ဆယ်ရက်၊ ဆယ်ဘဝ
Vol. 75 Ch. 1042
လီဝမ်အာမှာ ထိုစကားများပြောလိုက်ပြီးနောက် ဝမ်ပေါင်လဲ့၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွား၏။ သို့သော် သူမ ပျောက်ကွယ်သွားသည့်တိုင်အောင် သူမ၏ စကားများမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ အချိန်အတော်အတန်ကြာအောင် စွဲကျန်ရစ်ခဲ့ဆဲပင်။ သူသည် တစ်ကိုယ်လုံး လှုပ်ရှားနိုင်စွမ်း မရှိတော့ဘဲ အသက်မရှိတော့သည့်အလား ငြိမ်သက်သွားရ၏။
လီဝမ်အာ ပြောခဲ့သည့်စကားနှင့် သူမ၏ မျက်နှာအမူအရာကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ အသိစိတ်ထဲ၌ မိုးကြိုးအချက်ရေပေါင်း ထောင်သောင်းများစွာ ပစ်ခတ်သွားသည့်အလား ခံစားလိုက်ရသည်။
အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ ဝမ်ပေါင်လဲ့၏ မျက်လုံးများမှာ ပြန်လည်လှုပ်ရှားလာ၏။
" အထက်သုံးပေအကွာမှာ ဘုရားသခင်က စောင့်ကြည့်နေတယ် ဆိုပါလား... " ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေရွတ်လိုက်ပြီးနောက် အပေါ်သို့မော့ကြည့်လိုက်၏။ သူသည် ကျင့်ကြံခြင်းအဆင့် မြင့်မားနေသောကြောင့် သူ၏ အကြည့်မှာ သုံးပေအကွာအထိသာ မဟုတ်ဘဲ မိုးကောင်းကင်ကြီး၏ အလွန်ရှိ စကြဝဠာကြီးကိုပါ လှမ်းမြင်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
ထိုအချိန်တွင် သူသည် မည်သည့်အကြောင်းကြောင့်မှန်းမသိ ရှဲ့ဟေးရန် ပြောပြခဲ့သည့် မှတ်တမ်းအကြောင်း ပြန်၍ စဉ်းစားမိသွား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် တိုးတိုးလေး ရေရွတ်လိုက်သည်။
" မမလေး။ ရှိလားဗျ "
သို့သော် မည်သည့်စကားသံမှ ပြန်လည်ထွက်ပေါ်မလာခဲ့ပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားရပြီး သူ၏ နတ်ဘုရားအာရုံအား မျက်နှာဖုံးအပိုင်းအစထဲသို့ ထည့်သွင်းလိုက်၏။ သို့သော်လည်း သူသည် မမလေးအား ရှာမတွေ့ခဲ့ပေ။ သူမသည် အနှောင့်အယှက်မခံလိုသောကြောင့် ပုန်းကွယ်နေသည့်ပုံပင်။
ဝမ်ပေါင်လဲ့မှာ သူမအား လိုက်ရှာရန် ကြိုးစားနေခဲ့ခြင်းမရှိဘဲ သူ၏ နတ်ဘုရားအာရုံအား ပြန်လည်ရုပ်သိမ်းကာ တောင်ထိပ်ပေါ်၌ တင်ပျဥ်ခွေထိုင်ရင်း ကောင်းကင်ကြီး တဖြည်းဖြည်းနှင့် မှောင်မိုက်သွားသည်ကို ငေးကြည့်နေလိုက်သည်။ ဧရာမမြွေကြီးမှာ ရွေ့လျားနေသောကြောင့် သူသည် သူ၏အောက်ရှိ မြေပင်ကြီး အနည်းငယ် တုန်ရီနေသည်ကို အာရုံခံမိနေ၏။ ထိုသို့ဖြင့် သူသည် လီဝမ်အာ ပြောခဲ့သည့်စကားများအား ခဏမေ့ထားရန် ဆုံးဖြတ်လိုက်တော့သည်။
သူသည် ယခုအနေအထားနှင့် ထိုစကားလုံးများ၏ အဓိပ္ပါယ်အား ဖော်ထုတ်နိုင်ဦးမည် မဟုတ်သောကြောင့် အချိန်ကုန်ခံ၍ စဉ်းစားနေမည်မဟုတ်ပေ။
သူသည် လက်ရှိတွင် ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်နေသေးသည်မဟုတ်ပါလော။ သို့ဖြစ်ရာ သူမသိထားသည့် အရာများမှာ သူ့အတွက် အရေးမကြီးပေ။ လက်ရှိပစ္စုပန်ကသာလျှင် သူ့အတွက် အရေးကြီးဆုံးဖြစ်ပေသည်။
သူ့ကိုယ်သူ ပို၍ အစွမ်းထက်လာအောင် လုပ်နိုင်မည့် နည်းလမ်းများကသာလျှင် သူ့အတွက် အရေးကြီးဆုံးဖြစ်၏။ စန္ဒာကြယ်ဂိုဏ်းမှ ခေါင်းဆောင်ကြီး သူ့အား ဖိတ်ကြားခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ဝမ်ပေါင်လဲ့မှာ ဖြစ်နိုင်ခြေအမျိုးမျိုးကို ခန့်မှန်းထားပြီးသားဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့နှစ်ယောက်မှာ ဇာတိတစ်ခုတည်းမှ ကျင့်ကြံသူများ ဖြစ်နေကြသည် မဟုတ်ပါလော။ ထို့အပြင် သူသည် စန္ဒာကြယ်ဂိုဏ်း ထွက်ခွာသွားခဲ့ပြီးနောက်ပိုင်း နေအဖွဲ့အစည်း တစ်ခုလုံးထဲရှိ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်လည်း ဖြစ်နေသေးသည်။
" အဲဒီအချက်ကြောင့် ဖြစ်နိုင်ပေမဲ့ သူက ဘာလို့ အချိန်အတိအကျကြီး ပြောခဲ့ရတာလဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ခေါင်းယမ်းလိုက်ပြီးနောက် ထိုအကြောင်းအား မေ့ထားရန် ဆုံးဖြတ်လိုက်တော့သည်။ ထိုသို့ဖြင့် သူသည် မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ခပ်လှမ်းလှမ်းရှိ တောင်တန်းများအား လှမ်းကြည့်လိုက်၏။ ထိုအခါ သူသည် လူရိပ်တစ်ခု ထို တောင်တန်းများကိုဖြတ်၍ သူ့ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာနေသည်ကို မြင်လိုက်ရသည်။
ကောင်းကင်ကြီးမှာ မှောင်မိုက်နေပြီး အလင်းရောင်ဟူ၍ လရောင်များသာ ရှိတော့၏။ ထို ကျင့်ကြံသူမှာလည်း သူနှင့် အတော်အသင့် ကွာဝေးနေသေးသည်။ သို့သော်လည်း ထို ကျင့်ကြံသူ၏ ခေါင်းပေါ်ရှိ ဆံထုံးနှင့် ထိုဆံထုံးပေါ်၌ ရောင်ပြန်ဟပ်နေသည့် အလင်းရောင်များကြောင့် ဝမ်ပေါင်လဲ့မှာ ထိုကျင့်ကြံသူအား ချက်ချင်း မျက်မှန်းတန်းမိသွားသည်။
ထို ကျင့်ကြံသူမှာ သူ၏ မိတ်ဆွေဟောင်းတစ်ယောက် ဖြစ်သည်။ သူသည် အလွန်အင်မတန်မှ ခေါင်းမာပြီး ကြယ်သုသာန်ထဲ၌ သူ၏ ပုံရိပ်ကို အလွန်အင်မတန်မှ ဂရုစိုက်နေခဲ့သော ကောင်းရှုံ့ ဖြစ်ပေသည်။
ဝမ်ပေါင်လဲ့မှာ ထို ကျင့်ကြံသူအား မြင်လိုက်ရသည်နှင့် ကိုယ်စိတ်နှလုံး ပေါ့ပါးသွားရပြီး မျက်နှာပေါ်၌ အပြုံးတစ်ပွင့် ပေါ်ပေါက်လာ၏။ ထို ကျင့်ကြံသူ သူ၏အနီးသို့ ရောက်ရှိလာချိန်တွင် ဝမ်ပေါင်လဲ့မှာ မတ်တတ်ရပ်ကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ နှုတ်ဆက်လိုက်သည်။
" ညီကိုကောင်း"
" ညီကိုတလု " ထို နှုတ်ဆက်သံများနှင့်အတူ ဟက်ဟက်ပက်ပက် အော်ဟစ်ရယ်မောသံတစ်သံလည်း ထွက်ပေါ်လာ၏။ ခဏအကြာတွင် ကောင်းရှုံ့မှာ ဝမ်ပေါင်လဲ့၏ ရှေ့၌ ပေါ်ပေါက်လာသည်။ သူသည် နွေးထွေးကြင်နာမှု အပြည့်ရှိသော မျက်နှာမူအရာဖြင့် သူ၏ ညာဘက်လက်ကို မြှောက်ကာ လက်သီးဆုပ်လိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့၏ ပခုံးအား လှမ်း၍ ထိုးနှက်လိုက်တော့သည်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများအရောင်လက်သွား၏။ သူသည် ကောင်းရှုံ့မှာ သူ့အား အန္တရာယ်ပြုလိုခြင်းမရှိဘဲ မိတ်ဖြစ်ဆွေဖြစ် စနောက်လိုက်ခြင်းသာ ဖြစ်ကြောင်း အာရုံခံမိနေသည်။ သို့သော် သူ၏ လက်သီးချက်အား ရှောင်တိမ်းနေခြင်းမရှိဘဲ အထိုးခံလိုက်မည်ဆိုပါက သူ့အတွက် အန္တရာယ်ရှိနိုင်ပေသည်။ လူများ၏ စိတ်နေသဘောထားများမှာ တစ်ယောက်နှင့် တစ်ယောက်မတူကြပေ။ ထို့အပြင် သူတို့နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် မျက်စိမှိတ် ယုံရလောက်အောင် ခင်မင်ရင်းနှီးမှု မရှိကြသေးပေ။ သို့ဖြစ်ရာ အကယ်၍ သူသာ အန္တရာယ်ပြုလိုစိတ် ရှိနေမည်ဆိုပါက ဝမ်ပေါင်လဲ့မှာ အခက်တွေ့သွားရမည် ဖြစ်သည်။
သို့သော် အကယ်၍ သူ ထိုလက်သီးချက်အား ရှောင်တိမ်းလိုက်လျှင်လည်း ကောင်းရှုံ့အား ယုံကြည်မှုမရှိသည့်ပုံ ပေါက်သွားမည်မဟုတ်ပါလော။ သူသည် ကောင်းရှုံ့၏ အကျင့်စရိုက်အား နားလည်ထားသည်ဖြစ်ရာ သူ စနောက်ကျီစယ်လိုသည့် သဘောဖြင့် ထုတ်လွှတ်လိုက်သည်လက်သီးချက်အား မယုံသင်္ကာစိတ်ဖြင့် ရှောင်တိမ်းမိလိုက်မည်ဆိုလျှင် သူ၏ စိတ်ထဲ၌ ခုသွားနိုင်ကြောင်း ရိပ်မိလိုက်၏။
ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးမိလိုက်သည်နှင့် တွေဝေတုံ့ဆိုင်းမနေတော့ဘဲ ရယ်မောကာ သူ၏ ညာဘက်လက်ကို မြှောက်လိုက်၏။ ထို့နောက် သူသည် လက်သီးဆုပ်ကာ ကောင်းရှံ့နှင့် လက်သီးချင်းတိုက်လိုက်တော့သည်။
ထို့ကြောင့် သူတို့နှစ်ယောက်၏ လက်သီး နှစ်ဖက်မှာ ချက်ချင်း ဝင်တိုက်သွားကြ၏။ ထိုအခါ သူတို့နှစ်ယောက်စလုံးမှာ မည်သူကမှ ထို လက်သီးချက်များထဲ၌ ကျင့်ကြံခြင်းစွမ်းအားများ ထည့်သွင်းထားခြင်းမရှိကြောင်း သိလိုက်ရသည်။ သူတို့မှာ သာမန်လူများကဲ့သို့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် နှုတ်ဆက်နေကြခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ကောင်းရှုံ့မှာ ဝမ်ပေါင်လဲ့အား ပို၍ပင် သဘောကျနှစ်သက်သွားသည့် လေသံဖြင့် ရယ်မောလိုက်တော့သည်။
" ရှဲ့တလု။ မင်းက ဘာကိုမှ ဖုံးကွယ်မထားဘဲ ငါ့ကို အပြည့်အဝယုံကြည်ခဲ့တာပဲ။ အဲတာ ငါ့ကို မျက်နှာသာပေးလိုက်တာနဲ့ အတူတူပဲ။ အဲတာမလို့ မင်းက ဝမ်ပေါင်လဲ့လား ရှဲ့တလုလားဆိုတာ ငါ မေးမနေတော့ပါဘူး " ကောင်းရှုံ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ လက်သီးအား ပြန်လည်ရုပ်သိမ်းလိုက်၏။ ထို့နောက် သူသည် ကျောက်စိမ်းပေလွှာတစ်ခု ထုတ်ယူကာ ဝမ်ပေါင်လဲ့ဆီသို့ လှမ်းပစ်ပေးလိုက်သည်။
" ညီကိုတလု။ ဒီ ကျောက်စိမ်းပေလွှာ ငါ့လက်ထဲရောက်လာအောင် ငါ အများကြီး ကြိုးစားခဲ့ရတာ။ မင်း ဒီကို ရောက်လာမယ်ဆိုတာ ငါကြားလို့ ဒီ ကျောက်စိမ်းပေလွှာကို မင်းဆီ လာပေးတာပဲ "
ထိုအခါ ဝမ်ပေါင်လဲ့မှာ ထိုကျောက်စိမ်းပေလွှာအား လှမ်းယူလိုက်ပြီး သူ၏ သိချင်စိတ်များကို ဖုံးကွယ်နေခြင်းမရှိဘဲ ၎င်းအား ဖွင့်ဖတ်လိုက်၏။ သူသည် ၎င်းအား တစ်ချက်ကြည့်လိုက်ရုံနှင့် ချက်ချင်းဆိုသလိုပင် အံ့အားသင့်သွားရပြီး မျက်လုံးများ ပြူးသွားတော့သည်။
ကောင်းရှုံ့မှာလည်း ဝမ်ပေါင်လဲ့၏ အမူအရာများကို အကဲခတ်နေခဲ့၏။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့တစ်ယောက် အံ့အားသင့်သွားသည်ကို မြင်လိုက်ရသည်နှင့် သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားနေသည့် အမူအရာဖြင့် နောက်ထပ်တစ်ကြိမ်ထပ်၍ ရယ်မောလိုက်သည်။
" မင်း ဘယ်လိုသဘောရလဲ "
" မင်း ဒီလိုသတင်းမျိုးကို ဘယ်နေရာကနေ ရှာတွေ့လာတာလဲ။ ကောင်းကင်ဘုံဓမ္မသခင်ကြီးရဲ့မွေးနေ့ပွဲမှာ ကျင်းပတဲ့ အရည်အချင်းစမ်းသပ်ပွဲအကြောင်းကို မကြေညာခင် ဘယ်သူမှမသိဘူးဆို " ဝမ်ပေါင်လဲ့မှာ အမှန်တကယ် အံ့အားသင့်သွားရခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ထို ကျောက်စိမ်းပေလွှာထဲတွင် မွေးနေ့ပွဲ၌ ကျင်းပမည့် အရည်အချင်းစမ်းသပ်ပွဲအကြောင်း မှတ်တမ်းတင် ရေးသားထားသောကြောင့်ပင်။
ထို အရည်အချင်းစမ်းသပ်ပွဲများမှာ အမြဲတမ်းပြောင်းလဲနေတတ်သည် မဟုတ်ပါလော။ ၎င်းတို့အား ကြေညာပြီးမှသာလျှင် သိနိုင်သည်ဖြစ်ရာ ကြိုတင်ပြင်ဆင်ထားရန် မလွယ်ကူပေ။ ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်အား မေးမြန်းခဲ့သည့်တိုင်အောင် သတင်းစုံသည့် ရှဲ့ဟေးရန်ပင်လျှင် ထိုအကြောင်း သိရှိထားခဲ့ခြင်း မရှိပေ။
သို့သော် ယခုတွင်မူ သူ၏ ရှေ့တွင်ရှိနေသည့် ကောင်းရှုံ့မှာ ထိုအကြောင်းများကို သိထားသည့်ပုံပင်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ ထိုကျောက်စိမ်းပေလွှာထဲ၌ ရေးထားသည့် စာများကို ဖတ်ရှုလိုက်ပြီးနောက် ထိုသတင်းအချက်အလက်များမှာ အမှန်ဖြစ်နိုင်ကြောင်း ခံစားလိုက်ရ၏။
" ငါ အများကြီး ကြိုးစားခဲ့ရပါတယ်လို့ ပြောတယ်လေ။ ဘယ်လိုလဲ ညီကိုတလု။ ငါက သစ္စာရှိတဲ့ လူတစ်ယောက်ဆိုတာ ယုံပြီမလား " ကောင်းရှုံ့မှာ သူ့ကိုယ်သူ ဂုဏ်ယူမဆုံး ဖြစ်နေ၏။ သူသည် သူ၏ လက်ကိုမြှောက်ကာ သူ၏ ဆံထုံးကိုပင် ပွတ်သပ်လိုက်သေးသည်။
" ကျေးဇူးတင်ပါတယ် ညီကိုကောင်း " ဝမ်ပေါင်လဲ့မှာမှာလည်း ချက်ချင်းဆိုသလိုပင် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ကျေးဇူးတင်စကားဆိုလိုက်၏။
" ဘာလို့ ငါ့ကို ဒီလောက်ကြီး ယဉ်ကျေးပြနေရတာလဲကွ။ ပြီးတော့ ငါတို့တွေ အခုလိုကြိုသိထားတာ မှန်ပေမဲ့ ဒီ စမ်းသပ်ပွဲက နည်းနည်းလေးတော့ ထူးဆန်းတယ်။ အရင်တုန်းက စမ်းသပ်ပွဲတွေနဲ့ လုံးဝမတူဘူး။ အဲဒါကြောင့်မလို့လည်း ကြိုတင်ပြင်ဆင်ရတာ ပိုခက်မှာ။ ငါက မင်းကို မျက်နှာလုပ်ချင်လို့ ဒီအကြောင်းတွေ လာပြောပြတာပါ။ အရည်အချင်းစမ်းသပ်ပွဲထဲရောက်ရင် ငါတို့တွေ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ် " ကောင်းရှုံ့မှာ ဝေ့လည်ကြောင်ပတ် လုပ်နေခြင်းမရှိဘဲ ရိုးရိုးသားသား ထုတ်ပြောလိုက်၏။
ဝမ်ပေါင်လဲ့မှာလည်း သူ၏ ရိုးသားမှုများကို အလွန်အင်မတန်မှ သဘောကျနှစ်သက်သွားသည်။ ထို့ကြောင့် သူသည် ခေါင်းညိတ်ပြလိုက်ပြီး ကျောက်စိမ်းပေလွှာအား သူ၏ နတ်ဘုရားအာရုံဖြင့် နောက်ထပ်တစ်ကြိမ် ထပ်၍ ကြည့်ရှုစစ်ဆေးလိုက်သည်။
" အရည်အချင်းစမ်းသပ်ပွဲကို ပုံရိပ်ယောင်ပိုင်နက်ထဲမှာ ကျင်းပမှာ။ အဲဒီ ပိုင်နက်ကို နယ်မြေတွေ အများကြီး ခွဲထားသေးတယ်။ ပြိုင်ပွဲဝင်တိုင်း နယ်မြေတစ်ခုထဲမှာ ဆယ်ရက်ကြာမယ့် အရည်အချင်းစမ်းသပ်ပွဲကို ကျော်ဖြတ်ရမှာ။ အဲဒီ ဆယ်ရက်အတွင်းမှာ ပြိုင်ပွဲဝင်တွေက ကိုယ့်ရဲ့ နယ်မြေထဲမှာပဲ ဆက်ရှိနေလို့ရသလို တခြားနယ်မြေတွေဆီကိုလည်း သွားလို့ရတယ်... ဘာမှတော့ ရေကြီးခွင်ကျယ် မဟုတ်ဘူးပဲ "
" ဟုတ်တယ် " ထိုအခါ ကောင်းရှုံ့မှာ မျက်ဝန်းများ ထူးဆန်းစွာတောက်ပသွားပြီး ဝင်ပြောလိုက်၏ " အဲလောက်ပဲ ဆိုရင် ဒီ အရည်အချင်းစမ်းသပ်ပွဲက ဘာမှမထူးဆန်းပါဘူး။ ဒါပေမဲ့ အဲဒီ အရည်အချင်းစမ်းသပ်ပွဲထဲမှာ ကိုယ့်ရဲ့အတိတ်ဘဝက ပုံရိပ်တွေကို တစ်ပိုင်းတစ်စစီ ပြန်မြင်ရမှာ "
" ဆယ်ရက်ဆိုတော့ ဆယ်ဘဝစာ ပြန်မြင်ရမှာလေ။ တစ်ရက်ကို တစ်ဘဝနှုန်းပေါ့ "
" ကိုယ့်ရဲ့ အတိတ်ဘဝက စွမ်းအားတွေ အကုန်လုံးကို ပြန်ပြီးတော့ စုပ်ယူနိုင်မှာမဟုတ်ပေမယ့် တချို့တလေကိုတော့ ပြန်ပြီး စုပ်ယူနိုင်လောက်တယ်။ ဒါပေမဲ့ အကောင်းဆုံး အခွင့်အရေးကို ရနိုင်မရနိုင်က ငါတို့ရဲ့ အတိတ်ဘဝတွေ ရှိမရှိဆိုတဲ့ အချက်ပေါ်မှာ မူတည်နေတာ။ တကယ်လို့ အတိတ်ဘဝ တစ်ခုမှမရှိဘူးဆိုရင် ဘာအခွင့်အရေးကိုမှ ရမှာမဟုတ်ဘူး။ ဒါပေမဲ့ အတိတ်ဘဝတွေ ရှိနေမယ်ဆိုရင်ရော ငါတို့တွေ အဲဒီဘဝတွေတုန်းက ဘာတွေဖြစ်နေခဲ့တာလဲ " ကောင်းရှုံ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် အသက်ပြင်းပြင်း ရှူလိုက်၏။ သူသည် အရည်အချင်းစမ်းသပ်ပွဲအကြောင်း သိရှိခဲ့ရပြီးနောက် ထိုအကြောင်း အချိန်ပေး၍ သေသေချာချာ စဉ်းစားတွေးတောခဲ့ကြောင်း သိနိုင်ပေသည်။
" တခြားပြိုင်ပွဲဝင်တွေကို မနှောင့်ယှက်ရဘူးဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေလည်း မပါဘူး။ ဒီ အရည်အချင်းစမ်းသပ်ပွဲကို အနိုင်ရနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက... ဒဿမမြောက်ကို နားလည်သွားအောင် လုပ်ဖို့ပဲ။ အဲဒီလို အရင်ဆုံး နားလည်သွားတဲ့ လူဆယ်ယောက်က ကံကြမ္မာစာအုပ်ကို ဖွင့်ဖတ်ခွင့် ရှိသွားမှာ " ဝမ်ပေါင်လဲ့မှာ ကျောက်စိမ်းပေလွှာအား ဖတ်ရှုလိုက်ပြီးနောက် မျက်လုံးများ မှေးသွားပြီး သူ၏ဆရာ ပြောခဲ့သည့် စကားများကို ပြန်စဉ်းစားကြည့်လိုက်၏။ သူသည် သူ၏ အတိတ်ဘဝမှ ပုံရိပ်များကို ပြန်လည့်ကြည့်ရှုကာ ၎င်းတို့နှင့် ပေါင်းစည်းနိုင်မည့် အခွင့်အရေးတစ်ခု ရရှိနိုင်ရန် ကောင်းကင်ဘုံဓမ္မသခင်ကြီးနှင့် အလဲအလှယ်တစ်ခု ပြုလုပ်ခဲ့သည်ဖြစ်ကြောင်း ဆိုခဲ့သည် မဟုတ်ပါလော။
ယခုတွင် သူသည် ထို အခွင့်အရေးမှာ သိပ်မကြာခင်တွင် ကျင်းပတော့မည့် အရည်အချင်းစမ်းသပ်ပွဲနှင့် ဆက်နွှယ်နေကြောင်း သိလိုက်ရ၏။ သို့သော် သူသည် ဤ အရည်အချင်းစမ်းသပ်ပွဲမှာ သူ့အတွက် အကူအညီအထောက်အပံ့တစ်ခုသာ ဖြစ်သည်ဟု ခံစားနေရသည်။ ၎င်းမှာ သူ့အား သူ၏ ဆရာ ကောင်းကင်ဘုံဓမ္မသခင်ကြီးနှင့် အလဲလှယ်တစ်ခုပြုလုပ်၍ သူ့အတွက် ပြင်ဆင်ပေးထားသည့် အခွင့်အရေးကို ရရှိပိုင်ဆိုင်နိုင်အောင် ကူညီပေးမည် ဖြစ်သည်။
" ညီကိုကောင်းရှုံ့။ အရင်တစ်ခေါက်မွေးနေ့ပွဲတုန်းက ကျင်းပခဲ့တဲ့ အရည်အချင်းစမ်းသပ်ပွဲက ဘာလဲဆိုတာကိုရော သိလား " ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးမိလိုက်သည်နှင့် သူ၏ရှေ့တွင် ရှိနေသည့် ကောင်းရှုံ့အား ကြည့်ကာ မေးလိုက်၏။
" အရင်တစ်ခေါက်တုန်းက ရှေးဟောင်းသစ်ပင်ကြီးဆီကနေ အသက်ရှည်မက်မွန်သီးတွေကို သွားယူရတာ။ အဲဒီတစ်ခေါက်ရဲ့ ရှေ့တစ်ခေါက်တုန်းကတော့ ကိုယ့်ရဲ့ နတ်ဘုရားစွမ်းရည်တွေကို သုံးပြီး ကောင်းကင်ထဲမှာ အရုပ်ပုံစံ မီးရှူးမီးပန်းတွေကို ဖောက်ပြရတာ။ အဲဒီတစ်ခေါက်ရဲ့ ရှေ့တစ်ခေါက်တုန်းကကျ ပြိုင်ပွဲဝင်တွေ တစ်ယောက်နဲ့တစ်ယောက် ရင်ဆိုင်တိုက်ခိုက်ရတာ ... အဲတာမလို့ ဒီတစ်ခေါက် အရည်အချင်းစမ်းသပ်ပွဲက အရမ်းကိုထူးဆန်းတယ်လို့ ငါ ပြောတာကွ " ကောင်းရှုံ့မှာ အသက်ပင်မရှူဘဲ တရစပ် ပြောပြလိုက်၏။ ဝမ်ပေါင်လဲ့မှာ သူ၏ စကားများကို နားထောင်ရင်း သူ၏ ခန့်မှန်းချက်များကို ပို၍ပင် ယုံကြည်လာပြီး မျက်ဝန်းများထဲ၌ မျှော်လင့်ချက်ရောင်ခြည်များ သန်းလာတော့သည်။