတစ်ယောက်ရဲ့စွမ်းအားကို ပြန်ထုတ်သုံးဖို့က ဆိုဖီယာအတွက် မလုပ်ဖူးတဲ့ကိစ္စမဟုတ်ပေမဲ့ အယ်ဖာအဆင့်နတ်သူငယ်တစ်ယောက်ရဲ့စွမ်းအားကိုသုံးဖို့ကတော့ တကယ့်ကိုပေးဆပ်မှုများတဲ့အရာပါ။

"ငါ့ရဲ့ဝိညာဥ်ကို ထိခိုက်စေမယ်ဆိုရင်တောင်မှ၊ ဒီစတေးမှုကို လုပ်မှဖြစ်မယ်။" ဆိုဖီယာက ပိုးတောင်မာဆီကို ပြေးဝင်သွားပြီး သူ့လက်သီးကိုဆုပ်လိုက်တယ်။ မြေကြီးစွမ်းအားကို ကိုယ်စားပြုတဲ့ ရွှေဝါရောင်ဓာတ်လုံးက သူ့လက်သီးနဲ့ပေါင်းစပ်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ရွှေရောင်တောက်သွားတယ်။

"မင်းက ငါနဲ့လက်သီးပြိုင်ထိုးချင်တာလား၊ စမ်းကြည့်လိုက်လေ။" ရေဂင်လည်း စိတ်အားတက်ကြွလာပြီး သူ့လက်သီးကိုမြှောက်ကာ ဆိုဖီယာကိုထိုးချလိုက်တယ်။ ဆိုဖီယာနဲ့ပိုးတောင်မာရဲ့လက်သီးတွေ

ဆုံမိသွားပြီး ဧရာမအားလှိုင်းကြီးတစ်ခုဖြစ်ပေါ်လာတယ်။ အားလှိုင်းက ပြင်းလွန်းတဲ့အတွက်ကြောင့် မြို့ထဲမှာ ကျန်ရှိနေသေးတဲ့ အဆောက်အဦးတွေပါ

ဖောင်ဒေးရှင်းကနေကျွတ်ပြီး လေပေါ်မြောက်တက်ပြီး ပြန်ပြုတ်ကျလာတယ်။

ရေဂင်က တစ်ချက်သတိလွတ်သွားတယ်။ လီဆာလည်း အဲဒီအခွင့်အရေးကို ရယူပြီးတော့ ရုန်းထွက်နိုင်သွားတယ်။ နဂါးက တောင်ပံတစ်ချက်ခတ်လိုက်ပြီး ပိုးတောင်မာရဲ့ရင်ဘတ်ကို အမြီးနဲ့ရိုက်ချပစ်လိုက်ပါပြီ။ ရေဂင်ရဲ့ခန္ဓာကိုယ်လည်း မြောက်တက်သွားတယ်။ ဆိုဖီယာကလည်း အနားမနေဘဲ မီးစွမ်းအင်ဓာတ်လုံးနဲ့ ဆက်ပေါင်းစပ်လိုက်တယ်။ သူ့ခန္ဓာကိုယ်က ကြယ်တာရာတစ်ခုအဖြစ်ပြောင်းသွားပြီး ရှေ့ကိုခုန်ထွက်သွားတယ်။

ကောင်းကင်ပေါ်ကို မြှောက်နေတဲ့ ရေဂင်လည်း သူ့ရဲ့ဖန်သားမျက်နှာပြင်ပေါ်မှာ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ခေါင်းနပန်းကြီးသွားလေရဲ့။ ဆိုဖီယာက သူ့ညာခြေကို မြောက်မြောက်မြှောက်ပြီး ပုဆိန်ခွဲကန်ချက်နဲ့ ပိုးတောင်မာစက်ရုပ်ရဲ့ခေါင်းကို ဆောင့်ကန်လိုက်တယ်။

ဖြစ်စဥ်က စက္ကန့်ဝက်အတွင်းမှာပဲ အမြန်ဖြစ်သွားတာဖြစ်ပြီး ရေဂင်တစ်ယောက် တုံ့ပြန်ဖို့တောင်မှ အချိန်မရလိုက်ဘူး။ စက်ရုပ်ရဲ့ခေါင်းပိုင်း အက်သွားတယ်။ ဒါပေမဲ့ ရေဂင်ရဲ့အသက်ဓာတ်စုပ်ယူခြင်းစွမ်းအားက အားကောင်းလွန်းတဲ့အတွက်ကြောင့် အခုထိ အပြီးထိဖျက်ဆီးဖို့ မဖြစ်နိုင်သေးဘူးဖြစ်နေတယ်။

စက်ရုပ်က လက်ကိုဆန့်ထုတ်ပြီး ဆိုဖီယာကို ကန်ထုတ်ဖို့ ကြိုးစားတယ်။ ဆိုဖီယာကလည်း လေ

ဓာတ်လုံးနဲ့ ပေါင်းလိုက်ပြီး ကြက်ခြခတ်သဏ္ဍာန်မုန်တိုင်းဓားချက်ကို ထုတ်သုံးပြီးခုခံတယ်။ ဒါပေမဲ့ သူ့ကြည့်ရတာ ပျာယာခတ်နေသလိုပဲ။

"နောက်ထပ်တစ်က္ကန့်ခွဲပဲကျန်တော့လို့ စိတ်ပူနေတာလား။ နင်ဒီလောက်မစွမ်းဘူးဆိုတာ ငါသိသားပဲ။"

စက်ရုပ်ရဲ့ကျောက အကန့်တွေပွင့်လာပြီး တိုက်ချင်းပစ်ဒုံးတွေနဲ့ ပစ်ခတ်တဲ့အတွက် ဆိုဖီယာရှောင်လိုက်ရတဲ့အချိန် ရေဂင်က ပြောလိုက်တယ်။ ဆိုဖီယာကလည်း နှုတ်ခမ်းကိုက်လိုက်ပြီး လျှပ်စီးနဲ့ရေကိုပေါင်းစပ်လိုက်တယ်။

"မိုးကြိုးလျှပ်စီးမုန်တိုင်း။" ဧရာမမုန်တိုင်းကြီးတစ်ခုက စက်ရုပ်ပေါ်ကျဆင်းလာပြီး အားပြင်းလွန်းတဲ့ ခရမ်းရောင်မိုးကြိုးနဲ့ရေစွမ်းအားက ကျဆင်းလာတယ်။ စက်ရုပ်က ဒီလောက်ပြင်းတဲ့အားကို တောင့်မခံနိုင်တော့ဘဲ သတ္တုမျက်နှာပြင်တွေအက်ကွဲကာ အမြင့်ကနေပြိး မြေပြင်ပေါ်ကို တိုက်ရိုက်ပြုတ်ကျသွားတယ်။ မြေပြင်နဲ့ရိုက်မိချိန်မှာတော့ ကျယ်လောင်တဲ့

အသံကြီးထွက်ပေါ်လာကာ စက်ရုပ်က တစ်စစီပျက်

စီးလို့သွားပါတော့တယ်။

"သေသွားပြီလား။" လေပေါ်ကနေ ဆင်းလာပြီးတဲ့နောက် မြက်ခင်းပြင်တစ်ခုပေါ်ကို ဒူးထောက်ကျသွားတဲ့ ဆိုဖီယာက ပြောလိုက်တယ်။ သူ့ကျောတောင်ပံတွေ ပျောက်သွားပြီး ဘာစွမ်းအင်လုံးမှလည်းမရှိတော့ဘူး။ နားထင်ကနေ ချွေးတွေသီးကျနေပြီး နဖူးက ကျောက်သလင်းလေးကလည်း အချိန်မရွေးကွဲကြေသွားတော့မလိုမျိုး အက်ကြောင်းတွေပေါ်နေတယ်။

"သတိထား။" နောက်ကနေ ရုတ်တရက်ရောက်လာတဲ့ လီဆာက ဆိုဖီယာရှေ့ကရပ်လိုက်ပြီး သူ့ရဲ့အကြေးခွံလိုဖြစ်နေတဲ့ လက်တွေနဲ့ စက်ရုပ်အပျက်ဘက်ကနေထွက်လာတဲ့ ဇက်သတ္တုဓားပျံတချို့ကို တားဆီးလိုက်တယ်။ ဒါတောင်မှ တချို့ဓားပျံတွေက လီဆာရဲ့လက်ဖျံကို ထုတ်ချင်းဖောက်ထွက်နေပြီး လီဆာဆွဲနှုတ်လိုက်မှ သူ့အသားအရေက ပြန်ကောင်းသွားတယ်။

"နင်လူတစ်ပိုင်းပုံ ပြန်ဖြစ်သွားတာလား။" ဆိုဖီယာက မေးလိုက်တော့ လီဆာလည်းခေါင်းညိတ်ပြလိုက်ပြီး

"အစ်မလိုပဲ သမီးရထားတဲ့ဒဏ်ရာတွေက တအားများလွန်းတယ်။ နဂါးပုံဆက်ပြောင်းထားရင်း ခနလေးအတွင်းမှာပဲ တိုက်ခိုက်နိုင်စွမ်းဆုံးရှုံးသွားလိမ့်မယ်။"

သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် စကားပြောနေကြပေမဲ့ နှစ်ယောက်လုံးရဲ့မျက်လုံးတွေကတော့ ပိုင်းလော့ခန်းထဲကနေ ထွက်လာတဲ့ ရေဂင်ကိုပဲ စိုက်ကြည့်နေကြတယ်။ အရင်တစ်ခါလိုပဲ အနက်ရောင် နည်းပညာဝတ်စုံပြည့်ဝတ်ထားပြီး သူ့အနားမှာ ဓားပျံနီခြောက်ချောင်းပျံဝဲနေပါတယ်။

"ပိုးကောင်ဗိုလ်ချုပ်တစ်ယောက်ကို ယာဥ်ပျံပျက်ကျရုံနဲ့ သေမယ်ထင်နေတာလား။ ဒါဆိုရင် ငါ့ကိုအထင်သေးရာကျသွားပြီ။"

ရေဂင်က ခါးမှချိတ်ထားတဲ့ပုဆိန်တိုကိုဖြုတ်ပြီး တောင်ပံကိုဖွင့် အသံမြန်နှုန်းနဲ့ မောပန်းနေပြီဖြစ်တဲ့ ဆိုဖီယာနဲ့လီဆာတို့ဆီ ပြေးလာတယ်။ သူက တစ်ချိန်လုံး စက်ရုပ်ထဲကနေပဲ တိုက်နေခဲ့တာဖြစ်လို့ ခွန်အားအပြည့်ရှိနေပါသေးတယ်။

....

"ဝေါ့... မဖြစ်နိုင်တာ...." ကြောင်နက်က သူ့လည်ပင်းကို ညှပ်ထားတဲ့ ဧရာမပုစွန်လက်မကြီးတွေကို ကြည့်လိုက်တယ်။ သူ့အပေါ်မှာတော့ ဧရာမရွှေရောင်ပုစွန်ကြီးရှိနေပြီးတော့ သူ့လည်ပင်းကို လက်မနဲ့ဖြတ်ဖို့လုပ်နေတယ်။ သူ့လက်တွေနဲ့ လက်မကိုတားဆီးထားလို့သာမဟုတ်ရင် လည်ပင်းတုံးတိဖြစ်နေလောက်ပြီ။

"ငါ့ညီမလေးက ကမ္ဘာကြီးကိုဖျက်ဆီးလို့ပြောရင်တောင် ဖျက်ဆီးပေးမယ်။ မင်းတို့ကောင်တွေက ငါ့ညီမလေးလမ်းမှာလာရှုပ်နေမှတော့ သေလိုက်တော့။"

ဩစတင်းက အမြောက်လက်မနဲ့ကြောင်နက်ရဲမျက်နှာကိုချိန်ပြီး ပစ်ဖို့လုပ်တယ်။ ကြောင်နက်က ခေါင်းကိုယိမ်းပြီး ရှောင်လိုက်လို့ ထိမသွားပေမဲ့ မြေကြီးမှာတော့ ဧရာမတွင်းပေါက်ကြီးတစ်ခုဖြစ်သွားတယ်။ အခုကြောင်နက်က လုံးဝကိုအောက်စည်းရောက်နေပြီ။

"ဟိုသောက်ကောင်မလေး ဖီးနစ်ပုံမသုံးရင်တော့ ငါတို့အကုန်လုံး ဒီမှာတင်ဘဝဆုံးတော့မယ်ထင်တယ်။"

....

ဖရက်က မိုးကြိုးနယ်မြေကို ဖန်ဆင်းလိုက်ပြီး မိုးကြိုးဓားနဲ့ အော်ရိုရာကို ဝင်တိုက်တယ်။ အော်ရိုရာကတော့ စိန်ပြေးလိုက်တမ်းကစားနေရတဲ့ ကလေးမလေးလိုမျိုး ပတ်ပြေးနေပြီး တကယ့်မတိုက်သေးဘဲ ရယ်မောနေပါတယ်။

"ရှင့်ရဲ့မိုးကြိုးဓားကြီးနဲ့ ဘာလုပ်နိုင်မှာမလို့လဲ ဝီစမစ်ရဲ့။ ကျွန်မအတွက်လမ်းသာ ဖယ်ပေးလိုက်စမ်းပါ။"

"ပါးစပ်ပိတ်ထားစမ်း။" ဖရက်က အော်လိုက်ပြီးတော့ နောက်ထပ်မိုးကြိုးလျှပ်စီးတွေကို ဆင့်ခေါ်ကာ အော်ရိုရာကိုဆက်တိုက်ခုတ်ပိုင်းနေတယ်။ အေမီလည်း ဝင်လာပြီးတော့ ပေါက်ကွဲစေတတ်တဲ့ အလင်းဒြပ်စင်ငှက်မွှေးတောင်တွေနဲ့ ပစ်ခတ်လိုက်တယ်။ အော်ရိုရာကလည်း ဓားခုတ်ကောင်လက်နှစ်ဖက်ကိုသုံးပြီး အေမီနဲ့စက္ကန့်ပိုင်းလောက်ကြာတဲ့အထိ ဓားချင်းယှဥ်တယ်။ သိပ်မကြာခင်မှာပဲ အေမီရဲ့ဓားတွေကျိုးသွားပြီး အော်ရိုရာက ရယ်လိုက်တယ်။

"ရှင်က သုံးယောက်ထဲမှာ အားအနည်းဆုံးပေါ့။ သွားလိုက်တော့။" အေမီက အော်ရိုရာရဲ့ဒူးတိုက်ချက်ကို ခံဆောင်လိုက်ရပြီး လေပေါ်မြောက်တက်ပြီး ပြန်ပြုတ်ကျလာတယ်။ သူ့ဝတ်စုံက တစ်စစီပျက်စီးသွားပြီး တိုက်ပွဲထဲကနေ ထွက်သွားရပြီ။

"ဒီမလောက်လေးမလောက်စားလေးကများ။" ဖရာလီတာလည်း ကျိန်ဆဲလိုက်ပြီး ရင်ဘတ်က စွမ်းအင်ပစ်ဖို့ပြင်တယ်။

[Ultimate Skill: Dragon Blast]

အော်ရိုရာလေးက ရယ်လိုက်ပြန်တယ်။ သူ့ရယ်သံက အလွန်နားဝင်ချိုပေမဲ့ ဖရာလီတာတို့အဖို့တော့ သရဲမတစ်ယောက်ရဲ့ရယ်သံကို ကြားနေရသလိုပါပဲ။

အော်ရိုရာက အလင်းဒြပ်စင်တန်းကြီး သူ့ကိုထိတဲ့ အထိ နေရာမှာပဲရပ်နေတယ်။ ဖရာလီတာရဲ့ဝတ်စုံသာ စွမ်းအင်ကုန်ခါနီးဖြစ်သွားပြီး တိုက်ခိုက်နေတာကို ရပ်လိုက်ရတယ်။ အော်ရိုရာကတော့ ဒီအတိုင်းရှိနေသေးပြီး ပျက်စီးသွားတဲ့ သာမန်အဝတ်အစားတွေနေရာမှာ ပိုးကောင်အကြေးခွံတွေကို သံချပ်ကာလိုမျိုး အစားထိုးထားတာပဲရှိတယ်။ အော်ရိုရာက ထပ်ပြီးရယ်လိုက်ပြန်တယ်။

"ဟီးဟီးဟီး...."

ဖရက်က နောက်ထပ်တစ်ခါ ဓားနဲ့ခုတ်ဖို့ကြိုးစားပြန်တယ်။ အော်ရိုရာက အသံမြန်နှုန်းထက် လေးဆခွဲမြန်တဲ့နှုန်းနဲ့ ဖရက်ရှေ့မှာပေါ်လာပြီး သူ့ဗိုက်ကိုသာသာလေး ထိုးလိုက်တယ်။

ဘုန်း....

ဖရက် အဝေးကြီးလွင့်ထွက်သွားတယ်။ မျက်စိနဲ့မမြင်နိုင်လောက်တဲ့အထိကို လွင့်ထွက်သွားတာပါ။ ဖရက်သတိရလာပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သစ်တောအနက်ကြီးထဲကို ရောက်နေပြီဖြစ်ပြီးတော့ သူ့ခန္ဓာကိုယ်က နှစ်ချို့သစ်ပင်ကြီးတစ်ခုရဲ့အတွင်းမှာ ကွေးကွေးလေး နစ်ဝင်နေတယ်။ သူ့လွင့်လာတဲ့ နေရာတစ်လျှောက်က သစ်ပင်တွေကတော့ ဘူဒိုဇာနဲ့ထိုးထားသလိုမျိုး လမ်းကြီးတစ်ခုလိုရှင်းလင်းနေပြီး ဒီမြင်ကွင်းကြောင့် ဖရက်ပါးစပ်ထဲက သွေးတွေကို ထွေးထုတ်ပစ်လိုက်မိတယ်။

"ဖာ့ခ်...." အဲဒီနောက်တော့ သူမျက်ဖြူဆိုက်သွားပြီး

သတိမေ့သွားတယ်။

....

"မကောင်းတော့ဘူး။"

ဓားခုတ်ကောင်လက်နဲ့ ဖရာလီတာကို တစ်စစီပိုင်းဖြတ်ဖို့ ပြေးလာတဲ့ ကလေးမကို Archmega က ရှောင်ရုံလေးရှောင်လိုက်နိုင်တယ်။ တခြားရွေးစရာမရှိတာမလို့ ဖရာလီတာက လက်ထဲကဗုံးသေနတ်ကို ကောင်းကင်ပေါ်ထောင်ပစ်လိုက်တယ်။ ဗုံးကွန်ယက်သုံးခုက ပိုးကောင်ဗိုလ်ချုပ်ကို တားဖို့ မလုံလောက်မှန်းသိပေမဲ့ ဖရာလီတာမှာ တခြားနည်းလမ်းမရှိတော့ဘူး။ တကယ်လို့ သူရှုံးသွားမယ်ဆိုရင် တကယ့်တိုက်ခိုက်ရေးသမားတွေမဟုတ်တဲ့ ဖလေရာနဲ့လင်ဒါတို့ပဲကျန်မယ်။

ပြောခါမှ လင်ဒါက မက်ဒါနာရဲ့သွေးထွက်နေတဲ့ခြေထောက်ကို အရေးပေါ်ဆေးသေတ္တာသုံးပြီး သွေးတိတ်အောင် လုပ်ပေးနေတယ်။ တကယ်လို့ အရင်က မက်ဒါနာမှာသာ ဖီးနစ်ကိုသုံးပြီး ဒီကလေးမကို နိုင်နိုင်တဲ့ နည်းလမ်းတစ်ခုခုရှိခဲ့ရင်တောင်မှ အခုမရှိတော့ဘူး။ ဒီလိုအားနည်းနေတဲ့ အခြေအနေမျိုးမှာ ဘယ်လိုလုပ်ပြီး ဖီးနစ်ကိုသုံးနိုင်မှာလဲ။

"ဟီးဟီးဟီး... ပျော်စရာကြီး။ နင့်မှာအရုပ်တွေ အများကြီးရှိတာပဲ။"

အော်ရိုရာကတော့ အလင်းဒြပ်စင်ဗုံးတွေကို လုံးဝဂရုမစိုက်ဘဲ ကိုယ်တိုင်လက်နဲ့ထိပြီး လိုက်ဖောက်နေတယ်။ တော်ရုံရန်သူတွေဆိုရင် ပေါက်ကွဲပြီးသေကုန်လောက်ပေမဲ့ ပိုးကောင်ဗိုလ်ချုပ်တစ်ယောက်အဖို့ ကစားစရာသာသာပဲ ဖြစ်နေပုံပါ။

"ပေါင်းစပ်မယ်။" ကလေးမ တစ်ဖက်ကိုအာရုံရောက်နေတုန်း ဖရာလီတာက လက်ကိုမြှောက်ပြီးအချက်ပြတယ်။ ဒရုန်းဇုန်ကလည်း အလိုက်တစ်သင့်ဝင်လာပြီး သင်္ဘောနဲ့Archmegaကို ပေါင်းစပ်ကာ ပိုပြီးကြီးတဲ့ စက်ရုပ်အဖြစ်ဖွဲ့လိုက်တယ်။ Archmegaက သင်္ဘောပျံထဲက ပိုပြီးအားကြီးတဲ့ စွမ်းအင်ဓာတ်ပေါင်းဖိုအကူအညီနဲ့ စွမ်းအင်ဓားကြီးကိုဆင့်ခေါ်ကာ အော်ရိုရာပေါ်ကို ခုတ်ချလိုက်တယ်။

အော်ရိုရာကတော့ သူ့ရဲ့ပိုးကောင်လက်တွေကိုသုံးကာ ခုခံလိုက်တယ်။ မြေကြီးထဲကို နည်းနည်းနစ်ဝင်သွားပေမဲ့ ပုံစံအပြည့်ပြောင်းရလောက်တဲ့အထိတော့

ဖိအားမပေးနိုင်ပါဘူး။ မက်ဒါနာပြောသလိုပဲ နည်းပညာတွေမှာ အကန့်အသတ်ဆိုတာရှိတယ်။ အခုလို မကောင်းဆိုးဝါးတွေနဲ့ သူတို့မရင်ဆိုင်နိုင်ဘူး။

"ပျင်းစရာကောင်းလိုက်တာ၊ နောက်တစ်ခါဆိုရင် နင်ဒီထက်ပိုကောင်းတဲ့အရုပ်တွေ လုပ်ထားသင့်တယ်။"

ဘုန်း....

အော်ရိုရာရဲ့ခြေထောက်က ပိုးကောင်ခြေအဖြစ် ပြောင်းသွားပြီး ဖရာလီတာနဲ့ယာဥ်ကိုကန်ပစ်လိုက်တယ်။ ယာဥ်ပျံက ရစရာမရှိအောင် ကြေမွပျက်စီးသွားပြီး အော်ရိုရာရဲ့အဝေးကို လွှင့်ပစ်ခြင်းခံလိုက်ရတယ်။ အခုမက်ဒါနာနဲ့အော်ရိုရာကြားမှာ ဖလေရာနဲ့လင်ဒါပဲကျန်တော့တယ်။

ဖလေရာက တူနဲ့ဝင်ထုပေမဲ့ သိပ်မကြာခင်မှာပဲ အနိုင်ယူခံလိုက်ရတယ်။ ဖလေရာရဲ့လည်ပင်းကို အော်ရိုရာက သာမန်ကလေးလက်နဲ့ညှစ်ထားပြီးတဲ့နောက် သတိလစ်သွားမှ မြေပေါ်ပစ်ချတယ်။ လင်ဒါကတော့ သက်ပြင်းကိုချလိုက်ပြီး လက်ကိုမြှောက်လိုက်ပါတယ်။

ယင်ကောင်ဗိုလ်ချုပ်နဲ့တုန်းက သူကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ဒီတစ်ခါတော့ သူလုပ်နိုင်မှဖြစ်မယ်။ လင်ဒါက သူ့စွမ်းအားကိုသုံးပြီး အော်ရိုရာကို စိတ်ညှိို့ဖို့ကြိုးစားတယ်။

အော်ရိုရာရဲ့ခြေလှမ်းတွေ ခနရပ်သွားပြီး ပြုံးနေတာပါရပ်သွားတယ်။ လင်ဒါရဲ့နှုတ်ခမ်းက နည်းနည်းကွေးညွှတ်သွားလေရဲ့။ သိပ်မသိသာပေမဲ့ အောင်မြင်တဲ့ လက္ခဏာမဟုတ်လား။

'ဟုတ်တယ်၊ ငါတို့နဲ့ဝေးဝေးကို ထွက်သွားလိုက်။' လင်ဒါက သူ့စိတ်ထဲမှာ ဒီစကားကို ပြောလိုက်တယ်။

အော်ရိုရာလည်း နောက်ကိုလှည့်ပြီး သူတို့နဲ့ဝေးရာကို

ခြေလှမ်းနှစ်လှမ်းလှမ်းလိုက်တယ်။ လင်ဒါလည်း အသက်ကိုပြင်းပြင်းရှုနေရင်းကနေ နဖူးပေါ်က ချွေးစတချို့ကို သုတ်လိုက်မိတယ်။

"ကောင်းပြီ၊ အဝေးကို ထွက်သွားတော့။"

"ဟီးဟီးဟီး...." သူ့ကိုယ်သူ အောင်မြင်နေပြီလို့ထင်တဲ့အချိန်မှာပဲ အော်ရိုရာက သူ့ရှေ့ကနေ ပျောက်သွားတယ်။ အဲဒီနောက်တော့ ဆစ်ခနဲနာကျင်မှုတစ်ချက်ကို ခံစားမိလိုက်ပြီး သူ့ကိုယ်သူငုံကြည့်လိုက်မိတယ်။

လက်တစ်ဖက်က သူ့ဘယ်ဘက်ရင်အုံကနေ ဖောက်ထွက်နေပြီး အဲဒီလက်ရဲ့လက်ဖဝါးထဲမှာ ခုန်နေတဲ့ နှလုံးသားတစ်စုံကိုမြင်နိုင်တယ်။

"ဘာ..." လင်ဒါရဲ့ပါးစပ်ကနေ အားအင်ချိနဲ့နေတဲ့ စကားတစ်ခွန်းထွက်လာတယ်။ ကလေးမကတော့ သူ့နှလုံးကို တစ်စစီချေမွပစ်လိုက်ပြီ။ ကလေးမလည်း လက်ကိုပြန်ရုပ်ယူလိုက်တယ်။ လင်ဒါရဲ့ခန္ဓာကိုယ်ကတော့ အရုပ်ကြိုးပျက်လဲကျသွားတော့တယ်။

"ငါ့မှာ နင့်ကိုချစ်မိဖို့အတွက် နှလုံးသားမှမရှိတာ အရူးမရဲ့။ အဲဒီစွမ်းအားနဲ့ ငါ့ကိုချုပ်ကိုင်နိုင်မယ် ထင်နေတာလား။"

....

သွေးဆုံးရှုံးမှုကြောင့် သတိရတစ်ချက်မရတစ်ချက်ဖြစ်နေတဲ့ မက်ဒါနာက သူ့ရှေ့က မြင်ကွင်းကိုကြည့်နေတယ်။ အရင်တစ်ခါလိုပဲ ပိုးကောင်ဗိုလ်ချုပ်ကို သူတို့ဆိုးဆိုးဝါးဝါးရှုံးနိမ့်ရတာချင်း တူနေပေမဲ့ သူ့မျက်လုံးကနေ မျက်ရည်တွေတောက်လျှောက်စီးကျလာနေတယ်။

သူ့ဦးနောက်က အဖြစ်အပျက်ကို အလုံးစုံနားလည်နိုင်စေဖို့ ကူညီမပေးနိုင်တော့ပေမဲ့ မသိစိတ်ကနေ ခံစားနေရတယ်။ အရေးကြီးတဲ့တစ်စုံတစ်ရာကို သူအခုလေးတင် ဆုံးရှုံးလိုက်ရပြီလေ။

သူ့လက်က ဘေးမှာကျနေတဲ့ ဘုရင်အာသာရဲ့ဓားကို

ကိုင်လိုက်မိတယ်။ မျက်ရည်စတချို့က ဓားသွားပေါ်ကို ကျဆင်းသွားပြီး အလိုလိုဓားက မီးလျှံတွေနဲ့သက်ဝင်လှုပ်ရှားလာတယ်။ အော်ရိုရာကတော့ သူ့မျက်လုံးရှေ့က အရာကိုပဲ အဖိုးတန်အရာတစ်ခုကို မြင်နေရသလိုမျိုး ကြည့်နေပါတယ်။

"နောက်ဆုံးတော့ နင့်အစွမ်းအစစ်ကို မြင်ရတော့မယ်ပေါ့။"

ဖီးနစ်က နောက်တစ်ဖန် မတ်တပ်ရပ်လိုက်တယ်။ သူ့ရင်ခွင်ထဲမှာတော့ အားအင်ကင်းမဲ့စွာ ပျော့ခွေနေတဲ့ မိန်းကလေးကို ပွေ့ဖက်ထားတယ်။ သူ့ခြေထောက်တွေက ချက်ချင်းပြန်ကောင်းလာပြီဖြစ်ပေမဲ့လို့ အဲဒီကုသနိုင်စွမ်းက လက်ထဲက မိန်းကလေးအပေါ်ကို သက်ရောက်တဲ့ပုံမပေါ်ဘူး။

"လက်စားချေချင်တာလား၊ လက်စားချေချင်ရင် ငါ့ကိုလာတိုက်လေ။ နင်ငါ့ကို သတ်နိုင်ရင် စိတ်သတ်သာရာ ရရင်ရသွားမှာပေါ့။"

အော်ရိုရာက ခါတိုင်းလိုပဲ ရယ်မောရင်းပြောလိုက်တယ်။ ဖီးနစ်စစ်သည်ရဲ့မျက်နှာဖုံးက အရင်တစ်ခါနဲ့မတူဘဲ မျက်ရည်စီးကြောင်းရာနှစ်ခု မျက်နှာဖုံးပေါ်မှာရှိနေတယ်။ မက်ဒါနာက သတိသေချာရမနေပေမဲ့ ဖီးနစ်ဝိညာဥ်က သူ့ခန္ဓာကိုယ်ကိုအလိုလိုထိန်းချုပ်ထားတယ်။

ဖီးနစ်စစ်သည်က ဓားပြားကြီးကို လက်နှစ်ဖက်နဲ့ကိုင်လိုက်တယ်။ အော်ရိုရာကတော့ ရယ်မြဲရယ်ဆဲပါ။ ပတ်ဝန်းကျင်လေထုက တဖြည်းဖြည်းအေးစိမ့်လာပြီး လူသတ်ငွေ့တွေနဲ့ပြည့်လာပါပြီ။

All Chapters