ရေအောက်ရှေးဟောင်းနယ်မြေသို့
Vol. 33 Ch. 454
"အရှင်မက အလည်အပတ်လာရောက်ပြီး စကားပြောဖို့ ဖိတ်ကြားလိုက်ပါတယ် ခန်းမသခင်"
ကျန်းရန်က လက်သီးနှစ်ဖက်ဆုပ်၍ ရိုသေစွာ ပြောလိုက်သည်။
"ရောက်လာမှတော့ ကြယ်ခန်းမထဲကို ဝင်ပါဦး။ မင်းတို့က ဒီလောက်အားနာနေစရာ မလိုပါဘူး။ လာကြပါ"
ယဲ့ချန်က တစ်ချက်ပြုံး၍ ထန်တိုက်လင်နှင့်ကျန်းရန်ကို ဖိတ်ခေါ်လိုက်သည်။ ထန်တိုက်လင်သည် ယဲ့ချန်၏ပခုံးပေါ်ရှိ အမွေးပွလေးကို မြင်သောအခါ အနည်းငယ် မင်သက်သွားခဲ့သည်။ သူမ၏စိတ်ထဲတွင် ကန့်သတ်ဒေသကျွန်းပေါ်ရှိ ယဲ့ချန် နာကျင်နေသောမြင်ကွင်းကို တွေးလိုက်မိသောအခါ နှလုံးသားထဲတွင် ခံစားချက်အချို့ ရှုပ်ထွေးသွားခဲ့သည်။ ဤမြေခွေးမလေးက အသက်ပြန်ရှင်လာပုံပေါ်သည်။ အမွေးပွလေးကလည်း ထန်တိုက်လင်ကို မြင်သောအခါ အတိတ်တွင် တွေ့ဖူးသူများဖြစ်သောကြောင့် ပြုံးပြလိုက်သည်။
"သမာဓိကောင်စီဖိတ်ခေါ်တာကို နင် ဘယ်လိုထင်လဲ"
ယဲ့တောင်ကြားအတွင်း သူတို့က ဆင်းသက်လိုက်ပြီးနောက် ထန်တိုက်လင်မှာ အေးစက်တည်ကြည်သော အမူအရာဖြင့် မေးလိုက်ခြင်းဖြစ်သည်။
"သူတို့က သေချာပေါက် တစ်ခုခုကြံစည်နေတာဖြစ်ရမယ်။ ဒါပေမယ့် ငါတို့က သူတို့ကို မတားနိုင်ဘူးလေ။ ခေါင်းဆောင်သုံးယောက်က အရမ်းအစွမ်းထက်နေတယ်ဆိုမှတော့ ငါတို့ခွန်အားကို အစွမ်းကုန်မြှင့်တင်ရမှာပေါ့။ ပိုမေ့က ထောင်ချောက်မှန်းသိနေတာတောင် ဘာလို့ တော်ဝင်မြို့တော်ကို သွားမှာလဲဆိုတာကိုတော့ နားမလည်ဘူး"
ယဲ့ချန်က ထန်တိုက်လင်၏ အေးစက်စက်အကျင့်စရိုက်ကို သိထားပြီးဖြစ်သောကြောင့် သူမ၏လေသံကို စိတ်မကွက်ခဲ့ပေ။
"ပိုမေ့မှာ ဝိညာဥ်ကိုယ်ပွားတစ်ခု ပိုင်ဆိုင်ထားတယ်။ သူ့မှာ ဒီလိုစွမ်းရည်ရှိတာကို သိတဲ့သူ အလွန်နည်းတယ်"
ထန်တိုက်လင်က ခဏတာတိတ်ဆိတ်သွားပြီး အဖြေပေးလိုက်သည်။
"ကိုယ်ပွားလား။ ငါ နားလည်ပြီ"
ယဲ့ချန်က ပိုမေ့၏အကြံကို နားလည်သွားသောကြောင့် ခေါင်းညိတ်လိုက်သည်။ သူက သမာဓိကောင်စီမှ မကောင်းကြံလာမည်ကို ကာကွယ်ရန် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သောကြောင့် တော်ဝင်မြို့တော်သို့သွားရန် ဆုံးဖြတ်သည်မှာ အဆန်းမဟုတ်တော့ပေ။
"နင်ရော သွားဦးမှာလား"
ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။
"ပင်လယ်မိစ္ဆာမျိုးနွယ် ဘေးမကင်းမချင်း ငါ မြောက်ပင်လယ်ကနေ မခွာချင်ဘူး။ ငါတို့က ရှေးဟောင်းနယ်မြေကိုလေ့လာခဲ့ပြီး ဒါကို ရှာတွေ့ခဲ့တယ်"
ထန်တိုက်လင်က သူမ၏ခေါင်းကို ဖြည်းညှင်းစွာ ယမ်းလိုက်သည်။ သူမ၏မျက်ဝန်းထဲတွင် စိုးရိမ်စိတ်များ ထင်ဟပ်နေသည်။ ထို့နောက် သူမက လက်တစ်ချက်ယမ်းလိုက်သောအခါ ပတ်ဝန်းကျင်ရှိ ရေချီများတွင် ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုပုံရိပ်က ရေအောက်တွင် ယဲ့ချန်မြင်ဖူးခဲ့သော ရှေးဟောင်းနယ်မြေဖြစ်ကာ အဆောက်အအုံများကြားတွင် မဟာသာလွန်အဆင့် ဝိညာဥ်သားရဲများ လှည့်ပတ်သွားလာနေကြသည်။ နယ်မြေ၏အတွင်းပိုင်းတွင် ၎င်းတို့က မရေမတွက်နိုင်အောင်ရှိနေပြီး အနက်ရောင်ကျောက်တုံးကြီးတစ်ခုလည်း ရှိနေသည်။ ကျောက်တုံးကြီးက ဒုလုံးရှည်သဏ္ဍာန်ဖြစ်ပြီး ပင်လယ်ကြမ်းပြင်ရှိမြေပြင်တွင် စိုက်ဝင်နေခဲ့သည်။ မြေပြင်အထက်တွင် ထွက်ပေါ်နေသော အပိုင်းက ငါးမီတာကျော်မြင့်ကာ အချင်းနှစ်မီတာခန့်ရှိသည်။ ၎င်းက ရေအောက်ပတ်ဝန်းကျင်တွင် အနက်ရောင်များ တောက်ပစွာ ထုတ်လွှတ်နေခဲ့သည်။
ယဲ့ချန်သည် ၎င်းကိုမြင်သောအခါ အာကာသကျောက်တုံးတစ်ခုဖြစ်ကြောင်း သိလိုက်ရသဖြင့် မင်သက်သွားခဲ့သည်။ ဤမျှကြီးမားသော အာကာသကျောက်ကြီးကို အပိုင်းပေါင်းသောင်းချီရအောင် ခွဲခြားနိုင်ပေသည်။ သူ၏စိတ်ထဲတွင် ရန်ဟိုင်ပြောပြခဲ့သော ကြယ်သခင်ရှင်းက ကြယ်သေတစ်လုံးကို ဖောက်ခွဲပေးခဲ့သည့်အဖြစ်အား ချက်ချင်းသတိရလိုက်သည်။ ဤကား ကြယ်သခင်ရှင်းမှ ကောင်းကင်မူလကြယ်အတွက် ချန်ထားရစ်ခဲ့သော အာကာသကျောက်များအနက်မှ တစ်ခုဖြစ်ပေလိမ့်မည်။ သောင်းချီသော အာကာသကျောက်များက အင်အားစုတိုင်းအတွက် အလွန်အရေးပါသော အရင်းအမြစ်များဖြစ်ကာ မရေမတွက်နိုင်သော အစွမ်းထက်ကျင့်ကြံသူများကို မွေးထုတ်ပေးနိုင်သည်။
"နင်က ရေခဲပြာမျိုးနွယ်ကို ဦးဆောင်ပြီး ရှေးဟောင်းနယ်မြေထဲက အာကာသကျောက်ကို သွားယူတော့မလို့လား"
ယဲ့ချန်က အသက်ကို ခပ်ပြင်းပြင်းရှူ၍ တည်ငြိမ်စေလိုက်သည်။ သူက ထန်တိုက်လင်၏ လာရင်းရည်ရွယ်ချက်ကို နားလည်သွားပြီဖြစ်သည်။
"ဒါကြီးရှိနေတယ်ဆိုတာကို သိတာ ငါတို့မျိုးနွယ်တစ်ခုတည်း မဟုတ်ဘူး။ ကျန်တဲ့ပင်လယ်မိစ္ဆာမျိုးနွယ်ခွဲတွေလည်း သိထားပြီး သွေးအဆာဆုံးနဲ့ အရက်စက်ဆုံးမျိုးနွယ်တောင်မှ သိနေခဲ့တယ်။ သူတို့က မရေမတွက်နိုင်တဲ့ နောက်လိုက်တွေနဲ့ ရှေးဟောင်းနယ်မြေကို ဝင်ရောက်ခဲ့ကြတယ်။ မဟာသာလွန်အဆင့် ဝိညာဥ်သားရဲတွေနဲ့ တိုက်ပွဲတစ်ခု ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်။ ဒါပေမယ့် ရှေးဟောင်းနယ်မြေကို အစွမ်းထက်ကာကွယ်ရေးအစီအရင်တစ်ခုက တားမြစ်ထားလို့ သူတို့ မထိုးဖောက်နိုင်ဘူး။ ငါ့အထင် နင်ရဲ့ဓားပျံတွေကသာ ထိုးဖောက်နိုင်တဲ့ တစ်ခုတည်းသော အရာဖြစ်လိမ့်မယ်"
ထန်တိုက်လင်က ယဲ့ချန်ကို တစ်ချက်စိုက်ကြည့်၍ ဖြေလိုက်သည်။ အစီအရင်က အလွန်အစွမ်းထက်သောကြောင့် ထိုးဖောက်နိုင်ရန် ယဲ့ချန်၏ သူမတူသော ဓားပျံများကို အားကိုးရပေလိမ့်မည်။
"အာကာသကျောက်တုံးကိုရရင် တစ်ဝက်စီခွဲယူကြမယ်"
ထန်တိုက်လင်၏မျက်လုံးများက တောက်ပနေသည်။ ဤမျှကြီးမားသော အာကာသကျောက်တုံးကြီးက ရေခဲပြာမျိုးနွယ်အတွက် အကူအညီများစွာဖြစ်စေလိမ့်မည်။ အကယ်၍ သူမ၏မျိုးနွယ်သာ အစွမ်းထက်လာလျှင် ပိုမိုကြမ်းတမ်းပြင်းထန်လာမည့် ဝိညာဥ်သားရဲကပ်ဘေးတွင် အသက်ရှင်သန်နိုင်စွမ်း မြင့်လာနိုင်ပေသည်။
"နင် ပြောသလိုဆိုရင် အာကာသကျောက်တုံးကိုလိုချင်နေတာ နင်ရဲ့မျိုးနွယ်တစ်ခုတည်း မဟုတ်ဘူးပေါ့။ ငါတို့က အစီအရင်ကို ချိုးဖျက်နိုင်ရင်တောင် တိုက်ပွဲက သေချာပေါက်ဖြစ်လိမ့်မယ်။ ဒါဆိုရင် အာကာသကျောက်ကို ငါတို့လက်လွှတ်ရနိုင်ချေ များတယ်"
ယဲ့ချန်က မျက်မှောင်ကြုတ်၍ စိုးရိမ်စွာ သုံးသပ်ပြလိုက်သည်။ ရေခဲပြာမျိုးနွယ်က ပင်လယ်မိစ္ဆာမျိုးနွယ်များတွင် အသန်မာဆုံးမဟုတ်သောကြောင့် ကြံစည်ထားသမျှ ရေစုန်မျောသွားနိုင်သည်။ ထို့အပြင် ဤအာကာသကျောက်က ထန်တိုက်လင်နှင့်သူမ၏မျိုးနွယ်အတွက် ကပ်ဘေးတစ်ခုပင် ဖြစ်လာပေလိမ့်မည်။
"ဒီကိစ္စကို ငါလည်း တွေးထားပြီးသားပါ။ အသက်ရှင်နိုင်ဖို့အတွက် ငါတို့က အလောင်းအစားလုပ်မှဖြစ်မယ်။ နင်သာ အစီအရင်ကိုချိုးဖျက်ပေးနိုင်ရင် အာကာသကျောက်ကို ငါတို့ရယူဖို့ အခွင့်အရေးများတယ်။ ငါ့ပိုင်နက်မှာ ဘယ်သူက ငါ့ကိုတိုက်ခိုက်ရဲမယ်ဆိုတာကို ကြည့်ရသေးတာပေါ့"
ထန်တိုက်လင်က ခေါင်းကိုမော့၍ လေးနက်စွာပြောလိုက်သည်။ သူမထံမှ အစွမ်းထက်သော ဘုရင်မတစ်ပါး၏အရှိန်အဝါမျိုး ထွက်ပေါ်နေခဲ့သည်။ သူမ၏ယုံကြည်မှုက ယဲ့ချန်ကိုပါ ကူးစက်သွားသည်။ သူမကိုယ်တိုင်ပင် ရေခဲပြာမျိုးနွယ်ကိုကာကွယ်ရန် ယုံကြည်နေသောကြောင့် သူက အစိုးရိမ်လွန်နေခြင်းသာ ဖြစ်သည်။
"ကောင်းပြီ။ ဒါဆိုရင် ငါ နင်နဲ့အတူလိုက်လာခဲ့မယ်။ အာကာသကျောက်အတွက် တိုက်ခိုက်ကြတာပေါ့။ ကျန်တဲ့ပင်လယ်မိစ္ဆာမျိုးနွယ်တွေကိုတော့ သတိထားရမယ်။ သူတို့က ပူးပေါင်းပြီး နင့်ကို ခြိမ်းခြောက်လာနိုင်တယ်။ ရှေးဟောင်းနယ်မြေကို အမြန်ဆုံးသွားတာ အကောင်းဆုံးဖြစ်လိမ့်မယ်"
ယဲ့ချန်က သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ခဏတာတိတ်ဆိတ်ပြီးနောက် သူက စိုးရိမ်စွာ သတိပေးလိုက်ပြန်သည်။ ထန်တိုက်လင်က ယဲ့ချန်ကို တစ်ချက်စိုက်ကြည့်လိုက်သည်။ သူမက ရေခဲပြာမျိုးနွယ်အပေါ် ယဲ့ချန်စိုးရိမ်နေကြောင်း ခံစားမိသည်။ သူမ၏မျိုးနွယ် အန္တရာယ်ကျရောက်နိုင်သောကြောင့် ယဲ့ချန်က ရတနာကိုလုယူရန် တွန့်ဆုတ်နေခြင်းဖြစ်သည်။
"ဒါဆိုရင် မြောက်ပင်လယ်ကို ချက်ချင်းသွားရအောင်"
"ကျန်းရန် နင် ဒီမှာနေခဲ့ပြီး ကြယ်ခန်းမကို ကာကွယ်ပေးလိုက်"
ထန်တိုက်လင်က ခဏအတွင်း သူမ၏ထုံးစံအတိုင်း အေးစက်စက်ဖြစ်သွားကာ ကျန်းရန်ဘက်လှည့်၍ အမိန့်ပေးလိုက်သည်။
"အမိန့်အတိုင်းပါ အရှင်မ"
ကျန်းရန်က ဦးညွတ်၍ ဖြေလိုက်သည်။
"ကျန်းရန်က ပင်လယ်မိစ္ဆာမျိုးနွယ်ရဲ့ လျှို့ဝှက်ကျင့်စဥ်တစ်ခုကို တတ်မြောက်ထားပြီး ငါ့ကို အချိန်တိုင်း ဆက်သွယ်နိုင်တယ်။ တကယ်လို့ ကြယ်ခန်းမတစ်ခုခုဖြစ်ရင် ငါတို့က ခဏအတွင်း ပြန်လာနိုင်လိမ့်မယ်။ နင် ငါနဲ့အတူ မြောက်ပင်လယ်ကို စိတ်ချလက်ချလိုက်ခဲ့နိုင်တယ်"
ထန်တိုက်လင်၏အကြည့်က ကြယ်ခန်းမတည်ရှိသော ယဲ့တောင်ကြားထံ ကျရောက်သွားသည်။ ဤနေရာက ပန်းချီကားတစ်ချပ်ပမာ ငြိမ်းချမ်းလှပနေသည်။ သူမတွင်လည်း ကာကွယ်ရမည့် မျိုးနွယ်ဝင်များရှိနေသောကြောင့် ယဲ့ချန်၏ခံစားချက်များကို နားလည်ပေသည်။ ထန်တိုက်လင်က အမြော်အမြင်ရှိစွာ စီစဥ်ပေးလိုက်သဖြင့် ယဲ့ချန်က မင်သက်သွားခဲ့သည်။ သူမသည် ကြယ်ခန်းမအပေါ်ထားသော သူ၏စိတ်ကို သိနေသောကြောင့် ကျန်းရန်ကို အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။
"ကောင်းပြီ။ ဒါဆိုရင် ကျုပ်က ညီအစ်ကိုကျန်းကို ဒုက္ခပေးမိပါပြီ"
ယဲ့ချန်က လက်သီးနှစ်ဖက်ဆုပ်၍ ကျန်းရန်ဘက်လှည့်ကာ ပြောလိုက်သည်။ သူက အဆုံးမဲ့အဆင့်ခြောက် ကျင့်ကြံသူဖြစ်နေသောကြောင့် ကြယ်ခန်းမ၏လုံခြုံရေးအတွက် ယဲ့ချန် စိတ်အေးသွားခဲ့သည်။ ကြယ်ခန်းမအတွက် ကိစ္စများကိုဖြေရှင်းပြီးနောက် သူက အမွေးပွလေးကိုခေါ်၍ ထန်တိုက်လင်နှင့်အတူ မြောက်ပင်လယ်သို့ ထွက်ခွာလာခဲ့သည်။ ထိုအချိန်တွင် ဝူဇီက သူတို့ထက်အရင် မြောက်ပင်လယ်အတွင်း ရောက်ရှိကာ ဆော့ကစားနေကြောင်း ဝိညာဥ်အသိစိတ်မှတဆင့် သိလိုက်ရသည်။ သူတို့က မြောက်ပင်လယ်သို့ရောက်သောအခါ ညအချိန်ဖြစ်၍ ကောင်းကင်က မည်းနက်နေသည်။ ရေပြင်ပေါ်တွင် ငွေရောင်လအလင်းများ ဖြာကျနေကာ ပင်လယ်လေညှင်းက တိုက်ခတ်နေသည်။ ရေလှိုင်းများနှင့် လရောင်က ရောင်ပြန်ဟပ်နေသဖြင့် အလွန်လှပသော ရှုခင်းတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
ထန်တိုက်လင်က မူလအသွင်သို့ ပြောင်းလဲလိုက်သောကြောင့် အပြာရောင်ငါးအမြှီး ထွက်ပေါ်လာသည်။ သူမက ပင်လယ်အတွင်း သိမ်မွေ့စွာဆင်းသက်သွားကာ ကူးခတ်လိုက်သည်။ ပင်လယ်ရေကြောင့် ဝတ်ရုံနှင့်ဆံပင်က လူးလွန့်နေသောအခါ သူမ၏အလှက အိပ်မက်ဆန်နေခဲ့သည်။
"အမွေးပွလေး ငါတို့ ပင်လယ်အောက်ကို ဆင်းရလိမ့်မယ်။ ပုံရိပ်ယောင်ပုလဲထဲကို ဝင်နေလိုက်နော်"
ယဲ့ချန်က ပခုံးပေါ်ရှိ အမွေးပွလေးကို ပြောလိုက်ခြင်းဖြစ်သည်။ သူမက ခေါင်းညိတ်၍ ယဲ့ချန်၏လည်ပင်းကို ချစ်ခင်စွာပွတ်သပ်ပြီး အဖြူရောင်အလင်းတန်းတစ်ခုအဖြစ် ပုလဲအတွင်း ဝင်ရောက်သွားခဲ့သည်။ သူမက အပြင်ကမ္ဘာကို ပုလဲအတွင်းမှ မြင်နိုင်သည်။ ယဲ့ချန်က ပုံရိပ်ယောင်ပုလဲကိုသိမ်းဆည်းကာ ကောင်းကင်သိုင်းချီကို အသက်သွင်း၍ ထန်တိုက်လင်နောက်သို့ လိုက်သွားခဲ့၏။ သူမက ရေအောက်တွင် ငါးတစ်ကောင်ကဲ့သို့ ကျင်လည်စွာကူးခတ်နေပြီး ရေနက်ပိုင်းသို့ ဦးတည်နေသည်။ ကောင်းကင်သိုင်းချီမှ ကာကွယ်ပေးထားသောကြောင့် ယဲ့ချန်က မည်သည့်ရေဖိအားကိုမှမခံစားရဘဲ အလွယ်တကူသွားလာနိုင်နေခဲ့သည်။ သို့သော်လည်း သူ၏အလျင်က ထန်တိုက်လင်အောက် နိမ့်ကျနေခဲ့သည်။
"ငါတို့နဲ့အတူ မဟာအကြီးအကဲတစ်ယောက် လိုက်လာလိမ့်မယ်"
ထန်တိုက်လင်က ယဲ့ချန်ဘက်လှည့်ကာ အသိပေးလိုက်သည်။
"ငါနဲ့ စကားများဖူးတဲ့ မဟာအကြီးအကဲတွေလား"
ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။ ထန်တိုက်လင်မှ မဟာအကြီးအကဲကို ခေါ်ဆောင်ရသော အကြောင်းအရင်းကို သူ မသိချေ။ မဟာအကြီးအကဲသုံးယောက်က မောက်မာပြခဲ့သောကြောင့် သူ၏စိတ်ထဲတွင် မကျေမနပ်ဖြစ်နေခဲ့သည်။
"ဟုတ်တယ်လေ"
ထန်တိုက်လင်က ခံစားချက်မဲ့စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ရေခဲပြာမျိုးနွယ်၏ မဟာအကြီးအကဲတစ်ယောက် လိုက်ပါလာလျှင် ဤခရီးက သေချာပေါက်ချောမွေ့မည် မဟုတ်ပေ။ ထို့ကြောင့် ယဲ့ချန်က စိတ်ညစ်နေခဲ့သည်။ သူတို့က အလွန်ကျယ်ပြောသော ရေအောက်တွင် တိတ်ဆိတ်စွာ ခရီးဆက်ခဲ့ကြသည်။ အချိန်တစ်ခုအကြာတွင် သန်မာသောလူတစ်ယောက်က သူတို့၏မြင်ကွင်းအတွင်း ထွက်ပေါ်လာခဲ့သည်။ သူက ကျန်းရန်ထက် ပို၍အသက်ကြီးပုံပေါ်ကာ ဆံပင်များက မီးခိုးရောင်ဖြစ်သည်။ သူ၏အသွင်အပြင်လက္ခဏာများက ကျန်းရန်နှင့် ထပ်တူကျနေသည်။ သူက အပြာရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး အရေပြားက အနည်းငယ်ခြောက်သွေ့နေသည်။ ထိုအချက်များကြောင့် ဤပင်လယ်မိစ္ဆာက အသက်ကြီးမြင့်နေပြီဖြစ်ကောင်း သိသာကာ သက်တမ်းမည်မျှရှိမည်ကို ယဲ့ချန်လည်း မခန့်မှန်းနိုင်ပေ။ သူက ထိုအကြီးအကဲထံမှ ထူးကဲအဆင့်အရှိန်အဝါကို ခံစားနေရသောကြောင့် ထန်တိုက်လင်ပြောသည့် မဟာအကြီးအကဲဖြစ်ကြောင်း သိလိုက်ရသည်။
"မင်းက ကြယ်ခန်းမသခင်ဖြစ်ရမယ်။ နောက်ဆုံးတစ်ခေါက် ငါတို့ဆုံတုန်းက သိပ်အဆင်မပြေခဲ့ဘူး။ ဒီခရီးမှာ ငါ့စကားကိုနားထောင်ဖို့ မျှော်လင့်တယ်။ မဟုတ်ရင် မဟာသာလွန်အဆင့် ဝိညာဥ်သားရဲတွေဝိုင်းတာခံရပြီး ပြဿနာတက်သွားလိမ့်မယ်"
မဟာအကြီးအကဲက လက်ကိုနောက်ပစ်၍ ပြောလိုက်ခြင်းဖြစ်သည်။ သူ၏မောက်မာသော အမူအရာကြောင့် ယဲ့ချန်က နှာခေါင်းရှုံ့လိုက်မိသည်။ သူ၏လေသံနှင့်အမူအရာအရ အကြီးအကဲသုံးယောက်ကြားတွင် အဆိုးဆုံးစိတ်ထားရှိသူဖြစ်ကြောင်း ချက်ချင်းပြောနိုင်သည်။ ထိုလူ၏စကားကြောင့် ယဲ့ချန်က ခရီးအတူသွားရမည့်ကိစ္စကို စိတ်ဓာတ်ကျကာ ခေါင်းကိုက်သွားလေသည်။