← Chapters

သမာဓိကောင်စီ၏ ဖိတ်ခေါ်ချက်

Vol. 33 Ch. 452

သမာဓိကောင်စီ၏ ဖိတ်ခေါ်ချက်

Vol. 33 Ch. 452

ကောင်စီခေါင်းဆောင်သုံးယောက်က ကြီးမြတ်သူအဆင့်သို့ ချိုးဖျက်နေသည်ဟူသော စကားကြောင့် အစွမ်းထက်အင်အားစုများ၏ ခေါင်းဆောင်အားလုံး ထိတ်လန့်သွားကြသည်။ အကယ်၍ ထိုသုံးယောက်သာ အဆင့်တက်နိုင်ခဲ့လျှင် အရှေ့ပိုင်းတိုက်ကြီး၏အခြေအနေက သေချာပေါက် ပြောင်းလဲသွားပေလိမ့်မည်။ အချို့ကမျက်မှောင်ကြုတ်၍ အလေးအနက် စဥ်းစားနေကြသည်။ ဝိညာဥ်သားရဲကပ်ဘေး ဖြစ်ပေါ်လာသည်မှာ အလွန်ကြာမြင့်နေပြီဖြစ်သော်လည်း သမာဓိကောင်စီက ယခုအချိန်အထိ မလှုပ်ရှားခဲ့ပေ။ သို့သော် လက်ရှိတွင် သူတို့က အင်အားစုအားလုံးကို ရုတ်တရက်စုဝေးစေချင်သောကြောင့် အကြံတစ်ခုခု ရှိနေနိုင်သည်။ အချို့က စိတ်အားတက်ကြွနေသည်။ အကယ်၍ သမာဓိကောင်စီသာ ဝိညာဥ်သားရဲကပ်ဘေး၏ အရင်းအမြစ်ကို ရှာတွေ့ခဲ့ပြီး အားလုံးကိုဦးဆောင်လျှင် ဝိညာဥ်သားရဲများကို မောင်းထုတ်နိုင်စွမ်းရှိသည်။

ကပ်ဘေးက ကြယ်သခင်ရှင်း၏အကြံဖြစ်ကြောင်း သိထားသော ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။ အရှေ့ပိုင်းတိုက်ကြီးသာမက ကျန်တိုက်ကြီးသုံးခုလုံး ကပ်ဘေးကို ရင်ဆိုင်နေကြရသော်လည်း သမာဓိကောင်စီက ကပ်ဘေး၏ဇစ်မြစ်ကို ရှာတွေ့ပြီဟု ရုတ်တရက်ကြေညာကာ ကျင့်ကြံသူတိုင်းကို စုစည်းလိုနေသည်။

"ခေါင်းဆောင်သုံးယောက်နဲ့ မင်းတို့အားလုံးရဲ့အင်အားကို စုပေါင်းလိုက်ရင် ကပ်ဘေးကို အဆုံးသတ်နိုင်လိမ့်မယ်။ အချိန်မဖြုန်းကြပါနဲ့။ သမာဓိကောင်စီက မင်းတို့ကို တော်ဝင်မြို့တော်မှာစောင့်နေမယ်"

ရန်ဟုန်က တစ်ချိန်လုံး တည်ငြိမ်စွာ ပြုံးနေခဲ့သည်။ ခေါင်းဆောင်များက အနည်းငယ်တုံ့ဆိုင်းနေကြသည်။ သူတို့က သမာဓိကောင်စီကို အနည်းငယ်ထိတ်လန့်နေသော်လည်း ဤကား ကပ်ဘေးကိုဖြေရှင်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်နေခဲ့သည်။

"သားရဲဧကရာဇ်ဖြစ်တဲ့ ငါကိုယ်တိုင် သွားမယ်"

"စစ်နတ်ဘုရားကျောင်းတော်လည်း လာခဲ့မယ်"

အချိန်တစ်ခုကြာ စဥ်းစားပြီးနောက် အစွမ်းထက်သူများက ရွေးချယ်လိုက်ကြသည်။ သူတို့က အရေအတွက်သာလွန်သောကြောင့် တစ်ဖက်လူမှ လှည့်ကွက်များသုံးမည်ကို ကြောက်လန့်ရန်မလိုဟု ဆုံးဖြတ်လိုက်ကြသည်။ အကယ်၍ ဝိညာဥ်သားရဲကပ်ဘေးကိုသာ ဖြေရှင်းနိုင်လျှင် အသက်ပေါင်းများစွာ ကယ်တင်နိုင်မည်ဖြစ်သောကြောင့် သူတို့က အခွင့်အရေးကို လက်လွှတ်မခံနိုင်ပေ။

သမာဓိကောင်စီက ခေါင်းဆောင်အားလုံးကို တော်ဝင်မြို့တော်တွင် စုစည်းစေသော အကြောင်းအရင်းကိုမသိသော်လည်း ယဲ့ချန်က စိုးရိမ်နေခဲ့သည်။ ထန်တိုက်လင် ချုံခိုတိုက်ခိုက်ခံရသော အဖြစ်ကြောင့် သူက ဤအင်အားစုကို လုံးဝမယုံပေ။ တိုက်ကြီးတစ်ခုလုံး သေရေးရှင်ရေးဖြစ်နေချိန်တွင် သမာဓိကောင်စီက ပူးပေါင်းရမည့်အစား ဆန့်ကျင်ဘက်အင်အားစု၏ ခေါင်းဆောင်ကိုသတ်ရန် အကောက်ဉာဏ်ဖြင့်ကြိုးစားခြင်းက အလွန်အောက်တန်းကျပေသည်။ ရန်ဟိုင်က အစွမ်းထက်သူဖြစ်ပြီး သူ့ကိုလိမ်လည်စရာ အကြောင်းအရင်း မရှိပေ။ ဝိညာဥ်သားရဲကပ်ဘေးသည် ကြယ်သခင်၏ညွှန်ကြားချက်ဖြင့် ထျန်းယွမ်မြို့တော်မှ ဖန်တီးထားခြင်းဖြစ်သည်။ အလွန်နည်းပါးသော အရေအတွက်တစ်ခုသာ ရှင်သန်နိုင်မည်ဖြစ်ကာ ကောင်းကင်မူလတိုက်ဝင်ခွင့်ရရန် ကြီးမြတ်သူအဆင့်သို့ ရောက်နေရပေလိမ့်မည်။ သို့သော် သမာဓိကောင်စီက ဤကပ်ဘေးကို အဆုံးသတ်နိုင်စွမ်းရှိသည်ဟု ပြောကြားလာသောအခါ လုံးဝမဖြစ်နိုင်ချေ။ သမာဓိကောင်စီ၏ရည်ရွယ်ချက်ကို ယဲ့ချန်က အစွမ်းကုန်စဥ်းစားနေသည်။ သို့သော် သူက သမာဓိကောင်စီ၏ထောင်ချောက်အတွင်း အရှေ့ပိုင်းတိုက်ကြီး၏ကျင့်ကြံသူများ ကျရောက်သွားမည်ကို ဘေးထွက်ရပ်ကြည့်မနေနိုင်ပေ။ သူက နေရောင်အောက်မှသူခိုးကျင့်စဥ်ဖြင့် ရုပ်သွင်နှင့်အရှိန်အဝါကို သက်လတ်ပိုင်းလူတစ်ယောက်အသွင် ပြောင်းလဲလိုက်သည်။

"အကြီးအကဲရန်ဟုန် ကျုပ် မေးစရာရှိတယ်။ သမာဓိကောင်စီက ကပ်ဘေးရဲ့ဇစ်မြစ်ကို သိထားတယ်ဆိုရင် ဘာကြောင့် အခုမပြောရတာလဲ။ ဘာကြောင့် လူတိုင်းကို တော်ဝင်မြို့တော်ဆီ ဇွတ်အတင်းခေါ်ချင်နေရတာလဲ"

ယဲ့ချန်၏ပုံရိပ်က ကြယ်သလင်းကျောက်အတွင်း ထွက်ပေါ်လာကာ မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည် ။သူ၏စကားကြောင့် အခြားကျင့်ကြံသူများလည်း လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။

"မှန်တယ်။ ငါတို့ကို ဖြေရှင်းချက်ပေးရမယ်"

အင်အားစုများ၏ ခေါင်းဆောင်များက တစ်ယောက်ပြီးတစ်ယောက် ထောက်ခံလိုက်ကြသည်။

ရန်ဟုန်၏မျက်နှာထားက တည်ငြိမ်နေသော်လည်း အနာဂတ်တွင် ယဲ့ချန်ကို သင်ခန်းစာပေးရန်အတွက် အသွင်အပြင်ကို မှတ်သားထားလိုက်ပြီဖြစ်သည်။ မူလတွင် အစီအစဥ်က ချောမွေ့စွာဖြင့် ခေါင်းဆောင်အားလုံးကို တော်ဝင်မြို့တော်သို့လာရန် ကြံစည်နိုင်ခဲ့၏။ သို့သော် လူတစ်ယောက်ထွက်ပေါ်လာပြီး သူ၏အစီအစဥ်ကို ကဖျက်ကယက်လာလုပ်မည်ဟု မျှော်လင့်မထားချေ။

"ဒီကပ်ဘေးရဲ့နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေတယ်။ ခေါင်းဆောင်သုံးယောက်က ဒီသတင်းပေါက်ကြားသွားမှာကို စိုးရိမ်နေကြတယ်။ ကျုပ် ဒီလောက်ပဲပြောပြနိုင်မယ်"

ကံကောင်းစွာဖြင့် ရန်ဟုန်က ဆင်ခြေတစ်ခုကို ကြိုတင်စီစဥ်ထားသဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။ အစွမ်းထက်ကျင့်ကြံသူများက တိတ်ဆိတ်သွားကြပြီး စိတ်ထဲတွင် တွေးတောဆင်ခြင်နေကြသည်။ ရန်ဟုန်၏တုံ့ဆိုင်းနေသော အမူအရာက သူတို့ကို ပို၍ယုံကြည်စေသည်။

"ကျုပ်သိသလောက်ပြောရရင် တိုက်ကြီးလေးခုလုံးမှာ ဝိညာဥ်သားရဲကပ်ဘေးကို ရင်ဆိုင်နေရတယ်။ ဒါကြောင့် ဇစ်မြစ်ဆိုတာ ရှာတွေ့ဖို့မဖြစ်နိုင်ဘူး။ တကယ်လို့ လက်သည်ကိုပြောရမယ်ဆိုရင် ထျန်းယွမ်ရှေးဟောင်းမြို့တော်ကို လက်ညှိုးထိုးပြရမယ်။ သမာဓိကောင်စီက အားလုံးကိုဦးဆောင်ပြီး ထျန်းယွမ်မြို့တော်ကို ရင်ဆိုင်နိုင်မှာလား။ ထျန်းယွမ်မြို့တော်ရဲ့ အားအနည်းဆုံးကျင့်ကြံသူတောင် ကြီးမြတ်သူအဆင့်မှာ ရှိတယ်။ မင်းတို့အားလုံးက ထွက်ပေါ်လာခဲ့တဲ့ အစွမ်းထက်အရှိန်အဝါကိုခံစားမိမယ်လို့ ငါ ထင်တယ်။ သူက ထျန်းယွမ်မြို့တော်ကလာတဲ့ ကြီးမြတ်သူအဆင့်ကိုး ကျင့်ကြံသူတစ်ယောက်ပဲ"

ယဲ့ချန်က နှာခေါင်းရှုံ့၍ အေးစက်စက်ပြောလိုက်သည်။ သူက အခြားကျင့်ကြံသူများကို တော်ဝင်မြို့တော်ထံမသွားစေရန် တားမြစ်နိုင်ခြင်းမရှိသော်လည်း သူသိထားသမျှကိုပြောပြရန် ဆုံးဖြတ်ထားသည်။

"အဆင့်ကိုးကြီးမြတ်သူတစ်ယောက်"

လူတိုင်းက အသက်ရှူကျပ်သွားကြသည်။ သူတို့၏ခွန်အားဖြင့်ဆိုပါက လူတိုင်းစုပေါင်းနိုင်လျှင်လည်း ထိုကျင့်ကြံသူကို ရင်ဆိုင်နိုင်မည်မဟုတ်ချေ။ အားအနည်းဆုံးကျင့်ကြံသူပင် ကြီးမြတ်သူအဆင့်ရောက်နေလျှင် ထျန်းယွမ်ရှေးဟောင်းမြို့တော်ကို ဆန့်ကျင်ခြင်းက သေလမ်းရှာနေခြင်းဖြစ်သည်။

"ဟုတ်တယ်။ သူက အရှေ့ပိုင်းတိုက်ကြီးရဲ့ ဝိညာဥ်သားရဲကပ်ဘေးကို စောင့်ကြည့်ဖို့ တာဝန်ပေးခံထားရသူဖြစ်တယ်။ အနာဂတ်မှာ ကပ်ဘေးက ပိုပိုပြီးကြမ်းတမ်း ပြင်းထန်လာလိမ့်မယ်။ ကြီးမြတ်သူအဆင့်ရောက်အောင် ကျင့်ကြံနိုင်သူတွေသာ ကောင်းကင်မူလတိုက်ဝင်ခွင့်ရပြီး ကပ်ဘေးကို ရှောင်ရှားနိုင်မယ်။ ဒါကြောင့် သမာဓိကောင်စီက ဖြေရှင်းဖို့ နည်းလမ်းတွေ့ထားတယ်ဆိုတာက သေချာပေါက်အဓိပ္ပါယ်မရှိဘူး။ ဒါပေမယ့် သူတို့က မင်းတို့အားလုံးကို အကြောင်းပြချက်မပေးဘဲ စုဝေးဖို့ ဆင့်ခေါ်နေတယ်။ ဒီကိစ္စမှာ အကြံတစ်ခုခု ရှိနေနိုင်တယ်"

ယဲ့ချန်က နောက်ထပ်ထိတ်လန့်ဖွယ်ရာ အမှန်တရားတစ်ခုကို ထုတ်ပြောလိုက်ပြန်သည်။ ယဲ့ချန် ဆက်တိုက်ထုတ်ပြောနေသော သတင်းများက အရှေ့ပိုင်းတိုက်ကြီး၏ခေါင်းဆောင်များကို မင်သက်စေခဲ့သည်။ ဤသတင်းများက အလွန်ဆန်းကျယ်သောကြောင့် ယဲ့ချန်ပင် ပထမဆုံးအကြိမ် သိခဲ့စဥ်က စိတ်ရှုပ်ထွေးခဲ့သည်။ ကြယ်သလင်းကျောက်က ရုတ်တရက်တိတ်ဆိတ်သွားကာ မည်သူမှ အချိန်ကြာမြင့်စွာ စကားမပြောနိုင်ခဲ့ပေ။

"မင်းက လူတိုင်းကို အလိမ်အညာတွေနဲ့ အယုံသွင်းနေတာပဲ။ မင်းပြောသလိုဆိုရင် အရှေ့ပိုင်းတိုက်ကြီးအတွက် ဘာမျှော်လင့်ချက်မှ မရှိဘူး။ ငါတို့က သေဖို့ထိုင်စောင့်နေရမှာလား"

ပထမဆုံးသတိပြန်ဝင်လာသော ရန်ဟုန်က မျက်နှာပျက်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"သေဖို့ထိုင်စောင့်နေရမယ်လို့ ငါ မပြောလိုက်မိပါဘူး။ လူတိုင်းက အချိန်ကို အကျိုးရှိရှိသုံးပြီး ကျင့်ကြံရမယ်။ မင်းတို့အားလုံးအစွမ်းထက်လာအောင် ကျင့်ကြံတာက လူယုတ်မာတွေရဲ့အကြံကြောင့် ပျက်စီးတာထက်စာရင် ပိုမသင့်တော်ဘူးလား"

ယဲ့ချန်က တစ်ချက်ပြုံးလိုက်သည်။

"တော်တော်ရယ်ရတဲ့ ဟာသပဲ။ ကြီးမြတ်သူအဆင့်ကိုရောက်ဖို့ လွယ်တယ်များ ထင်နေလား။ ဘယ်သူကရော တစ်ဘဝလုံးကျင့်ကြံပြီး ကြီးမြတ်သူအဆင့်ကို ရောက်မယ်လို့ အာမခံနိုင်မှာလဲ"

ရန်ဟုန်က နှာခေါင်းရှုံ့၍ ပြန်လည်မေးခွန်းထုတ်လိုက်သည်။ သူက ယဲ့ချန်၏နောက်ခံနှင့် မည်သူဖြစ်ကြောင်း မသိထားပေ။

"အခွင့်အရေးတစ်ခု ရှိတယ်။ အာကာသကျောက်တွေအများကြီး အရှေ့ပိုင်းတိုက်ကြီးမှာပေါ်လာတာကို လူတိုင်း သိထားကြတယ်မလား။ မင်းတို့က နတ်ဘုရင်အဆင့်အထက် ဝိညာဥ်သားရဲတွေကိုသတ်နိုင်ရင် လျှို့ဝှက်ကျင့်စဥ်ကျောက်စိမ်းတွေကိုပါ ရနိုင်တယ်။ အဆင့်မြင့်ဝိညာဥ်သားရဲတွေရဲ့ အသားကလည်း ကျင့်ကြံဆင့်မြင့်တက်ဖို့အတွက် အတော်လေးအထောက်အကူပြုနိုင်တယ်။ ဒါတွေကို ထျန်းယွမ်မြို့တော်က ငါတို့ခွန်အား အလျင်အမြန်တိုးတက်လာစေဖို့အတွက် စီစဥ်ပေးထားတာဖြစ်တယ်။ လူတိုင်းက စုစုစည်းစည်းနဲ့ မြို့တွေတည်ဆောက်၊ ရေရှည်ခံစစ်အတွက် ပြင်ဆင်ပြီး ခွန်အားကို အမြန်မြှင့်တင်နိုင်မယ်ဆိုရင် အသက်ရှင်သန်ဖို့အတွက် အခွင့်အရေးရှိတယ်"

ယဲ့ချန်၏စကားသံက တည်ငြိမ်လေးနက်နေသည်။ ယဲ့ချန်နှင့်ရန်ဟုန်၏စကားများကို ကြယ်သလင်းကျောက်မှတဆင့် ကြားလိုက်ရသူတိုင်း တုန်လှုပ်သွားကြသည်။ အာကာသကျောက်များနှင့် အခြားရတနာများ ထွက်ပေါ်လာခြင်းတွင် နောက်ကွယ်၌ တစ်စုံတစ်ယောက်ရှိနေသောကြောင့် ယဲ့ချန်၏စကားများက အခြေအမြစ်မရှိသော စကားများမဟုတ်ပေ။ အကယ်၍ ဤကပ်ဘေးနောက်တွင် တစ်စုံတစ်ယောက်ရှိနေလျှင် အလွန်အမင်းအစွမ်းထက်နေမည် ဖြစ်သောကြောင့် သူတို့က တွန်းလှန်တိုက်ခိုက်ရန် လုံးဝမဖြစ်နိုင်ပေ။

"သမာဓိကောင်စီက မကောင်းကြံနေတယ်လို့ မင်းက ပြောချင်တာလား။ ဝိညာဥ်သားရဲကပ်ဘေးက ပြင်းထန်နေတယ်။ မင်းတို့ကိုမကောင်းကြံလို့ရော ငါတို့အတွက် ဘာအကျိုးရှိမှာလဲ။ မင်းကသာ နောက်ခံရောနာမည်ရော မသိရတဲ့ လူတစ်ယောက်ဖြစ်ပြီး လူတိုင်းကို အလိမ်အညာတွေနဲ့ စိတ်ရှုပ်အောင် လုပ်နေတာပဲ ။မင်းက သမာဓိကောင်စီနဲ့အင်အားစုတွေ ပူးပေါင်းပြီး ကပ်ဘေးကိုမဖြေရှင်းနိုင်အောင် လာနှောင့်ယှက်နေတာမလား"

အခြေအနေက ပြောင်းလဲလာကြောင်း သတိထားမိသော ရန်ဟုန်က အလောတကြီးကန့်ကွက်ကာ ယဲ့ချန်ကို စွပ်စွဲလိုက်သည်။ သူ၏စကားကြောင့် ကျင့်ကြံသူများက အနည်းငယ်တိတ်ဆိတ်သွားကြသည်။ ယဲ့ချန်၏ သရုပ်မှန်နှင့်နောက်ခံက အမှန်တကယ် သံသယဝင်စရာကောင်းနေသည်။ သူတို့က ယဲ့ချန်ကို ယခင်ကမမြင်ဖူးသောကြောင့် မည်သည့်ဘက်အား ယုံကြည်ရမည်ကို မဝေခွဲနိုင်ဖြစ်နေကြသည်။ ယဲ့ချန်၏စကားများက ပို၍အဓိပ္ပါယ်ရှိသော်လည်း ကြီးမြတ်သူအဆင့်သို့ရောက်ရန် အလွန်အမင်းဝေးကွာနေသည်။

"ဘာဖြစ်ဖြစ် ငါတို့က သေမှာကို ထိုင်စောင့်နေလို့မဖြစ်ဘူး။ အကြီးအကဲရန်ဟုန် ခေါင်းဆောင်သုံးယောက်ကို ငါတို့သေချာပေါက်လာမယ်လို့ ပြောလိုက်ပါ"

"မီးတောက်သစ်နက်မျိုးနွယ်လည်း လာခဲ့ပါမယ်"

မိုးကြိုးမျိုးနွယ်၏ မဟာအကြီးအကဲတစ်ယောက်က ပိုမေ့၏ညွှန်ကြားချက်အတိုင်း ပြောလိုက်ခြင်းဖြစ်သည်။ ယဲ့ချန်၏သတိပေးချက်ကြောင့် သူတို့က သမာဓိကောင်စီအပေါ် ပို၍သတိထားလာခဲ့သည်။ သို့မှသာ ပြဿနာတစ်ခုရှိနေပါက အချိန်မီ တုံ့ပြန်နိုင်ပေလိမ့်မည်။

အခြားကျင့်ကြံသူများကလည်း ခေါင်းညိတ်လိုက်ကြသည်။ သမာဓိကောင်စီက သူတို့၏တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်နေသဖြင့် လက်မလျှော့လိုပေ။ ထိုအချိန်တွင် ယဲ့ချန်၏ပုံရိပ်က ကြယ်သလင်းကျောက်အတွင်း တောက်ပလာပြန်သည်။

"မင်းတို့ ငါ့ကိုမယုံဘူးဆိုတာ ငါ သိတယ်။ ဒါပေမယ့် မင်းတို့ကိုသတိထားဖို့ ပြောချင်တယ်။ သမာဓိကောင်စီခေါင်းဆောင်သုံးယောက်က မိစ္ဆာကျင့်စဥ်တွေ ကျင့်ကြံထားကြတယ်"

ယဲ့ချန်က တည်ငြိမ်စွာ သတိပေးလိုက်သည်။

"ခေါင်းဆောင်တွေကို မစော်ကားနဲ့။ သူတို့က အလွန်မြင့်မြတ်လို့ ဘယ်မိစ္ဆာကျင့်စဥ်ကိုမှ မကျင့်ကြံဘူး။ မင်းသာ သမာဓိကောင်စီကိုလာရဲရင် ဒီစကားအတွက် မင်းကို နေရာမှာတင် ချက်ချင်းသတ်ပစ်မယ်။ ဒီကောင်ဘာပြောပြော မင်းတို့အားလုံးက စဥ်းစားတတ်တဲ့ ဦးနှောက်ရှိကြတယ်မလား။ သမာဓိကောင်စီက အရှေ့ပိုင်းတိုက်ကြီးကို နှစ်ပေါင်းများစွာအု ပ်ချုပ်လာတာကို မင်းတို့အသိပဲ"

ရန်ဟုန်၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ထင်ဟပ်လာသည်။

ထိုအချိန်တွင် ကြယ်သလင်းကျောက်အတွင်း လှပ၍ကျက်သရေရှိသော ပုံရိပ်တစ်ခု ထွက်ပေါ်လာပြန်သည်။ ဤပုံရိပ်က ထန်တိုက်လင်ဖြစ်သည်။

"ငါ မြောက်ပင်လယ်ဘုရင်မက သူ့ကို ယုံကြည်တယ်။ အတိတ်တုန်းက သမာဓိကောင်စီဟာ ငါ့ကို ကပ်ဘေးရဲ့အရင်းအမြစ်ရှာတွေ့ပြီလို့ အကြောင်းကြားခဲ့တယ်။ ဒါကိုဖြေရှင်းဖို့ ငါရောက်လာတဲ့အချိန်မှာ ထောင်ချောက်အစီအရင်ကိုသုံးပြီး သတ်ဖို့အတွက် ကြိုးစားတယ်။ မင်းတို့က ဘာတွေကြံစည်နေတာလဲ။ ရန်ဟုန် ငါ့ကို အခုချက်ချင်းရှင်းပြစမ်း"

ထန်တိုက်လင်က လှောင်ပြုံးပြုံး၍ အေးစက်စက်မေးလိုက်သည်။ သူမ၏စကားကြောင့် ခေါင်းဆောင်တိုင်းက အုတ်အော်သောင်းတင်းဖြစ်သွားကြသည်။ ယဲ့ချန်က မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိရသော လူစိမ်းတစ်ယောက်ဖြစ်သောကြောင့် ယုံကြည်ပေးရန် မလွယ်ကူပေ။ သို့သော် မြောက်ပင်လယ်ဘုရင်မ၏ စကားများဆိုလျှင် ကွာခြားပေသည်။ အကယ်၍ သမာဓိကောင်စီကသာ ကပ်ဘေးကိုအကြောင်းပြ၍ ထန်တိုက်လင်အားသတ်ရန် အကောက်ကြံဖူးလျှင် နောက်တစ်ကြိမ်လုပ်မည်ဟု သေချာပေါက်သိနိုင်လေသည်။

All Chapters