← Chapters

ဧည့်သည်တော်အဖြစ်ရောက်လာသည့် ‘မြေပြင်သခင်လေး’

Vol. 73 Ch. 1018

ဧည့်သည်တော်အဖြစ်ရောက်လာသည့် ‘မြေပြင်သခင်လေး’

Vol. 73 Ch. 1018

အခန်း (၁၀၁၈) ဧည့်သည်တော်အဖြစ်ရောက်လာသည့် ‘မြေပြင်သခင်လေး’

ဝါဒ‌တောင်က တောင်တံခါးဖွင့်လှစ်ပြီး တရားဝင်တပည့်များလက်ခံတော့မည့် အခမ်းအနားက မကြာခင် ရောက်ရှိလာပေတော့မည်။

ထိုသတင်းပျံ့နှံ့သွားပြီးနောက် အထက်ဘုံကမ္ဘာတစ်ဝှမ်းမှလူငယ်များ ကွမ်းချန်တောင်သို့ အပြေးအလွှားရောက်ရှိလာကြသည်။

တောင်တံခါးဖွင့်မည့်သတင်းကို စောစီးစွာဖြန့်ရသောအကြောင်းရင်းက တပည့်ခံလိုသည့်လူငယ်များ ခရီးထွက်နိုင်ရန် အချိန်ချန်ထားပေးခြင်း ဖြစ်သည်။

ခရီးက ဝေးလံသည်ဖြစ်ရာ ကျင့်ကြံခြင်းအားနည်းသူများနှင့် သာမန်လူများဆိုလျှင် အထူးခရီးသွားပို့ဆောင်ရေးနည်းလမ်း မရှိပါက တစ်သက်လုံးခရီးနှင်လာလျှင်တောင် ဝါဒတောင်သို့ ရောက်နိုင်မည် မဟုတ်ပေ။

ကျူတောပင်လယ်ဒေသတစ်ခုတည်းသည်ပင် မြောက်မှတောင် ၊ အရှေ့မှအနောက် စတုရန်းမိုင်ပေါင်းတစ်သန်းမျှ ကျယ်ဝန်းသည် မဟုတ်ပါလား။

ကျူ‌တောပင်လယ်ဒေသထက် ကျယ်ပြောသော အထက်ဘုံကမ္ဘာတစ်ခုလုံးဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။

ဝါဒတောင်တွင်တပည့်ခံရန် လာရောက်လိုသူများ ဆက်သွယ်နိုင်ရန်အတွက် ဝါဒတောင်က ဒေသပေါင်းများစွာသို့ တပည့်များစွာစေလွှတ်ပြီး လမ်းညွှန်ပြသခဲ့ကြသည်။

ပဏာမရွေးချယ်ခြင်းအောင်မြင်သူများအားလုံး ဝါဒတောင်ဖွင့်ပွဲအခမ်းအနားတွင်ပါဝင်နိုင်ရန် ကျူတောပင်လယ်ဒေသသို့ ခေါ်ဆောင်သွားမည် ဖြစ်သည်။

လက်ရှိတွင် အထက်ဘုံကမ္ဘာရှိ ဝါဒ‌တောင်ဂိုဏ်းတွင် လူအင်အားအတော်လေး နည်းပါးနေသေးသည်။

သို့ပေသိ လူသိများပြီးသားဖြစ်သော ဝါဒ‌တောင်အနေဖြင့် လူငယ်များစွာကို ဆွဲဆောင်ရန် များစွာကြိုးစားအားထုတ်ရခြင်း မရှိခဲ့ပေ။

ယခုနှစ်ပိုင်းအတွင်း ဝါဒတောင်က ကျူတောပင်လယ်ဒေသတွင် သိုသိုသိပ်သိပ် နေထိုင်ခဲ့သည်။ သို့သော် ဝါဒတောင်၏ ကျော်ကြားမှုက ကျူ‌တောပင်လယ်ဒေသတစ်ခုလုံးမှသည် အထက်ဘုံကမ္ဘာဆီသို့ ဖြည်းဖြည်းချင်း စိမ့်ဝင်ပျံ့နှံ့သွားသည်။

ယခင်က အစွန်းရောက်ရှစ်ပါးကမ္ဘာရှိ ကောင်းကင်နယ်မြေတွင် အင်အားစုအငယ်များကို ဝါဒတောင်က ထိန်းချုပ်ထားပြီး သူ၏ကွပ်ကဲမှုအောက်တွင် အငယ်စား ၊ အလတ်စား သိုင်းဂိုဏ်းများစွာ ဖြန့်ကျက်လျှက် ကြီးမားသောကွန်ယက်ကို တည်ထောင်ထားခဲ့သည်။

ယခု ကျူတောပင်လယ်ဒေသတွင်လည်း ထိုသို့သောကွန်ယက်တစ်ခု စတင်ပုံဖော်နေပြီဖြစ်သည်။ ထိုကွန်ယက်ကိုအားထားပြီး ဝါဒတောင်ဖွင့်ပွဲအခမ်းအနားအတွက် အရည်အချင်းရှိသောတပည့်များကို အလွန်အဆင်ပြေစွာ စုဆောင်းနိုင်ခဲ့သည်။

“မင်းတို့တွေ တပည့်အသစ်ရှာဖွေရေးနဲ့ အပြင်မထွက်ရလို့ ပျင်းနေကြပြီလား”

ရန်ကျောက်ကဲက သူ့ဘေးနားတွင်မတ်တတ်ရပ်နေသည့် လူငယ်နှစ်ယောက်ကို မေးလိုက်သည်။

ဝါဒတောင်မှ တပည့်အများစုမှာ တပည့်အသစ်များရွေးချယ်ရန် ပြင်ပလောကသို့ ထွက်ခွာနေကြသဖြင့် တောင်ပေါ်တွင် တပည့်အချို့သာ ကျန်ရစ်ခဲ့ကြသည်။

ရန်ကျောက်ကဲကတော့ အပြင်ထွက်ရန်မလိုအပ်ဘဲ တောင်ပေါ်တွင်သာနေထိုင်ရန် လိုအပ်သည်။

အဘယ်ကြောင့်ဆိုသော ဝါဒတောင်ဖွင့်ပွဲအခမ်းအနားတွင် ရောက်ရှိလာမည့် ဧည့်သည်တော်အချို့ကို ရန်ကျောက်ကဲကိုယ်တိုင် ဧည့်ခံရန် လိုအပ်သောကြောင့် ဖြစ်၏။

ရန်ကျောက်ကဲ၏မေးခွန်းကိုကြားတော့ သူ့ဘေးနားမှလူငယ်နှစ်ယောက်က ခေါင်းခါရမ်းလိုက်ကြသည်။

“မပျင်းပါဘူး...”

လူငယ် (၂)ယောက်အနက် တစ်ယောက်က အရပ်မြင့်မြင့် ခပ်ချောချောဖြစ်သော်လည်း မျက်နှာထားက အလွန်တင်းမာခက်ထန်သည်။

သူ၏ညာဘက်မျက်လုံးကိုတော့ အနက်ရောင်အဝတ်တစ်စဖြင့် ဖုံးကွယ်စည်းနှောင်ထားသည်။

ထိုလူငယ်က မိုးကြိုးသံတောင်ထွတ် ၊ ‘ရှ’ အိမ်တော်မှ အသက်ရှင်ကျန်ရစ်ခဲ့သူ ‘ရှကွမ်း’ ပင် ဖြစ်၏။

သူက ရန်ကျောက်ကဲနှင့််အတူ တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်မှ အရှေ့တောင်ပိုင်းသို့ ပြန်လည်လိုက်ပါလာခဲ့သည်။

ယခု ရှကွမ်း၏အသွင်အပြင်က အသက် (၂၀)ပင် ပြည့်ဟန်မတူအောင် ငယ်ရွယ်နုပျိုနေသည်။

ဟိုအရင်တစ်ချိန်က ရှကွမ်းသည် သွေးမိုးကြိုးထုံးတမ်းအစီအရင်ကို အလွန်အကျွံနှိုးဆွခဲ့ပြီး သုံးပေတောင်မှ အကြီးအကဲတစ်ယောက်နှင့် အပြင်းအထန် တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် သူ၏အသက်ဓာတ်စွမ်းအားများ ဆုံးရှုံးသွားပြီး အသက် (၅၀)ခန့် လူတစ်ယောက်အသွင် ပြောင်းလဲသွားခဲ့၏။

ရှကွမ်းက သူ့ရုပ်သွင်ကို ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲခဲ့ခြင်းမဟုတ်ဘဲ အသက်ဓာတ်စွမ်းအားများ ဆုံးရှုံးသွားသဖြင့် အမှန်တကယ် အသက်ကြီးသည့်ပုံပေါက်လာခြင်းပင်။

ယခုတော့ သူ့ပုံစံက အတော်လေး နုပျိုငယ်ရွယ်နေသည်။

ယခုလည်း ရှကွမ်းက သူ၏အသွင်အပြင်ကို ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲထားခြင်း မဟုတ်ပေ။ ဝါဒ‌တောင်တပည့်ဖြစ်လာပြီးနောက် မူလကောင်းကင်ကျမ်းစာ (၁၀)စောင်ထဲမှတစ်စောင်ဖြစ်သည့် ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာကို ကျင့်ကြံနိုင်ခဲ့ပြီး သူ၏အသက်ဓာတ်စွမ်းအားများက တဖန်ပြန်လည်တိုးတက်လာခဲ့သည်။

လက်ရှိမှာတော့ သူ၏အသွင်အပြင်က လူငယ်ဟုပင်မဆိုနိုင်ဘဲ ဆယ်ကျော်သက်တစ်ယောက်ဟုသာ မှတ်ယူနိုင်သည်။

ယခု ရှကွမ်းက ယခင်ကကဲ့သို့ အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားခြင်းမရှိတော့ဘဲ ဝါဒ‌တောင်မှ ပင်မတပည့်များဝတ်ဆင်လေ့ရှိသော အဖြူရောင်ဝတ်စုံထက်တွင် အနက်ရောင်အနားသပ်များပါသော အပြာရောင်ဝတ်ရုံကို ခြုံလွှမ်းထားသည်။ ရန်ကျောက်ကဲဝတ်ဆင်ထားသောဝတ်စုံနှင့် အတူတူပင် ဖြစ်၏။

အမှန်တော့ ရှကွမ်းကိုယ်တိုင်က တောင်ပေါ်တွင်နေရင်း ဧည့်သည်များကိုဧည့်ခံရန် မျှော်လင့်နေမိသည်ပင်။

သူ၏ မိုးကြိုးသံတောင်ထွတ် ၊ ‘ရှ’ အိမ်တော် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည်မှာ ယခုဆိုလျှင် (၆)နှစ် (၇)နှစ်နီးပါး အချိန်ကုန်ဆုံးသွားပြီ ဖြစ်သည်။

ရှကွမ်းအပြင် သူ၏မောင်နှမ (၂)ယောက်လည်း အသက်ရှင်ကျန်ရစ်ခဲ့သည်။

သို့သော် နှစ်ပေါင်းများစွာကြာမြင့်သည့်တိုင် ရှကွမ်းမှာ သူ၏မောင်နှမများကို ရှာမတွေ့နိုင်ခဲ့ပေ။

တဖြည်းဖြည်း ရှကွမ်း စိတ်မသက်မသာခံစားလာရပြီး မျှော်လင့်ချက်လျော့နည်းလာသည့်တိုင် သူက လက်လွှတ်လိုစိတ် မရှိသေးပေ။

ရန်ကျောက်ကဲက တောင်ပိုင်းဒေတွင် သောင်းကြမ်းပြီး အထက်ဘုံကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။ ယခု ဝါဒတောင်ဖွင့်ပွဲအခမ်းအနားကလည်း အလွန်တရာအံ့သြဖွယ်ကောင်းသည့် အခမ်းအနားတစ်ခု ဖြစ်သည်။

ထို့ကြောင့် သူ၏အစ်ကိုနှင့်အစ်မ အသက်ရှင်နေသေးသည်ဆိုလျှင် ဝါဒတောင်ဖွင့်ပွဲအခမ်းအနားတွင် သတင်းရနိုင်ဖွယ် ရှိသည်။

သို့သော် ဧည့်သည်များဧည့်ခံသည့်အလုပ်က ရှကွမ်းနှင့်သိပ်ပြီး မသင့်တော်ပေ။

သူ၏ဒေါသထွက်လွယ်မှုနှင့် အလောတကြီးလုပ်မှုများကိုအသာထား ၊ နဂိုကပင် ‘ရှ’ အိမ်တော်တွင် သီးသန့်တစ်ယောက်တည်း နေခဲ့ရသည်ဖြစ်လေရာ ပြင်ပလောကနှင့်ထိတွေ့မှု နည်းပါးခဲ့သည်။

လွန်ခဲ့သည့်နှစ်ပိုင်းအတွင်း ခရီးရှည်ထွက်ကာ အတွေ့အကြုံရှာဖွေခဲ့သော်လည်း လူအများနှင့်ဆက်ဆံရသည့် လူမှုဆက်ဆံရေးတွင်တော့ ရင့်ကျက်မှု မရှိသေးပေ။

ဤသည်က အတွေ့အကြုံရော ကိုယ်ရေကိုယ်သွေးပါ သက်ဆိုင်သည့်ကိစ္စဖြစ်သည် မဟုတ်လား။

မကြာသေးမီနှစ်များအတွင်း ဝါဒတောင်လူငယ်များကြားတွင် ‘ရှကွမ်း’ က ‘သွေးနီမိုးကြိုးသခင်’ ဟု နာမည်ကြီးလာခဲ့သည်။

သို့သော် ထိုနာမည်က အဆိုးအကောင်းဒွန်တွဲကာ ကျော်ကြားခြင်း ဖြစ်၏။

ရှကွမ်း၏ သာလွန်သောတန်ခိုးစွမ်းအားက ဝါဒ‌တောင်အားဂုဏ်တက်စေသလို အသေးအဖွဲများကို ဒေါသရှေ့ထား ရင်ဆိုင်တတ်သည့် အကျင့်စရိုက်ကြောင့်လည်း ပြဿနာများ ဖြစ်ရလေ့ရှိသည်။

အရာအတော်များများတွင် ရှကွမ်းအမှားမဟုတ်သော်လည်း ဒေါသရှေ့မထားဘဲ စိတ်ရှည်လက်ရှည်ကိုင်တွယ်နိုင်ပါက သူ့အတွက်ပိုမိုကောင်းမွန်သည့်ရလဒ် ထွက်ပေါ်လာနိုင်သည်။

ဟုတ်ပေ၏။

ရှကွမ်းနှင့်နှိုင်းယှဉ်လျှင် ရန်ကျောက်ကဲက ပိုပြီးပြဿနာရှာတတ်သူ ဖြစ်သည်။

ရှကွမ်းက တောင်ပေါ်တွင်မနေချင်သော်လည်း ရန်ကျောက်ကဲနှင့် ရန်တိစကားကိုတော့ ချွင်းချက်မရှိ နားထောင်လေသည်။

သို့သော် တောင်ပေါ်လာရောက်ကြသည့် ဧည့်သည်များတွင် သူ၏ဆွေမျိုးများ ပါရှိလေမလားဆိုသည်ကိုတော့ အမြဲတမ်း တိတ်ဆိတ်စွာ စောင့်ကြည့်နေလေ့ရှိသည်။

ရှကွမ်းနှင့် ရန်ကျောက်ကဲဘေးတွင်ရပ်နေသူကတော့ အသက် (၂၀)ခန့်ရှိပုံရသော မိန်းကလေးတစ်ဘောက် ဖြစ်သည်။ သူမက အလွန်တရာချောမောလှပသော အလှထိပ်ခေါင်တင်တစ်ယောက်ဖြစ်သည့်တိုင် အေးစက်သောအသွင်အပြင် ရှိသည်။

အခြားသူမဟုတ် ၊ “စစ်ခုန်ချင်း” ပင် ဖြစ်၏။

လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က သူမ သိုင်းသူတော်စင်တစ်ယောက် ဖြစ်လာခဲ့သည်။

သိုင်းသူတော်စင်အဆင့်ဖြင့် ဂိုဏ်းထဲသို့ဝင်ရောက်လာသည့် ရှကွမ်းကို ထည့်မတွက်ဘူးဆိုလျှင် သူမက ရန်ကျောက်ကဲ ၊ ရွှီဖေး ၊ ဖန်းယွင်ရှန်းတို့ပြီးလျှင် ဝါဒတောင်တွင် စတုတ္ထမြောက် သိုင်းသူတော်စင် ဖြစ်လာသူပင်။

ဤနှစ်ပိုင်းအတွင်း သူမက တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး သိုင်းသူတော်စင် ဒုတိယအဆင့်သို့ ရောက်ရှိကာ သိုင်းသူတော်စင် တတိယအဆင့်သို့ရောက်ရှိရန်ပင် နီးကပ်နေပေပြီ။

သို့သော် အထက်ဘုံကမ္ဘာသို့ရောက်လာပြီးကတည်းက စစ်ခုန်ချင်းက ရွှီဖေး ၊ ရှကွမ်း ၊ ယင်လုန်ထူနှင့် ရှီကျွင်းတို့ထက်ပင် သိုသိုသိပ်သိပ်နေထိုင်ခဲ့သည်။

အချိန်အများစုတွင် သူမက တောင်ပေါ်မှာပင် တံခါးပိတ်ကျင့်ကြံနေတတ်သည်။

ယနေ့အချိန်တွင် စစ်ခုန်ချင်းကိုယ်တိုင်သည်လည်း အကြောင်းအရာများစွာကို သတိပြုမိပြီး အခြေအနေက ထူးခြားကြောင်းနားလည်ထားသည်ဖြစ်ရာ ရန်ကျောက်ကဲ ၊ ဖူအန်းစုနှင့် အခြားအကြီးအကဲများကလည်း သူမ၏လုပ်ရပ်ကို ကန့်ကွက်ခြင်းမရှိခဲ့ပေ။

သူမကိုယ်တိုင်ကလည်း သိပ်ပြီးလှုပ်လှုပ်ရှားရှားမလုပ်လိုဘဲ သိုင်းတာအိုသမုဒ္ဒရာထဲမှာပင်နှစ်မြှုပ်ကာ နက်နဲသောအရာများကို စူးစမ်းလေ့လာလိုစိတ် ရှိသည်။

အရင်အချိန်များကတည်းက သူမ ပြင်ပလောကသို့ လေ့လာရေးထွက်သည့်အခါ အပျော်အပျက်သဘောလုပ်ခြင်းထက် မိမိကိုယ်ကိုမြှင့်တင်နိုင်ရန်သာ ပြုလုပ်ခဲ့သည် မဟုတ်ပါလား။

သို့ဖြစ်ရာ ပြင်ပလောကသို့မထွက်ဘဲ တောင်ပေါ်မှာပင်နေထိုင်ကာကျင့်ကြံရခြင်းအပေါ် ပျင်းရိစရာကောင်းသည်ဟု စစ်ခုန်ချင်း တစ်ခါမှ မတွေးခဲ့ဖူးပေ။

“ဂိုဏ်းတူညီမလေး’စစ်ခုန်’ ၊ ငါခန့်မှန်းတာမမှားဘူးဆိုရင်... ဝါဒတောင်ဖွင့်ပွဲအခမ်းအနားပြီးရင် မင်းရဲ့ကိစ္စနဲ့ပတ်သက်ပြီး သေချာပေါက် ပိုပြီးနားလည်နိုင်တော့မယ် ထင်တယ်”

ရန်ကျောက်ကဲက ဆိုသည်။

“ဒါပေမဲ့ အဲဒါက အကောင်းဖြစ်မလား အဆိုးဖြစ်မလားဆိုတာကတော့ မသေချာသေးဘူး ၊ ဘာပဲဖြစ်လာဖြစ်လာ ပြင်ဆင်ထားဖို့လိုအပ်တယ်”

စစ်ခုန်ချင်းအန္တရယ်ကင်းသည်ဆိုသော်လည်း ရလဒ်က အကောင်းအဆိုးမသိနိုင်သေးသရွေ့ သူမအနေဖြင့် သိုသိုသိပ်သိပ်နေထိုင်နိုင်ပြီး ဆက်လက်သည်းခံနေရဦးမည် ဖြစ်သည်။

စစ်ခုန်ချင်းက အေးဆေးတည်ငြိမ်စွာဖြင့်...

“ကိစ္စမရှိပါဘူး ၊ ကျွန်မ နားလည်ပါတယ်”

ထိုအချိန် ဝါဒတောင်မှ တပည့်တစ်ယောက်အနားသို့ချဉ်းကပ်လာပြီး အလွန်လေးစားသောအမူအရာဖြင့် ရန်ကျောက်ကဲကို အရိုအသေပေးလိုက်သည်။

ရန်ကျောက်ကဲက သူ့ကိုကြည့်ကာပြုံးလိုက်ရင်း...

“ဘာကိစ္စရှိလို့လဲ...”

ထိုတပည့်က အလျှင်အမြန်ပင် ပြန်ဖြေလိုက်သည်။

“ဆရာဦးလေး’ရန်’ ၊ ဧည့်သည်တစ်ယောက်ရောက်လာပါတယ် ၊ ဂိုဏ်းချုပ်က အဲဒီဧည့်သည်နဲ့လာရောက်တွေ့ဆုံဖို့ ဆရာဦးလေးကို ဖိတ်ကြားခိုင်းလိုက်ပါတယ်”

ရန်ကျောက်ကဲက...

“အိုး ဟုတ်လား ၊ ဧည့်သည်ကဘယ်သူများလဲ မင်းသိသလား...”

ထိုတပည့်က...

“အဒီလူက သူ့ကိုယ်သူ ‘မြေပြင်သခင်လေး’ လို့ပြောတယ် ၊ မျိုးနွယ်က ‘ချန်’ မျိုးနွယ် ၊ နာမည်က ခွန်းဟွာလို့ ပြောပါတယ်”

All Chapters