ပုံရိပ်ယောင်အန္တရာယ်
Vol. 33 Ch. 461
ပတ်ဝန်းကျင်တွင် ရေမှော်ပင်များ ထူထပ်နေသောကြောင့် ဝင်ရောက်လာသည့်လမ်းကို ပြန်ကြည့်လျှင်ပင် ရှင်းလင်းစွာ မမြင်နိုင်ပေ။ သူတို့က အလွန်ကြီးမားသော ပုံရိပ်ယောင်အစီအရင်အတွင်း ဝင်ရောက်လိုက်သည်နှင့် တူညီနေသော်လည်း အစီအရင်တစ်ခုဖြစ်ကြောင်း သဲလွန်စများကို မတွေ့မိချေ။ ဟောရန်ဖြစ်စေ မင်ဖုန်းဖြစ်စေ ယဲ့ချန်တို့အဖွဲ့နှင့် အခြားပင်လယ်မိစ္ဆာများဖြစ်စေ ပုံရိပ်ယောင်အတွင်း ပိတ်မိသွားကြသည်။ ထူးကဲအဆင့်ကျင့်ကြံသူများပင် ဤအမှောင်ထုအတွင်း ထွက်လမ်းရှာဖွေရန် မစွမ်းနိုင်ကြပေ။
"ဟောရန်ရဲ့ မီးတောက်မျက်လုံးတွေတောင် ဒီပုံရိပ်ယောင်အစီအရင်ကို ရှာမတွေ့ခဲ့လို့ ဝင်သွားတာများလား"
ထန်တိုက်လင်က မျက်မှောင်ကြုတ်၍ စဥ်းစားလိုက်သည်။ ဟောရန်သာမက သူမကိုယ်တိုင်လည်း တစ်ခုခုမှားယွင်းနေကြောင်း မတွေ့ခဲ့ရပေ။ ဤနေရာတွင် မည်သည့်ချီမှ ထူးဆန်းစွာ စီးဆင်းနေခြင်းမရှိသောကြောင့် ဝင်ရောက်ရန် ပြဿနာမရှိကြောင်း ထင်ခဲ့မိသည်။ ယဲ့ချန်သည် ပုံရိပ်ယောင်အစီအရင်အတွင်း ပိတ်မိနေသော်လည်း မကြောက်မရွံ့ဖြင့် မျက်လုံးမှိတ်ကာ ပတ်ဝန်းကျင်ကို လေးနက်စွာ အာရုံခံလိုက်သည်။ ရေအောက်တွင် အမွေးပွလေးမှ ပုံရိပ်ယောင်ကျင့်စဥ် အသုံးပြုလိုက်ချိန်တွင် ထွက်ပေါ်လာတတ်သော ချီများနှင့်ဆင်တူသည့် ဆန်းကျယ်သောချီများကို ခံစားနိုင်ခဲ့သည်။
"ဒီရေမှော်ပင်တွေက ပုံရိပ်ယောင်အစီအရင် မဟုတ်ဘူး။ ဒါပေမယ့် ကျင့်စဥ်တစ်ခု ဖြစ်နေတယ်။ ငါတို့အားလုံး ပုံရိပ်ယောင်ထဲမှာ ပိတ်မိနေကြပြီ"
ယဲ့ချန်က မျက်လုံးများဖွင့်၍ ထန်တိုက်လင်ကို တစ်ချက်ကြည့်ကာ အကျိုးအကြောင်းရှင်းပြလိုက်သည်။
"ငါ အခုသတိရပြီ။ ရေမှော်တော်အနားကို ရောက်တဲ့အချိန်မှာ ငါ့ကိုခေါ်နေတဲ့ အသံတစ်ခု ရှိနေတယ်။ ဘာကြောင့်မှန်းမသိပေမယ့် ငါက သိပ်မစဥ်းစားဘဲ အသံနောက်ကို လိုက်ခဲ့မိတယ်။ ဒီအသံကထူးဆန်းလွန်းပြီး နင်သာ ဒီအကြောင်းကိုမပြောရင် ငါလည်း မှတ်မိမှာမဟုတ်ဘူး"
ထန်တိုက်လင်၏မျက်နှာက လေးနက်သွားကာ ပြောလိုက်ခြင်းဖြစ်သည်။ သူမ၏စကားကြောင့် ယဲ့ချန်က ရင်ထိတ်သွားခဲ့သည်။ ဟောရန်သည် ဤနေရာကို သူ၏မျက်လုံးများဖြင့် စစ်ဆေးလိုက်ချိန်တွင် ပုံရိပ်ယောင်တစ်ခု၏ ဆွဲဆောင်ခြင်းခံရသောကြောင့် သူ၏နောက်လိုက်များနှင့်အတူ မစဥ်းစားမဆင်ခြင်ဘဲ အလောတကြီးဝင်သွားခြင်း ဖြစ်နိုင်သည်။ ၎င်းက အလွန်အစွမ်းထက်သောကြောင့် ထူးကဲအဆင့်များကိုပင် အောင်မြင်စွာ လှည့်ဖြားနိုင်ခဲ့သည်။ တရားခံကသာ သူတို့ကို သေစေလိုလျှင် လက်ရှိအချိန်တွင် မြေပြင်၌ အလောင်းများ ဖြစ်နေပေလိမ့်မည်။
"ရေမှော်တောထဲမှာ ဘယ်လိုအရာတွေ ရှိနေတာလဲ။ ဘယ်သူက ဒီလိုအစွမ်းထက်တဲ့ ပုံရိပ်ယောင်ကို ထုတ်ဖော်နိုင်တာလဲ။ ဝူဇီရော ထောင်ချောက်မိနေပြီလား။ သူက ဘာလို့ ရေမှော်တောထဲကို ဝင်သွားရတာလဲ"
ယဲ့ချန်သည် ဝူဇီ၏တည်နေရာကို အာရုံမခံနိုင်သောကြောင့် စိုးရိမ်စပြုလာသည်။
"ပုံရိပ်ယောင်ထဲကို ရောက်နေတယ်ဆိုရင် ငါတို့က ရှေ့ဆက်မသွားဘဲ နေရာမှာတင် ချက်ချင်းထိုင်ချလိုက်ရမယ်။ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားကြ"
ယဲ့ချန်ကညွှန်ကြား၍ ပင်လယ်ကြမ်းပြင်သို့ ဆင်းသက်လိုက်၏။ သူက ရေမှော်ပင်များ၏ အောက်ခြေသဲပြင်တွင် တင်ပျဥ်ခွေထိုင်ချကာ စိတ်ကိုအာရုံစူးစိုက်ပြီး ပုံရိပ်ယောင်ကိုချိုးဖျက်ရန် ကြိုးစားနေခဲ့သည်။ ထန်တိုက်လင်နှင့် စီကုန်းကျင်းမင်သည်လည်း ချက်ချင်း တင်ပျဥ်ခွေထိုင်ချလိုက်သည်။ ပုံရိပ်ယောင်ကြောင့် အတွေးများနေသော်လည်း ယဲ့ချန်က စိတ်ကိုကာကွယ်၍ ထိန်းချုပ်နေသည်။ ထိုအချိန်တွင် သူ၏ကိုယ်ပေါ်ရှိ ပုံရိပ်ယောင်ပုလဲထံမှ အလင်းတန်းများက ကိုယ်တွင်းသို့ စိမ့်ဝင်သွားကာ စိတ်ကို တည်ငြိမ်အေးချမ်းစေခဲ့သည်။ သူတို့သုံးယောက် ထိုင်ချလိုက်သော ခဏတွင် ရေမှော်ပင်များက လှုပ်ရှားလာကာ ရှေ့သို့တိုးလာကြသည်။
"ဒါက ပုံရိပ်ယောင်သာဖြစ်တယ်။ လျစ်လျူရှုထားကြ"
ထန်တိုက်လင်က သဲပြင်ပေါ်တွင် ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ထိုင်နေပြီး သူမထံ မရေမတွက်နိုင်သော ရေမှော်ပင်များ တိုးဝင်လာနေသော်လည်း အမူအရာပျက်မသွားခဲ့ပေ။ သူမ၏အသံက ယဲ့ချန်နှင့် စီကုန်းကျင်းမင်၏စိတ်ကို ကြည်လင်အေးမြသွားစေခဲ့သည်။ ရေမှော်ပင်များက စပါးကြီးမြွေများကဲ့သို့ သူတို့၏ကိုယ်ပေါ်သို့ ရစ်ပတ်တွယ်တက်လာကြသည်။ အေးစက်ကာ နူးညံ့သောအထိအတွေ့က စစ်မှန်လွန်းနေသဖြင့် ပုံရိပ်ယောင်ဟု လုံးဝခံစားရခြင်း မရှိပေ။ ထို့နောက် ၎င်းတို့က လည်ပင်းများကို စတင်ရစ်ပတ်လာကာ မြွေတွန်သံတရွှီးရွှီးကိုပင် ပြုလုပ်နေကြသည်။ ထို့နောက် လည်ပင်းကို ကြိုးဖြင့် ခပ်တင်းတင်းဆွဲညှစ်နေသကဲ့သို့ ခံစားလိုက်ရသောကြောင့် သုံးယောက်လုံး အသက်ရှူကျပ်စပြုလာသည်။
ထန်တိုက်လင်၊ ယဲ့ချန်နှင့် စီကုန်းကျင်းမင်သည် စျာန်သမာပတ်ဝင်စားနေသော ဘုန်းတော်ကြီးများကဲ့သို့ စိတ်ကိုတည်ငြိမ်စေရန် ထိန်းချုပ်ကာ ပြင်ပအထိအတွေ့၏သက်ရောက်မှုကို လျစ်လျူရှုထားကြသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ လည်ပင်းများတွင် ပို၍တင်းကျပ်လာပြီး တည်ငြိမ်နေသော စီကုန်းကျင်းမင်၏မျက်နှာက တစ်ချက်တွန့်သွားခဲ့၏။ သူက နောက်ဆုံးအချိန်သို့ရောက်နေပြီဟု ခံစားလိုက်ရသဖြင့် ကြောက်စိတ်များ စတင်ဖြစ်ပေါ်လာသည်။ ပုံရိပ်ယောင်မဟုတ်ဘဲ ရေမှော်ပင်များက အစစ်အမှန်ဖြစ်ကာ သူ့ကိုသတ်ဖြတ်နေသည်ဟု ထင်မြင်လာခဲ့သည်။ သူက မျက်လုံးများဖွင့်ကြည့်၍ လည်ပင်းကိုရစ်ပတ်နေသော ရေမှော်ပင်များကို လက်နှစ်ဖက်ဖြင့် ဆက်တိုက်ဆွဲခွာလိုက်သည်။ သို့သော် ၎င်းတို့က အလွန်တရာသန်မာနေပြီး စီကုန်းကျင်းမင် မည်မျှကြိုးစားပါစေ မချိုးဖျက်နိုင်ခဲ့ပေ။ သူ၏မျက်နှာထက်တွင် နာကျင်သော ခံစားမှုတစ်ခုရှိနေသည်။ ထူးကဲအဆင့်ကျင့်ကြံသူတစ်ယောက်က နာရီအနည်းငယ် အသက်မရှူဘဲနေနိုင်သော်လည်း အကြောင်းအရင်းအချို့ကြောင့် စီကုန်းကျင်းမင်မှာ အသက်ရှူကျပ်လာခြင်းကို သည်းမခံနိုင်ဖြစ်နေခဲ့သည်။
ထန်တိုက်လင်သည် မျက်လုံးမှိတ်ထားသော်လည်း စီကုန်းကျင်းမင်၏ ထူးဆန်းသောအခြေအနေကို အာရုံခံနိုင်ခဲ့သည်။ ရေမှော်ပင်များက ပုံရိပ်ယောင်ဖြစ်ကြောင်း သိထားသဖြင့် လည်ပင်းက အလွန်တင်းကျပ်နေသော်လည်း တည်ငြိမ်နေဆဲပင်ဖြစ်သည်။ သို့သော် စီကုန်းကျင်းမင်၏အခြေအနေက သူမကို စိုးရိမ်စေခဲ့သည်။ပုံရိပ်ယောင်ပညာရှင်များသည် ကျင့်ကြံသူများကို ပုံရိပ်ယောင်ဖြင့် သတ်ဖြတ်နိုင်သည်။ သူတို့က စိတ်အတွင်းရှိ အမုန်း၊ ကြောက်စိတ်စသော ခံစားချက်များကိုခြယ်လှယ်၍ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများကို ပစ်မှတ်သေသည်အထိ လုပ်ဆောင်တတ်ကြသည်။ သို့သော် လက်ရှိတွင် ထန်တိုက်လင်သည် ကိုယ့်ကိုကိုယ်သာကာကွယ်နိုင်စွမ်းရှိကာ စီကုန်းကျင်းမင်ကို သွားရောက်ကူညီလိုက်လျှင် သူမလည်း ပုံရိပ်ယောင်အတွင်း ကျရောက်သွားပေလိမ့်မည်။ ထိုအချိန်၌ သူမကိုယ်တိုင်လည်း ရန်သူ၏ပုံရိပ်ယောင်အတွင်း သနားစရာအခြေအနေ ဖြစ်သွားနိုင်သည်။
စီကုန်းကျင်းမင်သည် နာကျင်စွာ ဆက်တိုက်ရုန်းကန်နေပြီး ထန်တိုက်လင်ထံ အကူအညီတောင်းချင်ခဲ့သည်။ သို့သော် သူ၏လည်ချောင်းက တင်းကျပ်နေပြီး အသံတစ်ချက်ပင် မထွက်နိုင်ခဲ့ပေ။ ကြောက်စိတ်က သူ၏နှလုံးသားကို ဖုံးလွှမ်းသွားပြီး မျက်လုံးများ ဖြည်းဖြည်းချင်း ပြူးထွက်လာသည်။ အတိတ်တွင် သူက သေရေးရှင်ရေးအခြေအနေများစွာ ကြုံဖူးသော်လည်း ယနေ့လောက် ကြောက်လန့်ခြင်းမရှိခဲ့ပေ။
ယဲ့ချန်သည် စီကုန်းကျင်းမင်၏အခြေအနေကို ရိပ်စားမိသော်လည်း ကူညီနိုင်စွမ်းမရှိပေ။ ပုံရိပ်ယောင်ပုလဲမှသာ ကာကွယ်ပေးထားခြင်းမရှိလျှင် သူ၏စိတ်ဓာတ်သန်မာမှုက စီကုန်းကျင်းမင်နှင့် မတိမ်းမယိမ်းသာဖြစ်သည်။ သူက အနည်းငယ်လှုပ်ရှားလိုက်ရုံဖြင့် ပုံရိပ်ယောင်အတွင်း ကျရောက်သွားမည်ဖြစ်သည်။ တင်းကျပ်သောရစ်ပတ်မှုကြောင့် ယဲ့ချန်မှာ ဦးနှောက်ပင်ပေါက်ထွက်မတတ် ခံစားနေရသည်။ သေရတော့မည်ဟု ခံစားနေရသဖြင့် ယဲ့ချန်က ကိုယ့်ကိုကိုယ် ဤအဖြစ်က ပုံရိပ်ယောင်သာဖြစ်၍ အစစ်အမှန်မဟုတ်ကြောင်း ဆက်တိုက်သတိပေးနေရသည်။ သူက လျှာကိုကိုက်၍ ထွက်ပေါ်လာသော နာကျင်မှုဖြင့် စိတ်ကိုကြည်လင်စေရန်ပင် လုပ်ဆောင်ခဲ့သည်။
အချိန်ကြာမြင့်စွာကုန်သွားပြီး နောက်ဆုံးတွင် စီကုန်းကျင်းမင်၏ခန္ဓာကိုယ်က သဲပြင်ပေါ်သို့ အထိန်းအကွပ်မရှိ လဲကျသွားခဲ့သည်။ သူ၏မျက်လုံးများက စတင်အရောင်မဲ့လာပြီး ပင်လယ်ရေမှော်များအကြား သေဆုံးသွားခဲ့သည်။
"စီကုန်းကျင်းမင်ကို ပုံရိပ်ယောင်က သတ်လိုက်ပြီလား"
ယဲ့ချန်က ရင်ထဲတွင် စိုးထိတ်သွားခဲ့သည်။ ပုံရိပ်ယောင်၏စွမ်းအားက သူထင်ထားသည်ထက် များစွာကျော်လွန်နေသည်။ အကယ်၍ အမွေးပွလေးသည် ပုံရိပ်ယောင်ပုလဲကိုအသုံးပြုပြီး ပုံရိပ်ယောင်ကျင့်စဥ် ထုတ်သုံးလိုက်လျှင်ပင် ပစ်မှတ်၏စိတ်ကို ရှုပ်ထွေးစေရုံသာ တတ်နိုင်သည်။ ပုံရိပ်ယောင်ဖြင့် လူသတ်နိုင်သူ၏အစွမ်းက အလွန်အမင်းများပြားရပေလိမ့်မည်။ ဤတစ်ကြိမ်တွင် သူက အလွန်အစွမ်းထက်သော ရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရပုံပေါ်သည်။ သဲပြင်ပေါ်တွင်လဲကျနေသော စီကုန်းကျင်းမင်၏ အလောင်းကြီးတွင် အလွန်နာကျင်နေသည့် မျက်နှာထား ဖြစ်ပေါ်နေသည်။
ထိုအချိန်၌ ထန်တိုက်လင်၏မျက်နှာထက်တွင် ဝမ်းနည်းစိတ်များ ထင်ဟပ်လာသည်။ သူမနှင့်စီကုန်းကျင်းမင်ကြားတွင် ဆက်ဆံရေး ကောင်းမွန်ခြင်းမရှိသော်လည်း သူက ရေခဲပြာမျိုးနွယ်၏ မဟာအကြီးအကဲသုံးယောက်အနက် တစ်ယောက်ဖြစ်သည်။ ရေခဲပြာမျိုးနွယ်သည် အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရသောကြောင့် ထူးကဲအဆင့်ကျင့်ကြံသူများစွာ မကျန်ရစ်ပေ။ ထို့အပြင် စီကုန်းကျင်းမင်သည် သဘောထားဆိုးသော်လည်း ရေခဲပြာမျိုးနွယ်အပေါ် ရိုးသားကာအသက်ပေး၍ ကာကွယ်တတ်သူတစ်ဦး ဖြစ်သည်။ ထို့နောက် ထန်တိုက်လင်၏မျက်နှာက အေးခဲသွားခဲ့သည်။
"ထန်တိုက်လင် သတိထားစမ်း"
ယဲ့ချန်က အန္တရာယ်ကို ချက်ချင်းရိပ်စားမိလိုက်သဖြင့် အော်ဟစ်လိုက်သည်။ သူ၏အော်သံက နားကွဲမတတ် ကျယ်လောင်နေသည်။ ထိုအသံက ထန်တိုက်လင်ကို လှုပ်နိုးလိုက်သဖြင့် စိတ်ကို ချက်ချင်းကြည်လင်သွားစေသည်။ သူမက တစ်ခုခုမှားနေကြောင်း သတိထားမိသွားသဖြင့် စိတ်ကို ပြန်လည်ကာကွယ်လိုက်ရ၏။ စီကုန်းကျင်းမင်၏သေဆုံးမှုက သူမကို ဝမ်းနည်းစေခဲ့သောကြောင့် ပုံရိပ်ယောင်အတွင်း ကျရောက်လုနီးပါး ဖြစ်သွားခဲ့သည်။
ရေမှော်တောအတွင်း အဝေးတစ်နေရာ၌ အလောင်းများ လဲကျနေကြသည်။ အလောင်းများ၏မျက်နှာကို မြင်လျှင် ယဲ့ချန်နှင့်ထန်တိုက်လင်က မည်သူများဖြစ်ကြောင်း မှတ်မိနိုင်သည်။ ကောင်းကင်ဘုရင်ဟောရန်၊ ကောင်းကင်ဘုရင်မင်ဖုန်းနှင့် နောက်လိုက်များက ခဏအတွင်း အလောင်းကောင်များအဖြစ် အေးစက်တောင့်တင်းနေကြလေသည်။ အဆင့်နှစ်ပိုင်နက်ကို ပိုင်ဆိုင်ထားသော ကျင့်ကြံသူများပင် ဤပုံရိပ်ယောင်၏ သတ်ဖြတ်ခြင်းခံလိုက်ရသည်။ သူတို့၏မျက်နှာထားများက မသေခင် အလွန်နာကျင်ခဲ့ကြောင်းကို သက်သေပြနေပြီး အလောင်းအများစုက မျက်လုံးများပြူးထွက်နေကြသည်။ သူတို့အားလုံးက မသေခင်အချိန်ခဏတွင် အစွမ်းကုန်ရုန်းကန်ခဲ့ကြောင်း သိသာနေသည်။
အချိန်တစ်ခုအကြာတွင် ရေမှော်တောအတွင်း အသက်ရှင်သူမှာ ယဲ့ချန်နှင့်ထန်တိုက်လင် နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။ ထန်တိုက်လင်အား ကာကွယ်ပေးနေကျဖြစ်သော အဖြူရောင်ပိုးထည်က သဲပြင်ပေါ်သို့ လျှောကျနေသည်။ ပင်လယ်နတ်ဘုရားလှံကလည်း သူမ၏ဘေးတွင် စိုက်ဝင်နေပြီး နတ်အလင်းများလည်း ပျောက်ကွယ်နေသည်။ ရတနာနှစ်ခုလုံးထံမှ တုံ့ပြန်မှုမရှိဘဲ လုံးဝတည်ငြိမ်နေသည်။ လည်ပင်းတွင်ရစ်ပတ်နေသော ရေမှော်ပင်များက ပို၍တင်းကျပ်လာသဖြင့် အသက်ရှူပိုကျပ်လာကာ အစစ်အမှန်လား ပုံရိပ်ယောင်လား ခွဲခြားရန် အလွန်ခက်ခဲနေခဲ့သည်။
"ငါ သေရတော့မှာလား"
ယဲ့ချန်သည် သေမင်းချောက်နှုတ်ခမ်းသို့ ရောက်နေပြီး ခဏအတွင်း သေဆုံးသွားမည်ဟု ခံစားနေရသည်။ အကယ်၍ သူက တိုက်ခိုက်နေရင်း သေဆုံးရလျှင် လက်ခံနိုင်သည်။ သို့သော်လည်း ဤနေရာတွင် အကြောင်းအရင်းမသိရဘဲ သေရမည့်အဖြစ်ကို လုံးဝလက်မခံနိုင်ပေ။ ပြင်းထန်လွန်းသော အသက်ရှင်လိုစိတ်က ယဲ့ချန်၏စိတ်အတွင်းမှ နိုးထလာကာ ၎င်း၏လွှမ်းမိုးမှုအောက်တွင် ဓားပျံက စတင်တုန်ခါလာသည်။ ကောင်းကင်ချီများက သူ၏ကိုယ်တွင်းသို့ စမ်းချောင်းလေးတစ်ခုပမာ စီးဝင်လာ၍ အသက်ရှူကျပ်ရာမှ ဖြစ်ပေါ်လာသော တင်းကျပ်သည့်ခံစားချက်က ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
ယဲ့ချန်၏စိတ်က တည်ငြိမ်လာသဖြင့် အတွေးများ ရှင်းလင်းနေသည်။ ကောင်းကင်ချီများက သူ၏ကိုယ်တွင်းလှည့်ပတ်သွားလာနေကာ ပုံရိပ်ယောင်မှန်သမျှကို ကာကွယ်ပေးနေကြသည်။ ရေမှော်ပင်များက ပြေလျော့သွားပြီး နောက်ဆုံးတွင် သူက စိတ်အေးနိုင်ခဲ့၏။ သို့သော်လည်း ပတ်ဝန်းကျင်တွင် ပုံရိပ်ယောင်စွမ်းအားက အချိန်တိုင်းရှိနေပြီး သူ့ကိုလွှမ်းမိုးရန် ကျားချောင်းချောင်းနေသည်ကို အာရုံခံနိုင်ခဲ့သည်။
ထိုအချိန်၌ ထန်တိုက်လင်၏တစ်ကိုယ်လုံးကို ရေမှော်ပင်များရစ်ပတ်နေပြီး အထူးသဖြင့် နှင်းဖြူရောင်လည်တိုင်လေးထက်တွင် အနီရောင်အစင်းကြီးတစ်ခု ဖြစ်တည်နေသည်။ သူမ၏မျက်နှာက နာကျင်မှုကို ခံစားနေရဟန်ဖြင့် အေးစက်မနေတော့ပေ။ သူမ၏မြင့်မားသော ကျင့်ကြံဆင့်နှင့်ပင် ပုံရိပ်ယောင်၏နှိပ်စက်ခြင်းကို ဆက်လက်သည်းခံနိုင်စွမ်း မရှိတော့ချေ။ ဓားပျံ၏အထောက်အပံ့သာ မရလျှင် ယဲ့ချန်၏ ပုံရိပ်ယောင်ခုခံနိုင်စွမ်းက ထန်တိုက်လင်အောက် များစွာနိမ့်ကျသည်။ သူမက ဤအချိန်အထိ တောင့်ခံထားနိုင်သည်မှာ အံ့သြချီးကျူးစရာဖြစ်သည်။
နောက်ဆုံးတွင် ထန်တိုက်လင်သည် သည်းမခံနိုင်တော့သဖြင့် လက်ကိုမြှောက်ကာ လည်ပင်းရှိ ရေမှော်ပင်များကိုဆွဲဖယ်ရန် ပြင်လိုက်သည်။ ဤအတိုင်း ဆက်လက်ဖြစ်ပွားနေလျှင် သူမက အချိန်မိနစ်အနည်းငယ်ထက် ပို၍တောင့်ခံထားနိုင်တော့မည် မဟုတ်ချေ။
"ထန်တိုက်လင် မြန်မြန်သတိထားစမ်း"
ယဲ့ချန်က စိုးရိမ်တကြီးဖြင့် နောက်တစ်ကြိမ်အော်ဟစ် သတိပေးလိုက်ပြန်သည်။ သူ၏အသံက ခြင်္သေ့တစ်ကောင်ဟိန်းလိုက်သည်ထက် ပို၍ကျယ်လောင်နေသည်။ အော်သံကို ကြားလိုက်ရသောအခါ ထန်တိုက်လင်၏စိတ်က ကြည်လင်သွားသည်။ သူမ၏မျက်နှာလေးက နာကျင်မှုမှ သက်သာသွားဟန်ဖြင့် ပြေလျော့သွားကာ တစ်လက်မပင်မလှုပ်တော့ဘဲ ဆက်လက်သည်းခံနေခဲ့သည်။ သူမက အနည်းငယ်အနားယူလိုက်လျှင်ပင် ပုံရိပ်ယောင်က အားနည်းချက်ကိုချုပ်ကိုင်၍ ကိုယ်တွင်းသို့ ဝင်ရောက်လာနိုင်ကြောင်း သိထားသည်။ ယဲ့ချန်၏အော်သံများကြောင့်သာ မဟုတ်လျှင် လက်ရှိအချိန်တွင် သူမသည်လည်း စီကုန်းကျင်းမင်နှင့် အလားတူကံကြမ္မာမျိုး ကြုံတွေ့နေရပြီဖြစ်သည်။ ရေခဲပြာမျိုးနွယ်၏ အသက်ပေါင်းများစွာက သူမ၏ပခုံးပေါ်တွင် ရှိနေသောကြောင့် ဤနေရာတွင် သေဆုံး၍မဖြစ်ချေ။ ထန်တိုက်လင်က သတိပြန်ဝင်လာသောအခါ ယဲ့ချန်က စိတ်အေးသွားပြီး သက်ပြင်းတစ်ချက်ချလိုက်မိလေသည်။