သွေးဆိုးမျိုးနွယ်
Vol. 33 Ch. 456
ပုံရိပ်ထဲတွင် ဖော်ပြထားသည့်အတိုင်း နံရံအကျိုးအပဲ့များနှင့် ရှေးဟောင်းနယ်မြေက တည်ရှိနေသည်။ ရှေးဟောင်းလက်ရာအဆောက်အအုံများက ပြိုကျနေပြီး ပင်လယ်ကြမ်းပြင်တွင် တိတ်တဆိတ် ခိုနားနေကြသည်။ ၎င်းတို့၏အစိတ်အပိုင်းအများစုကို ရွှံ့နွံများဖုံးအုပ်နေသော်လည်း အလွန်အမင်းကျယ်ဝန်းသော နေရာတစ်ခုဖြစ်ကြောင်း သိနိုင်သည်။ ၎င်းက လက်ရှိတွင် ပျက်စီးနေသော်လည်း အတိတ်တွင် မည်မျှကြီးကျယ်ခမ်းနားကြောင်း သိသာနေသည်။ အကြောင်းအရင်းတစ်ခုကြောင့် ၎င်းက ပင်လယ်ရေအောက်တွင်မြုပ်နေပြီး လက်ရှိအချိန်မှ ပြန်လည်ထွက်ပေါ်လာခြင်းဖြစ်သည်။ ရှေးဟောင်းနယ်မြေ၏ အပျက်အစီးများကြားတွင် ရွှေရောင်မျှော်စင်သဏ္ဍာန် အဆောက်အအုံတစ်ခုက အတော်အတန် အကောင်းအတိုင်း ကျန်ရစ်ခဲ့သည်။ ၎င်းက မီတာရာချီမြင့်မားပြီး ထိပ်တွင်လည်ပတ်နေသော လေရဟတ်တစ်ခု ရှိနေသည်။ လေစင်္ကြာက ယခုအချိန်အထိ လည်ပတ်နေဆဲဖြစ်ကာ မည်သည့်အတွက်အသုံးပြုကြောင်း မသိရပေ။ ရှေးဟောင်းနယ်မြေ၏ အစွန်အဖျားတွင် ဝိညာဥ်သားရဲများရှိကာ အများစုက မဟာသာလွန်အဆင့်များဖြစ်ကြသည်။ ဤနေရာတွင် ၎င်းတို့က အရေအတွက်များစွာရှိခဲ့ဖူးသော်လည်း ပင်လယ်မိစ္ဆာများ၏လက်ချက်ဖြင့် အများစုမှာ ရှင်းထုတ်ခံလိုက်ရပြီဖြစ်သည်။
"အပြင်ဘက်က အစီအရင်ကို ချိုးဖျက်ဖို့လွယ်ပေမယ့် အတွင်းပိုင်းအစီအရင်က တော်တော်သန်မာတယ်။ ငါတို့တတ်နိုင်သမျှ ကြိုးစားခဲ့ပေမယ့် မထိုးဖောက်နိုင်ဘူး"
ထန်တိုက်လင်က ပြောလိုက်ခြင်းဖြစ်သည်။ သူမက လက်ထဲတွင် ပင်လယ်နတ်ဘုရားလှံကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သူမက သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်ထားပြီး မြောက်ပင်လယ်ဘုရင်မ၏ ကြီးစိုးသောအရှိန်အဝါ ထွက်ပေါ်နေသည်။ ယဲ့ချန်တို့ရောက်ရှိလာချိန်တွင် ကျင့်ကြံသူတစ်ယောက်၏ အရှိန်အဝါနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။ အနက်ရောင်ပင်လယ်ရေအတွင်း မရေမတွက်နိုင်သော မျက်လုံးများက သူတို့ကို စောင့်ကြည့်နေသကဲ့သို့ ယဲ့ချန်က ခံစားလိုက်ရသည်။ ထိုအကြည့်အားလုံး၏ ပိုင်ရှင်များက အခြားပင်လယ်မိစ္ဆာမျိုးနွယ်ဝင်များ ဖြစ်နေနိုင်သည်။
"ရေခဲပြာမျိုးနွယ်ဘုရင်မ ရောက်လာတယ်။ မင်းတို့က ဘာကြောင့် လူလုံးထွက်မပြသေးတာလဲ"
စီကုန်းကျင်းမင်က တည်ငြိမ်စွာဖြင့် ခြေတစ်လှမ်းတက်ကာ အော်ဟစ်လိုက်ခြင်းဖြစ်သည်။
"ဒီမိန်းမက အခုမှ ငယ်ငယ်လေးရှိသေးတယ်။ ရေခဲပြာမျိုးနွယ်မှာ ယောကျ်ားတွေမရှိတော့ဘူးလား"
အမှောင်ထဲမှ အသံတစ်ခု ထွက်ပေါ်လာသော်လည်း ဘယ်နှင့်ညာ ဆက်တိုက်ကူးပြောင်းနေသဖြင့် အထီးလားအမလား မပြောနိုင်သည့်အပြင် အသံရှင်၏တည်နေရာကို မှန်းဆရန်လည်း ခက်ခဲစေသည်။
"ကိုယ့်ကိုကိုယ် ထွက်မပြရဲတဲ့ကောင်ကများ"
စီကုန်းကျင်းမင်က ဒေါသတကြီး နှာခေါင်းရှုံ့လိုက်သောအခါ အစွမ်းထက်အရှိန်အဝါတစ်ခုက သူ့ကိုဗဟိုပြု၍ ထွက်ပေါ်လာသည်။ အမှောင်ထဲမှလူက သူ့ကိုယ်သူ ထုတ်မပြရဲခဲ့ပေ။
"ပင်လယ်မိစ္ဆာတွေက အခြားမျိုးနွယ်ရဲ့ကိစ္စကို ဝင်မရှုပ်တတ်ဘူး။ မင်းတို့က ငါတို့ပိုင်နက်ကို တစ်ချက်တောင်ခွင့်မတောင်းဘဲ ကျူးကျော်လာကြတယ်။ ငါတို့ကို အထင်သေးနေတာလား"
စီကုန်းကျင်းမင်က ထိုကျင့်ကြံသူကိုလျစ်လျူရှုကာ အေးစက်စက် မေးခွန်းထုတ်လိုက်ပြန်သည်။ သူ၏အရှိန်အဝါက အချိန်နှင့်အမျှ တိုးတက်လာနေသည်။ ထိုအရှိန်အဝါကြောင့် ပတ်ဝန်းကျင်က အေးခဲသွားပြီး ချီစီးဆင်းမှုပြောင်းလဲသွားသည်ကို ယဲ့ချန်က ခံစားလိုက်ရသည်။ ဤကမ္ဘာပေါ်တွင် နေရာတိုင်း၌ ချီများစီးဆင်းနေပြီး ၎င်းက ကံကြမ္မာအလိုအရ ခြယ်လှယ်နေသော ကောင်းကင်၏အစွမ်းဖြစ်သည်ဟု ပြောစမှတ်ပြုကြသည်။ သန်မာသောကျင့်ကြံသူတိုင်းက ချီစီးဆင်းမှုကို ထိန်းချုပ်နိုင်ပြီး ပို၍သန်မာလေလေ ပို၍ထိန်းချုပ်နိုင်လေလေဖြစ်သည်။ ဥပမာပြောရလျှင် ကျင့်ကြံသူတစ်ယောက်က ချီစီးဆင်းမှုကိုထိန်းချုပ်၍ ရန်သူများကို နေရာတွင် ချုပ်နှောင်ထားနိုင်ကြသည်။ နောက်ထပ်ဥပမာတစ်ခုပြောရလျှင် အကြည့်တစ်ချက်နှင့် သတ်ခြင်းဖြစ်သည်။ အမှန်တကယ်တွင် အကြည့်က သတ်ဖြတ်နိုင်စွမ်းမရှိသော်လည်း စိုက်ကြည့်နေစဥ်အတွင်း ကျင့်ကြံသူက ချီစီးဆင်းမှုဖြင့် ပစ်မှတ်ကို သတ်ဖြတ်နိုင်ကြသည်။ ထူးကဲအဆင့်ကျင့်ကြံသူများက ပိုင်နက်ကို ထုတ်ဖော်နိုင်လာသောအခါ ပတ်ဝန်းကျင်ရှိချီစီးဆင်းမှုကို ထိန်းချုပ်ကာ ကိုယ်ပိုင်ကမ္ဘာတစ်ခုကဲ့သို့ အုပ်စိုးနိုင်လာကြသည်။ လက်ရှိတွင် စီကုန်းကျင်းမင်က ပိုင်နက်ကို အသုံးပြုနေသည်။ သူက အမှောင်ပိုင်နက်အဆင့်တစ်ကို နားလည်ထားပြီး အနက်ရောင်မရဏစွမ်းအင်များသည် ဆူနာမီလှိုင်းလုံးကြီးပမာ ထွက်ပေါ်လာခဲ့သည်။ အမှောင်ပိုင်နက်အတွင်း အရာအားလုံးက စီကုန်းကျင်းမင်၏ ထိန်းချုပ်မှုအတွင်း ရောက်ရှိသွားသကဲ့သို့ ထင်မှတ်ရလေသည်။
ယဲ့ချန်သည် အနက်ရောင်စွမ်းအင်များက ဘက်ပေါင်းစုံမှထွက်ပေါ်လာ၍ သူ့ကိုဖုံးအုပ်သွားသည်ကို ခံစားလိုက်ရသည်။ အကယ်၍ သူသာကျဆင်းသွားလျှင် နေရာမှ လှုပ်ပင်လှုပ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် စိတ်နှင့်ဝိညာဥ်ကို တစ်သားတည်းဖြစ်အောင် ပေါင်းစပ်ကာ ကိုယ့်ကိုကိုယ်ကာကွယ်လိုက်ရသည်။ ရေခဲပြာမျိုးနွယ်၏မဟာအကြီးအကဲ စီကုန်းကျင်းမင်၏ပိုင်နက်သည် အလွန်အစွမ်းထက်သောကြောင့် သူက အံ့သြသွားပြီး ဖိအားကိုခုခံရန် အစွမ်းကုန်ထုတ်နေရသည်။ အမှောင်ပိုင်နက် ထွက်ပေါ်လာသောအခါ အဝေးရှိရေနက်ပိုင်းမှ ညည်းတွားသံအချို့ ထွက်ပေါ်လာသည်။ ဒဏ်ရာရရှိသွားသည်မှာ ကျင့်ကြံသူတစ်ယောက်တည်း မကပေ။ သို့သော် တစ်ဖက်တွင်လည်း အစွမ်းထက်သူများရှိသောကြောင့် ပိုင်နက်များ ပြန်လည်ထွက်ပေါ်လာကာ အမှောင်ပိုင်နက်နှင့် ဝင်ဆောင့်သွားကြသည်။
"ဘန်း ဘန်း ဘန်း"
ပင်လယ်ပြင်က မြေအောက်ငလျင်တစ်ခု လှုပ်လိုက်သကဲ့သို့ တုန်ခါသွားကာ ရေပြင်တစ်ခုလုံး ကျွံကျလာသကဲ့သို့ ထင်မှတ်ရသည် ။အားပြိုင်နေသော ပိုင်နက်အားလုံးက အဆင့်တစ်များဖြစ်ကြသည်။
"ရှေးဟောင်းနယ်မြေထဲမှာ ဧရာမအာကာသကျောက်တစ်ခု ရှိတယ်။ ရေခဲပြာမျိုးနွယ်က ဒါကို လက်ဝါးကြီးအုပ်ချင်နေတာလား။ စားနိုင်တာထက် ပိုမျိုမိလို့ စားပိုးနင့်မှာ မကြောက်ဘူးထင်တယ်"
ဒေါသတကြီးအော်သံနှင့်အတူ ပုံရိပ်တစ်ခုက ယဲ့ချန်တို့သုံးယောက်ရှေ့တွင် ထွက်ပေါ်လာသည်။ ထိုပုံရိပ်က စီကုန်းကျင်းမင်နှင့် ကျန်းရန်ထက် ပို၍ကြီးမားသောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကာ အသားအရေက သွေးနီရောင်တောက်ပနေသည်။ မျက်လုံးနှစ်လုံးကလည်း အနီရောင်ပတ္တမြားနှစ်လုံးပမာ ရေထဲတွင် တဖိတ်ဖိတ်တောက်နေသည်။
"သွေးဆိုးမျိုးနွယ်ခွဲရဲ့ စစ်သည်တော်"
စီကုန်းကျင်းမင်က ထိုကျင့်ကြံသူကို မြင်သောအခါ မျက်နှာပျက်သွားခဲ့သည်။ ဤစစ်သည်တော်က နာမည်ဆိုးနှင့်ကျော်ကြားသူဖြစ်ပြီး မည်သည့်ပင်လယ်မိစ္ဆာမှ သူ့ကို ရန်မစရဲပေ။ စစ်သည်တော်က ထွက်ပေါ်လာလာချင်း တစ်ချက်ပင်တုံ့ဆိုင်းမနေဘဲ လက်သီးဖြင့် ထိုးချလိုက်သည်။ အစွမ်းထက်ပိုင်နက်တစ်ခု ထွက်ပေါ်လာကာ စီကုန်းကျင်းမင်၏အမှောင်ပိုင်နက်ကို ကြေမွသွားစေသည်။ ထိုလက်သီးချက်က လုံးဝရပ်တန့်မသွားဘဲ ပစ်မှတ်ထံ ဆက်လက်တိုးဝင်လာနေသည်။ စီကုန်းကျင်းမင်ကို ထိမှန်ခါနီးတွင် ထန်တိုက်လင်၏ခန္ဓာကိုယ်က နတ်အလင်းများတောက်ပလာ၍ အရှိန်အဝါတစ်ခု ပြန့်ထွက်လာသည်။ ထိုအရှိန်အဝါအောက်တွင် စစ်သည်တော်၏လက်သီးချက်က ချက်ချင်းချေဖျက်ခံလိုက်ရလေသည်။
"ထန်တိုက်လင် နင်ကတော့ အဘိုးကြီးစီကုန်းလို နှစ်ပေါင်းများစွာ ကျင့်ကြံဆင့်ပိတ်ဆို့မနေဘဲ ဒီလောက်မြန်မြန်တိုးတက်လာတယ်ပေါ့။ မင်းအဖေ အသက်ရှင်နေတုန်းကဆိုရင် မင်းက မိန်းမငယ်လေးပါပဲ။ အခုတော့ ဒီလောက်တောင်လှလာတယ်ပေါ့"
စစ်သည်တော်က ထန်တိုက်လင်ကို အနီရောင်မျက်လုံးများနှင့် ခြေဆုံးခေါင်းဆုံးစိုက်ကြည့်၍ ဆိုးယုတ်စွာ ပြုံးလိုက်သည်။ သူ၏အကြည့်တွင် လောဘနှင့်ရာဂများ ထင်ဟပ်နေကာ တဏှာစိတ်များ ဖုံးလွှမ်းနေသည်။
"မောက်မာလှချည်လား"
စီကုန်းကျင်းမင်က ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူ ကျင့်ကြံဆင့်တစ်ဆို့နေသည်ကို လှောင်ပြောင်ခြင်းအား သည်းခံနိုင်သော်လည်း ထန်တိုက်လင်ကို စော်ကားခြင်းကို လက်မခံနိုင်ပေ။ သူမက ရေခဲပြာမျိုးနွယ်၏ အဖိုးတန်ဘုရင်မဖြစ်သည်။
"အဘိုးကြီး မင်းရဲ့သမီးလည်း မဟုတ်ဘဲနဲ့ ဘာလို့ဒီလောက်ဒေါသထွက်နေရတာလဲ"
စစ်သည်တော်က သွားများပေါ်အောင်ပြုံးလိုက်သဖြင့် ထက်ရှသောသွားများ အတန်းလိုက်ထွက်ပေါ်လာသည်။ သူက စီကုန်းကျင်းမင်ကို အထင်သေးဟန်ဖြင့် ထွက်သွားရန် လက်ခါပြနေခဲ့သည်။
"မင်း"
စီကုန်းကျင်းမင်၏မျက်နှာက ဒေါသကြောင့် မည်းနက်သွားခဲ့သည်။ သူက ဒေါသထွက်နေသော်လည်း စစ်သည်တော်ကို မယှဥ်နိုင်ပေ။
"သွေးဆာမျိုးနွယ်က ငါ့ပိုင်နက်မှာ အကြီးအကဲတစ်ယောက်ကို ဒဏ်ရာရအောင်လုပ်ဖို့ ကြိုးစားတယ်။ မင်းတို့က ငါတို့ရေခဲပြာမျိုးနွယ်ကို စစ်ကြေညာလိုက်တာလား"
ထန်တိုက်လင်က ရှေ့ထွက်လာပြီး တစ်လုံးချင်းမေးလိုက်သည်။ သူမက တစ်ဖက်လူ၏အ နှောင့်အသွားမလွတ်သော စကားလုံးများကိုလျစ်လျူရှုကာ အေးစက်စက် မျက်နှာထားအတိုင်းဖြစ်သည်။ သူမ၏လက်ထဲရှိ သုံးခွလှံကမူ အလင်းရောင်များ ရုတ်တရက်တောက်ပ လင်းထိန်လာသည်။
"စစ်ကိုအကြောင်းပြပြီး ငါ့ကို မခြိမ်းခြောက်နဲ့။ မင်းအဖေနဲ့ ရေခဲပြာကောင်းကင်ဘုရင်တွေရှိနေရင်တော့ ငါတို့က ရေခဲပြာမျိုးနွယ်ကို စိန်ခေါ်ဝံ့မှာမဟုတ်ဘူး။ ဒါပေမယ့် မင်းလိုမိန်းမငယ်လေးတစ်ယောက်ကိုတော့ ဂရုမစိုက်ဘူး"
စစ်သည်တော်က အေးစက်စက်ရယ်မော၍ ထန်တိုက်လင်တို့သုံးယောက်အပေါ် အစွမ်းထက်ဖိအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။
"ငါ့ပိုင်နက်ထဲမှာ ရာရာစစ ငါ့ကို လာစော်ကားရဲတယ်"
ထန်တိုက်လင်၏မျက်နှာထားက ပြောင်းလဲမသွားသော်လည်း သက်တန့်ရောင်အလင်းများ ပေါက်ကွဲထွက်ပေါ်လာသည်။ ပိုင်နက်တစ်ခု၏စွမ်းအားက စစ်သည်တော်ထံ တိုးဝင်သွားသောအခါ ပိုင်နက်ချင်းထိမှန်သွားရုံနှင့်သူ၏ပိုင်နက်က ချက်ချင်းဖျက်ဆီးခံလိုက်ရသည်။ စစ်သည်တော်က နောက်ဆုတ်ပေးလိုက်ရပြီး ပါးစပ်အတွင်းမှ အနီရင့်ရောင်သွေးများ အန်ထွက်လာသည်။ ထို့နောက် ခန္ဓာကိုယ်တစ်ခုလုံး အထိန်းအကွပ်မရှိ လွင့်ထွက်သွားခဲ့သည်။ ထန်တိုက်လင်သည် သွေးဆိုးမျိုးနွယ်၏စစ်သည်တော်ကို အနိုင်ယူလိုက်သော်လည်း တည်ငြိမ်နေဆဲပင်ဖြစ်သည်။ သူမက ထူးကဲအဆင့်သို့ ရောက်သောအခါ အသက်မရဏပိုင်နက်၏ အဆင့်တစ်ကို နားလည်ခဲ့ပြီး ကျင့်ကြံဆင့်တိုးတက်လာသောအခါ အဆင့်နှစ်ကို ဆင်ခြင်နိုင်လာသည်။ တစ်ဖက်လူက အဆင့်တစ်ပိုင်နက်၏ အထွတ်အထိပ်အထိသာ နားလည်ထားသောကြောင့် အနိုင်ယူရန် မခက်ခဲပေ။
"သွေးဆိုးမျိုးနွယ်ရဲ့ ခေါင်းဆောင်နဲ့ ကောင်းကင်ဘုရင်တွေသာ ငါ့ကို တိုက်ခိုက်နိုင်တယ်။ နောက်လိုက်ခွေးတစ်ကောင်က ဒီလောက်မောက်မာရဲသလား"
ထန်တိုက်လင်က ကြီးစိုးစွာ ပြောလိုက်ခြင်းဖြစ်သည်။ သူမ၏အသံက ကြည်လင်အေးစက်နေပြီး အရာအားလုံးကိုဖျက်ဆီးနိုင်သော တိုက်ခိုက်လိုစိတ်များ တဟုန်းဟုန်းတောက်လောင်နေသည်။
"နင်က အဆင့်နှစ်ပိုင်နက်ကို နားလည်ထားမ ယ်မထင်ထားဘူး။ ငါ အရှုံးကို လက်ခံတယ်။ ဒါပေမယ့် နင်လည်း အာကာသကျောက်ကို ယူနိုင်မှာမဟုတ်ဘူး။ အဆင့်နှစ်ပိုင်နက်ရဲ့အစွမ်းနဲ့တောင် အစီအရင်ကိုချိုးဖျက်ဖို့ မဖြစ်နိုင်ဘူး"
စစ်သည်တော်က နှုတ်ခမ်းထောင့်မှ သွေးများကို လက်ဖြင့်သုတ်၍ အလင်းတန်းတစ်ခုအသွင်ပြောင်းကာ ခြေကုန်သုတ်ထွက်ပြေးသွားခဲ့သည်။ စီကုန်းကျင်းမင်က ထွက်ပြေးသွားသော စစ်သည်တော်၏ကျောပြင်ကို မယုံနိုင်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက ထန်တိုက်လင်ကို လှည့်ကြည့်လိုက်သောအခါ ထိတ်လန့်မှု၊ အံ့သြမှုနှင့် လေးစားမှုများထင်ဟပ်နေသည်။ သူတို့၏ ငယ်ရွယ်သောဘုရင်မက အလွန်အစွမ်းထက်လာပြီဖြစ်သောအခါ မျိုးဆက်ဟောင်းများက နေရာဖယ်ပေးရပေလိမ့်မည်။
"ထန်တိုက်လင်က တော်တော်အစွမ်းထက်လာတယ်။ ငါလည်း ဘယ်အချိန်မှ ထူးကဲအဆင့်ကိုရောက်ပြီး ပိုင်နက်စွမ်းအား ထုတ်ဖော်နိုင်မှာလဲ"
ယဲ့ချန်က စိတ်ထဲမှ ရေရွတ်လိုက်ခြင်းဖြစ်သည်။ သူက ပိုင်နက်စွမ်းအင်များကို ပြန်လည်ဆင်ခြင်နေရင်း ရုတ်တရက် နားလည်မှုအသစ်ခု ဖြစ်ပေါ်လာသည်။ ကျင့်ကြံသူတစ်ယောက်က ချီစီဆင်းမှုကို စွမ်းအားဖြင့်လွှမ်းမိုးကာ ပိုင်နက်တစ်ခု တည်ဆောက်ခြင်းဖြစ်သည်။ ပိုင်နက်ကို ဝိညာဥ်မှထိန်းချုပ်ခြင်းဖြစ်ကြောင်း သူက နားလည်လိုက်သည်။ အကယ်၍ သိုင်းတာအိုကို အဆင့်မြင့်မြင့်နားလည်နိုင်လျှင် ဝိညာဥ်အသိစိတ်က ပိုင်နက်တစ်ခုအဖြစ် အဆင့်မြင့်တက်သွားပေလိမ့်မည်။ သူက စိတ်နှင့်ဝိညာဥ်ကို တစ်သားတည်းဖြစ်အောင် ပေါင်းစပ်နိုင်သည်အထိ ကျင့်ကြံထားပြီးဖြစ်သည်။ ထိုအချိန်တွင် သူက ရေနတ်ဘုရားကျင့်စဥ်ကို လည်ပတ်ထားသောကြောင့် ကိုယ်တွင်းရှိ ကောင်းကင်ချီများနှင့် ပင်လယ်အတွင်းရှိ ရေချီများ အချင်းချင်းပဲ့ထပ်သွားကြသည်။ သူ၏စိတ်အတွင်းရှိဓားပျံက ရုတ်တရက်တုန်ခါလာကာ ဆန်းကျယ်သောကောင်းကင်ချီများ ဒန်တန်အတွင်း စီးဝင်လာကြသည်။ သူ၏အနီးတွင် သိမ်းဆည်းထားသော ကြယ်အမြုတေက လင်းလက်လာကာ ယဲ့ချန်းကိုယ်တွင်းသို့ အာကာသချီများ ထောက်ပံ့ပေးလိုက်သည်။ ကျင့်ကြံဆင့်အတားအဆီးက ထိုအချိန်တွင် ကျိုးပျက်မည့် လက္ခဏာများ စတင်ဖြစ်ပေါ်လာသည်။
သူက စိတ်ကို ရှင်းလင်းအောင်ထား၍ နားလည်မှုအသစ်များကို ဖမ်းဆုပ်နိုင်ရန် ကြိုးစားလိုက်သည်။ ထို့နောက် ယဲ့ချန်က ပင်လယ်နှင့်တစ်သားတည်းဖြစ်သွားကာ ပင်လယ်၏ရေချီများကို သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းကဲ့သို့ စိတ်ရှိတိုင်း အသုံးချလာနိုင်သည်။ ကောင်းကင်ချီများ မြင့်တက်လာသောအခါ ကျင့်ကြံဆင့်အတားအဆီးက ဘန်းခနဲပျက်စီးသွားကာ သူက အဆုံးမဲ့အဆင့်ငါးသို့ ရောက်ရှိသွားခဲ့သည်။ စိတ် ၊နှလုံးနှင့် ဝိညာဥ်က ဆက်တိုက်သန်မာလာခဲ့သည်။
စီကုန်းကျင်းမင်သည် ပတ်ဝန်းကျင်ရှိ ချီပြောင်းလဲမှုများကို သတိထားမိသောကြောင့် စစ်ဆေးလိုက်သောအခါ ယဲ့ချန်၏ကောင်းကင်ချီများ လှိုင်းထန်နေကြောင်း တွေ့လိုက်ရသည်။ ယဲ့ချန် အဆင့်တက်သွားကြောင်း သိလိုက်ရသောအခါ သူက အံ့သြဘနန်းဖြစ်သွားကာ ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။ ကြယ်ခန်းမသခင်က နောက်ထပ်ကျင့်ကြံဆင့်တစ်ခု မြင့်တက်သွားပြန်လေသည်။