← Chapters

ရွေးချယ်မှု

Vol. 18 Ch. 239

ရွေးချယ်မှု

Vol. 18 Ch. 239

ထိုအင်မောတယ်လှိုဏ်ဂူမှာ တစ်ရက်နေပြီးနောက် ဟန်လိသည် သူ့ဆရာဖြစ်သူ လီဟွာယွမ်နှင့် ဆရာကတော်တို့ရှေ့မှာ ရပ်နေသည်။ ထို့နောက်တွင် သူသည် ဆရာဖြစ်သူ၏ မထူးခြားနားဟန်ဖြင့် ပြောစကားကို ကြားရသည်။ “ဟန်လိ…မင်း ဆရာဆီက ဘာတောင်းဆိုမလဲ စဉ်းစားပြီးလောက်ပြီ မလား။ အခု မင်းတောင်းဆိုချက်ကို ပြောနိုင်ပြီ…”

“တပည့်က တပည့်နဲ့ သင့်တော်မယ့် ကျင့်ကြံခြင်းပညာရပ်တစ်ခုကို လိုချင်ပါတယ်။ ဆရာဆီက ကျင့်ကြံခြင်း ပညာရပ် တစ်ခုနှစ်ခုရဖို့ တပည့် မျှော်လင့်မိပါတယ်…”

ထိုကိစ္စနှင့် ပတ်သတ်ပြီး လေးလေးနက်နက် စဉ်းစားဖို့ မလိုခဲ့ပေ။ ဟန်လိက ချက်ခြင်းပင် သူ လိုချင်တာကို တန်းပြောသည်။

လီဟွာယွမ်က ဟန်လိ၏ တောင်းဆိုမှုကို ကြားသည့်အခါ အံ့အားတသင့် မဖြစ်သွား၊ သူ့ဘေးရှိ ဇနီးဖြစ်သူကိုသာ ခပ်ရေးရေး ပြုံးပြသည်။ သူက တစ်ခုခု ပြောချင်ဟန်တူ၏။ သူ ပြောချင်သည့် စကားတို့မှာ “ ကဲ ဘယ်လိုလဲ၊ အစ်ကို ပြောခဲ့တိုင်းအတိုင်း မမှားဘူးတွေ့လား။ မျှော်လင့်ထားသလိုပဲ သူက ကျင့်ကြံခြင်းပညာရပ်ကို တောင်းဆိုလာတာပဲလေ…” ဟူ၍ ဖြစ်လိမ့်မည်။

ထို့နောက်တွင် သူက ဟန်လိထံ အကြည့်ပြန်ရောက်သွားပြီး တည်ငြိမ်စွာ ပြောသည်။ “အင်း…မင်းရဲ့ ရွေးချယ်မှုက မဆိုးလှပါဘူး။ အရင်ဆုံး မင်းရဲ့ စိတ်ဝိညာဉ်ရင်းမြစ်တွေကို ဆရာ စစ်ဆေးကြည့်မယ်။ ပြီးမှ မင်းကို ဘယ်လိုကျင့်ကြံခြင်းပညာရပ် ပေးမလဲဆိုတာ ငါ ဆုံးဖြတ်မယ်…”

ဟန်လိက ထိုစကားကို ကြားသည့်အခါ သူက နှေးဖင့်မနေဝံ့၊ ချက်ခြင်း ရှေ့ကို လှမ်းလာသည်။ သူ့ဆရာက သူ့လက်ကောက်ဝတ်ကို လှမ်းဆုပ်ကိုင်သည်။ သူ့သွေးကြောများ တလျှောက် စွမ်းအင်တစ်ခု အလျင်အမြန် လှည့်ပတ်သွားချေ၏။

“သတ္တုကျင့်ကြံခြင်းပညာရပ်တွေက လွဲလို့၊ တခြား ဒြပ်စင်ပညာရပ်အားလုံးကို ကျင့်ကြံလို့ ရနိုင်တယ်။ မင်းမှာ စိတ်ဝိညာဉ်ရင်းမြစ်လေးခု တကယ်ပဲ ရှိနေတာကို။ ဘယ်လောက် ဆိုးလိုက်လဲ။ အဲ့နေ့တုန်းက မင်းမှာ အတုအယောင်စိတ်ဝိညာဉ်ရင်းမြစ်တွေ ပိုင်ဆိုင်ထားမှာလောက်ပဲ ငါ သိခဲ့တာ။ ဒါပေမဲ့ အခုလောက်ထိ ဆိုးလိမ့်မယ်လို့တော့ ငါ မထင်ထားမိခဲ့ဘူး…”

ဟန်လိ၏ ပါရမီကို ခဏ စစ်ဆေးကြည့်ပြီးနောက်မှာ လီဟွာယွမ်၏ အမူအရာသည် နည်းနည်း ထူးခြားသလို ဖြစ်သွား၏။ သူက သက်ပြင်းချကာ ပြော၏။

သူ့ဘေးမှ မိန်းမပျိုသည် ထိုစကားကို ကြားသည့်အခါ သူမမှာလည်း အံ့အားသင့်ဟန် အမူအရာ ဖြစ်ပေါ်သွားသည်။ သူမက စကားတော့မဆို တိတ်ဆိတ်နေ၏။ သို့သော် ဟန်လိကို ခြေဆုံးခေါင်းဆုံး စူးစမ်းကာ မကြည့်မိဘဲ မနေနိုင် ဖြစ်သွားသည်။

“တပည့်ရဲ့ ပါရမီက ဆိုးဝါးလွန်းပါတယ်။ ဆရာ့ကို စိတ်ပျက်စေရပြီ…”

ဟန်လိ၏ မျက်နှာမှာ အတန်ငယ် နီမြန်းသွားပြီး သူက အရှက်ရဟန်ဖြင့် ပြန်တုန့်ပြန်သည်။

“ကိစ္စမရှိဘူး။ မိုးကောင်းကင်က မင်းကို အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်စေခွင့် ပေးမှတော့ မင်းမှာ ကိုယ်ပိုင်ကံတရား ရှိနေမှာ သေချာတယ်။ ဒါပေမဲ့ အဲ့လိုဆိုရင်တောင် ကျင့်ကြံခြင်းအတွက် မင်းရဲ့ ရွေးချယ်မှုတွေအပေါ် နည်းနည်းတော့ ပြဿနာတချို့ ရှိနိုင်တယ်…”

“ဆရာ ဘာကိုများ ဆိုလိုတာပါလဲ…”

ဟန်လိက သည်စကားကို ကြားသည့်အခါ ချက်ခြင်း မမေးပေ။ သို့သော်လည်း သူသည် သံသယကြီးစွာ ဖြစ်မိသည်။

“တကယ်ပဲ။ ငါ ပိုရှင်းပြပေးမယ်။ တကယ်တော့ နင့်ဆရာဟာ အစတုန်းက နင့်ကို ပိုကောင်းတဲ့ ကျင့်ကြံခြင်းပညာရပ်တစ်ခုကို ရွေးချယ်စေချင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ သူက နင့်ရဲ့ စိတ်ဝိညာဉ်ရင်းမြစ်တွေကို မြင်ပြီး ချီတုံချတုံ ဖြစ်ကုန်တယ်။ တကယ်တော့ ကျင့်ကြံခြင်းပညာရပ်ဟာ ပိုကောင်းလေလေ ကျင့်ကြံဖို့ ပိုခက်လေပဲ။ ရိုးရှင်းတဲ့ ကျင့်ကြံခြင်းပညာရပ်ဆိုရင်တော့ နင့်အနေနဲ့ နည်းနည်းပါးပါး ပိုမြန်မြန် ကျင့်ကြံနိုင်ပြီး ပိုကောင်းလိမ့်မယ်…”

မိန်းမပျိုက လီဟွာယွမ်အစား ဟန်လိကို နွေးထွေးသော လေသံဖြင့် ရှင်းပြသည်။

“အမှန်ပဲ။ ငါ့ဇနီးက ငါ့အတွေးကို ဖတ်နိုင်တာပဲကို…” လီဟွာယွမ်သည် ထပ်ခါထပ်ခါ ခေါင်းညိတ်ပြ၏။ ထို့နောက်တွင် သူက ဆက်၍ ရှင်းပြသည်။ “အင်မောတယ်ကျင့်ကြံသူတွေရဲ့ ကျင့်ကြံခြင်းပညာရပ်တွေကို ကျင့်ကြံတဲ့ အမြန်နှုန်းနဲ့ သက်ရောက်မှုတွေပေါ် မူတည်ပြီး ယေဘူယျအားဖြင့် အဓိကအမျိုးအစားသုံးမျိုး ခွဲထားတယ်။ ပထမဆုံးအကြိမ်အဖြစ် ဒီပညာရပ်ကိုကျင့်ကြံပြီးတဲ့နောက် လူတစ်ယောက်ရဲ့ မှော်စွမ်းအား တိုးတက်မှု အမြန်နှုန်းဟာ အဆင့်နိမ့်ကျင့်ကြံခြင်းပညာရပ်တွေနဲ့ အလားသဏ္ဍာန်တူတယ်။ ဒါပေမဲ့ အဲ့ပညာရပ်ဟာ ရန်သူတွေကို ဖိနှိပ်နိုင်တဲ့ နတ်စွမ်းရည်ကို ရစေဖို့ အာမခံနိုင်တယ်။ ဒီစွမ်းအားဟာ ထိပ်တိုက်တိုက်ပွဲအတွက် သင့်တော်တယ်။ ကောင်းမွန်တယ်။ လူတစ်ယောက်ရဲ့ မှော်စွမ်းအားဟာ အဆင့်နိမ့်နေရင်တောင် ပိုအဆင့်မြင့်တဲ့ ကျင့်ကြံသူတွေကို တိုက်ခိုက်နိုင်စွမ်း ရှိလိမ့်မယ်။ အခက်အခဲတော့ နည်းနည်း ရှိတာပေါ့။ ဒါ့ကြောင့်လည်း အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ဝင်ရောက်နိုင်စွမ်း မရှိတာ သိတဲ့သူတွေဟာ များသောအားဖြင့် ဒီလိုကျင့်ကြံခြင်းပညာရပ်ကို ရွေးချယ်ကြတယ်…”

“ဒုတိယအမျိုးအစား ကျင့်ကြံခြင်းပညာရပ်ကတော့ ပထမတစ်ခုနဲ့ ဆန့်ကျင်ဘက်ပဲ။ ဒီကျင့်ကြံခြင်းပညာရပ်တွေဟာ လူတစ်ယောက်ရဲ့ မှော်စွမ်းအားကို အံ့အားသင့်ဖွယ် အမြန်နှုန်းနဲ့ တိုးတက်စေနိုင်တယ်။ ကျင့်ကြံဖို့လည်း လွယ်ကူသေးတယ်။ ဒါပေမဲ့ အားနည်းချက်တစ်ခုတော့ ရှိတယ်။ ပထမအမျိုးအစား ကျင့်ကြံခြင်းပညာရပ်ရဲ့ အားသာချက်ဖြစ်တဲ့ နတ်စွမ်းရည်ဟာ ဒီဒုတိယအမျိုးအစား ကျင့်ကြံခြင်းမှာ မရနိုင်ဘူး။ ဒါ့အပြင် ဒုတိယအမျိုးအစားကို ကျင့်ကြံတဲ့သူတွေဟာ ပထမအမျိုးအစားကျင့်ကြံခြင်းပညာရပ်တွေကို ကျင့်ကြံတဲ့သူတွေထက် အဆင့်တစ်ဆို့တာကို ကြုံရတာ ပိုနည်းတယ်။ ဒါ့ကြောင့်လည်း အဲ့လို ကျင့်ကြံခြင်းပညာရပ်တွေဟာ ခုခံကာကွယ်ဖို့အတွက်တော့ စွမ်းအား မပြည့်ဝတော့ဘူး။ သူတို့ရဲ့ နတ်စွမ်းရည်တွေဟာ နုံချာနေရောပဲ။

ဒုတိယအမျိုးအစား ကျင့်ကြံခြင်းပညာရပ်တွေကို ရွေးချယ်တဲ့သူတွေဟာ သူတို့တဘဝလုံး ကျင့်ကြံရင်တောင် အဆင့်တူတွေထဲမှာ အားနည်းသူတွေ ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့လည်း သူတို့က မိုးကောင်းကင်တာအိုရဲ့ မြင့်မားတဲ့အဆင့်ထိ ကျင့်ကြံချင် ကျတယ်လေ။ ဒီလမ်းကြောင်းအတိုင်း ကျင့်ကြံသူ အရေအတွက်ဟာလည်း မနည်းလှဘူး။ တကယ်တော့ အဲ့နည်းလမ်းဟာ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်နိုင်ဖို့အတွက် အလွယ်ဆုံး နည်းလမ်းဖြစ်နေတယ်လေ…”

လီဟွာယွမ်သည် ထိုသို့ ပြောပြီးနောက်မှာ စကားခဏ ရပ်ပြီး ဟန်လိကို ပြုံး၍ ကြည့်သည်။ ထို့နောက်တွင် သူက ပြုံး၍ မေးသည်။ “တပည့်က ဘယ်လို အမျိုးအစား ကျင့်ကြံခြင်းပညာရပ်ကို ကျင့်ကြံချင်လဲ။ ဒီလမ်းကြောင်းနှစ်ခုထဲမှာတော့ တစ်ခုခုက မင်းနဲ့ သင့်တော်ကောင်း သင့်တော်မှာပါ…”

ဟန်လိသည် သူ့ဆရာ မေးတာ ကြားသည့်အခါ ခဏ စဉ်းစားသည်။ သူက ချီတုံချတုံ ဖြစ်ကာ တွေဝေနေမိသည်။ သူက မေးလိုက်၏။ “ဆရာ…ကျင့်ကြံခြင်းပညာရပ်တွေဟာ အမျိုးအစားသုံးမျိုး ရှိတာ မဟုတ်ဘူးလား။ ဘာကြောင့် ကျနော့်ကို နှစ်မျိုးပဲ ရှင်းပြတာလဲဗျ…”

ဟန်လိ၏ အမေးကို လီဟွာယွမ်တို့ ဇနီးမောင်နှံ့နှစ်ယောက်လုံးက ကြား၏။ ထိုအခါ လီဟွာယွမ်၏ ဇနီးဖြစ်သူ မိန်းမပျိုက ပြုံးသည်။ လီဟွာယွမ်သည် ဟန်လိကို မျက်နှာချင်းဆိုင် ကြည့်ကာ ပြန်ဖြေသည်။ “အဲ့အမျိုးအစားနှစ်ခုအပြင် တတိယအမျိုးအစားဖြစ်တဲ့ သာမန်ထက်ထူးကဲတဲ့ ကျင့်ကြံခြင်းပညာရပ်အချို့လည်း ရှိသေးတယ်။ ကျင့်ကြံသူအများစုဟာ အဲ့လို ထိပ်တန်းကျင့်ကြံခြင်းပညာရပ်တွေနောက် လိုက်လံစူးစမ်းကြတယ်။ ဒါပေမဲ့ မင်းရဲ့ ဆရာတစ်ယောက်အနေနဲ့ အဲ့လိုပညာရပ်တွေကို ကျင့်ကြံဖို့တော့ အားမပေးချင်ဘူး။ ဒါ့အပြင် မင်းရဲ့ စီနီယာအစ်ကိုခုနစ်ယောက်ကလည်း အဲ့ပညာရပ်တွေကို ကျင့်ကြံဖို့ မရွေးချယ်ခဲ့ကြဘူး။ ဒီပညာရပ်တွေဟာ ပထမအမျိုးအစား ကျင့်ကြံခြင်းလမ်းကြောင်းနှစ်ခုရဲ့ အားသာတဲ့အချက်တွေကို ပေါင်းစည်းထားပြီး မှော်စွမ်းအားမှာကော၊ နတ်စွမ်းရည်မှာကော တိုးတက်မှု မြန်ဆန်စေပေမယ့် အတားအဆီးတွေတော့ များတယ်။ ဒီပညာရပ်တွေဟာ ရှေ့တိုးတက်ဖို့အတွက် ခက်ခဲတဲ့အပြင် ကျင့်ကြံရာမှာလည်း အန္တရာယ်များလှတယ်။ ပေါ့ဆမိတာနဲ့ မမျှော်လင့်တာတွေပါ ဖြစ်သွားနိုင်တယ်။ မင်းဆရာကတော်ကလည်း အဲ့လို ထိပ်တန်းကျင့်ကြံခြင်း ပညာရပ်တစ်ခုကို ကျင့်ကြံတာပဲ။ ဒါပေမဲ့ သူမဟာ ပေါ့ဆမိသွားတဲ့အတွက် သေလုနီးပါး ဖြစ်သွားခဲ့ရသေးတယ်။ ဒါ့ကြောင့် ထူးထူးကဲကဲနဲ့ ပါရမီ မကောင်းဘဲ လူတစ်ယောက်ဟာ အဲ့လိုမျိုး ကျင့်ကြံခြင်းပညာရပ်တွေကို ကျင့်ကြံမယ်ဆို ကိုယ့်ကိုယ်ကိုယ် သက်သေသလို ဖြစ်နေလိမ့်မယ်…”

“ငါ့မှာ အဲ့လိုထိပ်တန်း ကျင့်ကြံခြင်းပညာရပ် နှစ်ခု၊သုံးခု ပိုင်ဆိုင်ထားပေမယ့်လည်း မင်းအနေနဲ့ ဒါတွေကို အောင်မြင်အောင် ကျင့်ကြံနိုင်ပါ့မလား။ ဘာပဲဖြစ်ဖြစ်…ငါက မင်းအပေါ် အကြွေးတင်နေတဲ့အတွက် မင်းအနေနဲ့ အဲ့ထိပ်တန်းကျင့်ကြံခြင်းပညာရပ်တွေကို ရွေးချယ်မယ်ဆိုရင်လည်း ဆရာကတော့ မင်းကို ပေးမှာပဲ။ ဒါပေမဲ့ နောင်မှာ ကြုံလာမယ့် အခက်အခဲတွေ၊ အန္တရာယ်တွေကိုတော့ မင်း ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရလိမ့်မယ်…”

လီဟွာယွမ်သည် ထိုနောက်ဆုံး အမျိုးအစားဖြစ်သော ကျင့်ကြံခြင်းပညာရပ်တွေကို ရွေးချယ်ဖို့ မထောက်ခံတာ ထင်ရှားသည်။ သူက ဟန်လိကို ကြို၍ သတိပေးထား၏။

ဟန်လိက မျက်မှောင်ကြုံ့ကာ စဉ်းစားခန်း ဝင်နေသည်။ ခက်ခဲသော ဆုံးဖြတ်ချက်ဖြစ်တာ အမှန်ပင်။

သို့သော် တအောင့်အကြာတွင် ဟန်လိက ခေါင်းမော့လာ၏။ သူ့မျက်လုံးတို့မှာလည်း ကြည်လင်နေပြီ။ သူ ဆုံးဖြတ်ပြီးတာ ထင်ရှား၏။

“ဆရာ…ဒီတပည့်ရဲ့ ရိုင်းပြမှုကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ တပည့်အနေနဲ့ အရင်ဆုံး မေးချင်တာလေး တစ်ခု ရှိပါတယ်။ ဆရာကကော ဘယ်လို ကျင့်ကြံခြင်းပညာရပ်ကို ကျင့်ကြံတာပါလဲ…”

ဟန်လိက ရုတ်တရက် မေးလိုက်သည်။

“ဟားဟား…မင်းဆရာက အစစ်အမှန်နေ ဆိုတဲ့ ထိပ်တန်းကျင့်ကြံခြင်းပညာရပ်တစ်ခုကို ကျင့်ကြံတာပဲ။ ဒါပေမဲ့ မင်းဆရာမှာက ကောင်းကင်စိတ်ဝိညာဉ်တွေနောက် ဒုတိယလိုက်တဲ့ ယန်သုံးသွယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်။ ဒီပညာရပ်ကို ကျင့်ကြံတာဟာ ငါ့အတွက်တော့ သင့်တော်လှတယ်။ ရေထဲမှာ ငါးတစ်ကောင်လိုပေါ့။ ဒီပညာရပ်ဟာ တခြားပညာရပ်တွေထက် အများကြီး သာလွန်တယ်။ မဟုတ်ရင် ဆရာက ရွှေအမြုတေကို ဘယ်လိုလုပ် ဖွဲ့စည်းနိုင်ခဲ့ပါ့မလဲ…”

လီဟွာယွမ်သည် ဟန်လိက ထိုသို့ မေးလာမည်ကို မမျှော်လင့်ထားမိသော်လည်း သူက မော်ကြွားစွာ ပြန်ဖြေလိုက်သည်သာ။

“တပည့် သိပါပြီ. ပြီးတော့ တပည့်အနေနဲ့ ဒုတိယအမျိုးအစား မှော်ပညာရပ်တွေကို ရွေးချယ်ပါ့မယ်…”

ဟန်လိက စိတ်အေးလက်အေး ဟန်ပန်ဖြင့် ပြောလိုက်သည်။

“ဒုတိယအမျိုးအစားလား…”

လီဟွာယွမ်၏ အမူအရာမှာ နည်းနည်းတော့ ပြောင်းလဲသွားသည်။ သို့သော် ချက်ခြင်းလိုလို ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ နက်နက်နဲနဲ တွေးနေလျက် သူက ဟန်လိကို ထပ်မံ စူးစမ်းကြည့်ပြန်သည်။ သူ့ဘေးရှိ မိန်းမပျိုမှာ ဟန်လိ၏ စကားကို ကြားသည့်အခါ သူမမှာလည်း စိတ်ဝင်တစား ဖြစ်ဟန် ပုံစံ ဖြစ်ပေါ်သွားသည်။

“မင်းက ဒုတိယတစ်ခုကို ရွေးချယ်တာပေါ့။ ဆရာက ဘယ်လိုများ ကန့်ကွတ်နိုင်ပါ့မလဲ။ မင်းရဲ့ ကျင့်ကြံသူတစ်ယောက် စိတ်နှလုံးဟာ ခိုင်ကျဉ်နေခဲ့ရင်တော့ ဆရာက မင်းကို တကယ် ကျေးဇူးတင်တယ်။ ဒါပေမဲ့ မှော်စွမ်းအားကို အလွယ်တကူ ကျင့်ကြံနိုင်တဲ့သူတွေဟာ ကောင်းမွန်တဲ့ ပါရမီရှိတဲ့သူတွေလည်း ဖြစ်နေတာကိုတော့ မင်း သိသင့်တယ်။ ဒါ့အပြင် သူတို့ဟာ ထူးချွန်တဲ့ ပါရမီရှိရင်တောင် တချို့တလေကသာ အခြေခံတည်ဆောက်ခြင်းအထွတ်အထိပ်အဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်စွမ်း ရှိကြတယ်။

ဒါ့ကြောင့် ဆရာ့အနေနဲ့ မင်းကို အကြံပေးချင်တာကတော့ ပထမအမျိုးအစား ကျင့်ကြံခြင်းပညာရပ်တွေကိုပဲ။ မင်းအနေနဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်ဖို့ သိပ်မသေချာတဲ့အတွက် အနည်းဆုံးတော့ မင်းဟာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေကြားမှာ ခေါင်းမော့ရင်ကော့နိုင်လိမ့်မယ်။ အရှက်တကွဲ ဖြစ်လိမ့်မှာ မဟုတ်ဘူး။ တကယ်တော့ ဘယ်လို ကျင့်ကြံခြင်းပညာရပ် အမျိုးအစားကိုပဲ ရွေးချယ်ရွေးချယ်ပါ၊ အမြုတေဖွဲ့စည်းခြင်းအဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်တဲ့သူတွေဟာ အရေအတွက်နည်းနည်းပဲ ရှိတာလေ။ အစတုန်းကတော့…”

လီဟွာယွမ်သည် အစတုန်းက ဟန်လိကို အကြံတစ်ချို့ ပေးအုံးမည်ဟု စဉ်းစားလိုက်သေးသည်။ သို့သော် သူက ထိုသို့ ပြောနေရင်း တစ်ခုခုကို ပြန်တွေးမိသွားပုံ ရသည်။ သူ အလေးအနက်ဖြစ်သွားပြီး စကားထပ်မဆိုဘဲ ငြိမ်သက်သွားလေ၏။

သူ့ဘေးရှိ မိန်းမပျိုက ထိုသည်ကို တွေ့မြင်သည့်အခါ သူမက ပေါ့ပေါ့ပါးပါး သက်ပြင်းချကာ ဟန်လိကို ပြောလိုက်သည်။ “ဟန်လိ…နင် လိုချင်တဲ့ ကျင့်ကြံခြင်းပညာရပ် အမျိုးအစားကို သေချာစဉ်းစားပါ။ နင့်ရွေးချယ်မှုက ငါတို့ရဲ့ အတွေးနဲ့ မတူနေပေမယ့် နင့်ကျင့်ကြံခြင်းစိတ်နှလုံးက ခိုင်မာနေတယ်ဆိုရင် နင့်ဆရာကလည်း နင့်ကို တားဆီးမှာ မဟုတ်ဘူး။ နင်က နင့်စွမ်းရည်တွေကို အထင်ကြီးပြီး ထိပ်တန်းကျင့်ကြံခြင်းပညာရပ်တွေကို အတင်းအကြပ် တောင်းဆိုခဲ့ရင်တော့ ငါတို့ ဇနီးမောင်နှံက ဟန့်တားမှာ မဟုတ်ပေမယ့် ငါတို့အတွက် ပြဿနာတော့ ကြီးစေမှာပဲ။ တကယ်တော့ ကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်နှလုံးသား ဆုံးဖြတ်ချက်ကို မေးခွန်းဆက်ထုတ်စရာတော့ မလိုဘူး။ ဒါပေမဲ့ လူတစ်ယောက်ဟာ ဝါးနိုင်တာထက် ပိုမစားတာ ကောင်းတယ်…”

“အမှန်ပဲ။ မင်းဆရာကတော် ပြောလိုက်တာတွေက ငါ့အတွေးနဲ့ အတူတူပဲ။ မင်းဆရာက ဘာမှ ထပ်မပြောတော့ဘူး။ ငါ တစ်ခုပဲ ထပ်မေးမယ်။ ဒါက မင်းရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်လား…”

မိန်းမပျိုက စကားဆိုပြီးသည့်အခါ လီဟွာယွမ်သည် အတွေးနက်နေရာကနေ ပုံမှန် ပြန်ဖြစ်သွားပြီး ‌ခေါင်းညိတ်ကာ သူ့ဇနီး၏ စကားများကို သဘောတူသည်။

“ဟုတ်ပါတယ်…တပည့် သေချာဆုံးဖြတ်ပြီးပါပြီ…” ဟန်လိသည် ဆရာကတော်၏ စကားများကို တည်တည်ငြိမ်ငြိမ် နားထောင်နေပြီးနောက်မှာ သူက အလေးအနက်လေသံဖြင့် ပြန်ဖြေသည်။

“အင်း…မင်း ဆုံးဖြတ်ပြီးပြီ ဆိုမှတော့ ငါနဲ့ စာကြည်တိုက်ကို လိုက်ခဲ့ပါ။ ညီမ..ကျေးဇူးပြုပြီး ဒီမှာပဲ စောင့်နေပေးပါ။ ဟန်လိနဲ့ ကျုပ် ခဏနေကျရင် ပြန်လာခဲ့မယ်…”

လီဟွာယွမ်သည် ဟန်လိ၏ ခိုင်မာသော စကားကို ကြားသည့်အခါ အပိုစကားများ ထပ်မပြောတော့ပေ။ သူက ထရပ်ကာ ဟန်လိကို ခေါ်သွား၏။ မိန်းမပျိုကမူ စောင့်ကျန်ခဲ့သည်။

စာကြည့်တိုက်မှာ ပင်မခန်းမနှင့် သိပ်မဝေးပေ။ ကြီးမားလွန်းခြင်းလည်း မရှိပေ။ သာမန် ကျောက်သားအခန်းတစ်ခုသာ။ သို့ပေမည့် ထိုအခန်းကို မီးတောက်အတားအဆီးတစ်ခုဖြင့် ကာကွယ်ထားသည်။ အပြင်လူများ ဝင်ရောက်၍ မရနိုင်ချေ။

လီဟွာယွမ်သည် အရံအတားရှေ့မှာ ရပ်သည်။ ပေါ့ပေါ့ပါးပါးဖြင့် သူ့လက်ချောင်းကို အရံအတားမျက်နှာပြင်ထံ ဆန့်ထုတ် ဝေ့ယမ်းသည်။ ထိုအခါ အရံအတားသည် သုံးမီတာခန့် ဝင်ပေါက်တစ်ခု ချက်ခြင်းလက်ငင်း ပွင့်ဟသွားပြီး လူနှစ်ယောက်စာ ဖြတ်ဝင်ရန် လုံလောက်သွားသည်။

ထို့နောက်တွင် သူက ကျောက်တံခါးကို လွယ်လွယ်ကူကူ တွန်းဖွင့်ကာ ဟန်လိကို ဦးဆောင်ခေါ်၍ အထဲသို့ လှမ်းဝင်သည်။

ဟန်လိသည် အခန်းထဲ ဝင်လာပြီးနောက် မျက်လုံးပြူးသွားတော့သည်။ သည်အခန်းထဲ၌ ကျောက်စိမ်းပြား မျိုးစုံ၊ စာအုပ်များစွာ၊ သေတ္တာများနှင့် စုဆောင်းထားသော ပစ္စည်းများစွာမှာ လေထဲ၌ တည်ရှိနေလေ၏။ ယင်းတို့သည် ထူးခြားသော အရောင်မျိုးစုံဖြင့် ရှိနေသည်။ အမျိုးအမည်ပေါင်း ခြောက်ဆယ်ကျော်လောက် ရှိမည်။ ထိုအရာအားလုံးမှာ လီဟွာယွမ် နှစ်ပေါင်းရာချီ စုဆောင်းထားခဲ့သော ကျင့်ကြံခြင်းပညာရပ်များကို သိမ်းဆည်းထားခြင်းတည်း။

“ဒီမှာ ရှိတဲ့ ပစ္စည်းအားလုံးဟာ ငါ့အတားအဆီးတွေ အောက်မှာပဲ။ ငါနဲ့ ငါ့ဇနီးကလွဲလို့ တစုံတစ်ယောက်သာ ဒီထဲ ဝင်လာတာနဲ့ ကျောက်အခန်းထဲမှာရှိတဲ့ အစီအရင်မန္တာန်က ချက်ခြင်း အသက်ဝင်လာပြီး သူတို့ကို အထဲမှာ ပိတ်လှောင်ထားလိမ့်မယ်…”

လီဟွာယွမ်သည် ဟန်လိကို ကျေနပ်အားရဟန်ဖြင့် ရှင်းပြသည်။ သို့ပေမည့် ဟန်လိသည် သူ့စကားလုံးတွေထဲမှ သတိပေးခြင်း အရိပ်အမြွက်ကို ကြားမိသည်သာ။ ထို့ကြောင့်လည်း သူက ထပ်ခါထပ်ခါ ခေါင်းညိတ်ပြီး နားလည်ကြောင်း ဖော်ပြသည်။

All Chapters