လောကသခင်ခန္ဓာ၏ ပထမဆုံးအောင်မြင်မှု
Vol. 41 Ch. 556
ချင်မူက နောက်လှည့်ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။ “ကျဲ့ဟွလီ၊ မင့်ဆရာရဲ့ ဓားမသိုင်းကို ငါ့ မပြချင်ဘူးလား”
ကျဲ့ဟွလီက ရပ်လိုက်ပြီး ခေါင်းလှည့်ကာ ပြောလိုက်၏။ “မပြချင်ဘူး... ငါ မင်းကို ငါ့ဓားမသိုင်းပဲ ပြချင်တယ်”
ချင်မူ ပြုံး၍ အေးအေးလူလူ ပြောလိုက်သည်။ “လော့ဝူရွှမ်ရဲ့ဓားမသိုင်းကို ငါ မြင်အောင် ပြချင်တယ်လို့ မင်း ပြောခဲ့တုန်းက မင်းက ငါ့ပြိုင်ဘက်မဟုတ်မှန်း ငါ သိခဲ့ရတယ်... ဘာကြောင့်ဆို မင်းရဲ့ဓားမသိုင်းက မင့်ကိုယ်ပိုင်သိုင်းကွက်မဟုတ်ဘဲ လော့ဝူရွှမ်နဲ့ ပတ်သက်နေလို့ပဲ... မင်း ဘယ်လောက်ပဲ ဟာကွက်မရှိအောင် ကျင့်ကြံပါစေ.... လော့ဝူရွှမ်ရဲ့ ဓားမသိုင်း ဖြစ်နေဦးမှာပဲ... အခုတော့ မင်းက ငါ့ကို မင်းရဲ့ဓားမသိုင်းကို မြင်စေချင်နေပြီ... ဒါကြောင့် နောက်ဆုံးတော့ ငါ့ ပြိုင်ဘက်ဖြစ်ခွင့် ရှိသွားပြီ... ငါ မင်းကို စောင့်နေပါ့မယ်”
ကျဲ့ဟွလီ ထွက်သွားသော်လည်း သူ့အသံက ချင်မူ့ဆီ ရောက်လာသေးသည်။ “မသေစေနဲ့.. ဆရာဖုရွေ့လော်က မင်းအတွက် ဆုကြေးထုတ်ထားတယ်... မင်းရဲ့ လမ်းမှာ စောင့်နေတဲ့ မိစ္ဆာနတ်ဘုရားတွေရဲ့ တပည့်တွေ အများကြီးပဲ’
‘ဒီလူက သူ့ဆရာလော့ဝူရွှမ်ထက် ပိုချစ်ဖို့ကောင်းတယ်.... သူ့ဓားကွက်တွေကလည်း အများကြီး တိုးတက်လာတယ်.... နတ်ဘုရားလို အမြန်နှုန်းနဲ့ တိုးတက်လာတာ’
ချင်မူမှာ သူ ထွက်သွားသည်ကို ကြည့်ပြီး ဖိအားခံစားလာရသည်။ သူ့ကြွက်သားများ တုန်ခါနေပြီး ကျဲ့ဟွလီ၏မျက်လုံးများမှ ဓားမအာရုံကို ဖြိုခွဲနေ၏။ ကျဲ့ဟွလီ၏အကြည့်က ဓားမတစ်လက်ဖြစ်ပြီး အက်ကွဲနေသကဲ့သို့ တထက်ထက် မြည်သံများ ထွက်လာသည်။
ကျဲ့ဟွလီ၏ ဓားမသိုင်းတိုးတက်မှုက အတိုင်းထက်အလွန် ကြီးမားသည့်အပြင် သူ့တွင် အစစ်အမှန်နတ်ဘုရားငယ်အဆင့် ရုပ်ခန္ဓာနှင့် မူလဝိညာဉ် ရှိထားသည်။ သူသာ ဓားမသိုင်း၏ နယ်သတ်မျဉ်းကို ကျော်လွန်သွားပါက ချင်မူအနေဖြင့် သူ့ကို အနိုင်ယူရန် မဖြစ်နိုင်တော့ပေ။
ယခုအချိန်တွင် ကျဲ့ဟွလီသည် ဓားမသိုင်း၏နယ်သတ်မျဉ်းဆီသို့ ရောက်နေပြီဖြစ်သည့်အတွက် နောက်တစ်လှမ်းလှမ်းလိုက်ပါက ချင်မူ ကပ်ဘေးဓားအား ဖန်တီးခဲ့သကဲ့သို့ ကိုယ်ပိုင်ဓားမသိုင်းကို ဖန်တီးနိုင်လိမ့်မည်။ ကိုယ်ပိုင်ဓားကွက်များကိုလည်း တီထွင်ပြီး ဓားကွက်များသည် လမ်းစဉ်အဆင့်နှင့် နီးကပ်နေလိမ့်မည်။
ကျဲ့ဟွလီ နတ်ဘုရားကဲ့သို့ အလွန်လျင်မြန်စွာ တိုးတက်သွားသော အကြောင်းရင်းမှာ ချင်မူဆီမှ ဖိအားကြောင့် ဖြစ်ချေသည်။ သို့သော် ယခုက ချင်မူ့အလှည့် ဖြစ်၏။
‘ငါ့ရုပ်ခန္ဓာရဲ့ အားအနည်းဆုံးအချက်က ... အစိတ်အပိုင်းအားလုံးကို သပ်သပ်စီ လေ့ကျင့်နေတာကြောင့်ပဲ.. လက်ဆို လက်၊ ခြေထောက်ဆို ခြေထောက်၊ မျက်လုံးဆို မျက်လုံး၊ နှလုံးဆို နှလုံး ဖြစ်နေတယ်... စွမ်းအားအကုန်လုံးကို တစ်ခုတည်း မပေါင်းစည်းနိုင်သေးဘူး... ပေါင်းစည်းနိုင်လိုက်ရင် ငါ့ရုပ်ခန္ဓာက အစစ်အမှန်နတ်ဘုရားငယ်နဲ့ အစစ်အမှန်မိစ္ဆာငယ်တို့အောက် နိမ့်ကျတော့မှာ မဟုတ်ဘူး.... သူတို့ထက်အောင် ပိုသန်မာအားကောင်းနိုင်သေးတယ်’
ချင်မူ တွေးတောရင်းဖြင့် နေလုံးကြီးရှိရာသို့ လျှောက်နေမိသည်။ ကျဲ့ဟွလီ၊ ယွီဟယ်နှင့် ကျန်ရှိသူများတွင် သန်မာအားကောင်းသော ရုပ်ခန္ဓာများ ရှိနေခြင်းမှာ နတ်ဘုရားများဆီမှ ကျင့်စဉ်တို့အား လေ့ကျင့်ရ၍ဖြစ်သည်။ ဤကျင့်စဉ်များမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ပြုပြင်မွမ်းမံထားသော ကျင့်စဉ်များဖြစ်သည့်အတွက် မည်သည့်ခန္ဓာကိုယ်အစိတ်အပိုင်းကိုဆို အဆုံးစွန်အထိ အဆင့်မြှင့်ပေးနိုင်၏။
ကျဲ့ဟွလီ၊ ယွီဟယ်နှင့် ကျန်လူငယ်သိုင်းပညာရှင်များသည် မည်သို့ကျင့်ကြံရမည်ကို တွေးနေစရာမလိုပေ၊ ညွှန်ကြားသင်ပြပေးထားသည့်အတိုင်း လေ့ကျင့်ရုံသာ ရှိသည်။ ဤမျှနှင့်တင် သူတို့၏ရုပ်ခန္ဓာကိုယ်များ အဆင်မြင့်လာရန် လုံလောက်ပေသည်။
သို့သော် ချင်မူကတော့ မတူ။ သူ့မှာ ရွာလူကြီးဆီမှ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်၏ ပထမဆုံးကျင့်စဉ်ကိုသာ သင်ယူခဲ့ရ၏။ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်တွင် သိုင်းကွက်များလည်း မရှိသလို၊ ကောင်းကင်နတ်သိုင်းများလည်း မပါပေ။ ကျင့်စဉ်ပေါင်းစုံကို စုစည်းရောနှောပြီးနောက်မှ သိုင်းကွက်များ ကျင့်ကြံနိုင်ခဲ့သည်။ အကောင်းအဆိုး ဒွန်တွဲနေသော်လည်း အဆုံးသတ်တွင် သူ၏လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်မှာ ‘အမှိုက်တကာ့ ထွဋ်ခေါင်’သာ ဖြစ်သည်။ သူဖုန်းစားတစ်ယောက်၏ အပေါက်အပြဲ ပြည့်နေသော အဝတ်အစားအား ပြောက်တိပြောက်ကြား ဖာထေးထားသကဲ့သို့ပင်။
နောက်ပိုင်း မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို လေ့လာခဲ့ရကာ ပေါင်းစည်းကျင့်စဉ်ကို ထုတ်နုတ်နိုင်ခဲ့၏။ ထို့နောက်တွင် ချင်ဟန်ကျန်းဆီမှတစ်ဆင့် မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ၏ သိုင်းကွက်များက လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်၏ သိုင်းကွက်များ ဖြစ်နေကြောင်း တွေ့ရှိခဲ့ရသည်။
ထိုအခါမှ ချင်မူ၏ကျင့်စဉ်မှာ ရုပ်လုံးပေါ်လာသည်ဟု ဆိုနိုင်၏။
အစစ်အမှန်နဂါးမင်း၏အသိုက်ကို ရရှိပြီး အစစ်အမှန်နဂါးမင်းကျင့်စဉ်နှင့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို ပေါင်းစည်းလိုက်သည့်အခါ.... အပေါက်အပြဲများစွာကို ဖာထေးပေးနိုင်ခဲ့သည်။ သို့တိုင်အောင် အပေါက်အပြဲများက များလွန်း၏။
လက်သီးသိုင်းက လက်သီးသိုင်း၊ ခြေသိုင်းက ခြေသိုင်း၊ မျက်လုံးသိုင်းက မျက်သုံးသိုင်းအစသဖြင့် သပ်သပ်စီ ဖြစ်နေသည်။ ကျင့်စဉ်ပြဿနာက သူ၏ရုပ်ခန္ဓာကို ယွီဟယ်၊ ကျဲ့ဟွလီနှင့် ကျန်ရှိသူများအောက် နိမ့်ကျစေသည့် အကြောင်းရင်း ဖြစ်နေသေး၏။ စန်းဟွာထက်ပင် အနည်းငယ် နိမ့်ကျသည်။
ချင်မူ့အတွေးများက ပြန့်ကြဲတတ်သည်။ တခြားလူများ မတွေးဝံ့သော ၊ မတွေးနိုင်သော အရာများအား သူက စဉ်းစားမိ၏။ ဓလေ့ထုံးတမ်းများဖြင့် ဘောင်ခတ်ခံထားရသည့် လူများအထဲတွင် ချင်မူ မပါပေ။ သူသည် မူလဝိညာဉ်လမ်းညွှန်၊ ဆယ့်ရှစ်ချက်မြောက် ဓားချက်၊ လျှို့ဝှက်ချက်သုံးသွယ် မူလဝိညာဉ်ညီလာခံ အစရှိသဖြင့် ထူးဆန်းသော ကျင့်စဉ်များ၊ ဆန်းပြားသော သိုင်းကွက်များကို တီထွင်ဖန်တီးနိုင်ခဲ့၏။ လွတ်လပ်စွာ တွေးတတ်သော သူ၏စိတ်ကူးစိတ်သန်းများကြောင့်ပင် ကမ္ဘာနှစ်ခုကို ဆက်သွယ်ပေးထားသည့် စွမ်းအင်အကူးအပြောင်းတံတားကိုလည်း တည်ဆောက်နိုင်ခဲ့သည်။
သို့သော် ယင်းကဲ့သို့ ပြန့်ကြဲနေသည့်အတွေးများ၊ စိတ်ကူးစိတ်သန်းများကြောင့် သူ့ကျင့်စဉ်တွင် အပေါက်အပြဲများ ပြည့်နေခြင်းလည်း ဖြစ်၏။
‘ငါ့ဓားသိုင်း လမ်းစဉ်အဆင့် တက်ဖို့ကိစ္စကိုတော့ ဖြေရှင်းပြီးပြီ... ကပ်ဘေးဓားရဲ့ သဘောတရားအတိုင်း ဆက်စဉ်းစားသွားဖို့ပဲ လိုတယ်.... အခု လက်ရှိပြဿနာက ငါ့ကျင့်စဉ်ကို လမ်းစဉ်အဆင့်ရောက်အောင် ဘယ်လိုတွန်းပို့ရမလဲ ဆိုတာပဲ’
ချင်မူ ရပ်လိုက်သည်။ သူ၏အမူအရာမှာ ကြောင်ကြောင်ငေးငေး ဖြစ်နေသည်။
ရုတ်တရက် သူ၏ချီစွမ်းအင်က ခန္ဓာကိုယ်အပြင်သို့ စီးမျောထွက်လာကာ သူ့အရှေ့တွင် ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာကို လျင်မြန်စွာ ဖွဲ့တည်ပြလိုက်သည်။ ပုံရိပ်သည် အလွန်အသေးစိတ်ပြီး နေနှင့်လပင် တည်ရှိနေ၏။ ထို့နောက် သူ၏ချီစွမ်းအင် ဘေးသို့ ဖြန့်ကျက်လိုက်သည့်အခါ သတ္ထု၊ သစ်သား၊ ရေ၊ မီးနှင့် မြေကြယ်တာရာများ ထွန်းလင်းလာ၏။ ဝိညာဉ်စင်မြင့်က မြေပြင်ကျယ်တစ်ခုကို ဖြန့်ခင်း၍ အရပ်ခြောက်မျက်နှာအား နေရာချသည်။ ကြယ်ငါးစင်း၊ နေနှင့်လသည် တစ်ခုကိုတစ်ခု လှည့်ပတ်လျက် ရှိနေ၏။
ဤပုံရိပ်သွင်ကို အခြေခံအဖြစ် ထား၍ ချင်မူက လက်ချောင်းငါးချောင်းကို စုလိုက်ကာ ချီစွမ်းအင်ကို ကြိုးမျှင်ဖွဲ့ပြီး ဝိညာဉ်သန္ဓေသား၊ ဓာတ်ကြီးငါးပါး၊ အရပ်ခြောက်မျက်နှာကို ဝန်းရံစေလိုက်ရင်း စွမ်းအင်လှည့်ပတ်ရာ လမ်းကြောင်းအား တည်ဆောက်နေသည်။
တခဏကြာသော် လွန်စွာ ရှုပ်ထွေးသော စွမ်းအင်လမ်းကြောင်းကွန်ယက်တစ်ခု ဖြစ်ပေါ်လာသည်။ စွမ်းအင်လမ်းကြောင်းကွန်ယက်က သွေးကြောများသဖွယ် ကောင်းကင်ရတနာသုံးခုကို ဝန်းရံနေသည်။
ဤသည်မှာ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်၏ စွမ်းအင်လည်ပတ်ရာ လမ်းကြောင်း ဖြစ်ချေသည်။
ကျင့်စဉ်သည် အလွန်ရှုပ်ထွေးသည့်အတွက် သူ တည်ဆောက်ခဲ့သော ကွန်ရက်မှာလည်း အတိုင်းထက်အလွန် ရှုပ်ထွေးနေ၏။
ချင်မူက တိုင်းတာပြီး မှားနေသော နေရာများအား ပြုပြင်သည်။ နောက်တခဏတွင် သူ၏ချီစွမ်းအင်က ဆက်လက်စီးဆင်းသွားကာ အရိုးများနှင့် ကိုယ်တွင်းကလီစာများအား ဖွဲ့တည်လိုက်သည်။ ထို့နောက် အသား၊ သွေး၊ အရွတ်များနှင့် သွေးလွှတ်ကြော၊ သွေးပြန်ကြောများအား ဆက်လက်ဖော်ဆောင်လိုက်၏။ ဤသို့ဖြင့် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ရှုပ်ထွေးသည့် လူသားခန္ဓာဖွဲ့စည်းပုံ ဖြစ်ပေါ်လာသည်။
သူ့လက်ငါးချောင်း ဖြန့်ကားလိုက်သည့်အခါ သူ့အရှေ့ရှိ လူသားခန္ဓာကိုယ်မှာ ဆယ်ကိုက်မြင့်မားလာ၏။ ၎င်းကား ရှင်းလင်းပြတ်သားနေချေသည်။
ချင်မူက လူသားခန္ဓာကိုယ်ကို ပတ်၍လျှောက်ရင်း စွမ်းအင်လမ်းကြောင်း၏ ထပ်နေသော အကိုင်းအခက်များနှင့် လမ်းခွဲတချို့ကို ဖယ်ရှားပြီး လောကသခင်ခန္ဓာအမြုတေသုံးသွယ်ကျင့်စဉ်ကို အနည်းငယ်ရှင်းလင်းလိုက်သည်။ ထို့နောက် အသေအချာ ကြည့်ရှုပြီးနောက် ရုပ်ခန္ဓာအား လေ့ကျင့်သည့်အချိန်တွင် ချီစွမ်းအင်မရောက်သွားသော နေရာများဆီသို့ လမ်းကြောင်းများ ဖြန့်ကျက်ပေးလိုက်သည်။
ပြုပြင်လိုက်သော နေရာများလေလေ၊ ဖယ်ရှားနိုင်သော လမ်းခွဲများလေလေ ဖြစ်၏။
ချင်မူ ပိုပို၍ စိတ်လှုပ်ရှားလာသည်။ သူ၏ဝိညာဉ်သန္ဓေသားက ခန္ဓာကိုယ်၏ ဖွဲ့စည်းတည်ဆောက်ပုံတွင် အမှားအယွင်းမရှိကြောင်း သေချာစေရန် ခန္ဓာကိုယ်တစ်လျှောက် လျင်မြန်စွာ ရွေ့လျားနေစဉ် ချင်မူက လူသားခန္ဓာကိုယ်အား အဆက်မပြတ် ပြုပြင်နေသည်။
အချိန်များစွာကြာသော် ဝိညာဉ်သန္ဓေသားက ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာထဲသို့ ပြန်ဝင်ပြီး ဝိညာဉ်စင်မြင့်အပေါ်၌ ရပ်လိုက်သည်။ ချင်မူက လက်ချောင်းများကို လှုပ်ရှားရင်း လူသားခန္ဓာကိုယ်၏ အသွေးအသားနှင့် အရိုးများအား တစ်ခုပြီးတစ်ခု ဖယ်ရှားလိုက်သည်။ တခဏကြာသော် ချီစွမ်းအင်ကွန်ယက်နှင့် ကောင်းကင်ရတနာသုံးခုသာ ကျန်တော့၏။
ထိုအချိန်တွင် မိစ္ဆာချီစွမ်းအင်က ခန္ဓာကိုယ်အပြင်သို့ ထွက်လာကာ မိစ္ဆာလမ်းစဉ်၏ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာအား တည်ဆောက်လိုက်သည်။ မှန်ထဲရှိ ပုံရိပ်ပမာ တစ်ခုနှင့်တစ်ခု ရောင်ပြန်ဟပ်နေသော ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာနှစ်ခုဖြင့် သူက ဆက်လက်ပြုပြင်ပြောင်းလဲနေသည်။
နှစ်ခုလုံး ပြီးပြည့်စုံသွားပြီဟု ခံစားရသည့်အခါ အစအဆုံး ပြောင်းလဲသွားသည့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်အသစ်အား လှည့်ပတ်လိုက်သည်။ ကျင့်စဉ်လည်ပတ်နေစဉ် အတောအတွင်း လိုအပ်နေသည့်နေရာများကို ဂရုတစိုက် လေ့လာပြီးလျှင် လူသားခန္ဓာကိုယ်တွင် ပြုပြင်မှုများ ဆက်လုပ်၏။ ဤသို့ဖြင့် ကျင့်စဉ် ပိုပို၍မပြည့်စုံလာမချင်း ဆက်တိုက်မွမ်းမံနေလိုက်သည်။
ချီစွမ်းအင်လမ်းကြောင်းမှာ တဖြည်းဖြည်း ရှင်းလင်းလာပြီး ပိုမိုထိရောက်လာ၏။ ပြုပြင်ပြီးနောက်တွင် သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းသို့ စီးဆင်းဝင်ရောက်နိုင်သွားသည်။
‘ငါ့ကျင့်စဉ်က ပြည့်စုံသင့်သလောက် မပြည့်စုံသေးဘူး... မိစ္ဆာချီစွမ်းအင်လမ်းကြောင်းမှာ အဆင့်မြှင့်လို့ရတဲ့နေရာတွေ အများကြီး ရှိနေတုန်းပဲ... ကောင်းကင်မျက်လုံးတွေထဲက ချီစွမ်းအင်လမ်းကြောင်းကလည်း အင်မတန် ရှုပ်ထွေးနေတယ်’
ချင်မူသည် လေ့လာရင်း လေ့လာရင်း လိုအပ်နေသောနေရာများစွာ တွေ့ရှိနေ၏။ ဤအခိုက်အတန့်တွင် သူ့ကိုယ်သူ ပြုပြင်၍ အဆင့်မြှင့်ရန်မှအပ မည်သည်ကိုမှ ဂရုမစိုက်မိတော့ပေ။
“ချင်မူ”
ရုတ်တရက် အဝေးရှိ ကောင်းကင်နတ်ဆိုးများက သူ့ကို သတိပြုမိသွားသည်။ တစ်ယောက်က ဝမ်းသာအားရ အော်ရယ်လိုက်၏။ “ငါတို့ မင်းကို မြေလှန်ပြီး လိုက်ရှာနေခဲ့ရတာ.... ဒီနေ့တော့ ငါ သွေ့ရွှီအတွက် ကံကောင်းတဲ့နေ့ပဲ... ချင်မူ ငါ့ကို တိုက်ခိုက်စမ်း”
ချင်မူက သူ့ကို အာရုံမရှိပေ။ သူ၏လက်ချောင်းဆယ်ချောင်းက နိမ့်ချည်မြင့်ချည် ရွေ့လျားရင်း လူသားခန္ဓာ၏ ချီစွမ်းအင်ကွန်ယက်အား တရစပ် ရှင်းလင်းမြှင့်တင်နေသည်။
သွေ့ရွှီက မျက်မှောင်ကြုတ်၍ ပျံတက်လိုက်သည်။ အနက်ရောင်တောင်ပံကြီးနှစ်ဖက်ကို ဖြန့်ကာ ပျံသန်းလာ၏။
ချင်မူမှာ သူ့အား သတိမထားမိပေ။ သွေ့ရွီက မာန်သွင်းဟိန်းဟောက်ရင်း လူငယ်လေး၏ အရှေ့သို့ ရောက်လာသည်။ ရုတ်တရက် သူက ချာခနဲ လှည့်လိုက်ရာ မရေမတွက်နိုင်သော ငှက်မွှေးတောင်ဓားများက ချင်မူ့ဆီသို့ ချိန်ရွယ်လျက် ပျံထွက်သွားသည်။
“မိစ္ဆာနတ်ဘုရား ရှို့ချီရဲ့ တပည့် ၊ အသူရာအဖွဲ့က သွေ့ရွှီ မင်းကို တိုက်ခိုက်ချင်တယ်”
သွေ့ရွှီသည် သူ့နာမည်အား ကြေညာလိုက်သော်လည်း ချင်မူ့ခြေလှမ်းများက အနည်းငယ်မျှ ပြောင်းလဲခြင်းမရှိသလို၊ သူ၏ငှက်မွှေးတောင်ဓားများအား အဖက်မလုပ်ကြောင်း တွေ့လိုက်ရ၏။ သို့သော် ဓားများ လူငယ်လေးအနား ရောက်သွားသည့်အခါ လူငယ်လေးက ထူးဆန်းသော ကိုယ်ဟန်အနေအထားဖြင့် ရွေ့လျားကာ ငှက်မွှေးတောင်ဓားများကို ရှောင်တိမ်းလိုက်သည်။ မိစ္ဆာဓားကွက်မှာ သူ့အား အန္တရာယ်မပြုနိုင်လိုက်ပေ။
ဝှစ်
ချင်မူက သူ့အရှေ့ရှိ လူသားခန္ဓာကိုယ်၏ ချီစွမ်းအင်ကွန်ယက်အပေါ်မှ အကြည့်မခွာဘဲ သွေ့ရွှီဘေးမှ ဖြတ်သွားသည်။ သူ၏မျက်ဝန်းများက တောက်ပရွှန်းလဲ့နေပြီး လက်ချောင်းငါးချောင်းက ဗျပ်စောင်းတီးနေသကဲ့သို့ ညင်ညင်သာသာ နိမ့်ချည်မြင့်ချည် ရွေ့လျားသွားသည်။ လူသားခန္ဓာကိုယ်၏ ချီစွမ်းအင်ကွန်ယက် ပျောက်ကွယ်သွားပြီး မျက်လုံးနှစ်လုံး၏ စွမ်းအင်ကွန်ယက်နှစ်ခုသာ ကျန်တော့၏။
ကွန်ယက်၏ အလယ်ဗဟိုတွင် ကြယ်အစုအဝေးနှစ်စု ရှိနေသည်။ နေက ကြယ်အစုအဝေး၏အလယ်၌ တောက်ပနေပြီး အပြင်အလွှာများ၌ ကောင်းကင်ဝင်္ကပါအမှတ်အသားများ ဖွဲ့တည်နေ၏။
ဤသည်မှာ ကောင်းကင်ကိုးဆင့်မျက်လုံးကျင့်စဉ်နှင့် ကျစ်ချင်း၏ နံပါတ်တစ် နတ်မျက်လုံးများအား ပေါင်းစည်းခြင်းဖြင့် မျက်ကန်း ဖန်တီးခဲ့သော ကောင်းကင်မျက်လုံးကျင့်စဉ် ဖြစ်သည်။
ချင်မူမှာ စိတ်အားတရှိန်းရှိန်း တက်ကြွနေပြီး ချီစွမ်းအင်လမ်းကြောင်းအား ရှင်းလင်းရာတွင်သာ အာရုံအပြည့်အဝ စူးစိုက်ထား၏။ ထို့ကြောင့် သွေ့ရွှီဘေးမှ ဖြတ်လာမိသည်ကိုပင် မသိပေ။
သွေ့ရွှီ၏ တောင်ပံများက ဓားမနှစ်လက်ပမာ ချင်မူ့အား ခုတ်ထစ်နေသည်။ သူက ခန္ဓာကိုယ်ကို လှည့်လိုက်၊ လှိမ့်လိုက်ဖြင့် သိုင်းကွက်မျိုးစုံ ထုတ်လွှတ်နေ၏။ တစ်ချက်တစ်ချက် တောင်ပံနှစ်ဖက်ကို ဝိုက်ဆွဲ၍ အလျားလိုက် ပိုင်းဖြတ်တတ်သည်။ တစ်ချက်တစ်ချက် ဂျင်ကဲ့သို့ ခန္ဓာကိုယ်ကို လှည့်ကာ လှီးဖြတ်၏။ သူ၏ဓားချက်များက ပြိုင်ဘက်ကင်းလောက်အောင် အနုစိတ်နေသည်။
ငှက်မွှေးတောင်များက ဓားများအသွင် ပြောင်းနေပြီး သွေ့ရွှီသည် ချင်မူ့ကို လှည့်ပတ်၍ ကခုန်နေသော နတ်ဆိုးကချေသည်သဖွယ် ရှိ၏။ မိစ္ဆာနတ်ဘုရား၏တပည့်တစ်ယောက် ဖြစ်သည်နှင့်အညီ သွေ့ရွှီကား ဓားမသိုင်းသာမက ၊ ဓားပျံသိုင်းပါ ကျင့်ကြံထားချေသည်။
သို့သော် ချင်မူက ခန္ဓာကိုယ်ကို ကွေးလိုက်၊ လှည့်လိုက်ဖြင့် ရွေ့လျားနေသည့်အပြင် ခြေလှမ်းများကလည်း ထူးဆန်းသထက် ထူးဆန်းလာ၏။ သူက သွေ့ရွှီ ဓားဖြင့်ပင် မခုတ်နိုင်သေးခင် သူ၏သိုင်းကွက်များကြားမှ ထွက်သွားသည်။ ကောင်းကင်နတ်ဆိုးမှာ မမှင်သက်မိဘဲ မနေတော့ပေ။
ကျန်ကောင်းကင်နတ်ဆိုးများလည်း အပြေးအလွှား ရောက်လာကြကာ ပြိုင်တူ တိုက်ခိုက်လိုက်ကြသည်။ သူတို့အားလုံးသည် သိုင်းအကျော်အမော်များ ဖြစ်ကြပြီး မိစ္ဆာနတ်ဘုရားကိုယ်တိုင် လက်သပ်မွေးထားသည့် တပည့်များ ဖြစ်ကြ၏။ ကောင်းကင်နတ်ဆိုးတစ်ယောက်က ရက်စက်ကြမ်းကြုတ်စွာ ဟိန်းဟောက်ရင်း ချော်ရည်ပူဘီလူးအသွင် ပြောင်းလိုက်သည်။ မိစ္ဆာနတ်ဆိုးမီးလျှံများ တဟုန်းဟုန်း တောက်လာကာ မိစ္ဆာနတ်ဆိုးမီးလုံးများက သူ့ကို ဝန်းရံလျက် ကခုန်နေသည်။
သူ လက်သီးထိုးချလိုက်သည့်အခါ မိစ္ဆာနတ်ဆိုးမီးသည် ကမ္ဘာမြေတုန်ဟည်းသွားစေသော စွမ်းအားဖြင့် ပေါက်ကွဲသွား၏။
မိစ္ဆာမြွေတစ်ကောင်က ကောင်းကင်နတ်ဆိုးနောက်တစ်ယောက်အား ရစ်ပတ်လျက် ဖွဲ့တည်လာသည်။ နောက်တခဏတွင် ၎င်းက သူ့ခန္ဓာကိုယ်မှ ခွာ၍ ပတ်ဝန်းကျင်တွင် လှည့်ပတ်ပျံဝဲနေသည်။ ၎င်းအသက်ရှူသွင်း၊ ရှူထုတ်သည့်အခါတိုင်း သိုင်းကွက်များက ခန့်မှန်းမရအောင် ထူးဆန်းလာ၏။
ခြေရှစ်ချောင်းအမျိုးသမီးတစ်ယောက်ကလည်း ပင့်ကူမျှင်များအား ထွေးထုတ်ကာ ဝင်္ကပါကြီးတစ်ခု တည်ခင်းလိုက်သည်။ တခဏကြာသော် သူတို့အားလုံး ငေးကြောင်သွားကြ၏။ သိုင်းကွက်တစ်ကွက်မှ ချင်မူ့အား မထိလိုက်ပေ။
ချင်မူက ပင့်ကူအိမ်များကို နင်း၍ အသတ်အဖြတ်ဝင်္ကပါထဲ ဝင်သွားခဲ့သော်လည်း ပင့်ကူအမျိုးသမီး၏ တရစပ် သိုင်းကွက်များအား ရှောင်တိမ်းပြီး မည်သို့မျှမဖြစ်ပျက်သည့်အတိုင်း လမ်းလျှောက်ထွက်သွားခဲ့ရာ ပင့်ကူအမျိုးသမီးမှာ ကြက်သေသေလျက် ကျန်ခဲ့၏။ ထို့နောက် သူက ချော်ရည်ပူဘီလူးအား မျက်နှာချင်းဆိုင်၍ သူ၏လက်သီးအပေါ် နင်းပြီး လက်မောင်းအတိုင်း မျက်နှာဆီသို့ လျှောက်သွားကာ ကျောကုန်းမှ ဆင်းသွားသည်။
မိစ္ဆာမြွေလည်း သူ့ကို မထိနိုင်လိုက်ဘဲ စိတ်လှုပ်ရှားနေသော လူငယ်လေး ဘေးမှ ဖြတ်လျှောက်သွားသည်ကိုသာ တအံ့တဩ ကြည့်နေရသည်။
အားလုံး ချွေးပြန်လာ၏။ သွေ့ရွှီက သူ့အရှေ့ရှိ ချင်မူ့နောက် ပြေးလိုက်ကာ ကျယ်လောင်စွာ အော်လိုက်သည်။ “ကျန်တဲ့လူတွေကို အကြောင်းကြားလိုက်”
ချော်ရည်ပူဘီလူးက ကျယ်လောင်စွာ ဟိန်း၍ လက်သီးဖြင့် ကောင်းကင်ဆီသို့ ထိုးခွင်းလိုက်သည်။ မိစ္ဆာမီးလုံးတစ်လုံး ပေါက်ကွဲသွားပြီး အလျှံတညီးညီးတောက်လောင်နေသော မိစ္ဆာမျက်လုံးအသွင် ပြောင်းသွား၏။
အဝေးရှိ ကောင်းကင်နတ်ဆိုးအားလုံး ထိတ်လန့်သွားပြီး အပြေးအလွှား ရောက်လာကြသည်။
အချိန်တိုအတွင်း ကောင်းကင်နတ်ဆိုးတစ်ရာကျော် ချင်မူ့နောက် ပြေးလိုက်နေကြသည်။ ကောင်းကင်နတ်ဆိုးတစ်ယောက်က လေလယ်တွင် တဝုန်းဝုန်း အုံကြွနေသော မြစ်ကြီးတစ်စင်းအား ဖွဲ့တည်ထား၏။ မြစ်ကြီးတွင် အဝါရောင်စမ်းချောင်းမှ ရေများ ကိန်းဝပ်နေပြီး ဝိညာဉ်လက်နက်ပမာ ပြုမူချေသည်။ မြစ်ကြီးသည် ချင်မူ့ဆီ တရှိန်ထိုး ပြေးဝင်သွားသော်လည်း သူက မြစ်ဖျားတွင် ရပ်လျက် ရေစီးနှင့်အတူ လိုက်ပါသွားလေ၏။
“မြေငလျင်ကောင်းကင်ကြယ်စင်”
ကောင်းကင်နတ်ဆိုးတစ်ယောက်က လက်နှစ်ဖက်လုံး မြောက်လိုက်သည့်အခါ ကောင်းကင်ယံမှ ဥက္ကာခဲများ ကျဆင်းလာသည်။ မီးခဲများက မီးခိုးငွေ့တထောင်းထောင်းဖြင့် ကျဆင်းပြီး မြေပြင်ပေါ် ကျလာသည့်အခါ ကြောက်မက်ဖွယ်ရာ ငလျင်လှိုင်းများ ဖြာထွက်လာ၏။ ချင်မူက ဥက္ကာခဲများကြားမှ အေးအေးဆေးဆေး လမ်းဆက်လျှောက်သွားသည်။
“အသက်နှုတ်ဝိညာဉ်”
အဘွားအိုတစ်ယောက်က အရိုးဖြူအလံကို ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော ဝိညာဉ်များ ပျံထွက်လာ၏။ ဝိညာဉ်များက ချင်မူ့အပေါ် အစုလိုက်အပြုံလိုက် ထိုးဆင်းသွားသည်။ နောက်တခဏတွင် သူက ပွန်းပဲ့ရာလေးပင် မထင်ဘဲ ထွက်လာချေသည်။
“သွေးအရိုးစုများ”
နောက်တစ်ယောက်သည် ဘူးသီးခြောက်ကြီးအား ဖွင့်လိုက်၏။ သွေးရောင်အရိုးခေါင်းများ ခုန်ထွက်လာကာ ချင်မူ့ဆီသို့ ခုန်အုပ်လိုက်ကြသော်လည်း ချင်မူ့အား ဆွဲမထားနိုင်ကြပေ။
“အရူးတွေ” ရုတ်တရက် ကောင်းကင်နတ်ဆိုးတစ်ယောက်က လှမ်းအော်လိုက်သည်။ “သူက တာအိုအတွေးယဉ်ကြောထဲ ရောက်နေတာဟ... သူ့ကို တိုက်ခိုက်နေလို့ ဘာမှမဖြစ်လာဘူး.... သူ့အရှေ့က ထူးဆန်းတဲ့ ချီစွမ်းအင်မျက်လုံးတွေက သူ့အတွေးတွေရဲ့ အရင်းအမြစ်ပဲ... အဲဒါတွေကို ဖျက်စီးကြ”
အားလုံး စိတ်အားတက်သွားကြပြီး သူတို့၏ကောင်းကင်နတ်သိုင်းများအား ထိုမျက်လုံးများဆီသို့ ပစ်လွှတ်လိုက်ကြသည်။ ချင်မူ ချီစွမ်းအင်ဖြင့် ဖွဲ့တည်ထားသော မျက်လုံးနှစ်လုံးမှာ တမုဟုတ်ချင်း ပြိုကွဲသွား၏။
ချင်မူ ရပ်သွားသည်ကို မြင်လိုက်ရ၍ အားလုံး ဝမ်းသာသွားကြသည်။ ချင်မူက ဖြည်းဖြည်းချင်း ခေါင်းမော့လာကာ သူတို့ကို ကြည့်သည်။
“မင်းတို့ကောင်တွေ...” ချင်မူမှာ အတန်ငယ် ငေးကြောင်နေသော်လည်း လျင်မြန်စွာ အမျက်တစ်ချောင်းချောင်း ထွက်လာ၏။ သူက ပြုံးနေသော်လည်း ပြုံးနေသည်နှင့်မတူ၊ ငိုနေသော်လည်း ငိုနေသည်နှင့်မတူသော အမူအရာ ရှိနေသည်။ “မင်းတို့တွေ ငါ့အတွေးတွေကို နှောင့်ယှက်ရဲတယ်ပေါ့...”
ချင်မူ တာအိုအတွေးယဉ်ကြောထဲ ရောက်နေခြင်းဖြစ်ကြောင်း အားလုံးကို သတိပေးခဲ့သည့် ကောင်းကင်နတ်ဆိုးက စိတ်လှုပ်ရှားလာပြီး အော်လိုက်သည်။ “အခု သူ တာအိုအတွေးထဲကနေ ပြန်ထွက်လာပြီ ...... အခု သူ့ကောင်းကင်နတ်သိုင်းတွေနဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတွေက အများကြီး အားနည်းနေတယ်.... သတ်ကြ”
ကောင်းကင်နတ်ဆိုးအားလုံး ချင်မူ့အား ခုန်အုပ်လိုက်ကြသည်။
ဓားရောင်တစ်ရောင် လက်သွားပြီး ချင်မူ၏ ဒေါသထွက်နေသောအသံ လိုက်ပါလာ၏။
“မင်းတို့တွေ သေချင်နေတာပဲ”
၎
င
၎
၎