← Chapters

ဓားပျံများနှင့် တန်ပြန်တိုက်ခိုက်ခြင်း

Vol. 33 Ch. 463

ဓားပျံများနှင့် တန်ပြန်တိုက်ခိုက်ခြင်း

Vol. 33 Ch. 463

လင်းမိုင်အလောင်းပေါ်တွင် ရှိနေသောလူက ဒေါသတကြီးဖြစ်နေသည်။ သူ့ကို ကြီးမြတ်သူအဆင့်ပင် မရောက်သေးသော ပမွှားလေးနှစ်ကောင်က အထင်သေးနေမည်ဟု ထင်မထားပေ။ သူ အသက်ရှင်စဥ်ကဆိုလျှင် ယဲ့ချန်နှင့်ထန်တိုက်လင် မဆိုထားနှင့်၊ ကြီးမြတ်သူများကိုပင် အတွေးတစ်ချက်နှင့် သတ်ဖြတ်နိုင်ခဲ့သည်။

"ပုရွက်ဆိတ်နှစ်ကောင်က လာမောက်မာပြနေတယ်။ ပုံရိပ်ယောင်အဆင့်သုံးကို ခံစားကြည့်လိုက်စမ်း"

အလောင်းလူက လက်နှစ်ဖက်ဆန့်တန်း၍ ခေါင်းမော့ရင်ကော့ပြီး ကြုံးဝါးလိုက်သည်။ သူ၏ဝတ်ရုံက ရေထဲတွင် တဖြတ်ဖြတ်လွင့်နေကာ ခေါင်းစွပ်က လျှောကျသွားသဖြင့် ကြမ်းကြုတ်သော အဖြူရောင်သရဲမျက်နှာတစ်ခု ထွက်ပေါ်လာသည်။ မျက်နှာပေါ်တွင် အနီနှင့်အစိမ်း အစင်းကြောင်းများရှိနေကာ မျက်လုံးထဲတွင် မျက်သားမရှိဘဲ သွေးနီရောင်မျက်ဆံနှစ်ခုသာ ရှိသည်။ ခရမ်းရောင်နှုတ်ခမ်းထက်တွင် ထူးဆန်းသော အပြုံးတစ်ခု ဖြစ်ပေါ်နေသည်။ သူ၏ကိုယ်တွင်းမှ အစွမ်းထက်ပုံရိပ်ယောင်ချီများ ပြန့်ထွက်လာကာ ယခင်ချီများထက် လေးငါးဆခန့်ပို၍ အစွမ်းထက်နေသည်။ အဆင့်သုံးပုံရိပ်ယောင်၏ တိုက်ခိုက်ခြင်းခံရလျှင် ယဲ့ချန်နှင့်ထန်တိုက်လင်က ခုခံနိုင်မည်မဟုတ်သော်လည်း လက်ရှိအခြေအနေကြောင့် အလောင်းလူက တန်ပြန်ဒဏ်ကြောင့် အပြင်းအထန်ဒဏ်ရာရသွားမည်ဖြစ်သည်။

"မင်းတို့ကို ဆက်ကစားမနေတော့ဘူး။ ငရဲကို သွားစမ်း"

သူက ခေါင်းကိုမော့၍ ဟက်ဟက်ပက်ပက်ရယ်မောလိုက်သောအခါ အသံနက်ကြီးက ရေမှော်တောအတွင်း လွင့်ပျံသွားခဲ့သည်။ ဝူဇီသည် အလောင်းလူကိုတိုက်ခိုက်ရန် ဆက်တိုက်ကြိုးပမ်းနေသော်လည်း မမြင်ရသော အတားအဆီးအလွှာကြောင့် အနီးသို့ မကပ်နိုင်ခဲ့ပေ။ ဝူဇီက တိုက်ခိုက်ရေးတွင် ထူးချွန်သည့် မျိုးနွယ်မဟုတ်သောကြောင့် ယဲ့ချန်ကို စိုးရိမ်နေရုံသာ တတ်နိုင်သည်။

ပင်လယ်မိစ္ဆာများကိုရှင်းပစ်နေသော ယဲ့ချန်နှင့်ထန်တိုက်လင်သည် ပို၍ကြောက်စရာကောင်းသော ပုံရိပ်ယောင်ချီများ ချဥ်းကပ်လာနေသည်ကို ခံစားလိုက်ရသည်။ ပထမဆုံးတိုက်ခိုက်ခံခဲ့ရသော ပုံရိပ်ယောင်ကိုပင် သူတို့က အနိုင်နိုင်တွန်းလှန်ခဲ့ရပြီး ယခုပုံရိပ်ယောင်က ပို၍အစွမ်းထက်နေသောအခါ နှစ်ယောက်လုံး ရင်ထိတ်သွားကြသည်။

"နင် ပြေးတော့"

ထန်တိုက်လင်က အော်ဟစ်ကြုံးဝါး၍ ပင်လယ်နတ်ဘုရားလှံမှ နတ်အလင်းများနှင့် အကာအရံတစ်ခု ဖန်တီးလိုက်သည်။ ထို့နောက် သူမ၏ပိုးချည်စက ယဲ့ချန်ကိုရစ်ပတ်သွားကာ အဝေးသို့ ညှင်သာစွာ ပစ်ထုတ်လိုက်၏။ သူက ပုံရိပ်ယောင်ချီချဥ်းကပ်လာသော တည်နေရာနှင့် ဆန့်ကျင်ဘက်သို့ လွင့်ထွက်သွားခဲ့သည်။ ထိုအချိန်တွင် ထန်တိုက်လင်ထံ ပုံရိပ်ယောင်ချီများ ရောက်ရှိလာသောကြောင့် ကမ္ဘာခြားသွားသကဲ့သို့ သူမ၏မျက်နှာလေးက ဝေဝါးသွားခဲ့သည်။ ယဲ့ချန်သည် သူမ၏လုပ်ရပ်ကြောင့် မင်သက်နေရာမှ သတိပြန်ဝင်လာသောအခါ ထန်တိုက်လင်နှင့်အကာအရံကို အဆုံးမဲ့အမှောင်ထုကြီးက ဝါးမျိုသွားပြီဖြစ်သည်။ သူမက သေရန်ဆုံးဖြတ်ထားဟန်ဖြင့် မျက်နှာထားက ပြတ်သားတင်းမာနေသည်။ သေခြင်းနှင့် ကြုံတွေ့ရသည့်တိုင်အောင် သူမက အလွန်အမင်းတည်ငြိမ်နေခဲ့လေသည်။ သို့သော် သူမက ယဲ့ချန်ကိုကယ်တင်ရန်အတွက် သူမကိုယ်တိုင်၏အသက်ကို စွန့်လွှတ်ခဲ့လေသည်။

ယဲ့ချန်၏စိတ်အတွင်း ကန့်သတ်ဒေသတွင် အမွေးပွလေးက သူ့အတွက် အမှောင်ဝိညာဥ်ကိုရင်ဆိုင်ခဲ့သော မြင်ကွင်း လျှပ်တပြက် ဖြစ်ပေါ်လာသည်။ ထန်တိုက်လင်က ပင်လယ်နတ်ဘုရားလှံကိုဝင့်ကာ မားမားမတ်မတ်ရပ်နေပြီး မျက်နှာက ခံစားချက်မဲ့နေသော်လည်း သူမ၏နှလုံးသားကို ယဲ့ချန်က နားလည်သွားပြီဖြစ်သည်။ ယဲ့ချန်၏ရင်ဘတ်ထဲတွင် နာကျင်သော ခံစားချက်တစ်ခု ဖြစ်တည်လာသည်။

"ငါရော ထန်တိုက်လင်ရော ဒီနေရာမှာ မသေဘူးကွ"

ယဲ့ချန်၏မျက်လုံးများက မီးဝင်းဝင်းတောက်နေပြီး ဆံပင်များက တဖြတ်ဖြတ်လွင့်နေသည်။ သူက ဒေါသတကြီးကြုံးဝါး၍ နေရာတွင် ဟန်ချက်ထိန်းကာ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် ကောင်းကင်ဓားပျံများကို ဆက်တိုက်ဖန်တီး၍ ပုံရိပ်ယောင်ချီထွက်ပေါ်လာသော အရပ်မျက်နှာသို့ ပစ်ခတ်လိုက်သည်။ သူက ရန်သူမည်သူဖြစ်သည်ကို ဂရုမစိုက်ဘဲ နှစ်ယောက်လုံး အသက်ရှင်ရန်အတွက် ရုန်းကန်လိုက်ခြင်းဖြစ်သည်။ ကောင်းကင်ဓားပျံများက ရေမှော်တောအတွင်း မုန်တိုင်းတိုက်ခတ်သကဲ့သို့ တဝေါဝေါဝင်ရောက်သွားကြသည်။

အချိန်တစ်ခုကြာသောအခါ သူ၏လှုပ်ရှားမှုများ နှေးကွေးလာကာ အလွန်အကျွံထုတ်သုံးနေရသော ကောင်းကင်ချီများ စတင်ကုန်ခမ်းလာသည်။ ခဏအကြာတွင် သူက တောင့်မခံနိုင်တော့သဖြင့် စိတ်အတွင်းရှိဓားပျံကို အသက်သွင်းလိုက်ရသည်။ အဆုံးမရှိသော ကောင်းကင်ချီများက ကိုယ်တွင်းသို့ စီးဝင်လာကြသည်။ ဒန်တန်အတွင်းရှိ ကြယ်ကိုးလုံးကလည်း လည်ပတ်လာကာ ချီများကို အဆက်မပြတ် ထုတ်လုပ်ပေးနေကြသည်။ ကောင်းကင်ဓားပျံများစွာကို ပစ်ခတ်ပြီးနောက် သူ၏ကိုယ်တွင်းချီများက လုံးဝကုန်ခမ်းနေသဖြင့် စိတ်ရောကိုယ်ပါ နွမ်းနယ်နေခဲ့သည်။ သူက ပုံရိပ်ယောင်ကို တွန်းလှန်ခဲ့ရစဥ်က အစွမ်းကုန်သုံးထားရသောကြောင့် ပင်ပန်းနေပြီးဖြစ်သည်။ လက်ရှိတွင် သူက ကောင်းကင်ဓားပျံများ ဆက်တိုက်ဖန်တီးလိုက်သောအခါ ပင်ပန်းမှုက အဆမတန်များပြားလာကာ အသိစိတ်က စတင်ဝေဝါးလာခဲ့သည်။ သို့သော် လက်ရှိတွင် သူက လဲကျသွား၍မဖြစ်ကြောင်း နားလည်နေသောကြောင့် အားတင်းထားခဲ့သည်။ ပုံရိပ်ယောင်ချီများကလည်း သူ၏ကိုယ်တွင်းသို့ ထိုးဖောက်ရန် ကြိုးစားနေသဖြင့် အပ်ထောင်ပေါင်းများစွာနှင့် ထိုးစိုက်ခံနေရသယောင် ခံစားနေရသည်။

ထိုအချိန်၌ ပုံရိပ်ယောင်ပုလဲက တောက်ပလာပြီး အဖြူရောင်အလင်းတန်းများနှင့် ပုံရိပ်ယောင်ချီကို တားမြစ်လိုက်သည်။ အလင်းများကြားရှိ သိမ်မွေ့သောချီများက ယဲ့ချန်ကို အားဖြည့်ပေးရန်အတွက် စီးဝင်လာခဲ့သည်။

"အမွေးပွလေး"

ယဲ့ချန်၏ရင်ထဲတွင် အဆုံးအစမဲ့သတ္တိများ ဖြစ်ပေါ်လာသည်။ သူ၏စိတ်ထဲတွင် ကာကွယ်ပေးရမည့် လူပေါင်းများစွာ၏ပုံရိပ်များ ထွက်ပေါ်လာခဲ့သည်။ ထန်တိုက်လင်က သူ့ကိုကယ်ရန်အတွက် အသက်စွန့်ချိန်မှစ၍ သူ၏ရင်ဘတ်အတွင်း တစ်နေရာရသွားပြီဖြစ်သည်။ သူ၏ဒန်တန်က ဆတ်ခနဲတုန်ခါသွားကာ နယ်မြေက ဆက်တိုက်ကျယ်ပြန့်လာ၍ ကြယ်ကိုးလုံးကလည်း ပို၍ကြီးမားလာသည်။ ဓားပျံက ဆက်တိုက်တုန်ခါနေပြီး ကောင်းကင်ချီများက ကျင့်ကြံဆင့်အတားအဆီးကို ရေလှိုင်းကြီးပမာဝင်ဆောင့်၍ တိုက်စားလိုက်သည်။ သူက အဆုံးမဲ့အဆင့်ခြောက်သို့ရောက်ပြီးနောက် ကောင်းကင်ချီများ ပြန်လည်ပြည့်ဖြိုးလာကာ ဓားပျံများဖန်တီး၍ ပစ်ခတ်နိုင်ခဲ့သည်။

အလောင်းလူသားသည် သူ့ထံတိုးဝင်လာနေသော ဓားပျံများကို မြင်သော်လည်း အလေးမထားခဲ့ပေ။ ခရမ်းရောင်နှုတ်ခမ်းကို ပြုံးလိုက်ပြီး အနီရောင်လျှာဖြင့် သပ်လိုက်သည်။

"မင်းက ဓားပျံလေးနည်းနည်းလောက်နဲ့ ငါ့ကိုထိခိုက်အောင် လုပ်နိုင်မယ် ထင်နေတာလား"

သူက နှာခေါင်းရှုံ့၍ အေးစက်စက်ရေရွတ်လိုက်ခြင်းဖြစ်သည်။ သူက ညာလက်ကိုယမ်း၍ ပုံရိပ်ယောင်ချီများကို ဓားပျံများထံ ပစ်ခတ်လိုက်သည်။ သူက ပုံရိပ်ယောင်ချီကို အဆင့်အတန်းမြင့်မြင့်ကျင့်ကြံထားသောကြောင့် ရုပ်ဝတ္ထုများကိုပင် ၎င်းနှင့် တိုက်ခိုက်နိုင်စွမ်းရှိနေခဲ့သည်။ သို့သော် ပုံရိပ်ယောင်ချီက ဓားပျံများနှင့်အတွေ့တွင် ၎င်းက ထိုးဖောက်ခံလိုက်ရပြီး ဓားပျံများက အရှိန်တစ်ချက်ပင်မနှေးသွားဘဲ အလောင်းလူထံ ဆက်လက်တိုးဝင်လာကြသည်။ သူက ကြောက်လန့်သွား၍ မျက်လုံးများ ပြူးကျယ်လာခဲ့သည်။ ဓားပျံများက အစွမ်းထက်လွန်းနေပြီး သူ၏ပုံရိပ်ယောင်ချီပင် မတားဆီးနိုင်ခဲ့ပေ။ မျက်တောင်တစ်ခတ်အတွင်း ၎င်းတို့က သူ့ထံ တိုးဝင်လာသောကြောင့် ဆက်တွေးနေရန် အချိန်မရှိပေ။ ဝူဇီကိုတားမြစ်နေသော သူ၏အတားအဆီးစွမ်းအင်အလွှာကလည်း ဓားပျံများကြောင့် ဖျက်ဆီးခံလိုက်ရသည်။

အလောင်းလူက ဓားပျံများကိုရှောင်တိမ်းရန် ကိုယ်ကိုယိမ်းလိုက်သောအခါ ရာချီသောဓားများက နေရာအနှံဖြန့်ကျက်၍ တိုးဝင်လာကြသည်။ တဘန်းဘန်းမြည်သံများ ထွက်ပေါ်လာပြီး လင်းမိုင်အလောင်းကြီးပေါ်တွင် အပေါက်များစွာဖြစ်သွားခဲ့သည်။

"အား ငါ့ခန္ဓာကိုယ်"

အလောင်းပေါ်ရှိအပေါက်များကြောင့် အလောင်းလူက နာကျင်စွာအော်ဟစ်လိုက်သည်။ သူက အလောင်းနှင့်ကပ်တွယ်နေရပြီး မရွေ့လျားနိုင်သောကြောင့် ဓားပျံများက အလောင်းကိုထိုးဖောက်နေခြင်းအား ကြည့်နေရုံသာတတ်နိုင်ခဲ့သည်။ သူက ယဲ့ချန်ရှိနေသောအရပ်ကို စိုက်ကြည့်နေပြီး မျက်လုံးထဲမှ သွေးများ စီးကျလာခဲ့သည်။

"မင်း ငါ့ကို တကယ်ဒေါသထွက်အောင်လုပ်လိုက်မိပြီ"

သူ၏အသံက အက်ကွဲကြမ်းတမ်းနေကာ မုန်းတီးစိတ်များ ပေါင်းစပ်ပါဝင်နေသည်။

"ဟမ့် နောက်ထပ်ဓားပျံတွေ မပစ်နိုင်တော့ဘူးမလား။ မင်း ဘယ်လောက်ကြာကြာ ရုန်းကန်နိုင်မှာလဲ။ မင်းကို သေတဲ့အထိ ကစားပြမယ်"

ကောင်းကင်ဓားပျံက ရုတ်တရက်ရပ်တန့်သွားသောကြောင့် သူက အေးစက်စက်ကြုံးဝါးလိုက်သည်။ သူ၏မျက်လုံးထဲတွင် အမုန်းစိတ်များက ဆူနာမီလှိုင်းလုံးကြီးပမာ တဝုန်းဝုန်းပြင်းထန်နေသည်။ သူက ဓားပျံများရပ်တန့်သွားသောကြောင့် စိတ်အေးနေသော်လည်း စကားမဆုံးခင်မှာပင် ဓားပျံများက မိုးရွာသကဲ့သို့ တိုးဝင်လာပြန်သည်။ ကောင်းကင်ဓားပျံများက သူ၏ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်နေသောကြောင့် မျက်နှာပျက်နေခဲ့သည်။

ထိုအချိန်တွင် အလောင်းလူ၏အထက် ရေအောက်တွင် ကူးခတ်နေသော ဝူဇီက ထိုလူ၏အတားအဆီးအလွှာကို ဓားပျံများဖျက်ဆီးသွားကြောင်း သိလိုက်ရသည်။ သူက ခပ်လှောင်လှောင်ပြုံးလိုက်ပြီး လှစ်ခနဲထိုးဆင်းကာ အလောင်းလူ၏မျက်နှာကို လက်တံများဖြင့် ရစ်ပတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်လေးက ရန်သူ၏အမြင်အာရုံကို ဖုံးကွယ်သွားခဲ့သည်။

"ထွက်သွားစမ်း။ ခွေးကောင် မြန်မြန်ဖယ်စမ်း"

အလောင်းလူက အော်ဟစ်ဆဲဆို၍ ဝူဇီကိုခွာချရန် ကြိုးစားလိုက်သည်။ သို့သော် ဝူဇီက အလွန်ချောမွတ်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသောကြောင့် အသုံးမဝင်ပေ။ ထို့အပြင် ဝူဇီက ပုံရိပ်ယောင်ချီကို လုံးဝမကြောက်ပေ။ ကောင်းကင်ဓားပျံများ နီးကပ်လာချိန်တွင် ဝူဇီက ရေချီများနှင့်ပေါင်းစပ်၍ လှစ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။ သူက ထွက်မသွားခင်အချိန်တွင် အနက်ရောင်မင်ရည်များကို အလောင်းလူ၏မျက်နှာပေါ်သို့ ပန်းထုတ်ထားခဲ့သည်။ အလောင်းလူ၏မျက်လုံးအတွင်း ရေဘဝဲမင်ရည်များ စီးကျလာသောကြောင့် ကောင်းစွာမမြင်နိုင်ဖြစ်နေချိန်တွင် ဓားပျံတစ်ချောင်း ထိမှန်ခံလိုက်ရသည်။

"အား"

အလောင်းလူကို ဓားပျံက ထိမှန်သွားသောအခါ ပုံရိပ်ယောင်ချီများ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ထန်တိုက်လင်သည် နတ်အလင်းများနှင့်ဖန်တီးထားသော အကာအကွယ်ရှိသော်လည်း ပုံရိပ်ယောင်ချီများက ဆက်တိုက်တိုက်စားနေသဖြင့် အပေါက်များဖြစ်ပေါ်လာကာ ပျက်စီးလုနီးပါးဖြစ်နေသည်။ သူမ၏စိတ်ထဲတွင် ရေခဲပြာမျိုးနွယ်နှင့် ယဲ့ချန်၏ပုံရိပ် ထွက်ပေါ်လာကာ သက်တမ်းတိုလွန်းသောဘဝကြောင့် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ သူမက သေခြင်းနှင့်ရင်ဆိုင်ရလျှင် ခံစားချက်ရှိမည်မဟုတ်ဟု ထင်ထားခဲ့သော်လည်း အမှန်တကယ် သေဘေးနှင့်နီးကပ်လာသောအခါ ဂရုစိုက်ရန်ထိုက်တန်သော အရာများစွာရှိကြောင်း သဘောပေါက်ခဲ့သည်။ အတားအဆီးက ဘုန်းခနဲပေါက်ကွဲသွားချိန်တွင် သူမက မျက်လုံးများကိုမှိတ်၍ သေခြင်းနှင့် တည်ငြိမ်စွာ ရင်ဆိုင်လိုက်သည်။ သို့သော် သူမ၏ပတ်လည်ရှိ အစွမ်းထက်ပုံရိပ်ယောင်ချီများက ရုတ်တရက်ဆန်စွာဖြင့် ပျောက်ကွယ်သွားကြသည်။ ထိုအချိန်တွင် ထန်တိုက်လင်က မင်သက်သွားသော်လည်း ချက်ချင်းပြန်ဝင်လာကာ တိုက်ခိုက်လိုစိတ်များ ပြင်းထန်စွာဖြစ်ပေါ်လာသည်။

သူမ၏မြင်ကွင်းအတွင်း ရေမှော်တော်အတွင်းပိုင်းတွင် လဲကျနေသော ဧရာမအရိုးစုကြီးကို တွေ့လိုက်ရသည်။ အကြည့်တစ်ချက်နှင့်ပင် ၎င်းက ဒဏ္ဍာရီလာပင်လယ်မိစ္ဆာမျိုးနွယ် လင်းမိုင်ဖြစ်ကြောင်း သိလိုက်သည်။ အလောင်းပေါ်တွင် ဝတ်ရုံတစ်ခုလွှမ်းခြုံထားသော ခပ်ဝါးဝါးပုံရိပ်တစ်ခုက ဒေါသတကြီးအော်ဟစ်နေသည်။ ထန်တိုက်လင်က ထိုပုံရိပ်နှင့် အလောင်းကြီးဆက်နွယ်နေသည်ကို မြင်သောအခါ အရာအားလုံးကို ချက်ချင်းသဘောပေါက်လိုက်ပြီး ပင်လယ်နတ်ဘုရားလှံကို တုံ့ဆိုင်းခြင်းမရှိ အစွမ်းကုန်ပစ်ထုတ်လိုက်သည်။ ၎င်းက သက်တန့်အလင်းများ လွှမ်းခြုံ၍ လျှပ်စီးကြောင်းပမာ အလောင်းလူထံ ဦးတည်တိုးဝင်သွားခဲ့သည်။

အလောင်းလူက အန္တရာယ်ကို အာရုံခံမိလိုက်သည်။ သူက မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ထားပြီး လက်ချောင်းများကြားမှ အနီရင့်ရောင်သွေးများ စီးထွက်လာခဲ့သည်။ သူ၏လက်ချောင်းများကြားရှိ နေရာလပ်မှတဆင့် ကြည့်လိုက်သောအခါ လေထဲတွင် တဟုန်ထိုးတိုးဝင်လာနေသော ပင်လယ်နတ်ဘုရားလှံကို မြင်လိုက်ရသဖြင့် အလွန်ကြောက်လန့်သွားလေသည်။

All Chapters