ဖိတ်ကြားမှုတစ်ခု
Vol. 75 Ch. 1041
" မင်းလည်း အဲဒီအကြောင်း သိသွားပြီကိုး " ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသည်နှင့် အလွင်အင်မတန်မှ တည်ကြည်သည့် အမူအရာဖြင့် ပြန်ပြောလိုက်၏။ ထို့နောက် သူသည် ရှဲ့ဟေးရန် ပြောခဲ့သည့် စကားများအား အခြားသူများ ကြားသွားမည်ကို စိုးရိမ်နေသည့်အမူအရာဖြင့် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်သည်။
သူ၏ အပြုအမူများကြောင့် နဂိုတုန်းက ထိုမှတ်တမ်းများအား အထူးတလည် အရေးစိုက်နေခဲ့ခြင်းမရှိသော ရှဲ့ဟေးရန်မှာ ကြက်သေသေသွားရသည်။ သူသည် ဝမ်ပေါင်လဲ့၏ စကားများအား မယုံနိုင်လောက်အောင်ဖြစ်နေရ၏။
" ဦးလေးဆရာ... "
" ဟေးရန်။ မင်း စောစောတုန်းက ပြောခဲ့တဲ့စကားတွေကို တခြားသူတွေကို မပြောမိစေနဲ့။ ဘာလို့လဲဆိုတော့ အဲဒီမှတ်တမ်းက ငါတို့ရဲ့ အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးထဲမှာ လူသိအနည်းဆုံးနဲ့ အဆန်းကြယ်ဆုံး လျှို့ဝှက်ချက်ကြီး ဖြစ်နေလို့ပဲ " ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူကာ ရှဲ့ဟေးရန်၏ ပခုံးအား ပုတ်၍ သတိပေးလိုက်၏။ ရှဲ့ဟေးရန်မှာမူ ဆွံ့အမှင်တက်နေရပြီ ဖြစ်သည်။ ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ သက်ပြင်းအရှည်ကြီး ချလိုက်ပြီး အဓိပ္ပါယ်လေးနက်သည့် မျက်ဝန်းများဖြင့် ဆိုလိုက်သည်။
" အမှန်အတိုင်းပြောရရင် ငါက သုံးနှစ်သားအရွယ်ကတည်းက ကမ္ဘာကြီးတစ်ခုလုံးရဲ့ လျှို့ဝှက်ချက်တွေကို သိခဲ့ပြီးသား။ အဲဒီကတည်းက ငါက ငါ့ကိုယ်ငါ ပြန်ပြီးတော့ မေးခွန်းတွေထုတ်နေခဲ့တာ "
" ငါ ငါးနှစ်သားအရွယ်ကိုရောက်တော့မှ စကြဝဠာကြီး တစ်ခုလုံးထဲမှာရှိတဲ့ အရာအားလုံးက တကယ်တမ်းတော့ ဘာမှမဟုတ်ဘူးဆိုတာ နားလည်သွားခဲ့တာ။ အဲဒီအရာတွေအားလုံးက ငါ့ရဲ့ စိတ်ဆန္ဒကြောင့် ပေါ်ပေါက်လာရတဲ့ အရာတွေပဲ "
" အဲ... " ရှဲ့ဟေးရန်မှာ အစတွင် အံ့သြတုန်လှုပ်နေခဲ့ပါသော်လည်း ဝမ်ပေါင်လဲ့၏ စကားများကိုနားထောင်ရင်း တစ်ခုခုမှာ လွဲနေပြီဖြစ်ကြောင်း ခံစားလာရ၏။
" မင်း ဘာမှပြောနေစရာမလိုပါဘူး။ ငါ နားလည်ပါတယ်။ ဒါ ပါရမီရှင်တစ်ယောက်ဖြစ်ရတဲ့ ဒုက္ခတွေပေါ့ကွာ " ဝမ်ပေါင်လဲ့မှာ ကောင်းကင်ကြီးအား မော့ကြည့်ကာ ဤ ကမ္ဘာကြီးနှင့် လုံးဝမသက်ဆိုင်သည့် အမူအရာဖြင့် ဆိုလိုက်၏။ ရှဲ့ဟေးရန်မှာမူ ရယ်ရမလို ငိုရမလို ဖြစ်နေပြီဖြစ်သည်။
" ဦးလေးဆရာ။ ကျွန်တော်တို့တွေ စကားကိုလေးလေးနက်နက် ပြောလို့ရမလား "
ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ မျက်လုံးများပြူးကာ ပြန်ပြောလိုက်သည်။
" ချီးကို လေးလေးနက်နက်ပါလားကွ။ မင်းပြောတဲ့ မှတ်တမ်းကြောင့် ငါ့မှာ ကြောက်ချေးပန်းတော့မလို့ "
" အခု ငါတို့မြင်နေရတဲ့အရာတွေ အကုန်လုံး တကယ်မရှိဘူးဆိုရင် ငါကရော ဘာကြီးဖြစ်သွားမှာလဲဟ " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ သူ၏ လက်ကို ငုံ့ကြည့်လိုက်၏။ သူသည် ၎င်းတို့အား အားပါးပါး ဆုပ်လိုက်ပြီးနောက် ရှဲ့ဟေးရန်အား လှမ်းကြည့်လိုက်သည်။
ရှဲ့ဟေးရန်မှာမူ ရှုံ့မဲ့မဲ့ မျက်နှာအမူအရာဖြင့်သာ ပြန်၍ ပြုံးပြလိုက်၏။
" ကျွန်တော်လည်း အဲဒီ မှတ်တမ်းက အဓိပ္ပါယ်မရှိဘူးလို့ပဲ ထင်ပါတယ်။ ပြီးတော့ အဲဒီမှတ်တမ်းရဲ့ မူလဇာစ်မြစ်က ဘယ်ခေတ်ကမှန်းတောင် မသိတာမလို့ ပြန်ပြီးတော့ စုံစမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ ရှဲ့မိသားစုရဲ့ ခေါင်းဆောင်ကြီးတောင်မှ အဲဒီ မှတ်တမ်းကို ဖတ်ပြီးတော့ ကျပ်မပြည့်တဲ့ လူတစ်ယောက် ရေးချင်တာရေးထားတဲ့ စာတွေဆိုပြီး ပြောခဲ့တာ "
" ထားလိုက်ပါ။ ဘာမှ လျှောက်တွေးမနေနဲ့တော့ " ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်၏ ပခုံးအား လက်ဖြင့်ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။ ထို့နောက် သူသည် စကားဆက်ပြောရန် ပြင်လိုက်ပါသော်လည်း အမူအရာများ ပြောင်းလဲသွားပြီး ခေါင်းမော့ကြည့်မိလိုက်၏။ ထိုအခါ သူသည် ရှဲ့ဟေးရန်၏ နောက်ဘက်ရှိ လေထဲတွင် အလင်းတန်းတစ်ခု ဟင်းလင်းပြင်ကြီးအား ထိုးခွင်းလာသည်ကို မြင်လိုက်ရသည်။
ထို အလင်းတန်းထဲတွင် သူ မျက်မှန်းတန်းမိနေသည့် လူတစ်ယောက် ရှိနေ၏။
" ဟေးရန်။ ငါ့မှာ ကိုယ်ရေးကိုယ်တာကိစ္စလေးတွေ ရှိသေးလို့ " ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သည်နှင့် ရှဲ့ဟေးရန် သူ၏ နောက်ရှိ အလင်းတန်းအား မမြင်ချင်ယောင်ဆောင်လိုက်၏။ သူသည် အခြေအနေနှင့် အချိန်အခါကိုလိုက်၍ သင့်တင့်လျောက်ပတ်စွာ ပြုမူတတ်သူတစ်ယောက် ဖြစ်သည်။ ယခုတွင် ဝမ်ပေါင်လဲ့မှာ ကိုယ်ရေးကိုယ်တာကိစ္စများ ရှိသေးသည်ဟု ဆိုလိုက်သည်ဖြစ်ရာ သူသည် ချက်ချင်းနားလည်သွား၏။
ထို့ကြောင့် သူသည် သူ၏နောက်တွင် လူတစ်ယောက် သူတို့ရှိရာသို့ ပျံသန်းလာနေသည်ကို အာရုံခံမိလိုက်သည့်တိုင်အောင် နောက်သို့ လှည့်ကြည့်နေခြင်းမရှိဘဲ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဝမ်ပေါင်လဲ့အား အရိုအသေပေးလိုက်ပြီးနောက် သူ၏ အဝေးသို့ ထွက်သွား၏။ လမ်းတစ်လျှောက်တွင် သူသည် နောက်သို့ တစ်ချက်ပင် ပြန်လှည့်ကြည့်ခဲ့ခြင်းမရှိသလို သူ၏ နတ်ဘုရားအာရုံများကိုပင် ထုတ်လွှတ်ခဲ့ခြင်းမရှိပေ။
သို့သော် သူတို့နှစ်ယောက် အဓိပ္ပါယ်လုံးဝ မရှိသော မှတ်တမ်းကြီးအကြောင်း ဆွေးနွေးနေကြစဉ် ဝမ်ပေါင်လဲ့၏ မျက်နှာဖုံးအပိုင်းအစထဲ၌ ရှိနေသည့် မမလေးတစ်ယောက် သူတို့၏ ပြောစကားများအား နားစွန်နားဖျား ကြားလိုက်သည့် အချက်ကို မည်သူမှ သတိမထားမိလိုက်ပေ။ ယခုတွင် သူမသည် တစ်ကိုယ်လုံးတုန်ရီကာ မျက်ဝန်းများထဲ၌ ဇဝေဇဝါဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာရပြီ ဖြစ်သည်။
" ငါ... တစ်ခုခုကို မှတ်မိသွားတဲ့ပုံပဲ။ ခြောက်ဆယ့်ရှစ်နှစ် ကျန်သေးတယ်... ဒါပေမဲ့ ငါ တစ်ခုခုကို မေ့နေတာ... "
မမလေးမှာ ဒူးခေါင်းနှစ်ဖက်ကြားသို့ ခေါင်းထည့်ကာ ကုပ်ကုပ်ကလေး ထိုင်နေ၏။ သူမ၏ ပုံစံမှာ အထီးကျန်ဆန်နေသည့်ပုံ ပေါက်နေသလို တစ်ချိန်တည်းမှာပင် ယခင်တုန်းကထက်ပို၍ ဇဝေဇဝါဖြစ်နေသည့်ပုံလည်း ပေါက်နေသည်။
ဝမ်ပေါင်လဲ့မှာမူ ထိုအခြင်းအရာများကို သတိထားမိခြင်းမရှိပေ။ ထို အခိုက်အတန့်တွင် သူသည် သူ့ဆီသို့ ဦးတည်လာနေသည့် အလင်းတန်းအား လှမ်းကြည့်နေရင်း ပြုံးနေသည်။
ထို အလင်းတန်းထဲရှိ ပုဂ္ဂိုလ်မှာ အမျိုးသမီးတစ်ယောက် ဖြစ်၏။ သူမသည် မျက်နှာဖုံးတပ်ထားသော လီဝမ်အာ ဖြစ်ပေသည်။
သူမသည် အပြာရောင် ဝတ်ရုံတစ်ခုကို ဆင်မြန်းထားပြီး အရှိန်အဟုန်ဖြင့် ပျံသန်းလာနေသည့်တိုင်အောင် သူမ၏ ဝတ်ရုံနှင့် ဆံပင်များမှာ လေထဲ၌ တလူလူ လွင့်နေခြင်း မရှိပေ။ သူမ အနီးသို့ရောက်လာသည်နှင့် ဝမ်ပေါင်လဲ့မှာ သူမအား လှမ်းကြည့်လိုက်သဖြင့် သူမနှင့် အကြည့်ချင်းဆုံသွား၏။ နောက်ဆုံးတွင် သူမသည် ဝမ်ပေါင်လဲ့၏ ဘေးသို့ ရောက်ရှိလာ၏။
" နင် သိပြီးသားမလား "
" အင်း။ သိပြီးသား " အခြားသူများမှာ လီဝမ်အာ၏ မေးခွန်းအား နားမလည်နိုင်ပါသော်လည်း ဝမ်ပေါင်လဲ့မှာမူ သူမ ဆိုလိုချင်သည့်အဓိပ္ပါယ်အား ချက်ခြင်းနားလည်သွား၏။ သူမသည် ဝမ်ပေါင်လဲ့ သူမ၏ သရုပ်မှန်အား သိထားခြင်း ရှိမရှိ မေးလိုက်ခြင်း ဖြစ်သည်။
ထို့နောက် ဝမ်ပေါင်လဲ့မှာ လေသံတိုးတိုးဖြင့်ဆက်ပြောလိုက်၏ " ဦးလေးလီ နေကောင်းပါတယ်။ တခြားသူတွေ အကုန်လုံးလည်း အတူတူပဲ။ သူတို့အတွက် စိတ်မပူပါနဲ့ "
ထိုအခါ လီဝမ်အာမှာ ပြုံးကာ ဝမ်ပေါင်လဲ့အား ကြည့်၍ ပြန်ပြောလိုက်၏။
" ကျိူးရိဖန်းလည်း နေကောင်းပါတယ်။ ခုန်းတောက်လည်း တူတူပဲ "
ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ ကြက်သေသေသွား၏။ သူသည် ပြည်ထောင်စုကြီးဆီသို့ ပြန်ရောက်မလာခဲ့သည့် ကျိုးရိဖန်းနှင့် ခုန်းတောက်တို့နှစ်ယောက် လီဝမ်အာကဲ့သို့ အမည်မသိ နည်းလမ်းတစ်ခုခုဖြင့် စန္ဒာကြယ်ဂိုဏ်းဆီသို့ ရောက်သွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းမိထားပြီးသား ဖြစ်သည်။
သို့သော် သူသည် အဖြေအတိအကျ ရှာမတွေ့ခဲ့ပေ။ လင်းယုံပင်လျှင် ထိုကိစ္စအကြောင်း သိထားခဲ့ခြင်းမရှိပေ။ ယခုတွင် သူသည် လီဝမ်အာဆီမှ ထိုစကားများကို ကြားလိုက်ရသည်ဖြစ်ရာ ရင်ထဲမှ အလုံးကြီးတစ်လုံး ကျသွားသည့်အလား ခံစားလိုက်ရ၏။ သို့သော် သူသည် စန္ဒာကြယ်ဂိုဏ်းအပေါ် သံသယဝင်နေဆဲပင်။
လီဝမ်အာမှာ ဝမ်ပေါင်လဲ့၏ အတွေးများကို ခန့်မှန်းနိုင်စွမ်း ရှိနေသည့်ပုံပင်။ သူမသည် တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် ဖြည်းဖြည်းချင်း ရှင်းပြလိုက်၏။
" စန္ဒာကြယ်ဂိုဏ်းက ပြည်ထောင်စုကြီးကို အန္တရာယ်ပြုဖို့ အစီအစဉ်မရှိပါဘူး။ ဒါပေမဲ့ သူတို့က နေအဖွဲ့အစည်းနဲ့ ထဲထဲဝင်ဝင် ဆက်နွှယ်နေတဲ့ ကိစ္စတစ်ခုကို အမြဲတမ်း စုံစမ်းနေခဲ့တာ။ ငါ အသေးစိတ် အချက်အလက်တွေကို မသိပေမဲ့... စန္ဒာကြယ်ဂိုဏ်းက အဖြေတစ်ခုကိုလိုက်ရှာနေတာ နှစ်တွေအများကြီးရှိနေပြီ "
" အဖြေတစ်ခု ဟုတ်လား " ဝမ်ပေါင်လဲ့မှာ ထိုစကားများကြောင့် မှင်တက်သွား၏။
" ဘာအဖြေလဲ ဆိုတာကိုတော့ ငါလည်း မသိဘူး။ ဒါပေမဲ့ အခု ငါ ဒီနေရာကို ရောက်လာရတဲ့ အကြောင်းရင်းက မွေးနေ့ဆုမွန်ကောင်း တောင်းပေးဖို့အတွက်ပဲ မဟုတ်ဘူး။ စန္ဒာကြယ်ဂိုဏ်းရဲ့ တစ်ဦးတည်းသော ခေါင်းဆောင်ကြီးဖြစ်တဲ့ စန္ဒာကြယ်ဘိုးဘိုးကြီးက ငါ့ကို နင့်ဆီ သတင်းတစ်ခု ပါးခိုင်းလိုက်လို့ပဲ " လီဝမ်အာမှာ အထူးအဆန်းဖြစ်နေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား ကြည့်ကာ ဆိုလိုက်၏။
ထို စကားလုံးများနှင့် သူမ၏ မျက်ဝန်းများကြောင့် ဝမ်ပေါင်လဲ့မှာ လီဝမ်အာအား နားမလည်နိုင်လောက်အောင် ဖြစ်သွားရ၏။ သူသည် သူ၏ ရှေ့တွင် ရှိနေသည့် အမျိုးသမီးမှာ သူ၏ မှတ်ဉာဏ်ထဲမှ လီဝမ်အာ ဖြစ်နေဆဲဖြစ်ပါသော်လည်း ယခင်တုန်းကနှင့် မတူတော့ဘဲ ကွဲပြားခြားနားနေသည်ဟုလည်း ခံစားနေရသည်...
" ငါ့ဆီ သတင်းတစ်ခု ပါးခိုင်လိုက်တာ ဟုတ်လား။ ဘာသတင်းလဲ " ဝမ်ပေါင်လဲ့မှာ ဇဝေဇဝါ ဖြစ်သွားရသဖြင့် တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် မေးလိုက်၏။
" ခေါင်းဆောင်ကြီးက နောက်ထပ် ခြောက်ဆယ့်ရှစ်နှစ်နေရင် သတ္တမမြောက်လ ကိုးရက်နေ့မှာ သူ့ကို စန္ဒာကြယ်ဂိုဏ်းရဲ့ ကွမ်ထျန်းချောက်ကမ်းပါးမှာ လာတွေ့ပါတဲ့ " ထိုအခါ လီဝမ်အာမှာ အရောင်တလက်လက် တောက်ပနေသည့် မျက်ဝန်းများဖြင့် ပြန်ဖြေလိုက်သည်။ သူမ၏ စကားများမှာ ရိုးရှင်းသည့်ပုံ ပေါ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား ကြားလိုက်ရသောအခါ သံသယစိတ်များ ပို၍ပင် ကြီးထွားလာရ၏။
" အချိန်အတိအကျပါလား... " ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားရ၏။ သူသည် တစ်ခုခုမှာ လွဲနေကြောင်း ခံစားမိပါသော်လည်း အဖြေမထုတ်နိုင်ဘဲ ဖြစ်နေရသည်။ လီဝမ်အာမှာလည်း သူ့အား အသေးစိတ် ရှင်းပြမည့်ပုံ မပေါ်သောကြောင့် သူသည် နှုတ်ဆိတ်နေရုံမှတစ်ပါး အခြား ဘာမှမတတ်နိုင်ခဲ့ပေ။
" ပေါင်လဲ့။ ငါ ရှင်းရှင်းလင်းလင်း သိမထားတဲ့ အရာတွေ ရှိသေးတာမလို့ နင့်ကို ပြောပြလို့မရဘူး။ ဒါပေမဲ့ ခေါင်းဆောင်ကြီးက နင့်ကို အန္တရာယ်ပြုချင်တဲ့စိတ် မရှိဘူးဆိုတာကိုတော့ ငါ ယုံတယ်။ သူနင့်ကို ဒီလိုဖိတ်ခေါ်ရတာလည်း အကြောင်းရင်းရှိလို့ပါ "
" ပြီးတော့ နင် သူ့ရဲ့ ဖိတ်ကြားမှုကို လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ကိစ္စမရှိဘူးလို့လည်း ခေါင်းဆောင်ကြီးက ပြောခဲ့သေးတယ် " လီဝမ်အာမှာ တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားပြီးနောက် ဆက်ပြောလိုက်၏။
" ငါ နားလည်ပါပြီ " ထိုအခါ ဝမ်ပေါင်လဲ့သည်လည်း အသာအယာပြုံးကာ သူ၏ သံသယစိတ်များကို မေ့ပျောက်ထားလိုက်ပြီး လီဝမ်အာအား ကြည့်ကာ ပြန်ပြောလိုက်၏။ သူမ တပ်ထားသည့် မျက်နှာဖုံးကြောင့် သူသည် သူ၏ မှတ်ဉာဏ်ထဲမှ လီဝမ်အာ၏ မျက်နှာအား ကြည့်ခွင့်မရှိပေ။ ထို့ကြောင့် သူသည် သူမ၏ မျက်ဝန်းများထဲမှ ရင်းနှီးဖော်ရွေမှု အငွေ့အသက်များကိုသာ လိုက်ရှာနေရသည်။
သို့သော် ထို အငွေ့အသက်များသည်လည်း တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားတော့မည့်ပုံပင်။
" နင် အရင်ကနဲ့ မတူတော့ဘူးနော် " ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးနောက် ဆိုလိုက်၏။
ထိုအခါ လီဝမ်အာမှာလည်း ငြိမ်ကျသွားပြီး စကားတစ်ခွန်းမှ မပြောတော့ပေ။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် သူတို့၏ အောက်မှ ဧရာမမြွေကြီးမှာ စတင် ရွေ့လျားလာ၏။ ကောင်းကင်ကြီးမှာလည်း အနက်ရောင်ပြောင်းသွားပြီဖြစ်သလို လမင်းကြီးမှာလည်း ကောင်းကင်ယံထဲ၌ ပေါ်ပေါက်လာပြီ ဖြစ်သည်။ ထိုအချိန်တွင် လီဝမ်အာ၏ စကားသံမှာ လေထဲ၌ ပျံ့လွင့်လာ၏။
" ငါ ရင့်ကျက်လာလို့ ပြောင်းလဲသွားတာ ဖြစ်နိုင်ပေမဲ့... လီဝမ်အာ ဖြစ်နေတုန်းပါပဲ " လီဝမ်အာသည် ထိုသို့ဆိုလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား ဦးညွှတ်အရိုသေပေးကာ နောက်သို့လှည့်၍ တိတ်တဆိတ် ထွက်ခွာသွားတော့သည်။
လမင်းကြီးဆီမှ ဖြာကျနေသည့် လရောင်များကြောင့်လား သူတို့ရောက်နေသည့် ဘေးပတ်ဝန်းကျင်ကြောင့်လားတော့ မသိပေ။ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲတွင် အဝေးသို့ ထွက်ခွာသွားနေသည့် လီဝမ်အာမှာ အထီးကျန်ဆန်ကာ ဝမ်းနည်းညှိုးငယ်နေသည့်ပုံ ပေါက်နေ၏။
" စန္ဒာကြယ်ဂိုဏ်း... " ဝမ်ပေါင်လဲ့မှာ လီဝမ်အာ၏ နောက်ကျောအား လှမ်းကြည့်ရင်း မျက်လုံးများ မှေးသွားပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်၏။ လီဝမ်အာမှာ အကွာအဝေးတစ်ခုသို့ ရောက်သွားသောအခါ ရုတ်တရက်ဆိုသလို ခြေလှမ်းများ ရပ်တန့်သွားသည်။ ထို့နောက် သူမသည် နောက်သို့လှည့်လာပြီး ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်၏။ ထိုအခါ သူမ၏ မျက်ဝန်းများထဲမှ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားတော့မည်ဟု ဝမ်ပေါင်လဲ့ မှတ်ယူထားခဲ့သည့် ရင်းနှီးဖော်ရွေမှု အငွေ့အသက်များမှာ ပြန်၍အားကောင်းလာသည်။ သူမသည် အဝေးသို့ ထွက်ခွာသွားရန် ခြေလှမ်းများ လှမ်းနေခဲ့စဥ်တုန်းက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည့်ပုံပင်။ ထို့ကြောင့် ယခုတွင် သူမသည် ဝမ်ပေါင်လဲ့အား ကြည့်ရင်း နှုတ်ခမ်းလေးများ မသိမသာ လှုပ်ရှားသွားပြီး လျှို့ဝှက်ဆန်းကြယ် ပညာရပ်တစ်ခုကိုအသုံးပြုကာ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်တော့သည်။
" ပေါင်လဲ့။ စန္ဒာကြယ်ဂိုဏ်းရဲ့ ဝင်ပေါက်မှာ စာကြောင်းတစ်ကြောင်း ရေးထားတယ်။ အဲဒီစာကြောင်းက... အထက်သုံးပေအကွာမှာ ဘုရားသခင် စောင့်ကြည့်နေတယ်တဲ့ “