← Chapters

ကံကြမ္မာတောင်

Vol. 75 Ch. 1043

ကံကြမ္မာတောင်

Vol. 75 Ch. 1043

" ကိုယ့်ရဲ့ အတိတ်ဘဝကို နားလည်အောင် လုပ်နိုင်မယ့်အပြင်... ကံကြမ္မာစာအုပ်ကို လှန်ပြီး အနာဂတ်က ပုံရိပ်တွေကိုလည်း ကြည့်ရှုခွင့်ရှိဦးမှာ... နောက်ခြောက်ဆယ့်ရှစ်နှစ်နေရင် ဘာဖြစ်မလဲဆိုတာကိုရော ကြည့်လို့ရမလားမသိဘူး " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ ထူးဆန်းစွာတောက်ပသွား၏။ တစ်ချိန်တည်းမှာပင် သူသည် သူ၏ ဆရာ ပြောခဲ့သည့် အခွင့်အရေးအကြောင်း ပို၍ပင် စိတ်ဝင်စားလာရသည်။

" ငါ့ရဲ့ အတိတ်ဘဝက ဘာလဲဆိုတာ ငါ မသိဘူး။ ငါ့ဆီမှာ အတိတ်ဘဝ ဘယ်နှခုများ ရှိခဲ့လဲ " ဝမ်ပေါင်လဲ့မှာ သိချင်စိတ်များ ပြင်းပြလာ၏။ သူသည် အမှောင်ဂိုဏ်းထဲသို့ မရောက်ခင်တုန်းက အတိတ်ဘဝဆိုသည့်အရာအား ယုံကြည်မှုမရှိခဲ့ပေ။ သို့သော် သူ အမှောင်ဂိုဏ်းထဲ၌ ကြုံတွေ့ခဲ့ရသည့် အရာများမှာ ဤ ကမ္ဘာကြီးထဲ၌ အတိတ်ဘဝများရှိကြောင်း အတိအလင်း ဖော်ပြနေ၏။

သူသည် အမှောင်အိပ်မက်ထဲ၌ သူကိုယ်တိုင် ဝိညာဉ်အမြောက်အမြားကို ပို့ဆောင်ပေးခဲ့ရသည့်အပြင် ဝိညာဉ်အသစ်များ၏ မျက်နှာများကိုလည်း ရေးဆွဲပေးခဲ့ရသေးသည် မဟုတ်ပါလော။ သို့သော် သူသည် ထိုစဉ်တုန်းက သူ၏ အတိတ်ဘဝအား ပြန်လည်စုံစမ်းနိုင်သည့် နတ်ဘုရားစွမ်းရည်များ သို့မဟုတ် အခွင့်အရေးများနှင့် မကြုံတွေ့ခဲ့ရပေ။

ဝမ်ပေါင်လဲ့တစ်ယောက် အတွေးများထဲ၌ နစ်မျောနေစဉ် သူ၏ ဘေးတွင် ရှိနေသည့် ကောင်းရှုံ့မှာ ဝမ်ပေါင်လဲ့အား မျက်နှာလုပ်နိုင်ခဲ့သည့်အတွက် အလွန်အင်မတန်မှ ကျေနပ်နေ၏။ သို့သော် ထိုအချိန်တွင် သူသည် အချက်တစ်ချက်အားဖြင့် ပြန်တွေးမိသွားသဖြင့် လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။

" ဒါပေမဲ့ ညီကိုတလု။ ဒီ မွေးနေ့ပွဲမှာ သတိထားရမယ့် လူတချို့ ရှိတယ်နော်... "

" ဟင်... " ထိုအခါ ဝမ်ပေါင်လဲ့မှာ ကောင်းရှုံ့အား ပြန်ကြည့်လိုက်၏။

" ငါတို့အောက်မှာ ရှိနေတဲ့မြွေကြီးက ရှေးဟောင်းသားရဲ သုံးဆယ့်ကိုးကောင်ထဲက တစ်ကောင်ပဲ ရှိသေးတာ။ ဒီဂြိုဟ်ပေါ်မှာ ဒီမြွေကြီးလို သားရဲမျိုး နောက်ထပ် သုံးဆယ့်ရှစ်ကောင်တိတိ ရှိနေသေးတယ်။ အဲဒီ သားရဲကြီးတွေ အကုန်လုံးကလည်း အလယ်ပိုင်းဒေသဆီကို တစ်ပြိုင်နက်တည်း သွားနေကြတာ "

" အဲတာမလို့ မွေးနေ့ဆုမွန်ကောင်း တောင်းပေးမယ့်သူတွေ အများကြီးရောက်လာကြမှာပဲ။ ပြီးတော့... အဲဒီ သားရဲကြီးတွေပေါ်မှာလည်း ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်တဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေ ပါလာကြဦးမှာ "

" ညီကိုတလု။ မင်းက တာအိုဂြိုဟ်နဲ့ ပေါင်းစည်းနိုင်ခဲ့ပြီး ရှုယင်လင်းနဲ့ တိုက်ခိုက်တုန်းက တမူထူးခြားတဲ့ အစွမ်းတွေကို ထုတ်ပြနိုင်ခဲ့တာ မှန်ပေမဲ့ မင်း သတိထားရမယ့် လူလေးယောက် ရှိသေးတယ်ကွ "

" အဲဒီလေးယောက်ထဲမှာ တစ်ယောက်က အဆုံးမဲ့မျိုးနွယ်စုရဲ့ နတ်ဧကရာဇ်ကျိကျား သွေးမျိုးဆက်ထဲက နံပါတ်ကိုးသခင်လေးပဲ။ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဂြိုဟ်ထိပ်ဆုံးအဆင့်မှာ ရှိနေပြီးတော့ သူက တာအိုဂြိုဟ်နဲ့ မဟုတ်ဘဲ ရှေးဟောင်းဂြိုဟ်တွေနဲ့ပဲ ပေါင်းစည်းနိုင်ခဲ့တာဆိုပေမယ့် သူ ပိုင်ဆိုင်ထားတဲ့ ဂြိုဟ်အရေအတွက်ကလည်း ကိုးလုံးတောင်။ လူတစ်ယောက် အများဆုံးပိုင်ဆိုင်နိုင်တဲ့ ဂြိုဟ်အရေအတွက်ကလည်း ကိုးလုံးပဲလေ။ သူက ညီကိုတလုလို လမ်းစဉ်မျိုး လိုက်ချင်နေတယ်လို့ တချို့လူတွေက ပြောကြတာပဲ။ ဒါပေမဲ့ သူ အခုထိတော့ မအောင်မြင်သေးဘူး "

" သူက အခွင့်အရေးရရင် ညီကိုတလုရဲ့ ဝာာအိုဂြိုဟ်ကို လုယူဖို့ ကြိုးစားနိုင်တယ်။ အဲတာကြောင့်မလို့ သူ ညီကိုတလုကို မတွေ့တွေ့အောင်ရှာပြီး တိုက်ခိုက်မှာ သေချာပေါက်ပဲ " ကောင်းရှုံ့မှာ ထို နံပါတ်ကိုးသခင်လေးအကြောင်း ပြောပြနေစဉ် သူ၏ မျက်ဝန်းများထဲမှ စိုးရိမ်မှု အရိပ်အယောင်များကို ဖုံးကွယ်ထားနိုင်စွမ်းမရှိပေ။ သို့ဖြစ်ရာ သူ၏ မိသားစုမှာ အတော်အသင့် ဩဇာအာဏာကြီးမားသည့်တိုင်အောင် သူသည် ထို နံပါတ်ကိုးသခင်လေးဆိုသူအား ကြောက်ရွံ့နေဆဲဖြစ်ကြောင်း သိနိုင်ပေသည်။

" အဆုံးမဲ့မျိုးနွယ်စု... " ဝမ်ပေါင်လဲ့မှာလည်း မျက်လုံးများမှေးသွားရ၏။

" နောက်ထပ်သုံးယောက်က ဘယ်သူတွေလဲ "

" ရှုယင်လင်းက မဟာဒိဋ္ဌိနယ်မြေထဲမှာ အဆင့်သုံးချိတ်တဲ့ ဖီးနစ်ကိုးကောင်ဂိုဏ်းကလေ။ ဒုတိယအဆင့်ချိတ်တဲ့ ဂိုဏ်းနာမည်က ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်းတဲ့။ အဲဒီတာအိုဂိုဏ်းက ဂိုဏ်းသား ခုနစ်ဆယ့်ခုနစ်ယောက်ပဲ ရှိတာမလို့ တခြားဂိုဏ်းတွေနဲ့ မတူဘူး။ အဲဒီ ဂိုဏ်းသားတွေရဲ့ ရာထူးအဆင့်အတန်းတွေကလည်း သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်ပေါ် မူတည်ပြီး ပြောင်းလဲနေကြတာ။ ပြီးတော့ အဲဒီဂိုဏ်းသား တစ်ယောက်ချင်းစီတိုင်းက... ထပ်တလဲလဲ ပြန်ပြီးတော့ လူဝင်စားခဲ့တဲ့ လူထူးဆန်းကြီးတွေ။ အခုတစ်ခေါက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးဖို့ ရောက်လာတဲ့လူက ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်းရဲ့ နံပါတ်ဆယ့်ခုနစ်သားတော်ပဲ "

" သူက အရင်တုန်းက ကြယ်နယ်မြေထိပ်ဆုံးအဆင့်မှာ ရှိခဲ့တဲ့ အစွမ်းထက်ကျင့်ကြံသူကြီးတစ်ယောက်ပေါ့။ ဒါပေမဲ့ အခု သူက လူဝင်စားတစ်ယောက် ဖြစ်နေတာ။ သူ့ရဲ့ ခန္ဓာကိုယ်အသစ်က ဂြိုဟ်အဆင့်မှာပဲ ရှိနေသေးတယ်ဆိုပေမယ့် သူက ဝှက်ဖဲတွေအများကြီး ပိုင်ဆိုင်ထားတာမလို့ သူ့ရဲ့ တိုက်ရည်ခိုက်ရည်စွမ်းအားတွေက တော်တော်လေးကို အဆင့်မြင့်တယ်။ ဘယ် ဂြိုဟ်အဆင့် ကျင့်ကြံသူကမှ သူ့ကို မယှဉ်နိုင်ဘူးလို့ပြောကြတာဘဲ "

" ထပ်တလဲလဲ ပြန်ပြီးတော့ လူဝင်စားတာ ဟုတ်လား။ ဂိုဏ်းသား ခုနစ်ဆယ့်ခုနစ်ယောက်ပဲ ရှိတဲ့ ဂိုဏ်းတစ်ဂိုဏ်း ဟုတ်လား။ အဲတာဆိုရင် မဟာဒိဋ္ဌိနယ်မြေထဲမှာ အဆင့်တစ်ချိတ်တဲ့ ဂိုဏ်းက ဘယ်ဂိုဏ်းလဲ " ဝမ်ပေါင်လဲ့မှာ သိချင်သောကြောင့် မေးမြန်းလိုက်၏။

" အဆင့်တစ်ဂိုဏ်းက မရှိဘူး။ မဟာဒိဋ္ဌိနယ်မြေက တော်တော်လေးကို ထူးဆန်းတယ်။ ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်းက အဆင့်တစ်ချိတ်တာ သေချာပေမဲ့ သူတို့က သူတို့ကိုယ်သူတို့ အဆင့်နှစ်လို့ပဲ ပြောကြတာ။ ဖီးနစ်ကိုးကောင်ဂိုဏ်းကလည်း အတူတူပဲ။ သူတို့ကိုယ်သူတို့ အဆင့်သုံးလို့ပဲ ပြောကြတာ "

" အဲတာမလို့ အဆင့်တစ်ဂိုဏ်း တကယ်ရှိတယ်ဆိုရင်တော့ အဲဒီဂိုဏ်းက တော်တော်လေးကို လျှို့ဝှက်ဆန်းကြယ်တဲ့ ဂိုဏ်းတစ်ဂိုဏ်း ဖြစ်နေမှာ သေချာတယ်။ ကောင်းမိသားစုရဲ့ ခေါင်းဆောင်ကြီးက အဲဒီအကြောင်း သိကောင်းသိနိုင်ပေမဲ့ ငါ့ကိုတော့ မပြောပြထားဘူးကွ " ကောင်းရှုံ့မှာ လက်ယမ်းကာ ပြန်ဖြေလိုက်၏။ သူသည်လည်း ထိုကိစ္စအကြောင်း သိချင်နေသည့်ပုံပင်။

" မင်း စန္ဓာကြယ်ဂိုဏ်းအကြောင်း ကြားဖူးလား " ဝမ်ပေါင်လဲ့မှာ ရုတ်တရက် မေးလိုက်၏။

" ကြားဖူးတယ်။ လီဝမ်အာက စန္ဒာကြယ်ဂိုဏ်းကမလား။ ဒါပေမဲ့ အဲဒီဂိုဏ်းက မဟာဒိဋ္ဌိနယ်မြေထဲမှာ တော်တော်လေးကို အဆင့်နိမ့်တယ်ကွ။ ထိပ်ဆုံးအဆင့်တစ်ရာထဲမှာတောင် မပါတာမလို့ သူတို့ရဲ့ ဂိုဏ်းက အဆင့်သတ်မှတ်ချက်မရှိဘူး " ကောင်းရှုံ့မှာ သူသိထားသမျှ သတင်းအချက်အလက်အကုန်လုံးကို ပြောပြလိုက်သဖြင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားရ၏။ သူသည် ကောင်းရှုံ့မှာ အမှန်အတိုင်းပြောနေခြင်းဖြစ်ကြောင်း ခံစားနေရပါသော်လည်း သူ၏ စကားများမှာ သူသိထားပြီးသားဖြစ်သည့် အချက်အလက်များနှင့် ကိုက်ညီမှုမရှိဘဲ ကွဲလွဲနေသည့်ပုံပင်။

သူ အတွေးများထဲ၌ နစ်မျောနေစဉ်မှာပင် ကောင်းရှုံ့မှာ သူ့အား သူ သတိထားရမည့် နောက်ထပ် လူနှစ်ယောက်အကြောင်း ဆက်ပြောပြလိုက်၏။

" မဟာလက်ဝဲတာအိုနယ်မြေထဲရဲ့ အဆင့်တစ်ဂိုဏ်းဖြစ်တဲ့ လမ်းကိုးသွယ်တာအိုဂိုဏ်းက ချန်ရူရှို့ကတော့ အဆင့်နိမ့် တာအိုဂိုဏ်းသားတစ်ယောက်ပါပဲ။ သူက ကြယ်သုသာန်ထဲမှာ အထူးဂြိုဟ်တစ်လုံးပဲ ရခဲ့တာမလို့ ရာထူးအဆင့်အတန်း တိုးတက်မလာခဲ့ပေမဲ့ တာအိုဂိုဏ်းသားတစ်ယောက် ဖြစ်နေတုန်းပဲ။ ဒါပေမဲ့ ဒီတခေါက်မွေးနေ့ပွဲကို ရောက်လာမယ့်လူက လမ်းကိုးသွယ်တာအိုဂိုဏ်းရဲ့ သတ္တမအဆင့်တာအိုဂိုဏ်းသားပဲ "

" အဲဒီ သတ္တမအဆင့် တာအိုဂိုဏ်းသားက ဂြိုဟ်ထိပ်ဆုံးအဆင့်ကို ရောက်နေပြီ။ သူ ပေါင်းစည်းနိုင်ခဲ့တဲ့ ဂြိုဟ်ကလည်း အထူးဂြိုဟ်တစ်လုံး ဖြစ်နေပေမဲ့ အဲဒီဂြိုဟ်ရဲ့ စည်းမျဥ်းဥပဒေသက တော်တော်လေးကို ကြောက်ဖို့ကောင်းတယ်ကွ။ အရာအားလုံးကို ဝါးမျိုနိုင်စွမ်းရှိတဲ့ ဝါးမျိုခြင်း စည်းမျဥ်းဥပဒေသလေ။ အဲဒီ စည်းမျဥ်းဥပဒေသကြောင့်လည်း သတ္တမအဆင့်တာအိုဂိုဏ်းသားက တော်တော်လေးကို ရက်စက်ကြမ်းကြုတ်တာ "

" နောက်ဆုံးတစ်ယောက်ကတော့ မင်း မြင်ဖူးထားပြီးသားပါ။ သူက... ကြယ်သုသာန်ထဲမှာ ငါတို့နဲ့အတူ ယှဉ်ပြိုင်ခဲ့တဲ့ ကျင့်ကြံသူတစ်ယောက်ပဲ။ နောက်ကျောမှာ ဓားရှည်ကြီးတစ်လက် လွယ်ထားပြီး အနက်ရောင်ဝတ်ရုံတစ်ခု ခြုံထားတဲ့ တစ်ယောက်လေ "

" သူ့ရဲ့နာမည်က ရှင်းကျင့်ကျိတဲ့။ သူက ဂိုဏ်းမရှိဘဲ ခြေသလုံးအိမ်တိုင် လှည့်လည်သွားလာနေတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ။ ဒါပေမဲ့ သူက ကြယ်သုသာန်ထဲမှာ အထူးဂြိုဟ်တစ်လုံးနဲ့ ပေါင်းစည်းနိုင်ခဲ့တာမလို့ သူ့ဆီမှာ ကျောထောက်နောက်ခံမရှိတဲ့ အချက်ကို အခွင့်ကောင်းယူပြီး သူ့ရဲ့ ဂြိုဟ်ကို လုယူဖို့ကြိုးစားခဲ့တဲ့ အသေးစားအဖွဲ့အစည်းတွေနဲ့ အလတ်စားအဖွဲ့အစည်းတွေ အများကြီးပဲ။ ဒါပေမဲ့လည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ သူက ဂြိုဟ်အဆင့် ကျင့်ကြံသူတွေ ရာနဲ့ချီတဲ့အထိ သတ်ဖြတ်ခဲ့ပြီးတော့ အသေးစားအဖွဲ့အစည်းတွေ အများကြီးကိုလည်း ဖျက်ဆီးပစ်ခဲ့တာ။ အဲတာမလို့ သူက သူ့ရဲ့ ပြဿနာတွေကို အင်အားသုံးဖြေရှင်းရတာ ကြိုက်တဲ့လူတစ်ယောက်လို့ ပြောလို့ရတယ်။ သူက အလယ်အလတ် ဂြိုဟ်အဆင့်မှာပဲ ရှိနေသေးပေမယ့် ဂြိုဟ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတွေကိုပါ သတ်ဖူးတယ်ကွ "

" တချို့လူတွေဆိုရင် သူ့ရဲ့ဓားက နတ်ဆိုးဓားတစ်လက်လို့တောင် ပြောကြတာ။ အဲဒီ နတ်ဆိုးဓားတွေကို ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရတဲ့လူတွေ အများကြီးပဲ။ ဘာလို့လဲဆိုတော့ အဆုံးမဲ့တာအိုနယ်မြေထဲမှာရှိတဲ့ နတ်ဆိုးဓားတွေ အကုန်လုံးရဲ့ မူလဇာစ်မြစ်က တစ်နေရာတည်း ရှိလို့ပဲ။ အဲဒီနေရာက... အထွတ်အထိပ်နတ်ဆိုးဂိုဏ်းလေ "

" အထွတ်အထိပ်နတ်ဆိုးဂိုဏ်းက တည်နေရာအတိအကျမရှိဘဲ အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးထဲမှာ လှည့်လည်သွားလာနေတာ။ ဒါပေမဲ့ အဲဒီဂိုဏ်းက မဟာဒိဋ္ဌိနယ်မြေရဲ့ ထိပ်ဆုံးအဆင့်သုံးဆင့်မှာရှိတဲ့ ဂိုဏ်းတွေထက် အားမနည်းတဲ့အပြင် ပိုပြီးတော့ အင်အားကြီးသေးတယ် "

" နတ်ဧကရာဇ်ကျိကျားရဲ့ သွေးမျိုးဆက်ထဲက နံပါတ်ကိုးသခင်လေး၊ မဟာဒိဋ္ဌိနယ်မြေရဲ့ အဆင့်နှစ်ဂိုဏ်းဖြစ်တဲ့ ဝိညာဉ်ခုနစ်ပါးဂိုဏ်းက နံပါတ်ဆယ့်ခုနစ်သားတော် လမ်းကိုးသွယ်တာအိုဂိုဏ်းက သတ္တမအဆင့် တာအိုဂိုဏ်းသားနဲ့ ရှင်းကျင့်ကျိ... " ဝမ်ပေါင်လဲ့မှာ ကောင်းရှုံ့၏ ရှင်းပြချက်များကြောင့် အင်အားကြီးအဖွဲ့အစည်း အသီးသီးမှ မွေးနေ့ဆုမွန်ကောင်းတောင်းပေးရန် ရောက်ရှိလာကြသည့် အစွမ်းထက်ကျင့်ကြံသူများအကြောင်း ပို၍ပင် နားလည်သွားတော့သည်။

" ရှုယင်လင်းက အရင်တုန်းကတော့ လူတွေသတိမထားအောင် နေနေခဲ့ပေမယ့် ငါနဲ့ တိုက်ခိုက်ခဲ့ရတာမလို့ သူ့ရဲ့ လျှို့ဝှက်ချက်တွေအကုန်လုံး ဘူးပေါ်သလို ပေါ်သွားရပြီ။ အဲတာမလို့ တခြားသူတွေလည်း သူ့ကို ပစ်မှတ်ထားနိုင်သလို သူက ငါ့အတွက်လည်း အစွမ်းထက်ပြိုင်ဘက်တစ်ယောက် ဖြစ်လာနိုင်တယ် "

" ပြီးရင်... လီဝမ်အာလည်း ရှိသေးတယ်။ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က သာမာန်ပဲဆိုပေမယ့် သူ့ဆီမှာ ဝှက်ဖဲတွေ အများဆုံး ရှိနေလိမ့်မယ်လို့ ငါ ခံစားနေရတယ် " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးကာ တစ်ကိုယ်တည်း ရေရွတ်နေလိုက်၏။ ထို့နောက် သူသည် ကောင်းကင်ကြီး လုံးဝမှောင်မိုက်သွားသည့်အချိန်အထိ ကောင်းရှုံ့နှင့် စကားစမြည် ပြောနေလိုက်သည်။ ထိန်ထိန်သာနေသော လမင်းကြီးပင်လျှင် အနက်ရောင်တိမ်တိုက်များ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရပြီဖြစ်သည်။ ထိုအခါမှသာ ကောင်းရှုံ့မှာ နှုတ်ဆက်စကားပြောကာ ထွက်ခွာသွား၏။

ဝမ်ပေါင်လဲ့မှာ ကောင်းရှုံ့ထွက်ခွာသွားသည်ကို ကြည့်နေလိုက်ပြီးနောက် တင်ပျဉ်ခွေထိုင်ချကာ စိတ်ကူးထဲ၌ အစီအစဉ်များ ရေးဆွဲနေလိုက်၏။ ထို့နောက် သူသည် မျက်လုံးများမှိတ်၍ အချိန်များ ကုန်ဆုံးသွားရန် စောင့်ဆိုင်းနေလိုက်တော့သည်။ ရှဲ့ဟေးရန်၊ မီးလျှံဝိညာဉ် လူမှုအဖွဲ့အစည်း ခေါင်းဆောင်ကြီးနှင့် အခြားသူများမှာ သူနှင့် မနီးမဝေးတွင် ရှိနေကြ၏။ သူတို့အားလုံးမှာ သူ့အား တစ်ချိန် ကာကွယ်စောင့်ရှောက်ပေးထားကြသည်။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့ ရှိနေသည့် နေရာမှာတစ်ဝိုက်မှာ တဖြည်းဖြည်းနှင့် ငြိမ်သက်သွား၏။ သူ၏ ဂုဏ်သတင်းကြောင့် သူ့ဆီသို့ လာရောက်လည်ပတ်ကြသည့် လူအချို့ ရှိပါသော်လည်း ဝမ်ပေါင်လဲ့မှာ မည်သူ့ကိုမှ လက်ခံတွေ့ဆုံခဲ့ခြင်းမရှိဘဲ ယဉ်ယဉ်ကျေးကျေး ငြင်းဆန်ခဲ့သည်သာ ဖြစ်သည်။ ထို ဧရာမမြွေကြီးပေါ်တွင် သူ ကြယ်သုသာန်ထဲ၌ ဆုံခဲ့ဖူးသည့် လူအချို့ရှိနေကြပါသော်လည်း သူတို့ထဲမှ အများစုမှာ ဝမ်ပေါင်လဲ့နှင့် ခင်မင်ရင်းနှီးမှု မရှိကြသောကြောင့် သူ့ဆီသို့ ရောက်လာကြခြင်းမရှိပေ။

ထိုသို့ဖြင့် ဧရာမမြွေကြီး မြေပြင်ပေါ်၌ ရွေ့လျားနေစဉ် အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွား၏။ ၎င်းမှာ အလယ်ပိုင်းဒေသ၏ အနီးသို့ ရောက်ရှိလာပြီဖြစ်သည်။ သူတို့၏ ဘေးပတ်ပတ်လည်ရှိ သဘာဝပတ်ဝန်းကျင်များမှာလည်း တစ်ကြိမ်ပြီးတစ်ကြိမ် ပြောင်းလဲသွားခဲ့၏။ ဝမ်ပေါင်လဲ့တစ်ယောက် လမ်းတစ်လျှောက်၌ မြင်ခဲ့ရသည့် ထူးဆန်းအံ့ဖွယ် ရှုခင်းများနှင့် သတ္တဝါများမှာလည်း တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားသည်သာ ဖြစ်သည်။

လဝက်တိတိ ကုန်ဆုံးသွားခါနီးအချိန်တွင် သူတို့ လိုက်ပါစီးနင်းလာကြသည့် ဧရာမမြွေကြီးမှာ အလယ်ပိုင်းဒေသသို့ ရောက်ရှိလာတော့သည်။ ထိုအခါ ဝမ်ပေါင်လဲ့မှာ ခပ်လှမ်းလှမ်း၌ ဧရာမမီးတောင်ကြီးတစ်လုံးအား မြင်လိုက်ရ၏။

ထို မီးတောင်ကြီးမှာ အလွန်အင်မတန်မှ ကြီးမားလွန်းလှသောကြောင့် သူသည် ၎င်း၏ အဆုံးကိုပင် မမြင်နိုင်ပေ။ နှင့် ယှဉ်လိုက်မည်ဆိုပါက သူတို့၏ အောက်ရှိ ဧရာမမြွေကြီးမှာ စာမဖွဲ့လောက်ပေ။ ဝမ်ပေါင်လဲ့မှာ ထို မီးတောင်ကြီးအား လှမ်းကြည့်လိုက်သည်နှင့် ထိုတောင်ထိပ်၏ တစ်ဝက်တိတိအား အနက်ရောင်တိမ်တိုက်များ ဖုံးလွှမ်းထားသည်ကို မြင်လိုက်ရသည်။ သူသည် ထိုတိမ်တိုက်များထဲ၌ လျှပ်စီးတန်းများနှင့် မီးလျှံများ တောက်ပနေကြသည်ကို မသဲမကွဲ မြင်နေရ၏။ ထို့အပြင် ထိုမီးတောင်ကြီးထဲမှ ထွက်ပေါ်လာသည့်ပုံပေါ်သည့် ဗလုံးဗထွေးဖြစ်နေသော ထစ်ချုန်းသံများကိုလည်း ကြားနိုင်သေးသည်။ ထိုမျှသာမက ကြောက်မက်ဖွယ်ရာ တုန်ခါမှုလှိုင်းတစ်မျိုးမှာလည်း ထိုမီးတောင်ကြီးဆီမှ ထွက်ပေါ်လာနေသေးသည်။

ထို တုန်ခါမှုလှိုင်းများမှာ ဖိနှိပ်ချုပ်တည်းခံထားရသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား အာရုံခံမိနေဆဲပင်။ ထို့ကြောင့် သူသည် မျက်လုံးများ မှေးသွားရ၏။ သူ၏ အမြင်တွင် ၎င်းမှာ မီးတောင်တစ်လုံးမဟုတ်ပေ။ ၎င်းမှာ ထာဝရကြယ် အမြောက်အမြားဖြင့် ဖွဲ့စည်းထားသည့် အထွတ်အထိပ်အဆင့် ထာဝရကြယ်တစ်လုံး ဖြစ်ပေသည်။

ဧရာမမြွေကြီး ထို တောင်ကြီး၏ အနီးသို့ ရောက်ရှိလာသည်နှင့် ထို တောင်ကြီး၏ အရွယ်အစားမှာလည်း တဖြည်းဖြည်း ပို၍ကြီးမားလာ၏။ ထို မြွေကြီး တောင်ပေါ်သို့ တက်သွားလေလေ တောင်ကြီးဆီမှ ထွက်ပေါ်လာနေသည့် အငွေ့အသက်များမှာလည်း ပို၍ အားကောင်းလာလေလေ ဖြစ်နေသည်။

ထိုတောင်ကြီး၏ ထိပ်တွင်ရပ်၍ အောက်သို့ငုံ့ကြည့်လိုက်မည်ဆိုပါက ဧရာမမြွေကြီးအပါအဝင် ဧရာမသားရဲကြီး သုံးဆယ့်ကိုးကောင် ထိုတောင်ကြီးအား ဝိုင်းထားသည်ကို မြင်လိုက်ရမည် ဖြစ်သည်။ ထို သားရဲကြီးများ အားလုံးမှာ ကျင့်ကြံသူအမြောက်အမြားကို ၎င်းတို့၏ ကျောကုန်းများပေါ်၌ တင်ကာ တောင်ပေါ်သို့ တက်လာနေကြ၏။ ၎င်းတို့အားလုံး၏ ပန်းတိုင်မှာ... တောင်ထိပ်ပေါ်သို့ ရောက်ရှိနိုင်ရန်ဖြစ်သည်။

All Chapters