လင်းမိုင်မျိုးနွယ်
Vol. 33 Ch. 462
ရေမှော်တော၏အတွင်းပိုင်းတွင် ရေမှော်ပင်များ အလွန်ထူထပ်စွာပေါက်နေသော နေရာတစ်ခုရှိသည်။ ရေမှော်ပင်များက များပြားလွန်းသဖြင့် အလင်းရောင်ကို ဖုံးကွယ်ထား၍ အမှောင်ထုကသာ ကြီးစိုးနေသည်။ ထိုနေရာ၏အလယ်တည့်တည့်တွင် အလွန်တရာကြီးမားသော ပင်လယ်မိစ္ဆာတစ်ကောင်၏ ဧရာမအရိုးစုကြီး ရှိသည်။ ၎င်းက မီတာရာချီရှည်လျားပြီး ခုနစ်မီတာခန့်မြင့်သည်။ ၎င်း၏ကိုယ်ပေါ်တွင် အရိုးချွန်ချွန်များငေါထွက်နေကာ ရေမှော်ပင်များ ရစ်ပတ်နေသည်။ ထိူ့ကြောင့် ၎င်း၏မူလအသွင်ကို ခန့်မှန်းနိုင်ရန် အလွန်ခက်ခဲပြီး ဤနေရာတွင်တည်ရှိခဲ့သည်မှာ အလွန်ကြာမြင့်နေပုံရသည်။ အကယ်၍ ထန်တိုက်လင်သည် အလောင်းကြီးကိုမြင်နိုင်လျှင် ရှေးဟောင်းပင်လယ်မိစ္ဆာ မျိုးနွယ်တစ်ခုဖြစ်သော လင်းမိုင်မျိုးနွယ်ဖြစ်ကြောင်း ပြောနိုင်ပေလိမ့်မည်။ ထိုမျိုးနွယ်က ပုံရိပ်ယောင်ပညာတွင် အကျွမ်းကျင်ဆုံးသော ပင်လယ်မိစ္ဆာများဖြစ်ကြသည်။
အလောင်းပေါ်တွင် ပုံရိပ်တစ်ခုက မတ်တပ်ရပ်နေပြီး အနီရောင်တောက်တောက် ခေါင်းစွပ်ဝတ်ရုံတစ်ခုကို ဆင်မြန်းထားသောကြောင့် ကြီးမားသော ခေါင်းစွပ်ကြီးက မျက်နှာတစ်ခုလုံးကို ဖုံးအုပ်ထားသည်။ ထိုလူက အလွန်ပုပြီး အသက်ခုနစ်အရွယ် ကလေးတစ်ယောက်နှင့် တူညီနေသည်။ သို့သော် သူ၏ခြေထောက်နေရာတွင် ခြေဖဝါးများက အလောင်းထဲတွင် နစ်မြုပ်နေကြသည်။ သူနှင့်အလောင်းက အချင်းချင်းဆက်နွယ်နေကြပြီး ခွဲခြားမရနိုင်ချေ။ ၎င်း၏ အထက်ကောင်းကင်တွင် ဝူဇီက ပျံသန်းနေသော်လည်း အနီးသို့ မချဥ်းကပ်နိုင်ခဲ့ပေ။
"မင်းတို့က ငါ့ပုံရိပ်ယောင်ကျင့်စဥ်ကို ခုခံနိုင်တယ်ပေါ့။ ခီး ခီး အစွမ်းအထက်ဆုံးပညာရပ်က ကြောက်စရာပုံရိပ်တွေ လုပ်တာမဟုတ်ဘဲ လူတွေရဲ့စိတ်ကို ကစားတာဖြစ်တယ်။ မင်းတို့နှစ်ယောက်လုံးကို သေအောင် ကစားပြမယ်"
ပင်လယ်မိစ္ဆာအလောင်းနှင့် ဆက်နွယ်နေသော အလောင်းလူက ရုတ်တရက်အော်ဟစ်လိုက်သည်။ သို့သော် သူ၏အသံက ကလေးတစ်ယောက်၏အသံနှင့် တူညီနေသည်။ သူက ခေါင်းကိုမော့၍ ကောင်းကင်တွင်ပျံသန်းနေသော ဝူဇီကို ကြည့်လိုက်သောအခါ မျက်နှာကိုဖုံးအုပ်ထားသော ခေါင်းစွပ်ကြီးက တစ်ဝက်ခန့်လန်သွားသည်။ သူ၏မျက်နှာက စက္ကူဖြူတစ်ရွက်ပမာ ဖြူရော်နေပြီး ထူးဆန်းသော အပြုံးတစ်ခုကို ဖော်ထုတ်ထားသည်။
"ရေဘဝဲလေး မင်းရဲ့သခင်ကိုကယ်ဖို့ ကြိုးစားနေတာလား။ သူတို့က ငါ့ပုံရိပ်ယောင်ကို ခုခံနိုင်ရင်တော့ အသက်ရှင်မှာပေါ့လေ။ ဒါပေမယ့် ငါက ဒီအခွင့်အရေးကို လုံးဝပေးမှာမဟုတ်ဘူး"
အလောင်းလူ၏စကားသံကြောင့် ဝူဇီက လေထဲတွင် စိုးရိမ်စွာဖြင့် လှည့်ပတ်ပျံသန်းနေသည်။ သူက ဝူဇီကိုလျစ်လျူရှုကာ ခေါင်းကို ငုံ့လိုက်သော်လည်း ခေါင်းစွပ်အောက်ရှိမျက်လုံးများတွင် အရာအားလုံးကို ထွင်းဖောက်မြင်နိုင်ဟန်ဖြင့် အကြည့်များ စူးရှနေသည်။ သူ၏နှုတ်ခမ်းများက အထက်သို့ တွန့်ကွေးနေသဖြင့် အပြုံးက သာမန်မဟုတ်ဘဲ အလွန်တရာထူးဆန်းနေသည်။
"ရှေးစကားပုံတစ်ခုရှိတယ်။ သူရဲကောင်းတွေက မိန်းမလှတွေကြောင့် ကျဆုံးရတယ်။ ဒီအကြောင်းကို စမ်းသပ်လိုက်ရအောင် ဟား ဟား"
အလောင်းလူ၏ရယ်သံက စူးရှလွန်းသောကြောင့် ဘက်ပေါင်းစုံသို့ ပျံ့နှံ့သွားခဲ့သည်။
ရေမှော်တော်၏တစ်နေရာတွင် ယဲ့ချန်နှင့်ထန်တိုက်လင်က အံကြိတ်၍ ပုံရိပ်ယောင်ကို တွန်းလှန်နေကြသည်။ ယဲ့ချန်သည် စိတ်အတွင်းရှိဓားပျံကို ဆက်တိုက်တုန်ခါစေပြီး ထွက်ပေါ်လာသော ကောင်းကင်ချီများက သူ၏စိတ်ကို ကာကွယ်ပေးနေခဲ့သည်။ နောက်ထပ်အချိန်အနည်းငယ်သာရလျှင် သူက ရေမှော်တောပုံရိပ်ယောင်အတွင်းမှ အပြည့်အဝ လွတ်မြောက်သွားတော့မည်ဖြစ်သည်။ ထို့ကြောင့် သူက ထန်တိုက်လင်အနေဖြင့် ပုံရိပ်ယောင်ကို ခုခံနိုင်ခြင်းရှိမရှိ စိုးရိမ်နေသောကြောင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။
ထိုအချိန်တွင် ထန်တိုက်လင်၏ လှပသောမျက်ခုံးလေးများ တွန့်သွားခဲ့သည်။ သူမကိုရစ်ပတ်နေသော ရေမှော်ပင်များ ပျောက်ကွယ်သွားကာ လည်ပင်းရှိအစင်းကြောင်းကြီးပင် ပြန်လည်ကောင်းမွန်လာခဲ့သည်။ သို့သော် ရေမှော်ပင်များ၏ဖျစ်ညှစ်မှုကြောင့် သူမ၏အဝတ်အစားများက နေရာအချို့တွင် စုတ်ပြဲသွားပြီးဖြစ်ကာ နို့နှစ်ရောင်အသားအရေလေး ထွက်ပေါ်နေသည်။ သူမက ပင်လယ်အတွင်း ကူးခတ်စဥ် မူလအသွင်ကိုပြောင်းထားသော်လည်း ထိုင်နေချိန်တွင် လူအသွင်ပြောင်းထားခဲ့သည်။ ထို့ကြောင့် သူမက မတ်တပ်ရပ်လိုက်သောအခါ စုတ်ပြဲနေသောအဝတ်များကြောင့် မမြင်အပ်သည့်နေရာအချို့က တစ်ဝက်တစ်ပျက်ထွက်ပေါ်နေသည်။ သူမ၏ သွယ်လျဖြောင့်စင်းသော ပေါင်တံလေးများနှင့် လှုပ်ရှားလိုက်တိုင်း အပြစ်ကင်းစင်သော ကျောက်စိမ်းပန်းပုရုပ်တစ်ခု ရွေ့လျားနေသကဲ့သို့ ထင်မှတ်ရသည်။ သူမက မြင့်မြတ်အေးစက်သော အရှိန်အဝါအပြင် ပြိုင်ဘက်ကင်းညှို့အားတစ်ခုကိုလည်း ထုတ်ဖော်နေခဲ့သည်။
"ထန်တိုက်လင်က ပုံရိပ်ယောင်ကို ချိုးဖျက်လိုက်နိုင်ပြီလား"
ယဲ့ချန်က အသေအချာစစ်ဆေးလိုက်သောအခါ ထန်တိုက်လင်၏မျက်ဝန်းများတွင် မြူအချို့ရစ်သိုင်းနေကြောင်း တွေ့လိုက်ရသည်။ သူမက ပုံရိပ်ယောင်အတွင်းမှ မလွတ်မြောက်နိုင်သေးပေ။
"ဒီခွေးမသားပုံရိပ်ယောင်က သူမကို ထိန်းချုပ်လိုက်ပြီ"
ထန်တိုက်လင်၏မျက်လုံးများက ဗလာဖြစ်နေသော်လည်း လှပနေဆဲပင်ဖြစ်သည်။ သူမက ယဲ့ချန်ထံ ညှို့အားပြင်းပြင်းနှင့် လျှောက်လာနေပြီး အဝတ်အစားများစုတ်ပြဲနေသောအခါ အလွန်တရာလှပနေခဲ့သည်။ အမြဲတမ်းအေးစက် တည်ငြိမ်နေတတ်သော သူမက ညှို့အားပြင်းစွာ ပြုမူနေသောအခါ ပိုလင်းအောက်မနိမ့်ကျဘဲ မြင်ရသူတိုင်း၏နှလုံးသားကို ဗြောင်းဆန်သွားစေနိုင်သည်။
"ထန်တိုက်လင်လည်း ပိုလင်းလို ဖြစ်နေတာလား။ ပုံရိပ်ယောင်ထိန်းချုပ်မှုကြောင့် စိတ်ထဲမှာရှိတဲ့အရာတွေ ထွက်ပေါ်လာတာများလား"
ထန်တိုက်လင်၏အလှကြောင့် ယဲ့ချန်က ရင်ခုန်သွားမိသည်။ သို့သော် ပတ်ဝန်းကျင်တွင် သူ့ကိုသတ်ရန် ချောင်းမြောင်းနေသော ပုံရိပ်ယောင်ရှိနေသည်ကို သတိရသွားသဖြင့် စိတ်ကိုထိန်းချုပ်ကာ ဓားပျံကို တုန်ခါစေလိုက်ရ၏။ ဤကား စိတ်ခွန်အားချင်းပြိုင်ဆိုင်သော တိုက်ပွဲတစ်ခုဖြစ်ကာ သေခြင်းနှင့်ရှင်ခြင်းကြားတွင် အလွှာပါးပါးလေးတစ်ခုသာ ခြားနေသည်။ ဤတိုက်ပွဲက ဓားချင်းယှဥ်ခုတ်သည်ထက် ပို၍အန္တရာယ်များနေပြီး အမှားသေးသေးလေးတစ်ခုကပင် အသက်ဆုံးရှုံးသွားစေနိုင်သည်။
ထန်တိုက်လင်သည် ယဲ့ချန်၏ဘေးနားတွင် ကပ်၍ထိုင်ချလိုက်သောအခါ သူမ၏နူးညံ့သော အသားအရေက သူ၏ကိုယ်ကို သိမ်မွေ့စွာ ထိနေခဲ့သည်။ သူမ၏ကိုယ်သင်းနံ့လေးက သူ၏နှာခေါင်းဝကို လာရောက်ကျီစယ်နေသဖြင့် နှလုံးသားတွင် လှိုင်းထခဲ့ရသည်။ သို့သော် သူက စိတ်ကို အတင်းအကြပ် ထိန်းချုပ်ထားနိုင်သည်။ ဤအဖြစ်က အလွန်ရက်စက်သော စိတ်ပိုင်းဆိုင်ရာနှိပ်စက်မှုဖြစ်သည်။ ထန်တိုက်လင်အနီးသို့ကပ်ချင်သော ယောကျ်ားများ မရေမတွက်နိုင်အောင်ရှိသော်လည်း သူမ၏အေးစက်မှုကြောင့် အဝေးမှကြည့်နေရုံသာ တတ်နိုင်သည်။ သူမ၏မြင့်မြတ်အေးစက်မှုကို ယောက်ျားတိုင်းက ကြီးစိုးချင်နေပြီး ယဲ့ချန်ကိုယ်တိုင်ပင် သူမ၏အလှကို လျစ်လျူမရှုနိုင်ပေ။ သို့သော် လက်ရှိတွင် သူ၏အလစ်ကို ကျားချောင်းချောင်းနေသော ပုံရိပ်ယောင်သခင်တစ်ယောက်ရှိနေသဖြင့် စိတ်ကို အစွမ်းကုန်တင်းထားခဲ့သည်။ သူသာ သတိတစ်ချက်လစ်ဟင်းသွားလျှင် ရန်သူက သူ၏စိတ်ကိုတိုက်ခိုက်ကာ အသေသတ်ပေလိမ့်မည်။ ထန်တိုက်လင်ကမူ ပုံရိပ်ယောင်၏ထိန်းချုပ်မှု ခံနေရသဖြင့် နှစ်ယောက်လုံး အသက်အန္တရာယ်ရှိနေကြောင်း မသိချေ။ အလှတရားနှင့် နှိပ်စက်ခံနေရသောအခါ ယဲ့ချန်၏ကျောတွင် ချွေးစို့နေခဲ့သည်။ သူသာ ကျရှုံးသွားလျှင် ထန်တိုက်လင်ရော သူပါ နှစ်ယောက်လုံး ကိစ္စတုံးသွားပေလိမ့်မည်။ တစ်ဖက်ရန်သူက အလွန်အစွမ်းထက်ပြီး ထူးကဲအဆင့်ကျင့်ကြံသူများကိုပင် ပုံရိပ်ယောင်ဖြင့် သတ်ဖြတ်ထားသည်။
ထန်တိုက်လင်သည် အဝတ်အစားများစုတ်ပြဲနေကာ နှင်းဆီရောင် နှုတ်ခမ်းဖူးဖူးလေးကြောင့် ညှို့အားက ပို၍ပြင်းထန်လာသည်။ ထို့နောက် သူမက ယဲ့ချန်ကို တင်းကျပ်စွာဖက်လိုက်သောကြောင့် သူ့နေရာတွင် အခြားကျင့်ကြံသူများသာဆိုလျှင် စိတ်လွတ်သွားပေလိမ့်မည်။ အကယ်၍ သူ့ကိုဆွဲဆောင်နေသူမှာ ပိုလင်းဖြစ်နေလျှင် အစစ်အမှန်ဟု ယဲ့ချန်က လက်ခံနိုင်သည်။ အမြဲတမ်းအေးစက်မြင့်မြတ်သော ထန်တိုက်လင်က သေချာပေါက်လုပ်မည်မဟုတ်သောကြောင့် ပုံရိပ်ယောင်၏လက်ချက်မှန်း ယဲ့ချန်က အတိအကျနားလည်နေသည်။ သို့သော် သူက နှောင့်နှေးနေလျှင် ထန်တိုက်လင်မှာ စိတ်ခွန်အားများ ကျဆင်းလာပြီး သေဆုံးသွားနိုင်သည်။
"ထန်တိုက်လင် ထစမ်း"
ယဲ့ချန်က ထန်တိုက်လင်၏နားကို ကပ်ကာ အသံကုန်ဟိန်းဟောက်လိုက်သည်။ သို့သော် ယခုအချိန်တွင် သူမ၏စိတ်ကို အလောင်းလူက လုံးဝထိန်းချုပ်ထားနိုင်သည်။ ထို့ကြောင့် သူမက မျက်မှောင်ကြုတ်လိုက်သော်လည်း ခဏအတွင်း ပုံရိပ်ယောင်၏ထိန်းချုပ်မှုအောက် ကျရောက်သွားပြန်သည်။ ယဲ့ချန်က စိုးရိမ်တကြီးဖြင့် ဓားပျံထံမှ ကောင်းကင်ချီများကို လက်ထံ ပို့ဆောင်လိုက်သည်။ ထို့နောက် သူက ကိုယ့်ကိုကိုယ်ဂရုမစိုက်အားတော့ဘဲ ထန်တိုက်လင်၏ဒန်တန်ထံ လက်ချောင်းဖြင့် ထောက်လိုက်သည်။ သူ၏ကိုယ်တွင်းမှ ကောင်းကင်ချီများက သူမ၏ကိုယ်တွင်းသို့ ဝုန်းခနဲ စီးဝင်သွားလေသည်။
"ပျက်စီးစမ်း"
ယဲ့ချန်၏ကြိုးစားမှုကြောင့် ထန်တိုက်လင်၏ဒန်တန် လှုပ်ခါသွား၍ သတိအနည်းငယ် ပြန်ရလာသည်။ ကောင်းကင်ချီများက သူမ၏ကိုယ်တွင်းသို့ ဆက်တိုက်စီးဝင်လာနေသောအခါ ဗလာဖြစ်နေသည့် မျက်ဝန်းလေးများက ဖြည်းဖြည်းချင်း ပုံမှန်ပြန်ဖြစ်လာခဲ့သည်။
ထိုအချိန်တွင် အလောင်းလူမှာ တန်ပြန်ဒဏ်ကို ခံစားလိုက်ရသောကြောင့် အပြင်းအထန်ဒဏ်ရာရသွားပြီး သွေးများအန်ချလိုက်ရသည်။ သူက ခေါင်းကိုငုံ့ထားပြီး ခေါင်းစွပ်ကြီးက မျက်နှာကို ဖုံးကွယ်ထားသောကြောင့် အမူအရာကို မမြင်ရပေ။ သူက အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် ပခုံးနှစ်ဖက်က ရုတ်တရက်တုန်ခါလာ၍ ထူးဆန်းစွာဖြင့် အော်ဟစ်ရယ်မောလိုက်သည်။ သူ၏ခေါင်းက မော့လာပြီး မျက်လုံးများတွင် သွေးဆာရက်စက်သော အရှိန်အဝါတစ်ခု ထွက်ပေါ်နေခဲ့လေသည်။
"ဟား ဟား မင်းတို့က ငါ့ကိုဒဏ်ရာရအောင် လုပ်နိုင်မယ်လို့ မထင်ထားဘူး။ အရမ်းကောင်းတယ်။ မင်းတို့နှစ်ယောက်လုံးကို သတ်ပစ်မယ်"
အလောင်းလူက ပိန်လှီနေသော လက်တစ်ဖက်ဖြင့် သွေးများကိုသုတ်ကာ ခပ်စူးစူးအသံဖြင့် ကြုံးဝါးလိုက်ခြင်းဖြစ်သည်။
ယဲ့ချန်သည် ထန်တိုက်လင်၏ဒန်တန်အတွင်း ကောင်းကင်ချီများ ထည့်သွင်းပေးလိုက်ပြီးနောက် ပတ်ဝန်းကျင်မှ ပုံရိပ်ယောင်စွမ်းအင်များ ဖြည်းဖြည်းချင်းပျောက်ကွယ်လာကြောင်း တွေ့လိုက်ရသည်။ ထန်တိုက်လင်က သတိပြန်ဝင်လာပြီးနောက် ဖြစ်ပျက်သမျှကို နားလည်သွားသောအခါ ရှက်သွေးဖြာနေခဲ့သည်။ သို့သော် ခဏအတွင်း သူမက ပြန်လည်တည်ငြိမ်သွားသည်။ ဖြစ်ပျက်ခဲ့သမျှမှာ သူမ၏ခန္ဓာကိုယ်ကို အသိစိတ်လွတ်စေရန် ရန်သူမှထိန်းချုပ်ပြီး စေခိုင်းခဲ့ခြင်းဖြစ်သည်။ သူမက လေပေါ်သို့ခုန်တက်လိုက်သောအခါ အဖြူရောင်ပိုးချည် စရောက်လာကာ ကပိုကရိုဖြစ်နေသော ခန္ဓာကိုယ်လေးကို ရစ်ပတ်ဖုံးကွယ်ပေးခဲ့သည်။ ရေချီများက သူမ၏ပတ်လည်တွင် ရစ်သိုင်းနေကာ ညာလက်ကိုယမ်းလိုက်သောအခါ ပင်လယ်နတ်ဘုရားလှံ ရောက်ရှိလာခဲ့သည်။ သူမ၏လက်အတွင်းရှိ လှံမှ သက်တန့်ရောင်အလင်းများ ချက်ချင်းလင်းထိန် တောက်ပလာသည်။
"ရန်သူက အပြင်းအထန် ဒဏ်ရာရသွားတယ်ဆိုတာကို ငါ ခံစားမိတယ်။ အခုက ငါတို့လွတ်မြောက်အောင်လုပ်ဖို့ အကောင်းဆုံးအချိန်ပဲ"
ထန်တိုက်လင်က သူမ၏ပုံစံအမှန်အတိုင်း ပြန်ဖြစ်သွားကာ အေးစက်စက်ပြောလိုက်ခြင်းဖြစ်သည်။ သူမက ရှေ့တည့်တည့်သို့ စိုက်ကြည့်နေခဲ့သည်။ ယဲ့ချန်သည် စိတ်ထဲတွင် တစ်သက်မမေ့လောက်စရာ မြင်ကွင်းကို ပြန်တွေးမိလိုက်သဖြင့် နှာခေါင်းသွေးယိုမတတ် ဖြစ်သွားခဲ့သည်။ သို့သော် လက်ရှိအခြေအနေက ဤအကြောင်းကို တွေးနေရမည့်အချိန် မဟုတ်သောကြောင့် မတ်တပ်ရပ်ကာ တိုက်ပွဲအတွက် ချက်ချင်းပြင်ဆင်လိုက်သည်။
သူတို့ရှေ့ရှိ မြင်ကွင်းက ကြောက်စရာကောင်းလောက်အောင် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ မရေမတွက်နိုင်သော ပင်လယ်မိစ္ဆာများနှင့် ရေသားရဲများက သူတို့ထံ ဘက်ပေါင်းစုံမှ တိုးဝင်လာနေကြသည်။ ပုံရိပ်ယောင်၏စွမ်းအားက သိသိသာသာအားနည်းနေပြီး ရေမှော်တောအတွင်းရှိ ဖိအား ပျောက်ကွယ်နေသည်ကို ယဲ့ချန်က သတိထားမိလိုက်၏။ သူ၏လက်ထဲတွင် ကောင်းကင်ဓားပျံတစ်လက်ဖန်တီး၍ ရေသတ္တဝါများထံ ချက်ချင်းပစ်ခတ်လိုက်သည်။
"ကြည့်ရတာ ရန်သူက သေလောက်အောင် ကြောက်နေပုံပဲ"
ထန်တိုက်လင်က ခပ်တိုးတိုးရေရွတ်၍ ပင်လယ်နတ်ဘုရားလှံ၏ အလင်းတန်းများနှင့် ပင်လယ်သားရဲများထံ ပစ်ခတ်လိုက်သည်။ ၎င်းတို့က နတ်အလင်းနှင့် ထိမှန်ခံလိုက်ရသောအခါ တစ်ကောင်ပြီးတစ်ကောင် ပေါက်ကွဲသွားလေသည်။