စီကုန်းကျင်းမင်
Vol. 33 Ch. 455
"ဒါက ရေခဲပြာမျိုးနွယ်ရဲ့ ဘိုးဘေးနယ်မြေကို စောင့်ရှောက်ရတဲ့ မဟာအကြီးအကဲသုံးယောက်ထဲက စီကုန်းကျင်းမင်ဖြစ်တယ်"
ထန်တိုက်လင်က မျက်မှောင်တစ်ချက်ကြုတ်၍ မိတ်ဆက်ပေးလိုက်သည်။ သူမက စီကုန်းကျင်းမင်၏သဘောထားကို မနှစ်သက်ကြောင်း သိသာနေသည်။
"တွေ့ရတာဝမ်းသာပါတယ် အကြီးအကဲစီကုန်း။ ခင်ဗျားက စိုးရိမ်ပေးတာအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျုပ်မှာလည်း မဟာသာလွန်အဆင့် ဝိညာဥ်သားရဲတွေကိုဖြေရှင်းဖို့ နည်းလမ်းရှိပါတယ်လေ"
ယဲ့ချန်က ပုံမှန်လေသံအတိုင်း ပြောလိုက်ခြင်းဖြစ်သည်။
"ကြည့်ရတာ မင်းက ကိုယ့်ကိုကိုယ်ယုံကြည်မှု အတော်ရှိပုံပဲ။ လူငယ်တွေက ပိုပိုပြီးရဲတင်းလာကြပြီ။ မြန်မြန်လိုက်လာခဲ့"
စီကုန်းကျင်းမင်က နှာခေါင်းတစ်ချက်ရှုံ့၍ ယဲ့ချန်ကိုစိုက်ကြည့်ပြီး ရေထဲတွင် မြှားတစ်စင်းပမာ လှစ်ခနဲပြေးထွက်သွားခဲ့သည်။
"ထန်တိုက်လင် ဒီအဘိုးကြီးကို ဘာလို့ခေါ်လာတာလဲဟ"
ယဲ့ချန်က စိတ်ပျက်စွာ ရေရွတ်လိုက်သည်။
"သူ့ရဲ့လျှို့ဝှက်ကျင့်စဥ်က ငါတို့ကို ဝိညာဥ်သားရဲတွေမတွေ့အောင် ဖုံးကွယ်ပေးနိုင်တယ်"
ထန်တိုက်လင်က တစ်လုံးချင်းဖြေလိုက်သည်။ ထို့နောက် သူမကလည်း အဝေးသို့ ကူးခတ်သွားသောကြောင့် ယဲ့ချန်သည် အမီလိုက်ရန်အတွက် ကောင်းကင်သိုင်းချီကိုနှိုးဆွကာ ခရီးဆက်လိုက်သည်။ သူက အလွန်မြန်နေသော်လည်း စီကုန်းကျင်းမင်နှင့် ထန်တိုက်လင်ကို လိုက်မမီခဲ့ပေ။ ထန်တိုက်လင်က အချိန်ကြာလာသောအခါ လမ်းတွင် သူ့ကိုရပ်စောင့်ပေးနေခဲ့ပြီး စီကုန်းကျင်းမင်ကမူ လှည့်ပင်မကြည့်ချေ။ ပင်လယ်ရေအောက်တွင် သူ၏အရှိန်က ပင်လယ်မိစ္ဆာများအောက် အလွန်နိမ့်ကျနေသည်။ သူက စီကုန်းကျင်းမင်၏လှောင်ပြောင်မှုကို မခံလိုသောကြောင့် ကောင်းကင်သိုင်းချီကို ထပ်မံနှိုးဆွလိုက်ပြန်သည်။ အဖြူရောင် လိပ်ပုံသဏ္ဍာန်တစ်ခုက သူ့ကိုဖုံးအုပ်သွားကာ ရေကူးနှုန်းက ပိုမိုမြန်ဆန်လာသည်။ ကောင်းကင်သိုင်းချီက ရေပြင်ကိုဆက်တိုက်ထိုးခွဲနေပြီး ယဲ့ချန်အပေါ်မှ ရေထုဖိအားကို လျှော့ချပေးနေသည်။ ရေပြင်က ဘက်ပေါင်းစုံသို့ပြန့်ထွက်နေပြီး သူ၏ပုံရိပ်က အဖြူရောင်အလင်းတန်းတစ်ခုပမာ ကူးခတ်နေသည်။ သူက ဖြည်းညှင်းစွာဖြင့် ထန်တိုက်လင်တို့ကို အမီလိုက်လာနိုင်ခဲ့သည်။
ထန်တိုက်လင်က ယဲ့ချန်ကို တအံ့တသြကြည့်လိုက်သည်။ ရေထဲတွင် လျင်မြန်စွာသွားလာနိုင်ခြင်းက ပင်လယ်မိစ္ဆာမျိုးနွယ်၏ မွေးရာပါကောင်းချီးတစ်ခုဖြစ်သည်။ လူသားတစ်ယောက်ဖြစ်သော ယဲ့ချန်က ရေအောက်တွင် အလျင်အရာ၌ သူမနှင့် စီကုန်းကျင်းမင်ကို ယှဥ်နိုင်စရာမရှိချေ။ သို့သော်လည်း ယဲ့ချန်က ရေအောက်တွင် အလွန်လျင်မြန်နေပြီး အဆုံးမဲ့အဆင့်ခြောက် ပင်လယ်မိစ္ဆာတစ်ကောင်ကဲ့သို့ ကူးခတ်နိုင်နေသောကြောင့် သူမက အနည်းငယ်မင်သက်နေသည်။
"ကောင်းကင်သိုင်းချီက တကယ်အစွမ်းထက်တာပဲ"
ယဲ့ချန်က ဝမ်းမြောက်ဝမ်းသာဖြင့် ရေထဲတွင် လွတ်လပ်စွာကူးခတ်နေသည်။ သူက ကောင်းကင်သိုင်းချီ၏အသုံးဝင်ပုံများကို ရာနှုန်းပြည့်မထုတ်ဖော်နိုင်သေးကြောင်း နားလည်လိုက်သည်။ စီကုန်းကျင်းမင်သည်လည်း ယဲ့ချန်က အမီလိုက်လာနိုင်သောကြောင့် အံ့သြနေခဲ့သည်။ သူက အစွမ်းကုန်ထုတ်သုံးမထားသော်လည်း ရေကူးနှုန်းက အလွန်မြန်ဆန်နေပြီဖြစ်သည်။ သူ၏လက်ရှိအလျင်ဖြင့် ယဲ့ချန်ကို နောက်တွင်ချန်ထားရစ်ကာ မည်မျှအစွမ်းထက်ကြောင်း ပြသလိုခဲ့သည်။ ပင်လယ်က ပင်လယ်မိစ္ဆာများ၏ကမ္ဘာဖြစ်သော်လည်း ယဲ့ချန်က အချိန်နှင့်အမျှ ပို၍လျင်မြန်လာမည်ဟု မျှော်လင့်မထားပေ။ အကယ်၍ လူသားတစ်ယောက်သာ သူ့ကိုကျော်တက်သွားလျှင် အရှက်ရမည်ဖြစ်သောကြောင့် အရှိန်ကို ရုတ်တရက်တိုးမြှင့်ကာ ဥက္ကာပျံတစ်လုံးပမာ ပြေးထွက်သွားခဲ့သည်။ လျှပ်တပြက်အတွင်း သူနှင့်ယဲ့ချန်ကြားတွင် ဆယ်မိုင်ခန့် ကွာဝေးသွားလေသည်။
ယဲ့ချန်သည် စီကုန်းကျင်းမင်က အဝေးသို့ရောက်သွားကြောင်း သိလိုက်ရသောအခါ ခေါင်းကိုက်သွားခဲ့သည်။ သူ၏အရှိန်က ပင်လယ်ရေအောက်တွင် ပင်လယ်မိစ္ဆာမျိုးနွယ်ကို အမှန်တကယ်မယှဥ်နိုင်ချေ။ ဤကား ထူးကဲအဆင့်ကျင့်ကြံသူတစ်ယောက်၏ အမှန်တကယ်အမြန်နှုန်း ဖြစ်နိုင်သည်။ ထန်တိုက်လင်ကမူ ထိုနှစ်ယောက်၏ပြိုင်ပွဲကို မမြင်ချင်ဟန်ဆောင်၍ အရှိန်မှန်မှန်နှင့် ကူးခတ်နေသည်။ သူ၏ပြိုင်ဘက်က အဝေးသို့ရောက်သွားသောအခါ ယဲ့ချန်သည် ကူကယ်ရာမဲ့စွာ ခံစားလိုက်ရ၏။ ဤအရှိန်ကိုလိုက်မီရန် မဖြစ်နိုင်ပေ။ လက်ရှိတွင် သူက အဆုံးမဲ့အဆင့်လေး ကျင့်ကြံသူသာဖြစ်သောကြောင့် လက်လျှော့အရှုံးပေးရမည့်ပုံပေါ်နေသည်။ သို့သော် သူက လုံးဝအရှုံးမပေးလိုပေ။
"ပင်လယ်က မင်းတို့ကမ္ဘာဖြစ်နေရင်လည်း ဂရုမစိုက်ဘူး"
ယဲ့ချန်က အတွေးထဲတွင်ကြုံးဝါး၍ ရေနတ်ဘုရားကျင့်စဥ်ကို အသက်သွင်းလိုက်သည်။ ထိုအချိန်တွင် သူ၏အရေပြားက ငါးများ၏ပါးဟပ်ကဲ့သို့ ရှုံ့တွသွားကာ ရေပတ်လည်ဝိုင်းနေသော ပင်လယ်အောက်တွင် အသက်ရှူနိုင်စွမ်းရှိလာသည်။ ကောင်းကင်သိုင်းချီကလည်း ရေဖိအားကို ဖြေရှင်းပေးနိုင်သဖြင့် သူက ကုန်းပေါ်ရောက်နေသည်နှင့် မခြားပေ။ ယဲ့ချန်က မျက်လုံးဖွင့်လိုက်သောအခါ ရေအောက်စီးကြောင်းများကို မြင်လိုက်ရပြီး ရေစီးသံများက နားထဲတွင် ပဲ့တင်ထပ်လာသည်။ ရေစီးကြောင်းတစ်ခုစီတိုင်းက ရှေ့သို့ အရှိန်ပြင်းပြင်းနှင့် စီးဆင်းနေသည်။ ယဲ့ချန်က တဟုန်ထိုးလျှပ်စီးကျင့်စဥ်ကိုထုတ်ဖော်၍ ရေစီးကြောင်းတစ်ခုအတွင်း ဝင်ရောက်လိုက်သည်။ သူက စီကုန်းကျင်းမင်နှင့် ထန်တိုက်လင်နောက်သို့ လျှပ်စီးကြောင်းတစ်ခုပမာ လိုက်ပါသွားခဲ့သည်။
"မင်းရဲ့ရေကူးနှုန်းက သိပ်တော့မဆိုးပါဘူး။ ပင်လယ်မိစ္ဆာမျိုးနွယ်ရဲ့ အဆုံးမဲ့အဆင့်ခြောက် ကျင့်ကြံသူတစ်ယောက်နဲ့တောင် ယှဥ်နိုင်နေပြီ"
ရှေ့ဆုံးမှဦးဆောင်နေသော စီကုန်းကျင်းမင်က တွေးတောနေခြင်းဖြစ်သည်။ ယဲ့ချန်နှင့် ထန်တိုက်လင်ကို ရှေးဟောင်းနယ်မြေသို့ ခေါ်ဆောင်သွားရမည့်အပြင် သူ့ထံတွင် ယဲ့ချန်၏ခွန်အားကို စမ်းသပ်ရန် တာဝန်တစ်ခုလည်း ရှိနေခဲ့သည်။
"လူသားတစ်ယောက်က ရေအောက်မှာ ဒီလောက်မြန်နေတယ်ဆိုတော့ သိပ်မဆိုးပါဘူး။ ဒါပေမယ့် မင်းက ဘယ်လောက်ပါရမီရှိရှိ ရေကူးတဲ့နေရာမှာတော့ ငါ့ကို လိုက်မမီနိုင်ပါဘူး။ ကလေး မင်းထက်သာတဲ့ တစ်ယောက်ယောက်ရှိနေတယ်ဆိုတာကို မှတ်ထားပြီး သိပ်မမောက်မာနဲ့ကွာ"
ယဲ့ချန်အပေါ်တင်းမာနေသော စီကုန်းကျင်းမင်၏သဘောထားက အနည်းငယ်ပျော့ပျောင်းလာသည်။ သူက အတွေးထဲတွင် ရေရွတ်လိုက်ရင်း တစ်ချက်ပြုံးလိုက်သည်။ ထန်တိုက်လင်၏ အတွင်းနန်းဆောင်သို့ဝင်ရန် ယဲ့ချန်သည် သူဖန်တီးထားသော စွမ်းအင်အလွှာကို လက်သီးဖြင့်ထိုးခဲ့ကြောင်း သတိရလိုက်သောအခါ ထိုအပြုံးက ပျောက်ကွယ်သွားခဲ့သည်။ သူ၏အရှိန်အဝါကို စိန်ခေါ်နိုင်သော လူငယ်တစ်ယောက် ပေါ်ထွက်မလာသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ သူ၏နောက်မှလိုက်ပါလာသော ထန်တိုက်လင်ကလည်း အတွေးနက်နေခဲ့သည်။ သူမ၏ လှပသောမျက်နှာနှင့် ပြည့်စုံသောခန္ဓာကိုယ်က ရေအောက်တွင် အလှနတ်မိမယ်တစ်ပါးပမာ ထင်မှတ်ရသည်။ သို့သော် သူမနောက်တွင် လှိုင်းတစ်ခုက တဟုန်ထိုးလိုက်ပါလာနေသောကြောင့် ရပ်တန့်၍ လှည့်ကြည့်လိုက်မိသည်။ ထိုလှိုင်းကို ဖြစ်ပေါ်စေသူမှာ ယဲ့ချန်ဖြစ်နေခဲ့သည်။
"နောက်ဆုံးတော့ ငါ လိုက်မီလာပြီ။ နောက်မှာ တမင်သက်သက်ကျန်နေခဲ့တာကို မထင်ထားဘူးမလား"
ယဲ့ချန်က သက်တောင့်သက်သာဖြင့် ပြောဆိုလိုက်သည်။ သူ၏အသံက မကျယ်လွန်းမတိုးလွန်းဖြစ်သောကြောင့် စီကုန်းကျင်းမင်လည်း ကြားလိုက်ရသည်။ သူ၏စကားကို ကြားလိုက်ရသောအခါ စီကုန်းကျင်းမင်က မင်သက်သွားခဲ့သည်။ လက်ရှိတွင် သူက အရှိန်အကို အကန့်အသတ်နီးပါးရောက်သည်အထိ ထုတ်ဖော်ထားသော်လည်း ယဲ့ချန်က လိုက်လာနိုင်နေသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါက ပင်လယ်မိစ္ဆာမျိုးနွယ်ရဲ့မွေးရပ်မြေ မြောက်ပင်လယ်လေ။ ယဲ့ချန်ကရော လူမဟုတ်ဘူးလား။ လူတစ်ယောက်က ဘယ်လိုလုပ် ထန်တိုက်လင်နဲ့ငါ့ကို ရေထဲမှာ အမီလိုက်နိုင်နေတာလဲ"
ယဲ့ချန်က အလွန်လျင်မြန်စွာ ကူးခတ်နေသည့်တိုင်အောင် စကားပြောရန် များစွာအားထုတ်နေရပုံ မပေါ်ချေ။ အကယ်၍ အခြားလူတစ်ယောက်သာဆိုလျှင် ရေဖိအားသက်သက်ကို ခုခံရန်ပင် စွမ်းအားများစွာ ထုတ်သုံးနေရပေလိမ့်မည်။ သို့သော် ယဲ့ချန်က အလွယ်တကူစွမ်းဆောင်ပြနေသောကြောင့် စီကုန်းကျင်းမင်သည် ယဲ့ချန်ကိုလှည့်ကြည့်ကာ ဂရုတစိုက်အကဲခတ်လိုက်သည်။
"ဒီကလေးက လူသားမဟုတ်ဘဲ ပင်လယ်မိစ္ဆာမျိုးနွယ်ဝင်ဖြစ်နေတာလား"
ထန်တိုက်လင်သည် သူမနှင့်ဘေးချင်းယှဥ်၍ လမ်းလျှောက်နေသော ယဲ့ချန်ကို တစ်ချက်ကြည့်ကာ ရင်ထဲတွင် အမျိုးအမည်မသိရသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ ယဲ့ချန်သည် ရေထဲတွင် လျင်မြန်စွာတိုးတက်လာမည်ဟု သူမက မျှော်လင့်မထားပေ။ သူတို့ပထမဆုံးအကြိမ်တွေ့ခဲ့သော မြို့ငယ်လေးမှစတင်၍ ယဲ့ချန်က အလွန်လျင်မြန်စွာတိုးတက်လာပြီး သူမကို များစွာအံ့သြစေခဲ့သည်။ သူမကိုယ်တိုင်ပင် ယဲ့ချန်၏ပါရမီ မည်မျှအထိထူးချွန်သည်ကို မခန့်မှန်းနိုင်ပေ။
စီကုန်းကျင်းမင်သည် ရှုံးနိမ့်မှုကို ခံစားလိုက်ရသည်။ သူက ထူးကဲအဆင့် ပင်လယ်မိစ္ဆာဖြစ်သော်လည်း ရေကူးရာတွင် အဆုံးမဲ့အဆင့် လူသားတစ်ယောက်ကို အနိုင်မယူနိုင်ခဲ့ပေ။ သူက မျက်နှာထားတည်တည်ဖြင့် အရှိန်ကို ဆက်မမြှင့်ခဲ့သော်လည်း စိတ်ဓာတ်ကျနေပြီဖြစ်သည်။ ထိုအစား သူက လျစ်လျူရှု၍ ဆက်လက်ကူးခတ်နေသော်လည်း နောက်ဘက်ရှိ ယဲ့ချန်၏ရယ်မောလှောင်ပြောင်သံများကို ကြားလိုက်ရသောအခါဒေါသူပုန်ထနေခဲ့သည်။ ဤကား သူ၏မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ပင်ဖြစ်သည်။
ယဲ့ချန်သည် ထန်တိုက်လင်နှင့် ပေအနည်းငယ်သာကွာသည်အထိ ချဥ်းကပ်သွားလိုက်သည်။ သူ၏မြင်ကွင်းအတွင်း လှပသော မျက်နှာလေးနှင့် ဖြူဝင်းသော လည်တိုင်လေးက အထင်းသားဝင်ရောက်လာသည်။
"အကြီးအကဲစီခုန်းက ငါ့ကို ဘာလို့ဆန့်ကျင်နေရတာလဲ။ ငါနဲ့နင်ကြားမှာ ကိစ္စတစ်ခုခုရှိနေတယ်လို့ သူက ထင်နေတာများလား။ ဒါက အထင်လွဲတာသက်သက်လေ။ နင်က ဘာလို့ သူတို့ကို ရှင်းပြမထားတာလဲ"
ယဲ့ချန်က တစ်ချက်ပြုံး၍ စနောက်လိုက်ခြင်းဖြစ်သည်။ ယဲ့ချန်နှင့် အလွန်နီးကပ်နေသောကြောင့် ထန်တိုက်လင်က အနည်းငယ်နေရခက်သွားသည်။ သူမက ယဲ့ချန်၏စကားကြောင့် စိုက်ကြည့်လိုက်သော်လည်း တစ်ခွန်းမှပြန်မပြောခဲ့ပေ။ ထိုစကားများက ရေပြင်ကဲ့သို့တည်ငြိမ်နေသော သူမ၏နှလုံးသားကို ခဲတစ်လုံးပစ်ချလိုက်သည့်ပမာ လှိုင်းထန်သွားစေသည်။ သူမက မဟာအကြီးအကဲများ ထိုနေ့ကပြောခဲ့သော ကိစ္စကို ပြန်စဥ်းစားမိလိုက်သည်။ အကယ်၍ အခြားတစ်ယောက်သာ သူမအနီးချဥ်းကပ်လာလျှင် ပင်လယ်နတ်ဘုရားလှံနှင့် မိတ်ဆက်ရပေလိမ့်မည်။ သို့သော် ယဲ့ချန်အနီးတွင်ရှိနေရသောအခါ စိတ်မသက်မသာဖြစ်ခြင်းကို မခံစားရပေ။ သူမက ခဏတာမင်သက်သွားပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။
ပင်လယ်ရေအောက်တွင်ဖြစ်သော်လည်း ယဲ့ချန်က မွှေးပျံ့သော ကိုယ်သင်းနံ့လေးကို ခံစားနေမိသည်။ သူက မနေနိုင်ဘဲ ကြည့်လိုက်မိသောအခါ ရေကြောင့် ကောက်ကြောင်းများပေါ်လွင်နေသည့် ထန်တိုက်လင်ကြောင့် အံ့သြသွားခဲ့သည်။ ပြည့်စုံသောအလှကြောင့် သူမက မြင့်မြတ်ပြီး ကျက်သရေရှိသော အလှနတ်မိမယ်တစ်ပါး၏အသွင်ကို ဆောင်နေခဲ့သည်။ ထို့ကြောင့် သားရဲဧကရာဇ်ပိုမေ့က သူမအပေါ် ချစ်ခင်မြတ်နိုးနေသည်မှာ အဆန်းမဟုတ်တော့ချေ။
"နင်က ဒီကိစ္စကို တစ်ချိန်လုံး မဖြေရှင်းရသေးဘူးပေါ့။ ငါက အပြစ်ကင်းတယ်နော်။ ပိုမေ့ရောက်လာပြီး ပြဿနာရှာမှ နင့်ကိုသစ္စာဖောက်ရင် ငါ့ကို အပြစ်မတင်နဲ့"
ယဲ့ချန်သည် တိတ်ဆိတ်နေသော ထန်တိုက်လင်ကို နောက်တစ်ကြိမ်စနောက်လိုက်သည်။ ယဲ့ချန်၏နှုတ်ဖျားမှ ပိုမေ့ဟူသောအမည် ထွက်ကျလာသောအခါ သူမ၏သိမ်မွေ့နေသော အမူအရာက အလွန်အမင်းအေးစက်သွားခဲ့သည်။ သူမ၏လက်ထဲတွ င်ပင်လယ်နတ်ဘုရားလှံက တလက်လက်တောက်ပ၍ ထွက်ပေါ်လာခဲ့သည်။
"အဲ့နေ့က နင် ကျန်းရန်ကို အများကြီးပြောခဲ့တာ ငါ မှတ်မိပါသေးတယ်။ ဘာတဲ့ ကြီးစိုးတဲ့ကိစ္စလား။ ငါ နင့်ကိုအပြစ်မပေးရသေးဘူးလို့ ခံစားနေရတယ်နော်"
ထန်တိုက်လင်၏စကားသံက အေးစက်စက်ထွက်ပေါ်လာသည်။ ယဲ့ချန်သည် သတ္တုရောင်ပြောင်လက်နေသော သုံးခွလှံ၏အသွားကို ကြည့်ကာ ပါးစပ်ကို ချက်ချင်းပိတ်လိုက်ရသည်။ ထန်တိုက်လင်မှာ သနားစရာကောင်းချင်ယောင်ဆောင်နေသော ယဲ့ချန်၏အမူအရာကြောင့် ပြုံးလိုက်မိသည်။ သူမက အတိတ်တွင် ယဲ့ချန်ကို သတ်ပစ်မည်ဟု ပြောခဲ့မိခြင်းအပေါ် အချို့သောအကြောင်းအရင်းများကြောင့် ဝမ်းနည်းလာခဲ့သည်။
ယဲ့ချန်၊ ထန်တိုက်လင်နှင့် စီကုန်းကျင်းမင်တို့သည် ပင်လယ်ရေအောက်၌ အလွန်လျင်မြန်စွာ ခရီးဆက်နေကြသည်။ ထို့ကြောင့် သူတို့က ရှေးဟောင်းနယ်မြေထံရောက်ရန် အချိန်များစွာယူရမည် မဟုတ်ပေ။