← Chapters

ကောင်းကင်ဘုရင်ဟောရန်

Vol. 33 Ch. 458

ကောင်းကင်ဘုရင်ဟောရန်

Vol. 33 Ch. 458

"ငါ ကြယ်အမြုတေကို ရအောင်ယူပေးနိုင်တယ်။ ပြီးရင် ဘာဆက်လုပ်ကြမလဲ။ ချက်ချင်းထွက်ပြေးမှာလား။ ပတ်ဝန်းကျင်မှာ ပင်လယ်မိစ္ဆာအဖွဲ့ခြောက်ခု စောင့်ကြည့်နေတယ်။ နှစ်ယောက်က အဆင့်နှစ်ပိုင်နက်ကို ထုတ်နိုင်စွမ်းရှိပေမယ့် နှစ်ယောက်လုံးကို ငါ တိုက်ခိုက်ပေးနိုင်တယ်"

ထန်တိုက်လင်သည် ယဲ့ချန် ကြံစည်နေသော အရာကိုမသိသဖြင့် တစ်ချက်စိုက်ကြည့်လိုက်သည်။ သူမ၏အရည်အချင်းဖြင့် အစွမ်းအထက်ဆုံး ရန်သူနှစ်ယောက်ကို ရင်ဆိုင်နိုင်နေသောအခါ အာကာသာကျောက်များကို လက်လွှတ်မခံလိုပေ။

"အချိန်ကျလာရင် သိရမှာပါ။ ငါ့နောက်ကသာ လိုက်ခဲ့ပါ"

ယဲ့ချန်က ဆန်းကျယ်စွာပြုံးလိုက်သည်။ ထန်တိုက်လင်က ယဲ့ချန်၏အမူအရာကိုကြည့်၍ တစ်ခုခုကိုသဘောပေါက်သွားဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူမက သဘောတူလိုက်သောအခါ စီကုန်းကျင်းမင်က ဝင်ရောက်ကန့်ကွက်ရန် အခွင့်မသာသော်လည်း မျက်မှောင်ကြုတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ပင်လယ်မိစ္ဆာမျိုးနွယ်များကြားတွင် စစ်ပွဲတစ်ခုဖြစ်ပေါ်လာပါက ရေခဲပြာမျိုးနွယ်သည် အကျိုးဆက်ကို လက်ခံနိုင်စွမ်းမရှိချေ။

အစီအရင်၏တစ်ဖက်ခြမ်းတွင် သွေးဆိုးမျိုးနွယ်ဝင်များရှိနေပြီး ထန်တိုက်လင်လက်ချက်ဖြင့် ဒဏ်ရာရသွားသော စစ်သည်တော်လည်း ပါဝင်သည်။ သူတို့က ထန်တိုက်လင်တို့သုံးယောက်ကို သွေးဆာနေသော မျက်လုံးနီနီများနှင့် စိုက်ကြည့်နေကြသည်။ မျက်နှာထက်တွင် ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခုကို ထုတ်ဖော်ထားသဖြင့် သွားချွန်ချွန်များက ရေအောက်တွင် တောက်ပနေသည်။ စစ်သည်တော်အပြင် သွေးဆိုးမျိုးနွယ်ဝင်ရှစ်ယောက်ရှိနေပြီး ခေါင်းဆောင်က အားလုံးထက် ပို၍အရပ်မြင့်သူဖြစ်သည်။ သူက စစ်သည်တော်နှင့် အသွင်ချင်းဆင်တူသော်လည်း အနီရောင်ဆံပင်များတွင် အညိုရောင်သန်းစပြုနေပြီး အသားအရေက ခြောက်သွေ့နေသဖြင့် အလွန်အသက်ကြီးကြောင်း သိနိုင်သည်။

"ကောင်းကင်ဘုရင် အရှင်ဟောရန် ဘာဆက်လုပ်ဖို့ စီစဥ်ထားပါသလဲ"

စစ်သည်တော်က လေးစားစွာမေးလိုက်ခြင်းဖြစ်သည်။ သူက ခေါင်းဆောင်ရှေ့တွင် မောက်မာတတ်သော ကိုယ်ကျင့်စရိုက်ကိုထိန်းချုပ်၍ ခပ်ကုပ်ကုပ်ဖြစ်နေခဲ့သည်။ သွေးဆိုးမျိုးနွယ်တွင် ခွန်အားက အရာရာဖြစ်ပြီး ဤကောင်းကင်ဘုရင်က သူလေးစားကြောက်ရွံ့ရသူများအနက်မှ တစ်ယောက်ဖြစ်သည်။ ပင်လယ်မိစ္ဆာမျိုးနွယ်တွင် ကောင်းကင်ဘုရင်ဆိုသော ဂုဏ်ထူးကို ရသူများမှာ မျိုးနွယ်၏ခေါင်းဆောင်ဖြစ်ခဲ့သည်အထိ သန်မာသူများသာ ထိုက်တန်ခြင်းဖြစ်၏။

"ငါ့အထင် ထန်တိုက်လင်က အစီအရင်ကိုထိုးဖောက်ဖို့ နည်းလမ်းတစ်ခု ရှာနေတာဖြစ်ရမယ်။ ဆက်ပြီးစောင့်ကြည့်ကြမယ်။ ငါတို့သွေးဆိုးမျိုးနွယ်မှာ ရန်သူတွေ လုံလောက်နေပြီ။ မလိုအပ်ရင် ရေခဲပြာမျိုးနွယ်နဲ့ စစ်ဖြစ်လို့မရဘူး။ သူတို့က ဒီနှစ်တွေမှာ အားနည်းလာပေမယ့် ဆင်ပိန်ကျွဲလောက်တော့ရှိလိမ့်မယ်။ သူတို့ရဲ့အခြေခံအုတ်မြစ်က ခိုင်မာနေတုန်းပဲ"

ဟောရန်က ခပ်သြသြအသံဖြင့် ပြန်ဖြေလိုက်သည်။ ထန်တိုက်လင်က သူ၏ငယ်သားကို အဆင့်နှစ်ပိုင်နက်စွမ်းအား ထုတ်ဖော်၍ အနိုင်ယူလိုက်သော မြင်ကွင်းက သူ့ကို အစိုးရိမ်ကြီးစေခဲ့သည်။ စစ်သည်တော်က သူမကို မကျေနပ်သော်လည်း ဟောရန်က ဤသို့ပြောလာသောအခါ ဒေါသကိုမျိုသိပ်လိုက်ရုံသာ တတ်နိုင်သည်။ ဟောရန်သည် ထန်တိုက်လင်နှင့် ကျန်နှစ်ယောက်ကို စိုက်ကြည့်ကာ အတွေးနက်နေသည်။ ထန်တိုက်လင်နှင့် စီကုန်းကျင်းမင်က လူသားတစ်ယောက်ကို ခေါ်ဆောင်လာသော အကြောင်းအရင်းကို သူ မသိပေ။ ဤလူသားတွင် အသုံးဝင်သော နည်းလမ်းအချို့ ပိုင်ဆိုင်ထားနိုင်သည်။ သို့သော် သူက အာကာသကျောက်နှင့် အထူးသဖြင့် ငုံးဥအရွယ်ကြယ်အမြုတေကို မရရအောင်ယူမည်ဟု ဆုံးဖြတ်ထားသည်။ ရေခဲပြာမျိုးနွယ်ဖြစ်စေ အခြားပင်လယ်မိစ္ဆာမျိုးနွယ်ဖြစ်စေ ဤအမြုတေကိုရယူလိုလျှင် သူကတုံ့ဆိုင်းမနေဘဲ တိုက်ခိုက်လုယူရန် ဆုံးဖြတ်ထားသည်။ သွေးဆိုးမျိုးနွယ်အပြင် မိုးစက်မျိုးနွယ်မှ အဆင့်နှစ်ပိုင်နက်စွမ်းအားကို ပိုင်ဆိုင်ထားသော ကောင်းကင်ဘုရင်တစ်ယောက်လည်း အနီးအနားတွင် ရှိနေခဲ့သည်။

ရှေးဟောင်းနယ်မြေ၏ ပတ်ဝန်းကျင်လေထုက တင်းမာနေသည်။ လူတိုင်းက တိတ်တဆိတ်စောင့်ကြည့်နေကြသဖြင့် မုန်တိုင်းမလာခင် ငြိမ်သက်ခြင်းမျိုးဖြစ်သည်။ ယဲ့ချန်သည် အစီအရင်၏အစွန်အဖျားတွင် မတ်တပ်ရပ်၍ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့သည်။ သူ၏စိတ်အတွင်း ပင်လယ်မိစ္ဆာမျိုးနွယ်၏ ကျင့်ကြံသူများကို မည်သို့ရှောင်လွှဲ၍ တိုက်ပွဲမဖြစ်ပွားစေရန် လုပ်ဆောင်ရမည်ကို တွက်ချက်နေခဲ့သည်။ အစီအရင် ပျက်စီးသွားသည်နှင့်တပြိုင်နက် မြေအောက်နန်းတော်ကို အခြားကျင့်ကြံသူများက ချက်ချင်းသိရှိသွားနိုင်သည်။ ထိုအချိန်၌ ဝူဇီက မြေအောက်နန်းတော်အတွင်း ရောက်ရှိနေကာ ကြယ်အမြုတေကို လက်တံများဖြင့် ရစ်ပတ်ရယူလိုက်သည်။ သူ၏ခန္ဓာကိုယ်ပတ်လည်တွင် ရေချီများရစ်သိုင်းနေသဖြင့် ထူးကဲအဆင့်ကျင့်ကြံသူတစ်ယောက်သာ သေချာအာရုံစိုက်၍ မစစ်ဆေးလျှင် ရှာတွေ့နိုင်မည်မဟုတ်ပေ။ ကြိုတင်ကြံစည်နေသော ယဲ့ချန်က ဝူဇီထံမှ သတင်းစကားကိုရသောအခါ ခေါင်းတစ်ချက်ညိတ်လိုက်သည်။

"မင်း အစီအရင်ကို ဖျက်ဆီးနိုင်လား၊ မဖျက်ဆီးနိုင်ဘူးလား"

စီကုန်းကျင်းမင်သည် ယဲ့ချန်က အစီအရင်၏အပြင်ဘက်တွင် အချိန်ကြာမြင့်စွာ မတ်တပ်ရပ်နေသော်လည်း လုံးဝမလှုပ်ရှားသောအခါ စိတ်မရှည်တော့ပေ။ ယဲ့ချန်က သူတို့ကို ကစားနေခြင်းဖြစ်နိုင်သည်ဟု သတ်မှတ်ကာ ဒေါသတကြီးဖြင့် အပြစ်တင်လိုက်၏။ အချိန်ကြာမြင့်နေပြီဖြစ်သော်လည်း ယဲ့ချန်က အစီအရင်ကို ထိရုံမှတစ်ပါး လုံးဝမလှုပ်ရှားပေ။

"အကြီးအကဲစီကုန်းက အတော်ကိုစိတ်တိုလွယ်တာပဲ"

ယဲ့ချန်က ဒေါသကြောင့် မျက်နှာတစ်ခုလုံး မည်းနက်နေသော စီကုန်းကျင်းမင်ကို တစ်ချက်ပြုံးပြလိုက်သည်။ ထန်တိုက်လင်ကမူ တည်ငြိမ်စွာရှိနေပြီး အစီအရင်ပျက်စီးသွားလျှင် ဆက်လုပ်ရမည့်အချက်များကို တွေးတောပြင်ဆင်နေခဲ့သည်။ စီကုန်းကျင်းမင်သည် ယဲ့ချန်က အစီအရင်ကိုမချိုးဖျက်နိုင်ဟု သံသယဝင်လာသောကြောင့် နှာခေါင်းတစ်ချက်ရှုံ့လိုက်၏။ ထန်တိုက်လင်က အလွန်ဉာဏ်ကောင်းသူဖြစ်သော်လည်း ယဲ့ချန်၏လှည့်စားခြင်းခံရပြီး မိုင်ပေါင်းများစွာအထိ သွားရောက်ခေါ်ဆောင်ခဲ့သည်ဟု သူက အထင်လွဲနေသည်။ ထိုအချိန်တွင် ယဲ့ချန်က ညာလက်ကိုမြှောက်၍ အစီအရင်ကို ညှင်သာစွာပုတ်လိုက်သည်။ အကာအကွယ်အလွှာပေါ်တွင် အပေါက်လေးတစ်ခုဖြစ်ပေါ်လာကာ အက်ကြောင်းများက ၎င်းကိုဗဟိုပြု၍ ပင့်ကူအိမ်သဏ္ဍာန် ပျံ့နှံ့သွားခဲ့သည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

စီကုန်းကျင်းမင်သည် ယဲ့ချန်ကို မယုံနိုင်ဟန်ဖြင့် မျက်လုံးအပြူးသားစိုက်ကြည့်နေခဲ့သည်။ သူတို့က ပိုင်နက်၊ လက်နက်၊ ရတနာစသော နည်းလမ်းပေါင်းစုံဖြင့် တိုက်ခိုက်ခဲ့သော်လည်း အစီအရင်ကို လုံးဝမဖျက်ဆီးနိုင်ခဲ့ပေ။ သို့သော်လည်း ယဲ့ချန်က လက်တစ်ချက်လှုပ်ရုံဖြင့် အစီအရင်ကို ဖျက်ဆီးလိုက်နိုင်သည်။ သူက အလွန်လျင်မြန်စွာ လှုပ်ရှားလိုက်သောကြောင့် ဒေါသထွက်နေသည့် စီကုန်းကျင်းမင်က သေချာစွာမမြင်နိုင်ခဲ့ပေ။ ထို့ကြောင့် ယဲ့ချန်၏လက်ချောင်းများကြားတွင် ကောင်းကင်ဓားပျံတစ်လက် ညှပ်ထားသည်ကို မမြင်နိုင်ခဲ့ပေ။ သူ၏အမြင်တွင် ယဲ့ချန်က အစီအရင်ကို ညာလက်ဖြင့် အသာပုတ်လိုက်ရုံသာဖြစ်သည်။ သူက ယဲ့ချန်ကို ဤအကြောင်း မေးခွန်းထုတ်ချင်သော်လည်း အံ့သြမင်သက်နေသဖြင့် စကားလုံးများ ထွက်မလာခဲ့ပေ။ ယဲ့ချန်၏လက်က အဆင့်နှစ်ပိုင်နက်၏စွမ်းအားထက် ပို၍အစွမ်းထက်နေခဲ့ပြီး အလွန်မာကျောသော မြေကာကွယ်ရေးအစီအရင်က တို့ဟူးတုံးပမာ ထိုးဖောက်ခံလိုက်ရလေသည်။

ထန်တိုက်လင်ကမူ ဖြစ်ပျက်သမျှကို မြင်တွေ့နိုင်ခဲ့သည်။ သူမက တစ်ချက်ပြုံး၍ ချက်ချင်းလှုပ်ရှားလိုက်သောအခါ အစီအရင်က ဘုန်းခနဲပေါက်ကွဲသွားသည်။ သူမက အာကာသကျောက်ထံ တဟုန်ထိုးပြေးဝင်သွား၍ ပင်လယ်နတ်ဘုရားလှံဖြင့် ၎င်းကို ကြမ်းတမ်းစွာရိုက်ချလိုက်သည်။ ၎င်းက ချက်ချင်းပေါက်ကွဲသွားကာ အပိုင်းအစများစွာက ဘက်ပေါင်းစုံသို့ ကြယ်ကြွေများပမာ လွင့်ထွက်သွားကြ၏။ သူမက ငုံးဥအရွယ်ရှိကြယ်အမြုတေကို သွယ်လျသော လက်ချောင်းလေးများဖြင့် ဖမ်းဆုပ်လိုက်သည်။ သူမ၏လှုပ်ရှားမှုက အလွန်လျင်မြန်သောကြောင့် ယဲချန်နှင့် စီကုန်းကျင်းမင်ပင် ကြက်သေသေသွားကြသည်။

"ငါ့နောက်ကလိုက်ခဲ့ကြ"

ယဲ့ချန်က အော်ဟစ်သတိပေးကာ မြေအောက်နန်းတော်၏ဝင်ပေါက်ထံ ပြေးထွက်သွားခဲ့သည်။ အရာအားလုံးက ရုတ်တရက်ဆန်လွန်းသောကြောင့် စီကုန်းကျင်းမင်မှာ ကြောင်အအမျက်နှာထားနှင့် လိုက်ပါသွားခဲ့သည်။ ခဏအတွင်း သုံးယောက်လုံးက နက်ရှိုင်းသော လျှို့ဝှက်လမ်းကြောင်းအတွင်း ရောက်ရှိသွားကြပြီး ထန်တိုက်လင်က ဥမင်၏ဝင်ပေါက်ကို တားမြစ်အစီအရင်တစ်ခုနှင့် ချက်ချင်းပိတ်ဆို့ထားလိုက်သည်။

ပတ်ဝန်းကျင်တွင် စောင့်ဆိုင်းနေကြသော ပင်လယ်မိစ္ဆာများက နေရာတွင် မင်သက်နေကြသည်။ ထန်တိုက်လင်တို့အဖွဲ့က အစီအရင်ကို ဤမျှအလွယ်တကူဖြေရှင်းနိုင်မည်ဟု မည်သူမှ မျှော်လင့်မထားကြပေ။ အစီအရင်ကို ဖျက်ဆီးနိုင်ရန်အတွက် ကြမ်းတမ်းစွာတိုက်ခိုက်ရလိမ့်မည်ဟု သူတို့က ထင်မှတ်ထားကြသည်။ သူတို့သတိပြန်ဝင်လာချိန်တွင် အာကာသကျောက်အပိုင်းအစများက နေရာအနှံ့သို့ ပြန့်ကြဲသွားပြီဖြစ်သည်။ ထို့ကြောင့် ပုန်းအောင်းနေသော ကျင့်ကြံသူများစွာ ပြေးထွက်လာကြသည်။

"အစီအရင် ပျက်စီးသွားပြီ။ အာကာသကျောက်တွေကို လိုက်ယူကြဟေ့"

ကျင့်ကြံသူများက အော်ဟစ်ကြုံးဝါး၍ အစွမ်းကုန်ပြေးထွက်လာကာ အာကာသကျောက်များအပေါ် ခုန်အုပ်လိုက်ကြသည်။ ဧရာမအာကာသကျောက်ကြီးက လုံးဝပျက်စီးသွားသော်လည်း အစိတ်အပိုင်းတစ်ခုချင်းစီက သာမန်ကျောက်ပြားတစ်ချပ်နီးပါး ကြီးမားနေဆဲဖြစ်ရာ လူတိုင်းကို ရူးသွပ်သွားစေရန် လုံလောက်နေသည်။ ထန်တိုက်လင်၏တိုက်ကွက်က အာကာသကျောက်ကို ဖျက်ဆီးလိုက်ရုံသာမက ပတ်ဝန်းကျင်ရှိဝိညာဥ်သားရဲများကိုလည်း လှုပ်လှုပ်ရွရွဖြစ်သွားစေခဲ့သည်။ ထူးကဲအဆင့် သားရဲကြီးဆယ်ကောင်ကျော်က အမှောင်ထဲမှထွက်ပေါ်လာကာ ကျင့်ကြံသူများကို တိုက်ခိုက်လိုက်ကြသည်။ ခဏအတွင်း ပင်လယ်ရေအောက်၌ ပတ်ဝန်းကျင်က ဖရိုဖရဲဖြစ်သွားခဲ့သည်။

ကောင်းကင်ဘုရင် ဟောရန်က ခုန်ထွက်လာပြီးနောက် ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သောအခါ ကြယ်အမြုတေပါသွားကြောင်း သိလိုက်ရသည်။

"အရှင် ကျုပ်တို့ ဘာလုပ်ကြမလဲ"

စစ်သည်တော်က မေးလိုက်ခြင်းဖြစ်သည်။ သူက ဧရာမလက်ဝါးကြီးများထံမှ စုပ်ယူအားကိုထုတ်ဖော်ကာ အာကာသကျောက်အပိုင်းအစတစ်ခုကို ဖမ်းယူလိုက်သည်။

"ဒီနေရာမှာ မြေအောက်နန်းတော်တစ်ခု ရှိနေတယ်။ ထန်တိုက်လင် ထွက်ပြေးသွားပြီ"

ဟောရန်၏ သွေးနီရောင်မျက်လုံးများက ရှေးဟောင်းနယ်မြေကို စစ်ဆေးလိုက်သောအခါ မြေအောက်နန်းတော်ကို ချက်ချင်းရှာတွေ့သွားသဖြင့် ဒေါသတကြီးဖြစ်သွားခဲ့သည်။ ဤတစ်ကြိမ်တွင် သူ၏တွက်ချက်မှုက မှားယွင်းသွားပြီး ထန်တိုက်လင်ခေါ်ဆောင်လာသော လူသားက အစီအရင်ကို အသံတစ်ချက်ပင်မထွက်ဘဲ ဖျက်ဆီးနိုင်မည်ဟု ထင်မထားခဲ့ပေ။ လက်ရှိတွင် ထန်တိုက်လင်တို့ဘက်မှ အသာစီးရနေပြီဖြစ်သည်။ သူ၏စကားအဆုံးတွင် ထူးကဲအဆင့်ဝိညာဥ်သားရဲ ငါးကြီးနှစ်ကောင်က ဟောရန်ကို ခုန်အုပ်လာကြသည်။ ဟောရန်က ဒေါသတကြီးဖြင့် ဧရာမလက်သီးကြီးများနှင့် ငါးနှစ်ကောင်၏ခေါင်းများကို ထုချလိုက်သည်။ သားရဲခေါင်းကြီးနှစ်လုံးက ချက်ချင်းပေါက်ကွဲသွားကာ အလွယ်တကူ အသတ်ခံလိုက်ရသည်။

"ငါ အရင်ဆုံးလိုက်သွားမယ်။ မင်းတို့က အာကာသကျောက်တွေ ရသလောက်လုပြီး လိုက်လာခဲ့ကြ"

ဟောရန်၏မျက်လုံးများက သွေးနီရောင်တောက်ပနေပြီး အလွန်ကျဥ်းမြောင်းလာသည်။မြေအောက်နန်းတော်တွင် ရတနာ အမှန်တကယ်ရှိနေလျှင် သူက ၎င်းကိုလုယူရန်အတွက် အခြားကျင့်ကြံသူများကိုသတ်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူက ဥမင်အတွင်း ခုန်ဆင်းလိုက်ပြီး ထန်တိုက်လင်ချန်ထားရစ်ခဲ့သော အစီအရင်ကို လက်သီးတစ်ချက်တည်းနှင့် အပိုင်းပိုင်းအစစဖြစ်အောင် ဖျက်ဆီးလိုက်သည်။ ဟောရန်၏နောက်တွင် မိုးစက်မျိုးနွယ်၏ ကောင်းကင်ဘုရင်မင်ဖုန်းက အာကာသကျောက်နှစ်ခုကိုလုယူပြီး လိုက်ပါလာခဲ့သည်။ ကောင်းကင်ဘုရင်နှစ်ယောက်အပြင် အာကာသကျောက်များအတွက် ရူးရူးမူးမူးတိုက်ခိုက်နေကြသော ပင်လယ်မိစ္ဆာများမှတစ်ပါး ကျန်ပင်လယ်မိစ္ဆာများက လျှို့ဝှက်လမ်းကြောင်းအတွင်း ခုန်ဆင်းလာကြလေသည်။

မြေအောက်နန်းတော်အတွင်း ပုံရိပ်သုံးခုက အလွန်လျင်မြန်စွာ လှုပ်ရှားနေကြသည်။

"အကြီးအကဲစီကုန်း ဒီနေရာမှာနေရစ်ပြီး ဝိညာဥ်လက်နက်တွေနဲ့ အာကာသကျောက်တွေကို စုဆောင်းထားပါ။ ခင်ဗျားအလုပ်ပြီးရင် ချက်ချင်းလိုက်လာခဲ့။ ကျုပ်နဲ့ ထန်တိုက်လင်က ရှေ့ဆက်သွားမယ်"

နံရံတွင် အာကာသကျောက်များ မြုပ်ထားပြီး ဝိညာဥ်လက်နက်များ ချိတ်ဆွဲထားသောနေရာသို့ ရောက်သောအခါ ယဲ့ချန်က ညွှန်ကြားလိုက်ခြင်းဖြစ်သည်။ မြေအောက်နန်းတော်၏ အတွင်းပိုင်းတွင်လည်း ရတနာများရှိနေသောကြောင့် ဤနေရာတွင် အချိန်ဖြုန်း၍ မဖြစ်ချေ။

"ကောင်းပြီ"

စီကုန်းကျင်းမင်သည် ဝိညာဥ်လက်နက်များကို မြင်သောအခါ စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက နံရံများထံ ပြေးဝင်သွားကာ ရတနာအားလုံးကို လိုက်လံသိမ်းယူနေသည်။ လက်နက်များတွင် အဆင့်အနိမ့်ဆုံးမှာ အဆင့်ရှစ်ဖြစ်ပြီး လူသားအဆင့်လက်နက်များလည်း ရှိနေသောကြောင့် နက်ရှိုင်းသောအုတ်မြစ်ရှိသည့် ရေခဲပြာမျိုးနွယ်ပင် လျစ်လျူရှုမထားနိုင်ချေ။ သူက ရတနာများကို ကြည့်ပင်မကြည့်ဘဲ ဆက်တိုက်သိမ်းယူနေသည်။ ထန်တိုက်လင်၏အစီအရင်က အစွမ်းထက်ကောင်းကင်ဘုရင်များကို ခဏသာအချိန်ဆွဲပေးနိုင်ကြောင်း သိထားသဖြင့် သူက အလျင်လိုနေခြင်းဖြစ်သည်။

ယဲ့ချန်နှင့် ထန်တိုက်လင်က လုံးဝမရပ်ဘဲ မြေအောက်နန်းတော်၏အတွင်းပိုင်းသို့ ပျံသန်းလာခဲ့ကြသည်။ ထိုအချိန်တွင် အဝေးမှ ဝူဇီကပျံသန်းလာပြီး လက်သီးဆုပ်အရွယ်ကြယ်အမြုတေကို ပျော်ရွှင်စွာ ကမ်းပေးလိုက်သည်။ ယဲ့ချန်က ညာလက်ကိုဖြန့်၍ လက်ခံလိုက်သောအခါ ၎င်းက သူ့အပိုင်ဖြစ်လာခဲ့လေသည်။

All Chapters