သံသယစိတ်များ
Vol. 75 Ch. 1044
မြွေကြီးပေါ်ရှိ ကျင့်ကြံသူများအားလုံးမှာ တောင်ထိပ်၏ အနီးသို့ ရောက်လာပြီဖြစ်ကြောင်း သိလိုက်ရသည်နှင့် အာရုံအပြည့် စူးစိုက်လိုက်ကြသည်သာဖြစ်သည်။
ရှဲ့ဟေးရန်၊ မီးလျှံဝိညာဉ် လှုမှုအဖွဲ့ကြီးခေါင်းဆောင်ကြီးနှင့် အခြားသူများမှာလည်း ဝမ်ပေါင်လဲ့၏ ဘေးသို့ ရောက်ရှိလာကြ၏။ သူတို့အားလုံး ခေါင်းမော့ကြည့်နေကြစဉ် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်တလက်လက် တောက်ပနေသည်။
သူသည် ကုန်ဆုံးသွားခဲ့သည့် လဝက်အတွင်းတွင် ကျင့်ကြံခြင်း လေ့ကျင့်နေခဲ့သလို ပြဿနာတစ်ခုအကြောင်းလည်း စဉ်းစားတွေးတောနေခဲ့၏။
ထိုပြဿနာမှာ ကောင်းရှုံ့ ပြောပြခဲ့သည့် အရည်အချင်းစမ်းသပ်ပွဲနှင့် ပတ်သက်သော သတင်းအချက်အလက်များကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်သည်။ ဆယ်ရက်အတွင်း ဘဝဆယ်ခုအား ဖြတ်သန်းရမည်ဆိုသည့် အရည်အချင်းစမ်းသပ်ပွဲမှာ အပေါ်ယံတွင် သာမန်ဟုသာ ထင်ရပါသော်လည်း အဆုံးမဲ့မျိုးနွယ်စု၏ ခံယူချက်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်မဟုတ်ပါလော။
အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုမှာ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ရှိပြီး အဆုံးမရှိသော သံသရာစက်ဝန်းတစ်ခုလည်း ရှိသည်ဟု ဆို၏။ သို့သော် အဆုံးမဲ့မျိုးနွယ်စု၏ မိုးကောင်းကင်တာအိုမှာ ထိုကဲ့သို့မဟုတ်ပေ။ သူတို့မှာ အမှောင်ဂိုဏ်းအား ဖိနှိပ်ချုပ်တည်းခဲ့ပြီးနောက် သူတို့၏ ကိုယ်ပိုင် မိုးကောင်းကင်တာအိုတစ်ခုအား ဖန်တီးခဲ့၏။ ထို မိုးကောင်းကင်တာအိုအရ ဂြိုဟ်အဆင့်နှင့် အထက်တွင်ရှိနေသည့် ကျင့်ကြံသူများမှာ အမှန်တကယ် သေဆုံးသွားမည်မဟုတ်ပေ။ အဆိုးဆုံးအနေနှင့် သူတို့၏ ဝိညာဉ်များမှာ အိပ်မောကျသွားကြပြီး နောက်ထပ်တစ်ကြိမ် ပြန်၍ လူဝင်စားမည့်အချိန်ကို စောင့်ဆိုင်းနေကြမည်သာ ဖြစ်သည်။
အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုအရဆိုလျှင် လူတစ်ယောက်မှာ ဘဝပေါင်းမြောက်မြားစွာကို ပိုင်ဆိုင်ထားမည်ဖြစ်ပြီး အတိတ်ဘဝများကို မေ့ပျောက်သွားမည်ဖြစ်သည်။ သို့ဖြစ်ရာ ဝိညာဉ်တစ်ခုမှာ နောက်ဆုံးတွင် အစအနရှာမရလောက်အောင် ပျောက်ကွယ်သွားသည့် အချိန်အထိ သံသရာမြစ်ကြီးထဲ၌ အဆက်မပြတ် စီးဆင်းနေမည်ဖြစ်သည်။ စကြဝဠာကြီး တစ်ခုလုံးထဲရှိ လူတိုင်းအတွက် ၎င်းမှာ အဆိုးကျော့ သံသရာကြီးတစ်ခုကဲ့သို့သာ ဖြစ်နေမည်ဖြစ်ပါသော်လည်း စကြဝဠာကြီး၏ သက်တမ်းမှာမူ တဖြည်းဖြည်းနှင့် တိုးမြင့်လာမည်ဖြစ်သည်။ နောက်ဆုံးတွင် ဝိညာဉ်အများစုမှာ ပျက်စီးပျောက်ကွယ်သွားမည် ဖြစ်ပါသော်လည်း ကန့်သတ်ချက်တစ်ခုအား ဖောက်ထွက်နိုင်သည့် လူတစ်ယောက် ပေါ်ပေါက်လာသည်နှင့် ထိုပုဂ္ဂိုလ်မှာ သူ၏ အတိတ်ဘဝမှ မှတ်ဉာဏ်များအားလုံးကို ပြန်လည်မှတ်မိသွားမည် ဖြစ်သည်။ ထို့အပြင် နောက်ဆုံးတွင် သူသည် ထို မှတ်ဉာဏ်များအားလုံးကို တစ်ခုတည်းဖြစ်အောင်ပေါင်းစည်းကာ ဖျက်ဆီး၍မရနိုင်သည့် ဝိညာဉ်တစ်ခုအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။
ထိုကဲ့သို့ ဖျက်စီး၍မရနိုင်သည့် ဝိညာဥ်အား အမှောင်ဂိုဏ်းထဲ၌ သေမင်းဧကရာဇ်ဟု ခေါ်ပေသည်။ ၎င်းမှာ အဆုံးမဲ့မျိုးနွယ်စု၏ နတ်ဧကရာဇ်နှင့် အတူတူပင်ဖြစ်သည်။
သို့သော် အဆုံးမဲ့မျိုးနွယ်စု၏ မိုးကောင်းကင်တာအိုမှာ အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုနှင့် မတူပေ။ သူတို့မှာ အတိတ်ဘဝနှင့် နောက်ဘဝများအကြောင်း ဂရုစိုက်နေခြင်း မရှိဘဲ လက်ရှိဘဝတစ်ခုထဲတွင်သာ ထာဝစဉ်နေထိုင်နိုင်ရန် ဆန္ဒရှိကြ၏။ ထိုတာအိုမှာ အလွန်အင်မတန်မှ ဖိနှိပ်ချုပ်ချယ်လွန်းသည်ဟု ဆိုနိုင်ပေသည်။ ၎င်းမှာ စကြဝဠာကြီးအား တစ်စုံတစ်ခုမှ ပြန်လည် ပေးအပ်ခြင်းမရှိဘဲ စကြဝဠာကြီးဆီမှသာ စဉ်ဆက်မပြတ် ရယူနေခြင်း ဖြစ်သည်။ ထို့ကြောင့် သေဆုံးသွားကြသည့် လူများမှာလည်း ထပ်ကာတလဲလဲ ပြန်၍ လူဝင်စားလာကြသည်သာ ဖြစ်သည်။ ထိုတာအိုကြောင့် ဖျက်ဆီး၍မရနိုင်သည့် ဝိညာဥ်များအဖြစ်သို့ ရောက်သွားသည့် ကျင့်ကြံသူများမှာ အမှောင်ဂိုဏ်းမှ ကျင့်ကြံသူများထက် ပို၍အစွမ်းထက်ပေသည်။
သို့သော် အန္တရာယ်ကြီးတစ်ခုရှိပေသည်။ ထို မိုးကောင်းကင်တာအိုအရ သံသရာစက်ဝန်း မရှိသည့်အတွက် စကြဝဠာကြီး တစ်ခုလုံး၏ သက်တမ်းမှာ အလျင်အမြန် ဆုတ်ယုတ်လာမည် ဖြစ်သည်။ ထို့အပြင် ဝမ်ပေါင်လဲ့သည် ထိုကဲ့သို့ ပြန်၍ လူဝင်စားလာကြသည့် ကျင့်ကြံသူများမှာ သူမသိထားသည့် အတွင်းသတင်းအချက်အလက်အချို့အား ဖုံးကွယ်ထားကြခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းထား၏။
မည်သို့ပင်ဆိုစေကာမူ ဤ ဆယ်ရက်၊ ဆယ်ဘဝ အရည်အချင်းစမ်းသပ်ပွဲအပေါ် ထားရှိသည့် သူ၏ သဘောထားများမှာ ပြောင်းလဲသွားခြင်းမရှိပေ။
" အဆုံးမဲ့မျိုးနွယ်စု ကြီးစိုးတဲ့ခေတ်မှာ အတိတ်ဘဝတွေ မရှိကြဘူး " ဝမ်ပေါင်လဲ့မှာ သံသယစိတ်များ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် တစ်ကိုယ်တည်း ရေရွတ်လိုက်၏။ သူ၏ သုံးသပ်ချက်အရဆိုလျှင် ဤ အရည်အချင်းစမ်းသပ်ပွဲမှာ တန်ဖိုးမရှိသလို မည်သူမှလည်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်မဟုတ်ပေ။ ထို့အပြင် အဆုံးမဲ့မျိုးနွယ်စုထဲမှ နတ်ဧကရာဇ်ကြီး၏ တပည့်တစ်ယောက်မှာလည်း မွေးနေ့ဆုမွန်ကောင်းတောင်းပေးရန် ရောက်လာဦးမည် မဟုတ်ပါလား။
" အဲဒီကိစ္စနဲ့ ပတ်သတ်လို့ တခြား အကြောင်းပြချက်တွေ ရှိနေဦးမယ်ဆိုရင်တော့ မပြောတတ်ဘူး။ ကောင်းရှုံ့က အသေးစိတ်အချက်အလက်တွေ ပြောပြမသွားပေမဲ့ မွေးနေ့ပွဲမှာ ဒီ အရည်အချင်းစမ်းသပ်ပွဲအကြောင်း ကြေညာတဲ့ အချိန်ကျရင် မေးခွန်းတွေမေးကြမယ့် လူတွေရှိလာလိမ့်မယ်လို့ ငါထင်တယ် " ဝမ်ပေါင်လဲ့တစ်ယောက် အတွေးများထဲ၌ နစ်မျောနေစဉ် သူ၏ အောက်ရှိ မြွေကြီးမှာ တောင်ထိပ်ရှိ တိမ်တိုက်များထဲသို့ ဝင်ရောက်သွား၏။ ထိုအခါ သူတို့၏ ပတ်ပတ်လည်တွင် လျှပ်စီးများလက်ကာ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ နောက်ဆုံးတွင် မြွေကြီးမှာ တောင်ထိပ်ပေါ်သို့ ရောက်ရှိသွားတော့သည်။
တောင်ထိပ်ပေါ်တွင် ဧရာမ ချိုင့်ခွက်ကြီးတစ်ခု ရှိနေ၏။ ၎င်းမှာ မီးတောင်နှုတ်ခမ်းဝ ဖြစ်ပေသည်။ ထို ချိုင့်ခွက်ကြီးထဲမှ အားကောင်းသော အပူရှိန်များ ထုတ်လွှတ်နေသောကြောင့် ၎င်း၏ ဘေးနားတစ်ဝိုက်ရှိ ဟင်းလင်းပြင်ကြီးမှာ တွန့်လိမ်ပုံပျက်နေရသည်။ တစ်ချိန်ထဲမှာပင် သားရဲကြီးများ၏ အော်ဟစ်သံများနှင့် ဆင်တူသော ထစ်ချုန်းသံများမှာ ထိုတောင်ကြီးထဲတွင် ပဲ့တင်ထပ်နေသေးသည်။
ဧရာမမြွေကြီး မီးတောင်နှုတ်ခမ်းဝသို့ ရောက်ရှိလာချိန်တွင် ပုံသဏ္ဍာန်အမျိုးမျိုးရှိကြသည့် အခြား သားရဲကြီး သုံးဆယ့်ရှစ်ကောင်မှာလည်း မီးတောင်နှုတ်ခမ်းဝ၏ ပတ်ပတ်လည်တွင် ပေါ်ပေါက်လာကြ၏။ ၎င်းတို့ထဲတွင် အဖြူရောင် ဧရာမနဂါးကြီးတစ်ကောင်၊ အစိမ်းရောင်နှင့် အနက်ရောင် အကြေးခွံများ ဖုံးလွှမ်းနေသည့် မိကျောင်းကြီးတစ်ကောင်နှင့် ရောင်စုံငှက်မွေးများ ပိုင်ဆိုင်ထားသည့် ဖီးနစ်ငှက်တစ်ကောင်တို့ ပါကြသည်။ ၎င်းတို့အားလုံးမှာ မီးတောင်နှုတ်ခမ်းဝ၌ ပေါ်ပေါက်လာသည်နှင့် အသံကုန်အော်ဟစ်လိုက်ကြ၏။
၎င်းတို့၏ အော်ဟစ်သံများကြောင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတစ်ခုလုံး တုန်ရီသွားရပြီး တိမ်တိုက်များ အရပ်မျက်နှာအနှံ့သို့ လွင့်စင်ပျောက်ကွယ်သွားကြစဉ် ဝမ်ပေါင်လဲ့နှင့် မွေးနေ့ဆုမွန်ကောင်တောင်းပေးရန် ရောက်ရှိလာကြသည့် အခြားသူများ အားလုံးမှာ ခေါင်းမော့ကာ ကောင်းကင်ကြီးအား လှမ်းကြည့်လိုက်ကြ၏။ တိမ်တိုက်များ လွင့်စင်ပျောက်ကွယ်သွားကြပြီဖြစ်ရာ သူတို့မှာ ဧရာမ ပုတီးစေ့ကြီးတစ်လုံးအား မြင်လိုက်ရသည်။
ထို ပုတီးစေ့ကြီး၏ အရွယ်အစားမှာ လတစ်စင်းနီးပါး ရှိပေသည်။ ၎င်း၏ မျက်နှာပြင်မှာ အလွန်အင်မတန်မှ ချောမွေ့နေပြီး အကြည်ရောင်ဖြစ်နေ၏။ ထို့ကြောင့် ၎င်းမှာ အလင်းစက်လုံးကြီးတစ်လုံးနှင့် တူနေသည်။ ၎င်းမှာ ချိုင့်ခွက်ကြီးပေါ်တွင် ရစ်ဝဲနေပြီး လူတိုင်း၏ အာရုံအား ဖမ်းစားထား၏။ ထို အလင်းစက်လုံးကြီးထဲတွင် ကျွန်းပေါင်းမြောက်မြားစွာ မျောလွင့်နေကြသည်ကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်ပေသည်။
ထို ကျွန်းများမှာ နေရာအနှံ့ ပြန့်ကျဲနေကြပြီး ၎င်းတို့၏ အလယ်တွင် ဧရာမ ပလ္လင်ကြီးတစ်ခု ရစ်ဝဲနေ၏။ ထို ပလ္လင်ကြီးမှာ မျှော်စင်တစ်ခုပုံစံ တည်ဆောက်ထားခြင်းဖြစ်ပြီး အထပ် ဆယ့်ကိုးထပ်တိတိ ပါသည်။ အထပ်တစ်ထပ်ချင်းစီတိုင်းတွင် ကျေးငှက်သာရကာများနှင့် သားရဲကြီးများ၏ ရုပ်တုပေါင်းမြောက်မြားစွာကို ထွင်းထု
ထားသလို ထူးဆန်းသော နံရံဆေးရေးပန်းချီများကိုလည်း ရေးဆွဲထားသေးသည်။
သေသေချာချာ ကြည့်လိုက်မည်ဆိုလျှင် အောက်ဆုံးအထပ်ရှိ နံရံဆေးရေးပန်းချီများထဲတွင် ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ပါသည့် အဆုံးမဲ့မျိုးနွယ်စုဝင်တစ်ယောက် ရှိနေသည်ကို မြင်ရမည် ဖြစ်သည်။ ဒုတိယထပ်ရှိ နံရံဆေးရေးပန်းချီများထဲတွင်မူ ခေါင်းအစ ခြေအဆုံး အနက်ရောင်ဝတ်ရုံတစ်ခုအား ဆင်မြန်းထားပြီး လှေတစ်စင်းပေါ်တွင် ရပ်နေသည့် လူရိပ်တစ်ခု ရှိနေ၏။ သူ၏ နောက်တွင်မူ မရေမတွက်နိုင်လောက်အောင် များပြားသည့် ဝိညာဉ်များ ရစ်ဝဲနေသည်။
တတိယထပ်ရှိ နံရံဆေးရေးပန်းချီများမှာမူ မှုန်ဝါးဝါး ဖြစ်နေသောကြောင့် ဝမ်ပေါင်လဲ့မှာ ၎င်းတို့ထဲ၌ ဘီလူးကြီးများ ရှိနေသည်ကိုသာ မြင်လိုက်ရ၏။ ထို ဘီလူးကြီးများမှာ ရက်စက်ကြမ်းကြုတ်သည့်ပုံပေါ်ပြီး နဖူးပေါ်တွင် ချိုများ ပေါက်နေကြသည်။ မြေပြင်ပေါ်ရှိ အဆောက်အဦများနှင့် သားရဲကြီးများမှာ ၎င်းတို့နှင့် ယှဉ်လိုက်ပါက ပုရွက်ဆိတ်လေးများကဲ့သို့ပင်။
ထို့အပြင် နောက်ထပ် နံရံဆေးရေးပန်းချီများလည်း ရှိသေးသည်။ သို့သော် ရှုထောင့်အနေအထားကြောင့်လား သူ၏ ကျင့်ကြံခြင်းအဆင့်ကြောင့်လားတော့ မသိပေ။ ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား ရှင်းလင်းပြတ်သားစွာ မြင်နိုင်စွမ်းမရှိပေ။ သူသည် ရှေးဟောင်းအငွေ့အသက်များ ထုတ်လွှတ်နေသည့် ဤ ပလ္လင်ကြီးအား ဘီလူးကြီးလေးကောင် ထမ်းပေးထားခြင်းဖြစ်ကြောင်းကိုသာ မြင်နေရသည်။
ထို ဘီလူးကြီးလေးကောင်မှာ တတိယထပ်ရှိ နံရံဆေးရေးပန်းချီများထဲမှ ဘီလူးကြီးများ ဖြစ်ကြပေသည်။ ၎င်းတို့မှာ အရွယ်အစား သေးငယ်နေသည့်တိုင်အောင် တစ်ပုံစံတည်း ဖြစ်နေသည်ဟု ဝမ်ပေါင်လဲ့က ခံစားနေရဆဲပင်။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ တုန်လှုပ်ချောက်ချားသွားရ၏။ ထိုအချိန်တွင် အလင်းစက်လုံးကြီးထဲမှ ဩဇာညောင်းသည့် စကားသံကြီးတစ်သံ ထွက်ပေါ်လာပြီး သားရဲကြီး သုံးဆယ့်ကိုးကောင်ပေါ်ရှိ ကျင့်ကြံသူများအားလုံး၏ နားထဲ၌ ပဲ့တင်ထပ်သွားသည်။
" ကံကြမ္မာဂြိုဟ်မှ ကြိုဆိုပါတယ် "
" ဒီစကြဝဠာကြီးထဲမှာ မင်းတို့တွေအကုန်လုံးက လက်ရှိမျိုးဆက်ရဲ့ ပါရမီရှင်တွေပါပဲ။ ငါ့ ဆရာရဲ့ မွေးနေ့ပွဲကို ရောက်လာကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မနက်ဖြန်မနက် မွေးနေ့ပွဲ စမှာဖြစ်လို့ ကျေးဇူးပြုပြီး စိတ်ရှည်ရှည်နဲ့ စောင့်ပေးကြပါ "
ထို စကားသံကြီးထွက်ပေါ်လာသည်နှင့် ကျင့်ကြံသူများအားလုံးမှာ တရိုတသေ ခေါင်းညိတ်လိုက်ကြ၏။ တစ်ချိန်ထဲမှာပင် အရပ်မျက်နှာအနှံ့တွင် ရှင်းလင်းပြတ်သားသည့် စကားသံတစ်သံ ပဲ့တင်ထပ်သွားသည်။
" လူကြီးမင်း ခွန်လင်းကျစ်လားခဗျား။ ကျွန်တော့်နာမည်က လင်းလန်ပါ။ ကျွန်တော့်ရဲ့ ဆရာက ကောင်းကင်ဘုံဓမ္မသခင်ကြီးရဲ့ စည်းမျဥ်းစည်းကမ်းတွေကို သိထားတဲ့အတွက် သူကိုယ်တိုင်လာဖို့ မသင့်တော်တာမလို့ ကျွန်တော့်ကို သူ့ရဲ့ကိုယ်စား မွေးနေဆုမွန်ကောင်း တောင်းပေးဖို့ လွှတ်လိုက်တာပါ။ ကျွန်တော့်ရဲ့ နာမည်ကို ကောင်းကင်ဘုံဓမ္မသခင်ကြီး ပေးခဲ့တာလို့ သူ ကျွန်တော့်ကို ပြောဖူးတယ်ဗျ။ လူကြီးမင်း ခွန်လင်းကျစ်ခင်ဗျား။ ကျေးဇူးပြုပြီးတော့ ကောင်းကင်ဘုံဓမ္မသခင်ကြီးကို သူ ထာဝစဉ် အသက်ရှင်နေနိုင်ဖို့ ကျွန်တော် ဆုမွန်ကောင်းတောင်းပေးပါတယ်လို့ ပြောပေးပါ " ထို စကားသံ ထွက်ပေါ်လာသည်နှင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းလှမ်းကြည့်လိုက်သဖြင့် ခပ်လှမ်းလှမ်းရှိ ဧရာမ နဂါးဖြူကြီးတစ်ကောင်၏ ကျောကုန်းပေါ်တွင် အဖြူရောင်ဝတ်ရုံတစ်ခုအား ဆင်မြန်းထားသည့် လူငယ်ကျင့်ကြံသူတစ်ယောက်အား မြင်လိုက်ရသည်။
သူတို့နှစ်ယောက်၏ ကြားမှ အကွာအဝေးမှာ အလွန်အင်မတန်မှ ကြီးမားနေသည့်အပြင် ဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးမှာလည်း တွန့်လိမ်ပုံပျက်နေသေးသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ထိုကျင့်ကြံသူ၏ မျက်နှာအား ရှင်းလင်းပြတ်သားစွာ မမြင်နိုင်ပေ။ သို့သော် ဂြိုဟ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအင်လှိုင်းများနှင့် ရှေးဟောင်းဂြိုဟ်များ၏ ဆွဲငင်အားများကြောင့် ဝမ်ပေါင်လဲ့သည် ထို ကျင့်ကြံသူမှာ မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်းသိသွားသည်။
" ဪ။ နတ်ဧကရာဇ်ကျိကျားရဲ့ နံပါတ်ကိုးတပည့်လေးကိုး။ ငါ မင်းပြောတဲ့အတိုင်း ဆရာ့ကို ပြန်ပြောပေးပါ့မယ် " ထိုအခါ ပုတီးစေ့ဆီမှ ထွက်ပေါ်လာခဲ့သည် နူးညံ့သိမ်မွေ့သော စကားသံမှာ နောက်ထပ်တစ်ကြိမ် ထပ်၍ ပဲ့တင်ထပ်သွား၏။
" လူကြီးမင်း ခွန်လင်းကျစ်။ ကျွန်တော် ချန်ဟန်းပါ။ ကျေးဇူးပြုပြီးတော့ ကျွန်တော် ကောင်းကင်ဘုံဓမ္မသခင်ကြီး ကျန်းကျန်းမာမာနေနိုင်အောင် ဆုတောင်းပေးလိုက်ပါတယ်လို့ ပြောပေးပါ "
" တာအိုရောင်းရင်းချန်က ရိုကျိုးလွန်းနေပြန်ပါပြီ။ ငါတို့နှစ်ယောက်က အရင်တုန်းက သက်တူရွယ်တူတွေ ဖြစ်ခဲ့ဖူးတာဆိုတော့ မင်း ငါ့ကို အဲလို ခေါ်စရာမလိုပါဘူး " ပုတီးစေ့ကြီးဆီမှ နူးညံ့သိမ်မွေ့သော စကားသံမှာ ထပ်၍ ထွက်ပေါ်လာပြန်သည်။
" လူဝင်စားပြီးတာတောင် အတိတ်ကို ဖက်တွယ်နေသေးရင် ဘယ်လိုလုပ်ပြီးတော့ လမ်းစဥ်အသစ်တွေ ရှာတွေ့နိုင်မှာလဲဗျ။ သုညကနေ ပြန်စမှ ရမှာပေါ့။ အဲတော့ ကျွန်တော်က လူငယ်မျိုးဆက်ထဲက ကျင့်ကြံသူတစ်ယောက် ပြန်ဖြစ်သွားပြီလေ " ထို စကားသံ၏ ပိုင်ရှင်မှာ ဝမ်ပေါင်လဲ့နှင့် ဝေးကွာလွန်းနေပါသော်လည်း သူသည် ထိုစကားများကို နားထောင်၍ ထို ကျင့်ကြံသူမှာ မည်သူမည်ဝါဖြစ်ကြောင်း ခန့်မှန်းနိုင်ခဲ့၏။
" တာအိုရောင်းရင်းချန်က ကိုယ့်ကိုယ်ကိုယ် နှိမ့်ချလွန်းတတ်ပါပေတယ် " ထို နူးညံ့သိမ်မွေ့သော စကားသံပိုင်ရှင်မှာ ထိုသို့ဆိုလိုက်ပြီး ပြုံးလိုက်သည့်ပုံပင်။ ထို့နောက် အခြားသူများမှာလည်း တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်လိုက်ကြ၏။
ထိုကဲ့သို့ နှုတ်ဆက်ခွင့် ရသူများမှာ ပါရမီရှင်များ အားလုံးထဲမှ ထိပ်သီးအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြပေသည်။ ထို ကျင့်ကြံသူများထဲတွင် လမ်းကိုးသွယ်တာအိုဂိုဏ်းမှ သတ္တမအဆင့် တာအိုကလေးငယ်အပြင် အခြားဂိုဏ်းများနှင့် အဖွဲ့အစည်းများမှ ကျင့်ကြံသူအချို့လည်း ပါကြ၏။ ဝမ်ပေါင်လဲ့ထက်အရင် ကံကြမ္မာဂြိုဟ်ပေါ်သို့ ရောက်ရှိလာခဲ့သည့် ရှဲ့ယွင်ထန့်ပင်လျှင် ထိုကဲ့သို့ နှုတ်ဆက်ခွင့်ရခဲ့သည်။
နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာမူ မျက်စိပေကလပ်ပေကလတ် လုပ်ကာ ခါးမတ်မတ် ထားလိုက်၏။ ထို့နောက် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ပုတီးစေ့ကြီး ရှိရာဘက်သို့ ဦးညွှတ်အရိုအသေပေးလိုက်ပြီး ဆိုလိုက်တော့သည်။
" ကျွန်တော်မျိုး ဝမ်ပေါင်လဲ့ ကျွန်တော့်ရဲ့ဆရာ မီးတောက်ခေါင်းဆောင်ကြီးရဲ့ကိုယ်စား လူကြီးမင်း ခွန်လင်းကျစ်နဲ့ ကောင်းကင်ဘုံဓမ္မသခင်ကြီးကို ဂါရဝပြုလိုက်ပါတယ်။ အရင်ဆုံးအနေနဲ့ ကောင်းကင်ဘုံဓမ္မသခင်ကြီး ကံပွင့်စေဖို့ ဆုတောင်းပေးပါရစေ "
" ဒုတိယအနေနဲ့ ကောင်းကင်ဘုံဓမ္မသခင်ကြီး ထာဝစဉ် တည်မြဲနေမယ့် တာအိုနှလုံးသားတစ်ခု ပိုင်ဆိုင်နိုင်ဖို့ ဆုတောင်းပေးပါရစေ "
" တတိယအနေနဲ့ ကောင်းကင်ဘုံဓမ္မသခင်ကြီးရဲ့ ဘဝတစ်လျှောက်လုံး ပျော်ရွှင်မှုတွေနဲ့ပဲ ပြည့်နေဖို့ ဆုတောင်းပေးပါရစေ "
ဝမ်ပေါင်လဲ့မှာ ကြည်လင်ပြတ်သားမှု အပြည့်ရှိသောလေသံဖြင့် ထိုသို့ဆိုလိုက်ပြီးနောက် သုံးကြိမ်ဆက်တိုက် ဦးညွှတ်လိုက်၏။ သူ၏ အပြုအမူနှင့် စကားလုံးများမှာ အခြားသူများအားလုံးထက် သာလွန်နေသည်ဖြစ်ရာ လူတိုင်းမှာ သူ့အား ချက်ချင်းသတိထားမိသွားသည်။
ထိုအခါ ပုတီးစေ့ထဲရှိ နူးညံ့သိမ်မွေ့သော စကားသံပိုင်ရှင်ကြီးမှာလည်း ရယ်မောကာ ပြန်ပြောလိုက်၏။
" ဪ မင်းက မိတ်ဆွေဟောင်းတစ်ယောက်ရဲ့ တပည့်လေးကို။ အခုလို ဆုတောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တူလေး။ တူလေးရဲ့ ဆုတောင်းတွေကို ကောင်းကင်ဘုံဓမ္မသခင်ကြီးကို ပြန်ပြောပြပေးပါမယ် "
" ကျေးဇူးတင်ပါတယ် လူကြီးမင်းခင်ဗျား။ ပြီးတော့ လူကြီးမင်းလည်း ကိုယ်စိတ်နှလုံး ထာဝစဉ် ငြိမ်းချမ်းနေနိုင်ဖို့ ကျွန်တော် ဆုတောင်းပေးပါရစေ " ဝမ်ပေါင်လဲ့မှာ ထိုသို့ ဆိုလိုက်ပြီး နောက်ထပ်တစ်ကြိမ်ထပ်၍ တရိုတသေ ဦးညွှတ်လိုက်ပြန်သည်။