စာအုပ်
Vol. 18 Ch. 240
ဟန်လိ၏ သိတတ်လိမ္မာမှုကို မြင်သည့်အခါ လီဟွာယွမ်သည် ကျေနပ်သွားသည်။ ထို့နောက်တွင် သူ့လက်ကို လေထဲသို့ ဆန့်ပြီး တစုံတစ်ခုကို ငြင်သာစွာ ဆုပ်ကိုင်သည်။ ချက်ခြင်းပင် သူ့လက်ထံမှ အနီရောင်အလင်းတန်းတိမ်တိုက်တစ်ခုသည် ပျံသန်းထွက်ကာ ကျောက်စိမ်းပြားတစ်ခုကို ထွေးခြုံသွားပြီး ၎င်းအား သူ့လက်ထဲ ပြန်ယူလာစေသည်။
လီဟွာယွမ်က ၎င်းကျောက်စိမ်းပြားကို တချက်လေးပင် မကြည့်၊ ဟန်လိထံ တန်းပေးသည်။ ထို့နောက်တွင် သူက တူညီသော နည်းလမ်းဖြင့် ခုနစ်ကြိမ်၊ရှစ်ကြိမ်လောက် တဆက်တည်း ဆုပ်ကိုင်သည်။ သည်အချိန်မှာ ဟန်လိလက်ထဲ၌ ကျောက်စိမ်းပြားများစွာ ကိုင်ထားပြီး ဖြစ်နေသည်။
“ဒီကျင့်ကြံခြင်းပညာရပ်တွေဟာ လူတစ်ယောက်ရဲ့ မှော်စွမ်းအားကို မြန်မြန်ဆန်ဆန် တိုးတက်စေနိုင်တယ်။ ပြီးတော့ ကျင့်ကြံရတာလဲ လွယ်တယ်။ မင်းရဲ့ အဓိကကျင့်ကြံမှုပညာရပ်တစ်ခုအဖြစ် အသုံးပြုဖို့ ပညာရပ်တစ်ခုကို ရွေးချယ်ယူပါ။ တခြားပညာရပ်တွေကိုတော့ သူတို့ရဲ့ မူလနေရာအတိုင်း ပြန်ထားလိုက်။ မင်း ရွေးချယ်ပြီးရင် ငါ့ကို လာပြောပါ…”
လီဟွာယွမ်သည် ဟန်လိကို မထူးခြားနားဟန်ဖြင့် ပြောသည်။ ထို့နောက်တွင် သူက အခန်းထဲရှိ မြက်ဖျာတစ်ချပ်ပေါ်မှာ တင်ပလ္လင်ခွေထိုင်ချ၏။
ဟန်လိသည် သူ့မျက်လုံးများမှာ ကြယ်များကို မြင်နေရသကဲ့သို့ ခံစားမိနေသည်။ ထိုကျင့်ကြံခြင်းပညာရပ်များသည် မများပြားလှသော်လည်း ယင်းတို့၌ ကိုယ်ပိုင်အစွမ်းသတ္တိများ အသီးသီး ရှိကြသည်။
ဥပမာ၊ ယင်းပညာရပ်များထဲမှ တစ်ခုဖြစ်သော “အနှစ်သာရစုစည်းခြင်းပညာရပ်” သည်
လူတစ်ယောက်၏ မှော်စွမ်းအားတိုးတက်မှုကို သိသိသာသာ မြန်ဆန်စေနိုင်စွမ်း ရှိသည့်အပြင် “အနှစ်သာရစုစည်းခြင်းဝိညာဉ်ချပ်ဝတ်” ဟူသော အစွမ်းလည်း ရှိ၏။ ယင်းအစွမ်းသတ္တိမှာ လက်တွေ့ကျသော နတ်စွမ်းရည်ငယ်တစ်မျိုး ဖြစ်၏။ ရန်သူနှင့် ရင်ဆိုင်ရသည့်အချိန် အကာအကွယ်မှော်ပညာရပ်တစ်ခု၏ ခုခံနိုင်စွမ်းအပြင် လူတစ်ယောက်သည် မှော်စွမ်းအားကို ဝိညာဉ်ချပ်ဝတ်အဖြစ် အပိုအရံအတားတစ်ခုကို သိပ်သည်းစေနိုင်မည်။ ၎င်းမှာ အသက်ကယ် ပညာရပ်တစ်မျိုးအဖြစ် စွမ်းဆောင်နိုင်သည်။ အနှစ်သာရစုစည်းခြင်းပညာရပ်အပေါ် ကျွမ်းကျင်တိုးတက်လာသည်နှင့်အမျှ ဝိညာဉ်ချပ်ဝတ်၏ ကာကွယ်နိုင်စွမ်းမှာလည်း ဖြည်းဖြည်းချင်း တိုးတက်လာနိုင်မည် ဖြစ်သည်။
နောက်ထပ်ကျောက်စိမ်းပြားတစ်ခု၌လည်း အထင်ကြီးဖွယ် “တံလျှပ်ဝိညာဉ်ပညာရပ်”ကို မှတ်တမ်းတင်ထား၏။ ၎င်းပညာရပ်၌ “တံလျှပ်အရိပ်” ဟူသော စွမ်းရည် ပါဝင်၏။ ထိုပညာရပ်ကို အသုံးပြုပါက လူတစ်ယောက်သည် သူကိုယ်တိုင်နှင့် အတိအကျတူသော ကိုယ်ပွားတစ်ခုကို ဖန်တီးနိုင်ပြီး ရန်သူက ဝေဝါစိတ်ရှုပ်စေလိမ့်မည်။ ကျင့်ကြံမှုအဆင့် ပိုမြင့်လေလေ ပိုများသော ကိုယ်ပွားများကို ဖန်တီးနိုင်လေ ဖြစ်၏။ ရန်သူများကို ပိုမို၍ စိတ်ရှုပ်ထွေး ဝေဝါးသွားအောင် လုပ်ဆောင်နိုင်လိမ့်မည်။
ထိုသို့သော ပညာရပ်နှစ်ခုအပြင် တခြားသော စွမ်းရည်ငယ်များ ပါဝင်သည့် ပညာရပ်များလည်း ရှိသည်။ ယင်းတို့မှာ အလွန်အစွမ်းထက်လှခြင်း မရှိသော်လည်း ရန်သူ့လက်မှ ထွက်ပြေးခြင်း၊ ကိုယ်ယောင်ဖျောက်ခြင်းတို့၌ အင်မတန် အသုံးတည့်လိမ့်မည်။
သို့ရာတွင် ဟန်လိက သည်ကျောက်စိမ်းပြားများအားလုံးကို မွှေနှောက်ရှာဖွေပြီးသည့်နောက်မှာ ကျောက်စိမ်းသေတ္တာတစ်ခုအတွင်းရှိ ရွှေရောင်စာအုပ်တစ်အုပ်သည် ဟန်လိကို တက်တက်ကြွကြွ ဖြစ်သွားစေသည်။
အကြောင်းကား ယင်းစာအုပ်ပါ စာသားများနှင့် အရွယ်အစားမှာ ရင်းနှီးလွန်းနေသောကြောင့်ပင်။ ဟန်လိသည် ၎င်းမှာ သူ ပိုင်ဆိုင်ထားသော ငွေရောင်စာအုပ်နှင့် ချွတ်ဆွတ်တူနေတာ သေချာသွားခဲ့ပြီ။ တစ်ခုတည်းသော ကွာခြားချက်ဟူ၍ အခုစာအုပ်က ပိုပါးကာ ၎င်း၏ စာမျက်နှာပြင်တွင် ထူးခြားသောပုံစံကွက်များ ရှိမနေခြင်းသာ။ ထိုအစား ဒီစာအုပ်၌ ရှေးဟောင်းစာသားများနှင့် ပြည့်သိပ်နေသည်။
(TL Note: ငွေရောင်စာအုပ်အကြောင်းကို အပိုင်း(၂၁၃)တွင် ဖော်ပြထားသည်။ )
ဟန်လိသည် ယင်းရွှေရောင်စာအုပ်ကို အကြိမ်ကြိမ် လေ့လာကြည့်သည်။ သို့သော် ထိုသို့ လေ့လာခြင်းက သူ့စိတ်နှလုံးထဲမှာ မရေမရာမှုသာ တိုးလာခဲ့သည်။ သူသည် သူ့သိုလှောင်အိတ်ထဲရှိ ငွေရောင်စာအုပ်ကို ထုတ်ကာ သူ့ရှေ့မှာ စာအုပ်နှင့် ယှဉ်ကြည့်ချင်စိတ် မတရား ပေါက်နေသော်လည်း အခုအခါမှာ သည်ဆန်းကြယ်မှုကို ဖြေရှင်းရန် အချိန်အခါ မဟုတ်သေးမှန်း သိသည်။
မည်သို့ပင်ဖြစ်စေ သူသည် အခုအခါ၌ ဆုံးဖြတ်ချက်တစ်ခု ချရပေတော့မည်။ မဟုတ်ပါက သူ့ဆရာမှာ သူ့အပေါ် သံသယဝင်လာနိုင်သည်။
စိတ်ထဲကနေ ထိုသို့တွေးကာ ဟန်လိက သူ့လက်ထဲရှိ ထိုရွှေရောင်စာအုပ်ကို ကိုင်ကာ ဆုံးဖြတ်ချက် ချ၏။
ထိုသို့ဖြင့် သူက မျက်လုံးမှိတ် အနားယူနေသော လီဟွာယွမ်ကို လှမ်းပြောလိုက်သည်။
“ဆရာ၊ ကျနော် ဆုံးဖြတ်ပြီးပါပြီ။ ဒီကျင့်ကြံခြင်းပညာရပ်ကို ရွေးချယ်ပါ့မယ်…”
လီဟွာယွမ်က ဟန်လိ၏ စကားကို ကြားသည့်အခါ မျက်လုံးဖွင့်လာ၏။ ဟန်လိလက်ထဲ၌ ရွှေရောင်စာအုပ်ကို ကိုင်ထားတာ မြင်သည့်အခါ သူက နည်းနည်းတော့ မင်သက်သွားသေးသည်။ သို့သော် သူက ဘာမျှတော့ မပြောပေ။ သူက ရိုးရိုးရှင်းရှင်း ခေါင်းညိတ်ပြကာ ဒီကျောက်အခန်းထဲကနေ ဟန်လိကို ပြန်ခေါ်လာ၏။
မိန်းမပျိုကတော့ ဟန်လိတို့ ဆရာတပည့်နှစ်ယောက်ကို စောင့်၍ နေသည်။ သူမက သူတို့နှစ်ယောက် ပြန်လာသည်ကို မြင်သည့်အခါ နွေးထွေးစွာ ပြုံးပြပြီးနောက် မေးလိုက်သည်။
“ဘယ်လိုလဲ။ နင် ဆုံးဖြတ်ပြီးပြီလား…”
“ ဆရာကတော်ရဲ့ စိုးရိမ်ပူပန်ပေးမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ဒီတပည့်က ရွေးခဲ့ပြီးပါပြီ…” ဟန်လိက တလေးတစားဖြင့် ပြန်ဖြေသည်။
ထိုစကားကို ကြားသည့်အခါ မိန်းမပျိုသည် ပျော်ရွှင်သွားဟန်ဖြင့် ထပ်ပြုံးသည်။
“ကောင်းပြီလေ…ငါ့ဇနီးရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် မင်းကို ကျေးဇူးပြန်ဆပ်ပြီးပြီ ဆိုတော့ ငါ့လမ်းညွှန်မှုအောက်မှာ မင်းကို တရာဝင်လက်ခံတဲ့အကြောင်း ပြောကြစို့။ မင်းအနေနဲ့ ငါ့သင်ကြားမှုကို စိတ်ပါလက်ပါ လက်ခံချင်လား၊ ငါ့ရဲ့ တရားဝင်တပည့် ဖြစ်လာချင်လား…”
လီဟွာယွမ်သည် ရုတ်တရက် ထိုသို့ မေးသည်။ သူ့အမူအရာမှာ စဉ်းစားနေသည့်ဟန်လည်း ပေါ်နေ၏။
ဟန်လိ၏ စိတ်နှလုံးမှာ တုန်ယင်သွားရပြီး သူက ရှေ့သို့ အလျင်အမြန် လှမ်းကာ ဒူးးထောက်၍ ပြောလိုက်သည်။
“တပည့်ဟန်လိ စိတ်ရင်းနဲ့ လက်ခံပါတယ်။ ဟန်ဆောင်ပန်ဆောင် နည်းနည်းလေးတောင် မဖြစ်ဝံ့ပါဘူး…”
ဟန်လိသည် ထိုသို့ ပြောလိုက်သော်လည်း အမှန်တကယ်တော့ သူ့စိတ်ထဲကနေ ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။
“ခင်ဗျားက ကျုပ်ကို စိတ်ရင်းနဲ့ ဂရုစိုက်ပေးရင်တော့ ကျုပ်ကလည်း ခင်ဗျားရဲ့ ကြင်နာမှုကို တစ်ရာရာခိုင်နှုန်း ပြန်ပေးဆယ်မယ်။ အဆုံးထိ ခင်ဗျားရဲ့ တပည့် ဖြစ်ပေးမယ်။ ဒါပေမဲ့ ခင်ဗျားမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေခဲ့ရင်တော့ ကျုပ်က ခင်ဗျား ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်လို့ ရတဲ့အထိ တုံးအမနေဘူး…”
လီဟွာယွမ်သည် ဟန်လိ၏ စိတ်ထဲက ထိုအတွေးများကို မသိနေမှာ သဘာဝပင်။ မဟုတ်ပါက သူသည် ဟန်လိကို လက်တစ်ဖက်တည်းဖြင့် ရှင်းပစ်ခဲ့မှာ ကြာနေခဲ့လောက်ပေပြီ။
“ကောင်းပြီ…ငါတို့ ကျင့်ကြံသူတွေဟာ ရိုးရှင်းတဲ့သူတွေပဲ။ ဒီနေ့ကစလို့ မင်းဟာ လီဟွာယွမ်ရဲ့ တရားဝင်တပည့် ဖြစ်သွားပြီ။ အနာဂတ်မှာ မင်းအနေနဲ့ ကောင်းကောင်း ကျင့်ကြံဖို့ ငါ မျှော်လင့်တယ်။ ဒါမှသာ ငါ့ဂုဏ်သတင်း မယုတ်လျော့မှာ…”
လီဟွာယွမ်သည် နွေးထွေးသောအမူအရာဖြင့် ပေါ့ပေါ့ပါးပါး ပြုံးပြသည်။
ဟန်လိနှင့် လီဟွာယွမ်တို့သည် တအောင့်ကြာ ဆရာတပည့်ကျင့်ဝတ်များကို ပြုလုပ်ဆောင်ရွက်ကြ၏။ ထို့နောက်တွင် လီဟွာယွမ်၏ ညွှန်ကြားချက်များကို နာခံယူပြီးနောက်မှာ ဟန်လိသည် နှုတ်ဆက်စကား ပြောပြီး ထွက်ခွာလာတော့သည်။
သူ ထွက်ခွာလာချင်းချင်း စီနီယာအစ်ကိုကြီးဆုံးယုနှင့် ကြုံရလေ၏။ ထိုတစ်ယောက်က သူ့ကို လိုက်ပို့ပေးရမလားဟု အတင်းအကြပ် တောင်းဆိုတော့သည်။ သို့သော် မနေ့တုန်းကမှ ထိုသူ၏ အမျှင်မပြတ် တွတ်တွတ်ထိုးအောင် ပြောသော စကားများသည့် ဒဏ်ကို ခံစားပြီးရုံ ရှိသေးသော ဟန်လိမှာ ထိုသို့သော နာကျင်မှု သူ့ပေါ် ထပ်မံ ကျရောက်မည်ကို မည်သို့ ခွင့်ပြုနိုင်ပါတော့မည်နည်း။ သူသည် အစ်ကိုယု၏ တောင်းဆိုမှုကို ချက်ခြင်း ငြင်းပစ်သည်။ ထိုအခါကျမျှ အစ်ကိုယုသည် စိတ်မကောင်းဟန်ဖြင့် ထွက်သွားတော့သည်။
ဟန်လိသည် သူ့လှေငယ်ပေါ်မှာ ရပ်နေလျက် သူက သည်ပြီးခဲ့သော နှစ်ရက်အတွင်း ဖြစ်ပျက်ခဲ့သမျှနှင့် ပတ်သတ်ပြီး ပြန်မတွေးကြည့်မိဘဲ မနေနိုင် ဖြစ်ရသည်။
သူ့ဆရာဖြစ်သူ လီဟွာယွမ်အပေါ်၌လည်း ဟန်လိ၏ အထင်အမြင်က ပိုကောင်းလာခဲ့၏။ သူ့ဆရာ၏ အခု အပြုအမူအများသည် သူက ဆရာဖြစ်သူ၏ ဇနီးကို ကယ်တင်ပေးခဲ့၍လော၊ သို့မဟုတ် သူ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဝင်ရောက်နိုင်ခဲ့၍လောဟု သူ ကိုယ်တိုင် မသိပေ။ သို့သော် နောက်ဆုံး၌ ထိုအမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က သူ့အပေါ် အရေးတကြီး ရှုမြင်ခြင်းကို သူ ရရှိခဲ့လေပြီ။
မည်သို့ပင်ဖြစ်စေ ဟန်လိသည် ဒီခရီးစဉ်မှာ သူ့အတွက် အချည်းနှီး မဖြစ်ခဲ့ဟု ခံစားမိ၏။ သူသည် ကျင့်ကြံခြင်းလောက၌ နောက်ခံကောင်းကောင်း ရခဲ့ရုံသာမက ရွှေရောင်စာအုပ်ကိုလည်း ရခဲ့သေးသည်။ ခုချိန်၌ သူသည် သူ့လက်ဝယ်တွင် ရှိနေသော ငွေရောင်စာအုပ်၏ ဖုံးကွယ်နေသော လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်လောက်ပြီဟု မျှော်လင့်ချက် ရလာခဲ့သည်။
၎င်း၏ ဆန်းကြယ်မှုများကို ဖော်ထုတ်ရန် သူ့၌ မည်သည့်နည်းလမ်းမျှ ရှိမနေသော်လည်း ဟန်လိက စိတ်ထဲမထားပေ။ အနည်းဆုံးတော့ သူက ချီစုစည်းခြင်းပညာရပ်ကို ကျင့်ကြံနိုင်ပြီ မဟုတ်လား။ ထိုကျင့်ကြံခြင်းပညာရပ်က သက်ရောက်မှုကြီးမားစွာ မပိုင်ဆိုင်ထားခဲ့လျှင်ပင် ဟန်လိ၌ သူ့ကိုယ်သူ ကာကွယ်ရန် တခြားနည်းလမ်းများ ပိုင်ဆိုင်ထားသေး၏။ ထို့ကြောင့် သူက ယင်းကိစ္စနှင့် ပတ်သတ်ပြီး စိတ်ပူပန်မနေပေ။
သူ့လှိုဏ်ဂူရှိ ပြန်ရောက်လာသည့်အခါ၌ ဟန်လိက သူ့ကိုယ်ပိုင်အခန်းထဲ ချက်ခြင်းသွားကာ ရွှေရောင်စာအုပ်နှင့် သူ့သိုလှောင်အိတ်ထဲမှ ငွေရောင်စာအုပ်တို့ကို အလျင်အမြန် ထုတ်ယူပြီး ဤနှစ်ခုကို သေသေချာချာ နှိုင်းယှဉ်ကြည့်တော့သည်။
ငွေရောင်စာအုပ်မှာ သူ နောက်ဆုံးအကြိမ် ၎င်းကို လေ့လာခဲ့ချိန်တုန်းကနှင့် တူညီနေဆဲသာ။ ဟန်လိက ယင်းစာအုပ်နှစ်အုပ်လုံးကို သူ့မျက်စိရှေ့မှာ ချပြီး ယင်းနှစ်ခုကို ထပ်ကြည့်သည်။ ထင်ထားသည့်အတိုင်းပင်။ ယင်းစာအုပ်နှစ်အုပ်မှာ အရွယ်အစား တူညီနေ၏။ တချက်ကြည့်ရုံပင် ယင်းတို့မှာ လွန်စွာ ချိတ်ဆက်မှု ရှိသည်ဟု ပြောနိုင်လိမ့်မည်။
ဟန်လိက သည်စာအုပ်နှစ်အုပ်လုံးကို ယူပြီး တစ်အုပ်ကို ဘယ်ဘက်၊ နောက်တစ်အုပ်ကို ညာဘက်မှာ ကိုင်ပြီး ချိန်ဆကြည့်သည်။ သူက ငွေရောင်စာအုပ်မှာ နည်းနည်း ပိုလေးသည်ဟု ထင်၏။ အစောပိုင်းတုန်းက ရွှေရောင်စာအုပ်သည် ပိုပါးသည်ဟူသော သူ့ထင်မြင်ချက်မှာ မမှန်သည့်ပုံ ရသည်။ ယင်းစာအုပ်နှစ်အုပ်၏ အထူမှာ အမှန်တကယ် သိသိသာသာကို ကွာခြားနေလေသည်။
ဟန်လိက ခဏ စဉ်းစားနေ၏။ ရုတ်တရက် သူက ငွေရောင်စာအုပ်တစ်ခုတည်းကိုသာ ယူပြီး သူ့မျက်လုံးနားကပ်ကာ ၎င်းပေါ်ရှိ ထူးခြားသော ပုံစံကွက်များကို အသေအချာ ကြည့်ရှုပြီး သူ့လက်ဖြင့် ၎င်းအား ပွတ်သပ်ကြည့်သည်။
ထိုအချိန်၌ သူ့မျက်လုံးမှာ ပေကလပ်ပေကလပ် ဖြစ်နေ၏။ သူ့ရှေ့၌ မဆုံးဖြတ်နိုင်သော ခက်ခဲသည့် ပြဿနာကြီးတစ်ခု ရှိနေသည့်အလား။ သို့ပေမည့် ဟန်လိ၏ မျက်နှာပေါ်တွင် မဆုတ်မနစ်သော ဟန်ပန် ဖြစ်ပေါ်နေချေသည်။
ရုတ်တရက် သူက ထိုစာအုပ်ကို သူ့လက်နှစ်ဖက်ကြား နေရာချသည်။ ထို့နောက်တွင် သူက သူ့လက်နှစ်ဖက်ကို အတူတကွ ညင်သာစွာ ပွတ်သပ်၏။ ချက်ခြင်းပင် ငွေရောင်စာအုပ်မှာ ကြမ်းကြုတ်သောမီးတောက်တစ်ခု၏ ခြုံလွှမ်းခြင်း ခံရ၏။ ဟန်လိ၏ မျက်နှာထံ အနီရောင်တောက်လောင်မှုတစ်ခု ရိုက်ခတ်လာ၏။ သို့သော် သူက တစ်စက်လေးမျှ အရေးမစိုက်၊ ထိုအစား မီးတောက်များအတွင်းရှိ စာအုပ်ကိုသာ မျက်တောင်မခတ်တမ်း စူးစိုက်ကာ ကြည့်နေသည်။ ထိုအချိန်၌ စာအုပ်၏ မျက်နှာပြင်မှာ မြင့်မားသော အပူရှိန်ကြောင့် စတင် အရည်ပျော်လာ၏။
ရုတ်တရက် ဟန်လိ၏ အမူအရာမှာ ပြောင်းလဲသွားတော့သည်။ ထို့နောက်တွင် သူ့မျက်နှာထက်မှာ အပြုံးစတစ်ခု ပေါ်လာ၏။ အကြောင်းမှာ ငွေရောင်စာအုပ်သည် ၎င်း၏ မျက်နှာပြင် အရည်ပျော်ကျသည့်အခါ၌ ရွှေရောင်အလင်းတစ်ခု အမှန်တကယ် ပေါ်လာခဲ့သောကြောင့်တည်း။ သည်စာအုပ်၌ လျှို့ဝှက်ချက်တစ်ခု ရှိနေမှာ သေချာလေ၏။
ထိုအခြေအနေကို မြင်သည့်အခါ ဟန်လိသည် မီးတောက်များကို သေချာ ထိန်းချုပ်ပြီး ရွှေရောင်အလွှာကို အထိအခိုက် မခံစေပေ။ သို့ပေမည့် ဟန်လိမှာ စိုးရိမ်လွန်သွားတာ ထင်ရှား၏။ အခု အသစ်ပေါ်လာသော ရွှေရောင်စာအုပ်မှာ ကြမ်းလှသော မီးတောက်များ၏ လောင်ကျွမ်းခံရမည်ကို လားလားမျှ မစိုးရွှံ့သည့်နှယ် ထင်ရ၏။
ထိုရွှေရောင်အလွှာစာအုပ်အသွင် လုံးဝ လှစ်ဟပေါ်လာသည့်အခါ၌ ဟန်လိက သူ့လက်ကို ဝေ့ယမ်း၏။ မီးတောက်များမှာ ချက်ခြင်း ကွယ်ပျောက်သွားသည်။ ထို့နောက်တွင် သူက အသစ်ပေါ်လာသော စာအုပ်ကို စဖတ်ကြည့်သည်။ သူ့စိတ်နှလုံးမှာ ရူးရူးသွပ်သွပ် ခုန်ပေါက်နေချေပြီ။
စာသားအချို့ကိုသာ ဖတ်ပြီးရုံ ရှိသေး ဟန်လိမှာ တောင့်တင်း မင်သက်သွား၏။ သူ့အမူအရာမှာ ချက်ခြင်းပင် မြင်မကောင်းအောင် ရုပ်စိုးသွားချေသည်။
အကြောင်းကား ရှိ၏။ သည်စာအုပ်၌ လူများကို ဓားပျံများ မည်သို့ထိန်းချုပ်ရမည်ဟု သင်ကြားပေးထားသော လက်ရေးမူကြမ်းတစ်ခု အမှန်တကယ် ရှိနေသည်။ အထူးသဖြင့်၎င်းက ဓားပညာရပ်များကို ကျင့်ကြံသူများအတွက် လိုက်လျောညီထွေ ရှိစေသည်။ ၎င်းလက်ရေးမူသည် အထင်ကြီးဖွယ် ကောင်းသော်လည်း ဟန်လိအတွက် မလိုအပ်တာ သိသာပါသည်။
ဓားဘီလူးဂိုဏ်းမှ ခြေဗလာနှင့်သူက ထိုစာအုပ်ပါ အခြင်းအရာများကို ကျင့်ကြံခဲ့ပုံပေါ်၏။ သို့ပေမည့် ထိုပညာရပ်များသည် ချီစုဆောင်းခြင်းတပည့်များအတွက်သာ ရတနာများဟု သတ်မှတ်နိုင်လိမ့်မည်။ အခြေခံတည်ဆောက်ခြင်းအဆင့်ထိ အောင်မြင်ပြီးခဲ့သော ဟန်လိအတွက်မူ ယင်းတို့မှာ သာမန်သာ ဖြစ်ပြီး သူ့ကို စိတ်ဝင်စားမှု မဖြစ်စေနိုင်ပေ။
ဟန်လိသည် လက်မလျှော့ချင်တုန်း ဖြစ်၏။
သူက ၎င်းကို သေချာ ထပ်စူးစမ်းပြန်သည်။ ၎င်းစာအုပ်ကို ကြမ်းကြုတ်သောမီးတောက်များဖြင့်ပင် ထပ်မံ လောင်ကျွမ်းစေသေး၏။ သို့သော် သူ့အတွက် နောက်ထပ် တွေ့ရှိမှုများ ဆက်မဖြစ်လာခဲ့ပါ။
ဟန်လိသည် ဒီရွှေရောင်စာအုပ်ကို ပို၍ ကြည့်မိလေလေ မကျေမချမ်း ပို ဖြစ်မိလေပင်။ သူက ဒီစာအုပ်အတွက် နေ့တဝက်ကျော်လောက် အလုပ်ရှုပ်ခံကာ စိတ်မြှုပ်ထားခဲ့ရပြီး မဟုတ်လား။
ထိုမျှ အချိန်များစွာ ဖြုန်းတီးခဲ့သော်လည်း သူ့အဖို့ ဤကဲ့သို့ အသုံးမဝင်သော အမယ်တစ်ခုကိုသာ အမှန်တကယ် ရရှိခဲ့တာလား။ သူ စိတ်မပျက်မိဘဲ ဘယ်နေပါ့မည်နည်း။ ဟန်လိမှာ အထူးသဖြင့် ဓားပညာရပ် ဟူသော စာလုံးနှစ်လုံးအပေါ် ကသိကအောက် ဖြစ်မိနေ၏။ သူသည် မိုးပြာဓားအနှစ်သာရပညာရပ်ကို ကျင့်ကြံခဲ့ပြီး ဖြစ်သည့်အတွက်ကြောင့် သူ့အနေဖြင့် နောက်ထပ် ဓားပညာရပ်တစ်ခုကို အဘယ်သို့ ထပ်ကျင့်ကြံရအုံးမည်နည်း။
သုန်မှုန်နေသော မျက်နှာဖြင့် ဟန်လိက ထိုစာအုပ်ကို ရုတ်တရက် လှမ်းဆွဲယူကာ လေထဲသို့ လွှတ်ပစ်သည်။ ချက်ခြင်းလိုလို သူ့ညာလက်ကို အသုံးပြုပြီး လက်ညွှန်ကာ ခွက်တစ်ခုစာမျှ အကျယ်ရှိ မိုးပြာဓားတန်းတစ်ခုက ယင်းစာအုပ်ကို သွားရောက် ထိမှန်သည်။ ဟန်လိသည် ဒီအရာကို လုံးလုံး ဖျက်စီးပစ်မည်ဟု ဆုံးဖြတ်လိုက်ပြီး ဖြစ်သည်။ သို့မှသာ အနည်းဆုံးတော့ သူ့ဒေါသကို လျော့ပါးစေနိုင်လိမ့်မည်။
ဝှစ်။ ဟန်လိ ထင်ထားသကဲ့သို့ ပေါက်ကွဲမှုတစ်ခု မပေါ်လာခဲ့ပေ။ ထိုအစား မိုးပြာဓားတန်းမှာ စာအုပ်ထဲ၌ ပျောက်ကွယ်သွားခဲ့သည်။ စာအုပ်က ၎င်းကို စုပ်ယူပစ်ခဲ့သည့်အလား။
“ဒါက…” ဟန်လိ အလွန်တုန်လှုပ်သွား၏။ သို့သော် ချက်ခြင်းပင် သူ့စိတ်ထဲ မျှော်လင့်ချက်သမ်းကာ ဂနာမငြိမ် ဖြစ်လာခဲ့ပြန်သည်။