← Chapters

ထန်တိုက်လင် ရောက်ရှိလာခြင်း

Vol. 33 Ch. 453

ထန်တိုက်လင် ရောက်ရှိလာခြင်း

Vol. 33 Ch. 453

"ထန်တိုက်လင် သမာဓိကောင်စီနဲ့မင်းက ဘာရန်ငြှိုးရှိလို့ ယိုးစွပ်နေရတာလဲ။ ကြည့်ရတာ ဒီလူနဲ့မင်းက တစ်ကျိတ်တည်း တစ်ဉာဏ်တည်းမလား။ မင်းရဲ့အကြံကို ပြောစမ်း"

အမြဲတမ်းအေးစက်တည်ငြိမ်ပြီး လူမြင်ကွင်းသို့ ထွက်ပေါ်မလာတတ်သော ထန်တိုက်လင်က ဤကိစ္စကို အစဖော်လာမည်ဟု ရန်ဟုန်သည် လုံးဝမျှော်လင့်မထားပေ။ သူက ဦးနှောက်ကို အလုပ်ပေးလိုက်ပြီး ချက်ချင်းဆင်ခြေတစ်ခု ရှာဖွေလိုက်သည်။ သူက မုတ်ဆိတ်ရှည်ကြီးကိုပွတ်သပ်၍ ထန်တိုက်လင်ကို အေးစက်စက်စိုက်ကြည့်ကာ စွပ်စွဲလိုက်ခြင်းဖြစ်သည်။ သို့သော် သူမက ရန်ဟုန်နှင့်အငြင်းပွားနေရန် စိတ်မဝင်စားဟန်ဖြင့် စကားတစ်ခွန်းမှ မပြောတော့ပေ။

"ထန်တိုက်လင်ကို ငါ ယုံကြည်တယ်"

ထိုအချိန်တွင် သူရဲကောင်းတစ်ယောက်၏ ဟန်ပန်အပြည့်ရှိသော လူငယ်တစ်ယောက်၏ပုံရိပ် ထွက်ပေါ်လာသည်။ သူ၏မျက်ခုံးများက ထူထဲနေပြီး မျက်လုံးက တောက်ပနေသည်။ သူက သားရဲများ၏ နံပတ်တစ်ဧကရာဇ် ပိုမေ့ဖြစ်ကာ ရိုးရှင်းသောစကားလုံးများနှင့် သူ၏သဘောထားကို ဖော်ပြလိုက်သည်။

"မိုးကြိုးသားရဲမျိုးနွယ်လည်း ပါဝင်နေတာလား။ ဒါဆိုရင် ဒီကိစ္စက ပိုပြီးရှင်းသွားပြီ။ ခေါင်းဆောင်သုံးယောက် အဆင့်တက်သွားရင် မင်းတို့နှစ်ယောက်က သူတို့ကိုမယှဥ်နိုင်မှာကို စိုးရိမ်နေကြတာမလား။ ဒါပေမယ့် မိုးကြိုးသားရဲမျိုးနွယ်နဲ့ ပင်လယ်မိစ္ဆာမျိုးနွယ်ပူးပေါင်းထားရင်တောင် သမာဓိကောင်စီကို ယှဥ်နိုင်မှာမဟုတ်ဘူးကွ။ မင်းတို့က အမည်မသိတဲ့လူတစ်ယောက်ကို ခေါ်ထုတ်လာပြီး အဓိပ္ပါယ်မရှိတဲ့စကားတွေနဲ့ သမာဓိကောင်စီကို အသရေဖျက်လို့ရမယ် ထင်နေတာလား။ မင်းတို့အကြံ ဒါအကုန်ပဲလား"

ရန်ဟုန်က တစ်စုံတစ်ခုကို ရုတ်တရက်သဘောပေါက်သွားဟန်ဆောင်၍ ပိုမေ့နှင့်ထန်တိုက်လင်ကို ခပ်ရိုင်းရိုင်းတုံ့ပြန်လိုက်သည်။ ခေါင်းဆောင်များက တွန့်ဆုတ်ပြီး အတွေးများ ရှုပ်ထွေးနေကြသည်။ သမာဓိကောင်စီက လိမ်လည်နေခြင်းလား သို့မဟုတ် ပိုမေ့နှင့်ထန်တိုက်လင်က သမာဓိကောင်စီကိုဆန့်ကျင်ရန် အကြံထုတ်နေခြင်းလား သူတို့က ဝေခွဲမရပေ။ အကယ်၍ အရှေ့ပိုင်းတိုက်ကြီး၏အင်အားစုက ကပ်စိုက်နေချိန်တွင် အချင်းချင်းဆန့်ကျင်နေပါက တိုက်ကြီးတစ်လုံး အန္တရာယ်များလာနိုင်သည်။ ပုံမှန်ဆိုလျှင် သူတို့က ဤကိစ္စကို အလွယ်တကူ အလောတကြီးဆုံးဖြတ်မည်မဟုတ်သော်လည်း ဝိညာဥ်သားရဲကပ်ဘေးက တစ်နေ့တခြားကြီးမားလာသည်။ ထို့ကြောင့် သေရေးရှင်ရေးအတွက် စွန့်စားရွေးချယ်ရန်မှတစ်ပါး ရွေးစရာမရှိပေ။

"ဘာဖြစ်ဖြစ် ငါအရှင်ကတော့ အလယ်အင်ပါယာရဲ့တော်ဝင်မြို့တော်ကို သွားမယ်။ ဒါပေမယ့် မင်းတို့လည်းသွားမယ်ဆိုရင် သေချာပေါက်သတိထားကြပါ"

ပိုမေ့က ရန်ဟုန်၏စွပ်စွဲစကားများကို ဖြေရှင်းရန် စိတ်မဝင်စား၊ ဂရုမစိုက်ဟန်ဖြင့် တစ်လုံးချင်းပြောလိုက်သည်။ သူက ထန်တိုက်လင်၏စကားကို ယုံကြည်သော်လည်း တော်ဝင်မြို့တော်သို့ သေချာပေါက်သွားပေလိမ့်မည်။ ဤကားအ ရှေ့ပိုင်းတိုက်ကြီး၊ နံပတ်တစ်သားရဲကျင့်ကြံသူ၏ ကိုယ့်ကိုကိုယ်ယုံကြည်မှုဖြစ်ကာ သမာဓိကောင်စီမှ ထောင်ချောက်ဆင်ထားလျှင်ပင် မကြောက်ချေ။ အခြားခေါင်းဆောင်များက အကျိုးအပြစ်ကိုတွက်ချက်နေပြီး ဆုံးဖြတ်ချက်ချရန် အချိန်တစ်ခု လိုအပ်နေပုံပေါ်သည်။

"ဝိညာဥ်သားရဲကပ်ဘေးက ပိုပြီးကြမ်းတမ်းလာနေတယ်။ နောက်ထပ်တုံ့ဆိုင်းနေလို့မရဘူး။ မင်းတို့အားလုံး ဆုံးဖြတ်ချက်မြန်မြန်ချနိုင်ဖို့ မျှော်လင့်ပါတယ်။ အားလုံးကို တော်ဝင်မြို့တော်က စောင့်ကြိုနေပါမယ်"

ရန်ဟုန်၏ပုံရိပ် တစ်ဖန်ထွက်ပေါ်လာပြီး စိုးရိမ်တကြီးဖြစ်နေသော လေသံနှင့် တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

"ငါရော တော်ဝင်မြို့တော်ကို သွားသင့်လား။ တကယ်လို့ သမာဓိကောင်စီက အကြံတွေရှိနေမယ်ဆိုရင် ပိုမေ့နဲ့ထန်တိုက်လင်က သတိထားရလိမ့်မယ်။ မိုးကြိုးမျိုးနွယ်နဲ့ ပင်လယ်မိစ္ဆာမျိုးနွယ်ပူးပေါင်းလိုက်ရင် သမာဓိကောင်စီအောက် မနိမ့်ပါဘူး။ အစွမ်းထက်နောက်လိုက်တွေ အများကြီးခေါ်သွားရင် ပြဿနာမရှိလောက်ဘူးမလား"

ထန်တိုက်လင်က စကားတစ်ခွန်းမှ ထပ်မပြောသကဲ့သို့ ယဲ့ချန်ကလည်း စိတ်ထဲတွင် အတွေးနက်နေသည်။ အချိန်အနည်းငယ်ကြာပြီးနောက် သူက အခြေအနေကို အရင်ဆုံးစောင့်ကြည့်ရန် ဆုံးဖြတ်ထားသည်။ ထို့အပြင် အရာအားလုံးကို ထန်တိုက်လင်နှင့် ဆွေးနွေးတိုင်ပင်ရဦးမည်ဖြစ်သည်။

ယဲ့ချန်သည် ကြယ်သလင်းကျောက်ကိုသိမ်းဆည်း၍ ကြယ်အမြုတေကိုထုတ်ကာ ရူးရူးမူးမူး စတင်ကျင့်ကြံလိုက်သည်။ သမာဓိကောင်စီ၏အကြံကို သူက မခန့်မှန်းနိုင်သောကြောင့် ကိုယ်ပိုင်ခွန်အားကို တတ်နိုင်သမျှအမြန်ဆုံး မြှင့်တင်ရန် နည်းလမ်းတစ်ခုတည်းသာ ရှိသည်။ ကြယ်အမြုတေကိုဗဟိုပြု၍ အာကာသချီများ ရေကဲ့သို့စီးထွက်လာကာ ယဲ့ချန်၏ကိုယ်တွင်းသို့ ထပ်ကာထပ်ကာ စီးဝင်သွားခဲ့သည်။ ကောင်းကင်ချီများ လှိုင်းထန်လာကာ ဒန်တန်အတွင်းနယ်မြေက စတင်ကျယ်ပြန့်လာသည်။ ကြယ်ကိုးလုံးတွင် သိသိသာသာပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာပြီး တစ်ခုစီက လက်သီးဆုပ်အရွယ်ခန့် ကြီးမားလာသည်။ ယေဘူယျသဘောပြောရလျှင် ဒန်တန်တစ်ခုက ၎င်းတို့ကို ထိန်းသိမ်းနိုင်စွမ်းမရှိသော်လည်း သူ၏ဒန်တန်တွင် နယ်မြေတစ်ခု ဖြစ်ပေါ်နေခဲ့သည်။ သူ၏အသိစိတ်က ဒန်တန်အတွင်း စစ်ဆေးလိုက်တိုင်း အခြားကမ္ဘာတစ်ခုသို့ရောက်သွားသယောင် ခံစားရလေသည်။

ယဲ့ချန်သည် သူ၏စိတ်အတွင်း ပိုင်ဆိုင်ထားသော ဓားပျံနှင့် ကြယ်ကိုးလုံးက မရိုးရှင်းကြောင်းသိထားသော်လည်း ၎င်းတို့၏မူလကို မသိချေ။ ကောင်းကင်မူလကြယ်၏ ကြယ်သခင်ဖြစ်ဖူးသော ထျန်းယွမ်ကိုယ်တိုင်ပင် ဓားပျံကြောင့် အလွန်ထိတ်လန့် တုန်လှုပ်သွားခဲ့ဖူးသည်။ ဓားပျံကိုဖန်တီးသူက အစစ်အမှန်အစွမ်းထက်သူတစ်ဦးဖြစ်ကြောင်း ထျန်းယွမ်ကိုယ်တိုင် မှတ်ချက်ချခဲ့သည်။ ထို့ကြောင့် ဓားပျံကို ဖန်တီးသူ၏အစွမ်းက ကြယ်သခင်တစ်ယောက်ထက် ပို၍များပြားနိုင်သည်။ ကြယ်သခင်တစ်ယောက်ကပင် ကြယ်တစ်ခုလုံးကို ကိုယ်ပိုင်ခွန်အားဖြင့် အက်ကွဲစေနိုင်လျှင် ထိုလူ၏အစွမ်းက ဆိုဖွယ်ရာမရှိချေ။ ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်က မြင့်မြတ်ပြီးရှုပ်ထွေးကာ လက်ရှိအချိန်အထိ သူက ဒုတိယအဆင့်သို့ပင် မရောက်နိုင်သေးပေ။ အကယ်၍ သူသာ ကျင့်ကြံနိုင်လျှင် အလွန်အစွမ်းထက်သော ကြယ်ပိုင်နက်တစ်ခုကို ပိုင်ဆိုင်လာနိုင်မည်ဟု ဖော်ပြထားသည်။ သူသာ ကျင့်စဥ်တစ်ခုလုံးကို ပြည့်စုံအောင်ကျင့်ကြံနိုင်လျှင် မည်မျှသန်မာလာမည်ကို တွေးကြည့်ရန်ပင် မဖြစ်နိုင်ချေ။

ထူးကဲအဆင့် ကျင့်ကြံသူများသည်သာ ပိုင်နက်တစ်ခုကို ထုတ်ဖော်နိုင်သောကြောင့် ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်၏ ဒုတိယအဆင့်ကို အောင်မြင်နိုင်ရန် ထူးကဲအဆင့်ရောက်ရန် လိုအပ်နေပုံပေါ်သည်။ ထူးကဲအဆင့်သို့ ရောက်ရှိနိုင်သူတိုင်းက အစွမ်းထက်အရှင်သခင်များဖြစ်ကြသည်။ သမာဓိကောင်စီမှလွဲလျှင် မိုးကြိုးသားရဲမျိုးနွယ်၊ ပင်လယ်မိစ္ဆာမျိုးနွယ်စသော အစွမ်းထက်အင်အားစုများ၌ပင် ထူးကဲအဆင့် ကျင့်ကြံသူလေးငါးယောက်ခန့်သာ ရှိသည်။ သာမန်အင်အားစုများအတွက် တစ်ယောက်ပိုင်ဆိုင်ထားလျှင်ပင် မဟာအောင်မြင်မှုကြီးဖြစ်သည်။

ယဲ့ချန်သည် ပိုင်နက်တစ်ခု၏အစွမ်းကို ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးခဲ့သည်။ အတိတ်တွင် ထန်တိုက်လင်ကို သမာဓိကောင်စီမှ ဖုယွမ်ရှန်းနှင့်ကျင့်ကြံသူများ ဝိုင်းဝန်းလုပ်ကြံစဥ်က သူမ ထုတ်သုံးပြခဲ့ခြင်းဖြစ်သည်။ ထူးကဲအဆင့် ကျင့်ကြံသူတစ်ယောက်၏ပိုင်နက်နှင့် ယှဥ်ရမည်ဆိုလျှင် များစွာသော အဆုံးမဲ့ကျင့်ကြံသူများပင် မတွန်းလှန်နိုင်ချေ။

ယဲ့ချန်သည် ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကို ထပ်ကာထပ်ကာ လေ့လာလိုက်သည်။ သူ၏စိတ်အတွင်း ဉာဏ်အလင်းပွင့်သော အတွေးများဖြစ်ပေါ်လာကာ အရာအားလုံးက ပေါင်းစပ်သွားကြသည်။ သူ၏စိတ်အတွင်း မှတ်သားတည်ရှိနေသော ကျင့်စဥ်ထံမှ ရင်းနှီးမှုတစ်ခုကို ဝိညာဥ်နှင့် စိတ်၏ အနက်ရှိုင်းဆုံးမှပင် ခံစားနေရသည်။ သူက အတိတ်တွင် ဤကျင့်စဥ်ကို ကျင့်ကြံထားဖူးပုံပေါ်သည်။

သူ၏စိတ်အတွင်း ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ဘုန်းခနဲထွက်ပေါ်လာကာ ကောင်းကင်ချီအားလုံးက လှိုင်းကြီးတစ်ခုပမာ ရွေ့လျားနေသည်။ ကျင့်ကြံဆင့်အကန့်အသတ်က ချိုးဖျက်ခံလိုက်ရပြီး နောက်တစ်ဆင့် မြင့်တက်သွားခဲ့သည်။ ယဲ့ချန်သည် အဆုံးမဲ့အဆင့်လေးသို့ ချိုးဖျက်နိုင်သွားကာ ကိုယ်တွင်း၌ ခွန်အားများတိုးတက်လာသည်ကို အာရုံခံမိလိုက်သည်။ သူ၏ကျင့်ကြံနှုန်းက အလွန့်အလွန်မြန်ဆန်သည်ဟု ဆိုနိုင်သော်လည်း ထန်တိုက်လင်၊ ပိုမေ့နှင့် အခြားကျင့်ကြံသူများကို လိုက်မီရန်အတွက် အချိန်မည်မျှယူရမည်ကို မသိချေ။ ပိုလင်းပင်လျှင် ကျင့်ကြံဆင့်က အလွန်လျင်မြန်လာပြီဖြစ်သည်။ သူက အဆင့်တက်နေစဥ်အတွင်း ထန်တိုက်လင်တို့က ရပ်တန့်နေမည်မဟုတ်ဘဲ လျင်မြန်စွာ တိုးတက်နေကြပေလိမ့်မည်။

ယဲ့ချန်သည် ကြယ်ကိုးလုံးကိုအသက်သွင်းရန် အစွမ်းကုန်ကြိုးစားလိုက်သည်။ ၎င်းတို့က ဒန်တန်အတွင်း လျင်မြန်စွာ လည်ပတ်လာကြသဖြင့် ကောင်းကင်ချီများကိုစုပ်နေသည့် ဧရာမဝဲကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ဒန်တန်၏အတွင်းနယ်မြေက အနည်းငယ်ကျယ့်ပြန်လာကာ ယဲ့ချန်၏ဝိညာဥ်စစ်သည်တော်ကလည်း အဆုံးမဲ့အဆင့်လေးသို့ ရောက်ရှိသွားခဲ့၏။ သူက စိတ်နှင့်ဝိညာဥ်ကို တစ်သားတည်းဖြစ်စေလိုက်လျှင် အဆုံးမဲ့အဆင့်ရှစ် ကျင့်ကြံသူတစ်ယောက်ကိုပင် ကြောက်စရာမလိုတော့ပေ။ သို့သော်လည်း ထူးကဲအဆင့်များကိုယှဥ်ပြိုင်ရန် စွမ်းအားများ လိုအပ်နေသေးသည်။

ကောင်းကင်တုန်ခါဆေးအိုးက ယဲ့ချန်၏ခေါင်းအထက်တွင် မျောလွင့်နေကာ အနက်ရောင်မီးတောက်များ ထုတ်ဖော်နေသည်။ ယဲ့ချန်၏ကျင့်ကြံဆင့် မြင့်တက်လာသောအခါ ၎င်း၏စွမ်းအားကလည်း ပိုမိုမြင့်တက်လာမည့် လက္ခဏာရပ်များ ဖော်ပြလာသည်။ ၎င်းအပြင် နတ်ဆိုးဖိနှိပ်နာရီနှင့် ဧကရာဇ်မင်၏ခါးပတ်ကလည်း ပြောင်းလဲမှုအချို့ ဖြစ်ပေါ်လာကြသည်။ အမွေးပွလေးသည် သူ၏ပခုံးပေါ်တွင် တိတ်ဆိတ်စွာ လဲလျောင်းနေသည်။ သူမ၏ ကျောက်စိမ်းရောင်အမြှီးကိုးချောင်းက ဟိုသည်ယမ်းခါနေကာ ဝိညာဥ်အသိစိတ်က ယဲ့ချန်၏ဝိညာဥ်အသိစိတ်နှင့် ပေါင်းစပ်နေသည်။ သူတို့က အချင်းချင်းပြည့်စုံစွာ ဟန်ချက်ညီနေသောကြောင့် အသက်ရှူသံချင်းပင် စည်းချက်ညီမျှနေခဲ့သည်။

ယဲ့ချန်က ဆက်လက်ကျင့်ကြံနေစဥ် ကြယ်ခန်းမ၏ပတ်ဝန်းကျင်တွင် ချီစီးဆင်းမှုများ ပြောင်းလဲလာကာ ဆန်းကျယ်သော ပိုင်နက်တစ်ခုအတွင်း ရောက်ရှိသွားပုံပေါ်သည်။ ယဲ့တောင်ကြားအတွင်းရှိ ဝိညာဥ်သစ်ပင်၏အရွက်များက အစိမ်းရောင်တောက်ပလာသည်။ ရောင်စုံသစ်သီးများကလည်း ကောင်းကင်ပေါ်မှ ကြယ်များကဲ့သို့ အလွန်လှပစွာ ထွန်းလင်းနေကြသည်။ မူလစွမ်းအင်ချီများက လေပေါ်သို့ရောက်ရှိလာကာ ယဲ့ချန်၏ဝိညာဥ်အသိစိတ်အတွင်း ပေါင်းစပ်သွားပြီး သန်မာလာစေခဲ့သည်။ ကြယ်အမြုတေထံမှ သန့်စင်သော အာကာသချီများကလည်း ရုပ်ခန္ဓာအတွင်း ပေါင်းစပ်သွားကြသည်။ ကောင်းကင်ချီကျင့်ကြံဆင့်က တဟုန်ထိုးမြင့်တက်လာကာ အဆုံးမဲအဆင့်လေး၏ အထွတ်အထိပ်သို့ ရောက်သောအခါတွင်မှ ရပ်တန့်သွားလေသည်။

ယဲ့ချန်က ကျင့်ကြံဆင့်ကို အခြေတည်စေရန်ပြုလုပ်နေစဥ် အမျိုးသမီးတစ်ယောက်နှင့် ယောကျ်ားတစ်ယောက်က ကြယ်ခန်းမ၏မြောက်ဘက်ရှိ သစ်တောအတွင်း ထွက်ပေါ်လာကြသည်။

အမျိုးသမီးက မြောက်ပင်လယ်ဘုရင်မ ထန်တိုက်လင်ဖြစ်ကာ အနက်ရောင်ဆံပင်ရှည်များကို ခပ်မြင့်မြင့်မြှောက်စည်းထားသောကြောင့် ကျောက်စိမ်းဖြူရောင်အသားအရေက ထွက်ပေါ်နေသည်။ သူမက အပြာရောင်ပိုးထည်ကို ဝတ်ဆင်ထားသဖြင့် ချောမွေ့လှပသော ကောက်ကြောင်းများ ထင်ရှားနေသည်။ ဝတ်ရုံအောက်ရှိ ခြေဗလာအစုံတွင် ကျောက်စိမ်းခြေကျင်းလေးများ ဝတ်ဆင်ထားသောကြောင့် လမ်းလျှောက်လိုက်တိုင်း သိမ်မွေ့စွာ လှုပ်ခါသွားကြသည်။ နောက်တစ်ယောက်က နှစ်မီတာအရပ်ကို ပိုင်ဆိုင်ထားသော လူသန်ကြီးတစ်ယောက်ဖြစ်သည်။ သူက ကြွက်သားများဖုထစ်နေကာ ကြမ်းတမ်းသောအသွင်ကို ပိုင်ဆိုင်ထားသည်။ သို့သော် သူက ထန်တိုက်လင်နောက်တွင် ခေါင်းငုံ့၍ ရိုရိုကျိုးကျိုးရပ်နေကာ ရှေ့သို့ ခြေတစ်လှမ်းပင် မကျော်ရဲချေ။ ထိုလူက ရိုးသားသော ငါးလူသားကျန်းရန်ဖြစ်ကာ ထန်တိုက်လင်အပေါ် အလွန်ရိုသေလေးစားသူဖြစ်သည်။

လင်းယွန်တောင်တန်းသို့ ရောက်သောအခါ ထန်တိုက်လင်က တစ်ခုခုကို သတိပြုလိုက်မိပုံပေါ်သည်။ သူမက ခေါင်းမော့၍ အဝေးရှိကောင်းကင်သို့ တစ်ချက်ကြည့်လိုက်သည်။ တောင်တန်းကြီး၏အောက်ခြေတွင် ခမ်းနားကြီးကျယ်သော မြို့တော်အချို့တည်ရှိနေကာ တိမ်များဖုံးလွှမ်းနေသဖြင့် ဆန်းကျယ်နေခဲ့သည်။ ကျန်းရန်သည်လည်း တစ်ခုခုကိုသတိထားမိသွားသဖြင့် တအံ့တသြဖြစ်သွားခဲ့သည်။ အဝေးရှိပတ်ဝန်းကျင်တွင် ချီများက ပင်လယ်ကြီးတစ်ခုပမာ စုဝေးနေပြီး မည်သည့်ကျင့်ကြံသူ ကျင့်ကြံနေကြောင်း မခန့်မှန်းနိုင်ပေ။ သို့သော် ပင်လယ်ပမာကြီးမားသော ချီပမာဏက သူ့ကို ဖိအားများစေခဲ့သည်။

"သူ့ရဲ့ကျင့်ကြံဆင့်က နည်းနည်းမြင့်လာပြီ။ ကျန်းရန် ငါရောက်နေကြောင်း သွားအသိပေးလိုက်"

ထန်တိုက်လင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သို့သော် သူမ၏အမူအရာက ထုံးစံအတိုင်းတည်ငြိမ်နေကာ လေသံက အေးစက်နေခဲ့သည်။

"အမိန့်တော်အတိုင်းပါ အရှင်မ။ အခုချက်ချင်းသွားလိုက်ပါမယ်"

ကျန်းရန်က ရိုသေစွာခေါင်းညိတ်၍ လေပေါ်သို့ပျံတက်ကာ ကြယ်ခန်းမထံ ဦးတည်လိုက်သည်။ သူက အရှိန်အဝါကိုလည်း ထုတ်ဖော်ထားသည်။

ကျင့်ကြံခြင်း၏အလယ်သို့ ရောက်နေသော ယဲ့ချန်က ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူက ထန်တိုက်လင်နှင့် ကျန်းရန် ရောက်ရှိလာကြောင်း ဝိညာဥ်အသိစိတ်မှတဆင့် အာရုံခံနိုင်ခဲ့သည်။ ထန်တိုက်လင်ရောက်ရှိလာမည်ဟု ထင်မထားသော်လည်း လက်ရှိတွင် ဆွေးနွေးစရာရှိနေသဖြင့် သူက အနည်းငယ်ပျော်ရွှင်သွားခဲ့သည်။ ယဲ့ချန်က သူတို့ကိုကြိုဆိုရန် ကိုယ်တိုင်ထွက်ပေါ်လာသောအခါ ကျန်းရန်၏ ရိုးသားသောမျက်နှာတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာလေသည်။

All Chapters