← Chapters

ရှေးဟောင်းရေသင်္ချိုင်း

Vol. 33 Ch. 459

ရှေးဟောင်းရေသင်္ချိုင်း

Vol. 33 Ch. 459

"ဒါက ကြယ်အမြုတေလား"

ယဲ့ချန်ကိုင်ထားသော အနက်ရောင်သလင်းကျောက်က လက်သီးဆုပ်ခန့် ကြီးမားသောကြောင့် ထန်တိုက်လင်ပင် အံ့သြနေခဲ့သည်။ ငုံးဥအရွယ် ကြယ်အမြုတေကပင် အလွန်အဖိုးတန်နေသည်ဖြစ်ရာ လက်သီးဆုပ်အရွယ်ဆိုလျှင် တန်ဖိုးက မသေးပေ။

"အပြင်ရောက်ရင် တစ်ဝက်စီခွဲယူကြမယ်။ မြေအောကိနန်းတော်ထဲမှာ နေရာလပ်တစ်ခုကို ငါ ခံစားနေရတယ်။ ရှေ့ဆက်သွားကြမလား"

ကြယ်အမြုတေက မြင်ရသူတိုင်းကို ဆွဲဆောင်နိုင်သောကြောင့် လုံခြုံရေးအတွက် ယဲ့ချန်က ၎င်းကို လက်မောင်းကာအတွင်း သိမ်းဆည်းလိုက်သည်။ သူက မြေအောက်နန်းတော်တွင် ကျောက်စိမ်းနန်းတော်ကဲ့သို့ နယ်မြေငယ်တစ်ခုရှိနေသည်ကို ထောက်လှမ်းနိုင်ခဲ့သည်။ သို့သော် ထိုနယ်မြေ၏ဖန်တီးသူကို သိနိုင်ရန်အတွက် သဲလွန်စမရှိပေ။

"ကောင်းကင်ဘုရင်ဟောရန်၊ ကောင်းကင်ဘုရင်မင်ဖုန်းနဲ့ ပင်လယ်မိစ္ဆာတွေ ရောက်လာကြတော့မယ်။ သွားကြစို့"

ထန်တိုက်လင်က သူတို့နောက်မှချဥ်းကပ်လာနေသော အရှိန်အဝါများကို အာရုံခံမိသဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူတို့နှစ်ယောက်က မြေအောက်နန်းတော်၏အဆုံး အမှောင်ထုအတွင်း တိုးဝင်ပျောက်ကွယ်သွားကြသည်။ လေဟာနယ်တွင် လှုပ်ရှားမှုအချို့ ဖြစ်ပေါ်လာကာ သူမက စီကုန်းကျင်းမင်ကိုလည်း သတိပေးခဲ့သည်။ ထို့ကြောင့် သူက လက်ကျန်ဝိညာဥ်လက်နက်များကို သိမ်းဆည်း၍ လျင်မြန်စွာဖြင့် လိုက်ပါလာခဲ့သည်။

ကောင်းကင်ဘုရင်ဟောရန်က မြေအောက်နန်းတော်အတွင်း တဟုန်ထိုးဝင်ရောက်လာချိန်တွင် လေဟာနယ်စွမ်းအင်လှိုင်းများကို ခံစားလိုက်ရသဖြင့် နယ်မြေငယ်တစ်ခုရှိကြောင်း သိရှိသွားခဲ့သည်။ သူက လေထဲတွင် ကြယ်အမြုတေရှိခဲ့ကြောင်း သဲလွန်စများကို ရှာတွေ့ခဲ့သောကြောင့် ထန်တိုက်လင်ထံပါသွားပြီဟု သိလိုက်ရသည်။ သူက ထန်တိုက်လင်၏ခွန်အားကို အနည်းငယ်ထိတ်လန့်နေသော်လည်း ကြယ်အမြုတေက အလွန်အရေးကြီးနေသဖြင့် ကမ္ဘာခြားသို့လိုက်ရလျှင်ပင် မရရအောင်လို က်ယူမည်ဖြစ်သည်။

"ငါတို့မျိုးနွယ်က ကောင်းကင်ဘုရင်တွေကို ဝင်ပေါက်မှာ ပိတ်ဆို့ထားဖို့ အသိပေးလိုက်"

ဟောရန်က သူ၏ဝိညာဥ်အသိစိတ်ဖြင့် မြေအောက်နန်းတော်အပြင်ဘက်ရှိ ငယ်သားများထံ ချက်ချင်းအမိန့်ပေးလိုက်သည်။

"အမိန့်အတိုင်းပါ အရှင်"

စစ်သည်တော်၏မျက်လုံးများက တောက်ပသွားပြီး နေရာမှ ချက်ချင်းလှည့်ထွက်ကာ ပင်လယ်၏အနက်ပိုင်းသို့ ဦးတည်ပျံသန်းသွားခဲ့သည်။

"မင်ဖုန်း ငါတို့အတူတူပူးပေါင်းပြီး ထန်တိုက်လင်ရဲ့ကြယ်အမြုတေကို ယူရအောင်။ တစ်ဝက်စီခွဲမယ်။ သဘောတူလား"

မြေအောက်နန်းတော်အတွင်း မိုးစက်မျိုးနွယ်၏ ကောင်းကင်ဘုရင်မင်ဖုန်းလည်း ရောက်ရှိလာကာ ဟောရန်နှင့် အကြည့်ချင်းဆုံသွားခဲ့သည်။ ဟောရန်က တစ်ချက်ပြုံး၍ ပြောလိုက်သောကြောင့် သွားချွန်ချွန်များ အတိုင်းသားထွက်ပေါ်လာသည်။ သူက ပြုံးပြနေခြင်းဖြစ်သော်လည်း ရက်စက်ကြမ်းကြုတ်မှုကို ဖုံးကွယ်မထားနိုင်ချေ။

"ငါက သွေးဆိုးမျိုးနွယ်နဲ့ မပူးပေါင်းဘူး။ ဒီကိစ္စကို ဆက်ဆွေးနွေးစရာမလိုဘူး"

"မိုးစက်မျိုးနွယ်က မင်းတို့သွေးဆိုးမျိုးနွယ်နဲ့ အလုပ်တွဲလုပ်ရမယ့်အစား ကြယ်အမြုတေကို ထန်တိုက်လင်ယူသွားတာ လက်ခံလိုက်မယ်"

မင်ဖုန်းက ခပ်ပြတ်ပြတ်ငြင်းဆို၍ နယ်မြေငယ်အတွင်း ချက်ချင်းခုန်ဝင်သွားခဲ့သည်။ သူ၏စိတ်ထဲတွင် ဤသို့ရေရွတ်နေခဲ့သည်။ မင်ဖုန်း၏ငြင်းဆန်မှုကြောင့် ဟောရန်က စကားတစ်ခွန်းမှ ပြန်မပြောသော်လည်း မျက်လုံးများက သွေးနီရောင် ပို၍တောက်ပလာပြီး နယ်မြေငယ်အတွင်း လိုက်ပါလာခဲ့သည်။ ထို့နောက် နောက်မှလိုက်ပါလာကြသော ပင်လယ်မိစ္ဆာများကလည်း နယ်မြေငယ်ထံ ဦးတည်လိုက်ကြသည်။

ယဲ့ချန်နှင့်ထန်တိုက်လင်သည် အတွင်းသို့ရောက်သောအခါ အမှောင်ထုအတွင်း နစ်မြုပ်သွားကြသည်။ အချိန်တစ်ခုကြာသောအခါ သူတို့၏မျက်လုံးအတွင်း မျက်စိတဆုံးကျယ်ပြန့်သော ပင်လယ်ကြီးတစ်ခုကို တွေ့လိုက်ရသည်။ သူတို့၏နောက်တွင် လေဟာနယ်ဝင်ပေါက်တစ်ခုရှိနေပြီး အလင်းရောင်က မှိန်ဖျော့နေသဖြင့် ပင်လယ်၏အဆုံးကို မခန့်မှန်းနိုင်ပေ။ ပင်လယ်အောက်ခြေတွင် သဲပြင်ပေါ်၌ နေရာတိုင်းတွင် အရိုးစုများပြည့်နှက်နေသည်။ အနီးကပ်ကြည့်ရှုလိုက်လျှင် အမျိုးမျိုးသော ပင်လယ်မိစ္ဆာများနှင့် ရေသားရဲများဖြစ်ကြောင်း သိနိုင်သည်။ ဤနေရာက အလွန်တရာကြီးမားသော ရေအောက်သင်္ချိုင်းကြီးတစ်ခုဖြစ်သည်။ အလောင်းများထံမှထွက်ပေါ်နေသော ဖိအားက ကောင်းကင်အမျက်ကဲ့သို့ စွမ်းအားကြီးမားနေသည်။ ထို့ကြောင့် ယဲ့ချန်က ပတ်ဝန်းကျင်ကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုသော်လည်း ၎င်းကို ခန္ဓာကိုယ်အတွင်းမှ မထုတ်ဖော်နိုင်ခဲ့ပေ။ သူ၏ခန္ဓာကိုယ်ထက်တွင်လည်း ကီလိုဂရမ်သောင်းချီလေးသော ဖိအားတစ်ခု သက်ရောက်နေသဖြင့် ရေအောက်တွင် ကူးခတ်နှုန်းက အလွန်တရာနှေးကွေးနေခဲ့သည်။ အလောင်းများမှထွက်ပေါ်နေသော ဖိအားသက်သက်ကပင် အလွန်စွမ်းအားကြီးနေသည်ဖြစ်ရာ ထိုကျင့်ကြံသူများ အသက်ရှိစဥ်က မည်မျှအစွမ်းထက်ကြောင်း ခန့်မှန်းနိုင်သည်။

"ဒါက ရှေးဟောင်းရေသင်္ချိုင်းပဲ"

ထန်တိုက်လင်၏မျက်နှာထက်တွင် အံ့သြသောအမူအရာရှိနေပြီး ခပ်တိုးတိုး ရေရွတ်လိုက်ခြင်းဖြစ်သည်။ သူမ၏ကူးခတ်နှုန်းက နှေးကွေးသွားသော်လည်း ထူးကဲအဆင့်ဖြစ်နေသောကြောင့် ဖိအား၏တစ်စိတ်တပိုင်းကို ချေဖျက်နိုင်ခဲ့သည်။ သူမက သေချာစွာကြည့်ရှုလိုက်သောအခါ အရိုးစုများတွင် ကျော်ကြားသော ရှေးဟောင်းမျိုးနွယ်များကို တွေ့လိုက်ရသည်။ အချို့က ရှေးခေတ်ဦးမှဖြစ်ပြီး အများစုမှာ မျိုးသုဥ်းပျောက်ကွယ်သွားသောကြောင့် သမိုင်းမှတ်တမ်းများအတွင်း၌သာ ကျန်ရစ်လေသည်။

"ရှေးဟောင်းသင်္ချိုင်းလား"

ယဲ့ချန်က ပင်လယ်မိစ္ဆာမျိုးနွယ်၏ သမိုင်းကြောင်းနှင့် မရင်းနှီးပေ။ သူက ဤကမ္ဘာကြီးအကြောင်း ပို၍သိချင်သော်လည်း မှတ်တမ်းများကို ဖျောက်ဖျက်ထားကြသောကြောင့် အလွန်နည်းပါးသည့်လူများသာ လွန်ခဲ့သောနှစ်သောင်းချီမှ ရှေးခေတ်အကြောင်းကို သိထားကြသည်။ ရှေးမှတ်တမ်းများမှာ အစွမ်းထက်အင်အားစုများ၌သာ တည်ရှိနေခြင်းဖြစ်သည်။

"ဒဏ္ဍာရီအရတော့ ရှေးခေတ်ရဲ့ပင်လယ်မိစ္ဆာတွေနဲ့ ရေသားရဲတွေက သေဆုံးခါနီးရင် ရှေးဟောင်းရေသင်္ချိုင်းလို့ခေါ်တဲ့ နေရာကိုလာပြီး ငြိမ်းငြိမ်းချမ်းချမ်း အနားယူသွားကြတယ်တဲ့။ သင်္ချိုင်းကိုဝင်ခွင့်ရသူတိုင်းက အရမ်းအစွမ်းထက်ပြီး အနည်းဆုံး ကြီးမြတ်သူအဆင့်တွေဖြစ်ကြတယ်။ ငါတို့က သူတို့လိုဖြစ်တည်မှုတွေကို ပင်လယ်နက်သခင်လို့ အမည်ပေးထားကြတယ်"

ထန်တိုက်လင်က ရွှေရောင်လွှမ်းသော ရှေးခေတ်အကြောင်း ပြန်လည်စဥ်းစားပြီး ယဲ့ချန်ကို ရှင်းပြလိုက်သည်။ ကံမကောင်းစွာဖြင့် မျက်မှောတ်ခေတ်တွင် ပင်လယ်မိစ္ဆာများက နိမ့်ကျလာကြသည်။ ယဲ့ချန်က ဤအကြောင်းကိုကြားသောအခါ အံ့သြသွားခဲ့သည်။ သူက သင်္ချိုင်းအတွင်း ငုံ့ကြည့်လိုက်သောအခါ နှစ်သိန်းချီသက်တမ်းရှိသော အလောင်းများကို တောင်ပုံရာပုံတွေ့လိုက်ရသည်။ သို့သော် ၎င်းတို့က အစွမ်းထက်နေဆဲဖြစ်ရာ သန်မာသောရုပ်ခန္ဓာများဖြစ်ကြောင်း သိသာသည်။ ၎င်းတို့က သေဆုံးသွားသော်လည်း ကြီးမားသောဖိအားတစ်ခုကို ပတ်ဝန်းကျင်အား သက်ရောက်စေနိုင်သဖြင့် အသက်ရှင်စဥ်ကဆိုလျှင် အစွမ်းက စိတ်ကူးနိုင်သည်ထက် များစွာကျော်လွန်ခဲ့ပေလိမ့်မည်။

ယဲ့ချန်သည် အဝေးကိုကြည့်လိုက်သောအခါ ဝူဇီက ပင်လယ်ကြီးအတွင်း အလွယ်တကူသွားလာဆော့ကစားနေသည်ကို တွေ့လိုက်ရသည်။ သင်္ချိုင်းမှထွက်ပေါ်နေသော ဖိအားက သူ့ကိုမသက်ရောက်သောကြောင့် ပတ်ဝန်းကျင်ကို မျက်လုံးဝိုင်းကြီးများနှင့် လိုက်လံစပ်စုနေခဲ့သည်။

ထန်တိုက်လင်သည် အံ့သြစိတ်ကိုထိန်းချုပ်ကာ အလောင်းတစ်ခုချင်းစီက စွမ်းအင်များကြွင်းကျန်ရစ်သော သင်္ချိုင်းအတွင်း ကျောက်တုံးတစ်ခုအပေါ် ဆင်းသက်လိုက်သည်။ သူမက သဲပြင်အတွင်းနစ်မြုပ်နေသော ပုလဲတစ်လုံးကို သိမ်မွေ့စွာ ကောက်ယူလိုက်သည်။ ၎င်းက သန့်ရှင်းစင်ကြယ်သော အလင်းများထုတ်လွှတ်နေပြီး ကလေးတစ်ယောက်၏ ခေါင်းအရွယ်အစားခန့် ကြီးမားသည်။ ထန်တိုက်လင်၏ ကျောက်စိမ်းဖြူရောင်လက်ကလေးက ပုလဲ၏ရောင်ပြန်ဟပ်မှုကြောင့် အလင်းတန်းတစ်ခု လွှမ်းခြုံနေသည့်ပမာ ထင်မှတ်ရသည်။

"တကယ့်ကို နတ်ပုလဲပါလား"

ထန်တိုက်လင်က သူမလက်ထဲရှိ ပုလဲကို စစ်ဆေးပြီးသောအခါ အမြဲအေးစက်တည်ငြိမ်နေသော အမူအရာပင် အံ့သြမှုအဖြစ် ပြောင်းလဲသွားခဲ့သည်။

"ဘာလို့ နတ်ပုလဲလို့ခေါ်တာလဲ။ ဒါကို နတ်ဘုရားတစ်ယောက်က ချန်ထားခဲ့လို့လား"

ယဲ့ချန်က စပ်စုလိုက်ခြင်းဖြစ်သည်။

"မဟုတ်ပါဘူးဟယ်။ ဒီပုလဲကို တည်ငြိမ်မျိုးနွယ်လို့ခေါ်တဲ့ ပင်လယ်မိစ္ဆာတွေဆီက ရနိုင်တယ်။ သူတို့က အရမ်းအသက်ရှည်ကြပြီးတော့ နှစ်သန်းချီအောင်နေနိုင်ကြလို့ သက်တမ်းတိုတဲ့မျိုးနွယ်တွေအတွက်တော့ နတ်ဘုရားလိုပဲ။ သူတို့သေတဲ့အခါ စွမ်းအင်အမြုတေက နတ်ပုလဲအဖြစ်ကို ပြောင်းလဲသွားကြတယ်။ ဒီပုလဲရဲ့ အကျိုးသက်ရောက်မှုက ငါတို့ပင်လယ်မိစ္ဆာတွေအတွက် လက်သီးဆုပ်အရွယ် ကြယ်အမြုတေအောက် လုံးဝမနိမ့်ဘူး"

ထန်တိုက်လင်က ခေါင်းယမ်း၍ တစ်ချက်ပြုံးလိုက်သည်။ သူမ၏အပြုံးက ရေအောက်တွင် ကြာပန်းတစ်ခု ပွင့်လန်းလာသည့်ပမာ အလွန်လှပနေခဲ့သည်။ ယဲ့ချန်နှင့် ထန်တိုက်လင်သည် နတ်ပုလဲကိုကြည့်၍ အလွန်စိတ်လှုပ်ရှားနေကြသည်။ သူတို့ရှေ့ရှိ ရေသင်္ချိုင်းအတွင်း၌ အဖိုးတန်ရတနာများစွာရှိနေကြောင်းကို ထင်ထင်ရှားရှား အာရုံခံနိုင်ခဲ့ကြသည်။

ထိုအချိန်တွင် စီကုန်းကျင်းမင်သည်လည်း နယ်မြေငယ်အတွင်း လေဟာနယ်ဝင်ပေါက်မှတဆင့် ဝင်ရောက်လာခဲ့သည်။

"အရှင်မ ကောင်းကင်ဘုရင်ဟောရန်နဲ့ ကောင်းကင်ဘုရင်မင်ဖုန်း လာနေပြီ။ ဒါ....ဒါက ဒဏ္ဍာရီလာနတ်ပုလဲလား။ ကျုပ် အမြင်တွေမှားနေတာလား"

သူက ထန်တိုက်လင်ကိုမြင်သောအခါ မည်သည်ကိုမှဂရုမစိုက်အားဘဲ အော်ဟစ်သတိပေးလိုက်သည်။ ထို့နောက် သူ၏အကြည့်က ထန်တိုက်လင်ကိုင်ထားသော နတ်ပုလဲထံ ကျရောက်သွားသည်။ သူက မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသားဖြစ်သွားသောကြောင့် ကြက်ဥလေးငါးလုံးခန့်ပင် ဆန့်လောက်သည်။ သူက တုန်ခါနေသောအသံဖြင့် ထစ်ထစ်အအ ရေရွတ်လိုက်မိသည်။

"ဟုတ်တယ်။ ဒိနေရာက ရှေးဟောင်းရေသင်္ချိုင်းဖြစ်လို့ ရတနာတွေ အများကြီးရှိနေတယ်"

ထန်တိုက်လင်က စိတ်ကောင်းဝင်နေသောကြောင့် သူမ၏လေသံက ယခင်ကဲ့သို့ အေးစက်နေခြင်းမရှိပေ။ ကောင်းကင်ဘုရင်နှစ်ယောက် လာနေပြီဖြစ်ကြောင်း သိလိုက်ရသောအခါ သူမက ရဲတင်းသောဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သူမ၏ကိုယ်တွင်းမှ သက်တန့်ရောင်အလင်းများ တောက်ပလာကာ စွမ်းအင်လှိုင်းများက နတ်ပုလဲအတွင်း ဝင်ရောက်သွားခဲ့သည်။ ၎င်းက အမှုန့်အဖြစ် ဘန်းခနဲပေါက်ကွဲသွားကာ သန့်စင်သောစွမ်းအင်များက ထန်တိုက်လင်၏ပတ်လည်တွင် လွှမ်းခြုံသွားကြသည်။ သူမ၏သွယ်လျသော လက်ကလေးတစ်ဖက်ကို ယမ်းလိုက်သောအခါ ထိုအမှုန့်များက စုပ်ယူခံလိုက်ရပြီး တစ်စိတ်တပိုင်းက ပင်လယ်နတ်ဘုရားလှံအတွင်း စီးဝင်သွားကြသည်။ လက်နက်ထံမှ ထောင်သောင်းချီသော သက်တန့်ရောင်အလင်းများ ပြန့်ထွက်လာခဲ့လေသည်။ ထန်တိုက်လင်၏ဘေးတွင် ရပ်နေသော ယဲ့ချန်က သူမ၏ကျင့်ကြံဆင့် ဆက်တိုက်မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။

စီကုန်းကျင်းမင်သည် နေရာတွင် မင်သက်နေသဖြင့် စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ပေ။ နတ်ပုလဲကိုရယူပြီးလျှင် သာမန်ကျင့်ကြံသူတစ်ယောက်က ဖြည်းဖြည်းချင်းသာ စုပ်ယူရပေလိမ့်မည်။ ထန်တိုက်လင်က ၎င်းကိုချေမွပစ်လိုက်ပြီး အလောတကြီးစုပ်ယူလိုက်သောအခါ စွမ်းအင်အလေအလွင့်များ ရှိလာခဲ့သည်။ သို့သော်လည်း လက်ရှိအခြေအနေတွင် သူမ၏လုပ်ရပ်က မှန်ကန်ကြောင်း လက်ခံရပေလိမ့်မည်။ သူတို့၏နောက်တွင် ကောင်းကင်ဘုရင်နှစ်ယောက်၏ အန္တရာယ်ရှိနေသောကြောင့် သူမ၏ခွန်အားသာ တိုးတက်လာလျှင် နောက်ထပ်ရတနာများကို ရယူနိုင်ပေလိမ့်မည်။

ယဲ့ချန်သည် နတ်ပုလဲမှ ထုတ်လွှတ်နေသော စွမ်းအင်များကို အာရုံခံနိုင်ခဲ့သည်။ ၎င်းက အလွန်သန့်စင်သော်လည်း ထန်တိုက်လင်၏ကိုယ်တွင်းရှိ ပင်လယ်မိစ္ဆာချီများနှင့် တူညီနေသောကြောင့် သူက စွန့်စား၍ မစုပ်ယူရဲပေ။ ဤအရာက ပင်လယ်မိစ္ဆာမျိုးနွယ်တစ်ခု၏ အမြုတေဖြစ်သောကြောင့် သတိထားရပေလိမ့်မည်။ နတ်ပုလဲ၏စွမ်းအင်ကို စုပ်ယူပြီးနောက် ထန်တိုက်လင်၏အရှိန်အဝါက အနည်းငယ်ပြောင်းလဲသွားခဲ့သည်။ သူမ၏အသားအရေက ပုလဲတစ်လုံးကဲ့သို့ အဖြူရောင်တောက်ပလာကာ ညှို့ငင်အားတစ်ခု ထွက်ပေါ်လာသည်။

ထန်တိုက်လင်သည် နတ်ပုလဲ၏စွမ်းအားနှင့် ပတ်သက်၍ တစ်ခုခုမှားနေကြောင်း သိလိုက်သဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ သို့သော် လက်ရှိတွင် ဤအရာက ပြဿနာမဟုတ်ပေ။ လေဟာနယ်ဝင်ပေါက်က လှုပ်ရှားလာသဖြင့် သူမက သတိကြီးကြီးနှင့် ပင်လယ်နတ်ဘုရားလှံကို အသင့်ပြင်ဆင်လိုက်ရသည်။ ပုံရိပ်နှစ်ခုက ရေသင်္ချိုင်းနယ်မြေအတွင်း ရှေ့ဆင့်နောက်ဆင့် ဝင်ရောက်လာကြပြီး ကောင်းကင်ဘုရင်ဟောရန်နှင့် ကောင်းကင်ဘုရင်မင်ဖုန်းတို့ ဖြစ်လေသည်။

All Chapters