← Chapters

လင်းမိုင်ပင်လယ်မိစ္ဆာ၏ သေလွန်ဝိညာဥ်

Vol. 33 Ch. 464

လင်းမိုင်ပင်လယ်မိစ္ဆာ၏ သေလွန်ဝိညာဥ်

Vol. 33 Ch. 464

ပုံရိပ်ယောင်ချီများ ပျက်စီးသွားချိန်တွင် ယဲ့ချန်သည် ရေမှော်တော၏အတွင်းပိုင်းကို ရှင်းလင်းစွာမြင်နိုင်ခဲ့သည်။ အလောင်းလူက သူ၏ကောင်းကင်ဓားပျံနှင့် ထိမှန်ခံလိုက်ရသည့်တိုင်အောင် အသက်ရှင်နေသဖြင့် အနည်းငယ်အံ့သြသွားခဲ့သည်။ ရန်သူ၏မျက်နှာပေါ်ရှိ ရူးသွပ်သောအမူအရာကို မြင်သောအခါ သူက ခံစားချက်များ ဆိုးရွားလာသဖြင့် ဓားပျံတစ်ချောင်းကို ထိန်းချုပ်ကာ ရန်သူ၏မျက်နှာအနီးတွင် ဖောက်ခွဲပစ်လိုက်သည်။

"အား"

ပေါက်ကွဲမှုကြောင့် အလောင်းလူက သတိလက်လွတ်ဖြစ်သွားချိန်တွင် ပင်လယ်နတ်ဘုရားလှံ ရောက်ရှိထိမှန်သွားသဖြင့် ဘုန်းခနဲ လွင့်ထွက်သွားခဲ့သည်။ လင်းမိုင်အလောင်းနှင့် ဆက်စပ်နေသော သူ၏ခြေအစုံက ပြတ်ထွက်သွားကာ သွေးများ ပန်းထွက်လာသည်။ သူ၏ခန္ဓာကိုယ်က မြေပြင်ပေါ်တွင်လဲကျသွားပြီး နာကျင်စွာ အော်ဟစ်ရုန်းကန်နေသည်။ ထို့နောက် သုံးခွလှံမှ သက်တန့်ရောင်အလင်းများထွက်ပေါ်လာကာ လွှမ်းခြုံသွားသဖြင့် အလောင်းလူ၏ခန္ဓာကိုယ်က ဖြည်းဖြည်းချင်းတိုက်စားခံလိုက်ရ၍ နောက်ဆုံးတွင် လုံးဝပျောက်ကွယ်သွားခဲ့သည်။ ပတ်ဝန်းကျင်ရှိ ပုံရိပ်ယောင်ချီအားလုံး ပျက်စီးသွားလေသည်။

ထန်တိုက်လင်က သူမ၏လှံကို ပြန်သိမ်းလိုက်ချိန်တွင် မောပန်းနေသဖြင့် ဖြူဖပ်ဖြူရော်ဖြစ်နေသော ယဲ့ချန်က လျှောက်လာခဲ့သည်။

"နင့်အပေါ်မှာ အကြွေးမတင်ချင်ဘူး"

ယဲ့ချန်က တစ်ချက်ပြုံး၍ ပြောလိုက်ခြင်းဖြစ်သည်။ အကယ်၍ ထန်တိုက်လင်သာ သူ့ကိုကယ်ရန်အတွက် သေဆုံးသွားလျှင် သူက ကြီးလေးသောအပြစ်တစ်ခုကို ထမ်းထားရသကဲ့သို့ ခံစားရပေလိမ့်မည်။ ယဲ့ချန်၏စကားကိုကြားသောအခါ သူမက လှပစွာပြုံးပြလာခဲ့သည်။ သူမက သေဘေးမှ လက်မတင်လေးလွတ်မြောက်ခဲ့ရသူဖြစ်သော်လည်း ထူးထူးခြားခြား တည်ငြိမ်နေသည်။

"ဒီကောင် သေပြီလား"

ယဲ့ချန်က လင်းမိုင်ကိုစိုက်ကြည့်ကာ မေးလိုက်သည်။ သူက အလောင်းလူ၏အရှိန်အဝါကို အာရုံမခံမိတော့ချေ။

"သေလောက်ပါပြီ"

ထန်တိုက်လင်က ခေါင်းညိတ်လိုက်သော်လည်း သူမ၏လေသံက မရေမရာဖြစ်နေခဲ့သည်။

"သူက ဘာကြီးလဲ။ ဘာလို့ အလောင်းကြီးပေါ်မှာ ရှိနေရတာလဲ"

"ဒဏ္ဍာရီထဲမှာ ရှေးခေတ်တုန်းက လင်းမိုင်လို့ခေါ်တဲ့ ပင်လယ်မိစ္ဆာမျိုးနွယ်တစ်ခု ရှိဖူးတယ်။ သူတို့က ပုံရိပ်ယောင်ပညာမှာ တစ်ဖက်ကမ်းခတ်ပြီး ဝိညာဥ်က အရမ်းသန်မာတယ်။ သူတို့ရဲ့ဝိညာဥ်တစ်ပိုင်းတစ်စက သူတို့သေသွားရင်တောင် ပုံရိပ်ယောင်ချီကို ထုတ်ဖော်ပေးနိုင်တယ်"

"ဝိညာဥ်လေးတစ်ခုက ဒီလောက်တောင် အစွမ်းထက်တာလား"

ထန်တိုက်လင်၏စကားကြောင့် ယဲ့ချန်က မင်သက်သွာခဲ့သည်။ ရှေးခေတ်မှဖြစ်တည်မှုတိုင်းက ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်ခဲ့ကြသည်။

"အလောင်းပေါ်မှာ ဒီသေလွန်ဝိညာဥ်ရှိနေတာ ဘယ်လောက်ကြာနေပြီလဲ မပြောတတ်ဘူး။ အလောင်းရဲ့စွမ်းအင်တွေကိုစုပ်ယူပြီး သူက အသိစိတ်ရှိလာတာ ဖြစ်ရမယ်။ ဒါပေမယ့် သေလွန်ဝိညာဥ်တစ်ခုထက် မပိုပါဘူး"

သူတို့က လင်းမိုင်သားရဲ၏ သေလွန်ဝိညာဥ်ကို သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ ကံကောင်းသောကြောင့်ဖြစ်သည်။ လင်းမိုင်သည် ရှေးခတ်မှ သားရဲတစ်ကောင်ဖြစ်ပြီး မွေးကာစအရွယ်၌ပင် ရွှမ်အဆင့်ခွန်အားကို ပိုင်ဆိုင်ထားကြသည်။ အရွယ်ရောက်ပြီး လင်းမိုင်တစ်ကောင်ဆိုလျှင် အလွန်တရာအစွမ်းထက်ပေလိမ့်မည်။ ယဲ့ချန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ထန်တိုက်လင်ရော သူပါ အချိန်တစ်ခုကြာ တိတ်ဆိတ်နေကြသည်။

ယဲ့ချန်သည် ထန်တိုက်လင်ကို စိုက်ကြည့်လိုက်သောအခါ ချောမွေ့သောအသားအရေ၊ ချယ်ရီရောင်နှုတ်ခမ်း၊ စင်ရော်တောင်မျက်ခုံးနှင့် လှပသောမျက်နှာလေးကို မြင်ခဲ့ရသည်။ သူမကလှပ၍ မြင့်မြတ်သောကြောင့် ဤကမ္ဘာနှင့်ပင် မသက်ဆိုင်ဟု ထင်မှတ်ရ၏။ ပုံရိပ်ယောင်နှင့် တိုက်ခိုက်နေစဥ်အတွင်း သူမ၏ဆံပင်များ ပြေကျသွားသောကြောင့် ပခုံးနှစ်ဖက်တွင် ဖြာကျနေသည်။ သူမ၏အဝတ်အစားများ စုတ်ပြဲနေပြီး အဖြူရောင်ပိုးချည်က ခန္ဓာကိုယ်လေးကို ဖုံးကွယ်ပေးထားသော်လည်း လှပသောကောက်ကြောင်းများကို အပြည့်အဝဖုံးကွယ် မထားနိုင်ချေ။ လှပသော ရင်ညွှန့်ရိုးလေးများနှင့် ဖြောင့်စင်းသွယ်လျသော ပေါင်တံလေးများက အပြစ်ကင်းစင်စွာ ထွက်ပေါ်နေသည်။ သူမက အေးစက်တည်ငြိမ်နေသကဲ့သို့ တစ်ချိန်တည်းမှာပင် ဆွဲဆောင်အားပြင်းလှသည်။ သူမ၏အလှက ကြမ်းတမ်းစွာ ဆွဲဆောင်နေသဖြင့် မြင်ရသူအပေါင်း၏ နှလုံးသားများကို သွေးယိုစီးကျစေနိုင်သည်။

"အဟမ်း နင် အဝတ်အစားလေး ဘာလေးလဲပါဦး"

ယဲ့ချန်က ခေါင်းကုတ်၍ ချောင်းတစ်ချက်ဟန့်ကာ သတိပေးလိုက်သည်။

"နင်က သေတာရှင်တာကျ ဂရုမစိုက်ဘဲ ငါ့ခန္ဓာကိုယ်ကို ဂရုစိုက်နေတာလား"

ထန်တိုက်လင်က ခေါင်းငုံ့ကြည့်လိုက်သောအခါ သူမ၏ခန္ဓာကိုယ်ပေါ်မှ အခြေအနေကို သိလိုက်သည်။ သူမက တည်ငြိမ်စွာ ပြောလိုက်ခြင်းဖြစ်သော်လည်း ပါးနှစ်ဖက်တွင် ရှက်သွေးလေးများ နီမြန်းနေသည်။ သူမက သိုလှောင်အိတ်အတွင်းမှ အပြာရောင်ဝတ်စုံတစ်ထည်ကို ထုတ်ယူ၍ ချက်ချင်းပြောင်းလဲ ဝတ်ဆင်လိုက်သည်။ သူမက ယဲ့ချန်ရှေ့တွင် အဝတ်အစားလဲနေခြင်းဖြစ်သောကြောင့် ယဲ့ချန်က မျက်နှာပူပူဖြင့် တစ်ဖက်သို့လှည့်လိုက်ရသည်။ ပင်လယ်မိစ္ဆာများ၏အတွေးက လူသားများနှင့် အမှန်တကယ်ကွာခြားကြောင်း သူက စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။ သူက မျက်နှာလွှဲထားသော်လည်း မျက်လုံးထောင့်မှ ရိုးတိုးရိပ်တိတ်မြင်လိုက်ရသော ထန်တိုက်လင်၏ခန္ဓာကိုယ်က ပြည့်စုံကာ ပြစ်ချက်မရှိကြောင်း ဝန်ခံရပေလိမ့်မည်။

အဝတ်အစားလဲပြီးသောအခါ ထန်တိုက်လင်သည် စီကုန်းကျင်းမင်၏အလောင်းကို ဝမ်းနည်းစွာ ငုံ့ကြည့်နေခဲ့သည်။

"ရတနာတွေရှိမလား တစ်ချက်လောက်သွားကြည့်ရအောင်။ အကြီးအကဲစီကုန်းရဲ့အလောင်းကို အပြန်မှ ယူသွားကြမယ်"

သေသူက သေပြီဖြစ်သောကြောင့် ထန်တိုက်လင်ဝမ်းနည်းနေသည်ကို မကြည့်ရက်သော ယဲ့ချန်က စကားလမ်းကြောင်းလွှဲလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်က လင်းမိုင်၏အရိုးစုထံ ချဥ်းကပ်လာကြသည်။ ၎င်း၏ကိုယ်ပေါ်တွင် အပေါက်များပြည့်နှက်နေပြီး ရေထဲတွင် အနက်ရောင်မင်ရည်များ လွင့်မျောနေသည်။

"ဒါက နင့်ဓားပျံတွေရဲ့ လက်ချက်လား"

ထန်တိုက်လင်က အလောင်းကြီးကို အကြမ်းဖျင်းစစ်ဆေး၍ ရေရွတ်လိုက်ခြင်းဖြစ်သည်။ ယဲ့ချန်က ဟုတ်မှန်ကြောင်းခေါင်းညိတ်ပြလိုက်ပြီး လင်းမိုင်၏အလောင်းကို စစ်ဆေးလိုက်သည်။ ဤအလောင်းက သူတို့နှစ်ယောက်လုံးကို သတ်နိုင်လုနီးပါးဖြစ်သောကြောင့် အသက်ရှင်စဥ်ကဆိုလျှင် အလွန်တရာအစွမ်းထက်ပေလိမ့်မည်။

ထိုအချိန်တွင် ရေထဲ၌ကူးခတ်နေသော ဝူဇီက ယဲ့ချန်၏ခေါင်းပေါ်သို့ လှစ်ခနဲ ဆင်းသက်လာခဲ့သည်။ သူက လက်တံလေးများကို ဝှေ့ယမ်း၍ ပျော်ရွှင်စွာအော်ဟစ်နေသည်။

"တော်တယ် ဝူဇီ"

ယဲ့ချန်က သူ၏ခေါင်းကိုပုတ်ကာ ချီးကျူးလိုက်သည်။ အကယ်၍ ဝူဇီသည် အလောင်းလူ၏အမြင်အာရုံကို မင်ရည်များနှင့် နှောင့်ယှက်မပေးခဲ့လျှင် ကောင်းကင်ဓားပျံများက ပစ်မှတ်ကိုထိရန် လွယ်ကူမည်မဟုတ်ပေ။ ချီးကျူးခံလိုက်ရသောအခါ ဝူဇီက ပျော်ရွှင်စွာဖြင့် ရေထဲတွင် ကူးခတ်ပြလိုက်သဖြင့် ယဲ့ချန်က တစ်ချက်ပြုံးလိုက်မိသည်။ ထိုအချိန်တွင် ရေမှော်တောအတွင်းမှ ဝိညာဥ်အသိစိတ်အချို့ ဆက်တိုက်နိုးထလာကြောင်း ယဲ့ချန်ရော ထန်တိုက်လင်ပါ အာရုံခံမိလိုက်သည်။

"ဟောရန်နဲ့မင်ဖုန်း မသေဘူး။ ဒါဆိုရင် စီကုန်းကျင်းမင်လည်း သေမှာမဟုတ်ဘူး"

ထန်တိုက်လင်မျက်ဝန်းများက ပျော်ရွှင်မှုကြောင့် တောက်ပလာသည်။ အကယ်၍ စီကုန်းကျင်းမင်သာ သေဆုံးသွားလျှင် ရေခဲပြာမျိုးနွယ်အတွက် ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်ရပေလိမ့်မည်။

"ဒါဆိုရင် ပုံရိပ်ယောင်က သူတို့ကို မသတ်နိုင်ခဲ့ဘူးပေါ့"

ယဲ့ချန်သည်လည်း နိုးထလာသော အရှိန်အဝါများကို အာရုံခံမိသဖြင့် ရေရွတ်လိုက်ခြင်းဖြစ်သည်။

"အဆုံးမဲ့အဆင့်တွေတော့ သေကုန်ပြီ။ ထူးကဲအဆင့်ကျင့်ကြံသူတွေရဲ့ အသိစိတ်က သန်မာလို့ ယာယီသတိလစ်သွားတာဖြစ်လိမ့်မယ်"

ထန်တိုက်လင်က ခန့်မှန်း၍ ဖြေလိုက်သည်။

"ကြောက်စရာကောင်းလိုက်တဲ့ ပုံရိပ်ယောင်"

ထိုအချိန်တွင် ရေမှော်တောအတွင်းမှ နိုးထ၍ထိုင်လိုက်သော ကောင်းကင်ဘုရင်ဟောရန်က ရေရွတ်လိုက်ခြင်းဖြစ်သည်။ ရက်စက်ကြမ်းကြုတ်သော ဟောရန်ပင် လင်းမိုင်၏စွမ်းအားကို ကြောက်လန့်နေပြီဖြစ်သည်။ သူ ထထိုင်လိုက်ချိန်တွင် ရေထဲရှိ အနက်ရောင်အရိပ်တစ်ခုက သူ၏အရိပ်အတွင်း ဖြည်းညှင်းစွာ ပေါင်းစပ်သွားခဲ့သည်။

"မြန်မြန်ရှာရအောင်။ ဒီကောင်တွေရောက်လာရင် ရတနာတွေ ပါသွားလိမ့်မယ်"

ယဲ့ချန်က ထန်တိုက်လင်ကို သတိပေးကာ လင်းမိုင်မျိုးနွယ်၏အလောင်းဘေးတွင် စတင်ရှာဖွေလိုက်သည်။ ဟောရန်နှင့်မင်ဖုန်း အပြည့်အဝနိုးထမလာခင် ရတနာများကို သူက လက်ဦးမှုယူရန်ဖြစ်သည်။ လင်းမိုင်သည် ရှေးခေတ်ဟောင်းမှ အစွမ်းထက်ကျင့်ကြံသူဖြစ်သောကြောင့် သေလွန်ဝိညာဥ်လေးတစ်ခုကပင် အစွမ်းထက်နေသောအခါ ရတနာကောင်းများ ရှိနေနိုင်သည်။ လင်းမိုင်၏ဖိအား ပျောက်ကွယ်သွားသောအခါ သူက ဝိညာဥ်အသိစိတ်ကိုထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို ဂရုတစိုက်အသေးစိတ် ရှာဖွေနိုင်ခဲ့သည်။

ထန်တိုက်လင်က လှည့်ပတ်ကြည့်ရှု၍ လင်းမိုင်၏အမြှီးရိုးကို ဖြုတ်ယူလိုက်သည်။ ၎င်းကို ကျာပွတ်တစ်ခုအဖြစ် အသုံးချနိုင်ပြီး တိုက်ခိုက်ခံရသော ပစ်မှတ်က ပုံရိပ်ယောင်ကြောင့် စိတ်ရှုပ်ထွေးသွားနိုင်သည်။ လင်းမိုင်၏အလောင်းတွင် ကျန်အစိတ်အပိုင်းများက အရိုးကျနေပြီဖြစ်သောကြောင့် အသုံးမဝင်ပေ။ ယဲ့ချန်နှင့် ထန်တိုက်လင်က ရတနာများ ရှာမတွေ့ခဲ့ပေ။

ထိုအချိန်၌ ဝူဇီက အလောင်း၏ဦးခေါင်းပိုင်းတစ်နေရာရှိ သဲပြင်ကို လက်တံလေးများဖြင့် တူးဆွနေခဲ့သည်။ ဝူဇီက တစ်ခုခုကို တွေ့ထားနိုင်သောကြောင့် ယဲ့ချန်က လျင်မြန်စွာကူညီ တူးဆွပေးလိုက်သည်။ သူက လင်းမိုင်အလောင်းကို အားသုံး၍တွန်းဖယ်လိုက်ပြီး ဆယ်မီတာအထိတူးထုတ်ပြီးသောအခါ အနီရင့်ရောင် သစ်သားသေတ္တာလေးတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဒါက ဘာများလဲ"

ယဲ့ချန်က စိတ်လှုပ်ရှားစွာဖြင့် သေတ္တာကို ကောင်းကင်ချီနှင့် လက်ဖဝါးအတွင်း စုပ်ယူလိုက်သည်။ ၎င်းကိုပြုလုပ်ထားသော သစ်က မည်သည့်အမျိုးအစားမှန်းမသိရသော်လည်း အလွန်မာကျောကြောင်း ပြောနိုင်သည်။ ရေအောက်တွင် နှစ်ပရိစ္ဆေဒကြာအောင် နစ်မြုပ်နေသော်လည်း လုံးဝယိုယွင်းမှု မရှိချေ။ မျက်နှာပြင်ပေါ်တွင် အစိမ်းရောင် အစက်အပြောက်အနည်းငယ်သာ ရှိသည်။ ရတနာရှာဖွေရာတွင် ဆရာကျသော ဝူဇီကြောင့်သာမဟုတ်လျှင် ယဲ့ချန်ရော ထန်တိုက်လင်ပါ ၎င်းကို ရှာတွေ့နိုင်စရာ အကြောင်းမရှိပေ။

ယဲ့ချန်က သေတ္တာပေါ်ရှိ အစိမ်းရောင်အစက်အပြောက်များကို သုတ်လိုက်သောအခါ သေတ္တာ၏အသွင်က ခမ်းနားစွာ ထွက်ပေါ်လာသည်။ ၎င်းပေါ်တွင် ပင်လယ်မိစ္ဆာနှင့် ပင်လယ်သားရဲမျိုးစုံက အဆုံးမဲ့ပင်လယ်အတွင်း ကူးခတ်နေပုံကို အသေးစိတ်ရေးထွင်းထားသည်။

"ဒီသေတ္တာထဲမှာ ဘာတွေရှိလဲ"

ယဲ့ချန်က သေတ္တာကို ဖွင့်လိုက်သောအခါ တောက်ပသော ကျောက်မျက်ရတနာများ ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့က ကျူကုန်းကုန်း၏ရတနာများထက် ပို၍တောက်ပနေခဲ့သည်။ သေတ္တာအတွင်း လည်ဆွဲရှစ်ခုပါရှိကာ တစ်ခုချင်းစီတွင် ကျောက်မျက်ရတနာတစ်ခုစီ ရှိနေသည်။ ၎င်းတို့က ပုံစံချင်း တစ်ထပ်တည်းတူညီသော်လည်း အနီ၊ ပန်းရောင်၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ ခရမ်း၊ အပြာနှင့် စိမ်းပြာဟူ၍ အရောင်ရှစ်မျိုး ကွဲပြားနေသည်။ တစ်ခုချင်းစီက မိန်းမလှများ၏စိတ်ကို ဖမ်းစားနိုင်စွမ်းရှိကြသည်။ လည်ဆွဲရှစ်ခုကို ယဲ့ချန်က ကောက်ယူလိုက်သောအခါ သေတ္တာအောက်ခြေတွင် ရတနာလက်စွပ်သုံးခု ထွက်ပေါ်လာသည်။ ၎င်းတို့၏ပုံစံက တည်ကြည်ခန့်ညားသောကြောင့် အမျိုးသားများဝတ်ဆင်ရန်အတွက် ဖန်တီးထားခြင်း ဖြစ်နိုင်သည်။ ရတနာများထံမှ ထွက်ပေါ်နေသော အရှိန်အဝါက ပတ်ဝန်းကျင်ရှိ လူတိုင်း၏စိတ်ကို ကြည်လင်လန်းဆန်းစေသည်။

"ဒါတွေက စိတ်သန့်စင်ကျောက်မျက်တွေများလား"

ယဲ့ချန်က အံ့သြစွာ ရေရွတ်လိုက်ခြင်းဖြစ်သည်။ သူက လက်မောင်းကာပိုင်ရှင် ချန်ထားရစ်ခဲ့သော ရှေးမှတ်တမ်းများအတွင်း ၎င်းတို့ကို မြင်ဖူးထားသည်။

"ဟုတ်လောက်တယ်။ ဒါတွေကို ဝတ်ဆင်လိုက်ရင် ပုံရိပ်ယောင်ကာကွယ်နိုင်စွမ်း မြင့်လာလိမ့်မယ်။ ဒါတွေက ပုံရိပ်ယောင်သခင်တွေကို တန်ပြန်နိုင်စွမ်းရှိတော့ လင်းမိုင်က ကောင်းကောင်းဖုံးကွယ်ထားတာ မထူးဆန်းဘူး"

ထန်တိုက်လင်က ခေါင်းညိတ်လိုက်သည်။ လည်ဆွဲရှစ်ခုနှင့် လက်စွပ်သုံးကွင်းထံမှ ထွက်ပေါ်နေသော အရှိန်အဝါများက ပုံရိပ်ယောင်၏တိုက်စားမှုကြောင့် ရှုပ်ထွေးနေဆဲဖြစ်သော ထန်တိုက်လင်၏စိတ်ကို ကြည်လင်လန်းဆန်းသွားစေခဲ့သည်။ စိတ်သန့်စင်ကျောက်မျက်များထံမှ ထွက်ပေါ်နေသော အလင်းက စိတ်ကို တည်ငြိမ်စေနိုင်စွမ်း ရှိနေခဲ့လေသည်။

All Chapters