← Chapters

အနှစ်သာရသုံးခုပြောင်းလဲခြင်းပညာရပ်

Vol. 18 Ch. 241

အနှစ်သာရသုံးခုပြောင်းလဲခြင်းပညာရပ်

Vol. 18 Ch. 241

သူက လက်ကို ပင့်မြှောက်ကာ သူ့လက်ထဲ ပြန်ကျရောက်လာသော ရွှေရောင်စာအုပ်အပေါ် လွင့်မြောခြင်းပညာရပ်ကို ထုတ်ဖော်ကြည့်သည်။ ထိုအခါ ၎င်းစာအုပ်သည် လေထဲ ပေများစွာထိ လွင့်မြောသွားကာ ပစ်မှတ်တစ်ခုကဲ့သို့ ပြုမူသည်။ ထို့နောက်တွင် ဟန်လိက မိုးပြာအနှစ်သာရဓားအလင်းတန်းများကို အသုံးပြုကာ ၎င်းကို ထပ်ခါထပ်ခါ စတိုက်ခိုက်သည်။ စာအုပ်မှာ ယင်းဓားအလင်းတန်းအားလုံးကို အဆုံးမရှိသည့် တွင်းတစ်ခုနှယ် အာသာငမ်းငမ်း စုပ်ယူပစ်လေ၏။

ထိုသို့ ပြုလုပ်နေစဉ်အတွင်း ဟန်လိသည် ရေခဲမြားတစ်ချောင်းကိုလည်း ၎င်းစာအုပ်ထံ ပစ်လွှတ်ဖို့ ကြိုးစားကြည့်သေးသည်။ ယင်းစာအုပ်က သည်မှော်မန္တာန်ကိုပါ စုပ်ယူပစ်နိုင်လား သူ မြင်ချင်၍ပင်။ အဆုံးသပ်တွင်မူ ထိုမြားတစ်ချောင်းက သည်စာအုပ်ကို အဝေးသို့ လွင့်ထွက်သွားစေသည်။ ထိုအခါ ဟန်လိသည် အလန့်တကြား ဖြစ်သွားပြီး ထိုသို့ ထပ်မံ မစမ်းသပ်တော့ပေ။ ထိုအစား သူက ဓားအလင်းတန်းများကိုသာ ၎င်းစာအုပ်ထံ အဆက်မပြတ် ပစ်လွှတ်သည်။

ဟန်လိ၏ မိုးပြာအနှစ်သာရဓားအလင်းတန်းများမှာ အဆင့်လေးထိသာ ရောက်သေးပြီး သိသိသာသာ အစွမ်းမထက်သေးပေ။ သို့သော် ထိုစာအုပ်က အားအင်ကုန်ခမ်းသည့် အရိပ်အယောင် ပြသလာသည်။ ဟန်လိမှာ ထိုရလဒ်ကို ခါးသီးစွာ အထွန့်တက်မိ၏။

သူသည် သူ့ခက်ခက်ခဲခဲ အားထုတ်မှုများမှာ အဟောသိကံ ဖြစ်မလား၊ မဖြစ်လားကို အမှန်တကယ် မသိတော့ပေ။ တကယ်တော့ ဓားအလင်းတန်းများကို ထိုစာအုပ်က တချိတည်း မစုပ်ယူနိုင်ခဲ့သည့်အပေါ် မကျေမနပ် ဖြစ်မိ၏။

ဟန်လိသည် သူ၏ ဒီစမ်းသပ်မှုများကို ရပ်ရမလား၊ မရပ်ရမလား ဒွိဟ ဖြစ်နေစဉ်မှာပင် ထိုစာအုပ်မျက်နှာပြင်ရှိ ရွှေရောင်အလင်းမှာ ပေါက်ကွဲထွက်သွားချေ၏။ စာအုပ်မှာ ဓားအလင်းတန်းများကို ဆက်လက် စုပ်ယူခြင်း မရှိလေတော့၊ ထိုအစား ၎င်းသည် ယင်းတို့ကို ပြန်ကန်ထွက်စေသည်။ ထိုအခါ လှိုဏ်ဂူနံရံများ၌ အပေါက်အချို့ ဖြစ်ကုန်၏။

ဟန်လိသည် စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ ထိုစာအုပ်၏ ပြောင်းလဲမှုကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။

စာအုပ်ပေါ်ရှိ ရွှေရောင်အလင်းသည် ဖြည်းဖြည်းချင်း ပြန်ရုတ်သိမ်းကာ ပုရွတ်ဆိတ်များ အရွယ်ရှိ အလင်းစာလုံးများအဖြစ်သို့ ပြောင်းလဲသည်။ မကြာမီ ထိုစာအုပ်သည် ရွှေရောင်အလင်းတန်းဖြင့် သိပ်သိပ်သည်းသည်း ဖြစ်လာ၏။ ထိုအခါ ဟန်လိမှာ ကြီးစွာ တုန်လှုပ်ရသည်။

လွင့်မြောခြင်းမန္တာန်၏ အာနိသင် ပြယ်သွားကာ ဖုတ်ခနဲအသံနှင့်အတူ စာအုပ်သည် ဂူကြမ်းပြင်ပေါ် ကျရောက်သွားသည်။ တုန်လှုပ်နေဆဲ ဖြစ်သော ဟန်လိမှာ အလိုလိုသိစိတ်ဖြင့် လက်ဆန့်ထုတ်ကာ ရွှေရောင်စာအုပ်ကို လှမ်းယူသည်။

သို့သော် ဟန်လိ၏ လက်ချောင်းများက သည်စာအုပ်နှင့် ထိမိရုံ ရှိသေး အလင်းစာလုံးများသည် ထွက်ပေါက်တစ်ခု ရှိတွေ့လေသည့်အလား သူ့လက်ထံ တဟုန်ထိုး တိုးဝင်လာပြီး သူ့သွေးကြောများထဲမှ တဆင့် ခန္ဓာကိုယ်ထဲ တိုးဝင်လာသည်။

ဟန်လိသည် ကြီးစွာ တုန်လှုပ်သွားရ၏။ သူ့မျက်နှာမှာ ဖြူရောသွားသည်။ သူသည် စာအုပ်ကို အလျင်အမြန် လွှတ်ချချင်သည်။ သို့သော် စာအုပ်သည် ဟန်လိ၏လက်ကို အသက်ဝင်နေသည့်နှယ် ကပ်တွယ်ခဲ့လေပြီ။ ဟန်လိမှာ အကောင်းဆုံးကြိုးစားလိုက်သော်လည်း ၎င်းကို လှုပ်ခါထုတ်ပစ်နိုင်စွမ်း မရှိတော့ပေ။

အလင်းစာလုံးများ ကူးပြောင်းခြင်းမှာ အလွန်မြန်လှ၏။ ချက်ခြင်းလိုလို အလင်းစာလုံးအားလုံးသည် ဟန်လိကို လွှမ်းခြုံသွားသည်။ ယင်းစာလုံးများက သူ၏ ခေါင်းအစခြေအဆုံး ဖုံးလွှမ်းသွားပြီး နှိုင်းယှဉ်မရအောင် ထူးခြားလှသော မြင်ကွင်းတစ်ခု ပေါ်လာသည်။

ဟန်လိမှာ အကူအညီမဲ့ရ၏။ သူ့အသိဉာဏ် လွတ်မတတ် ထိတ်လန့်သွားရ၏။

ရုတ်တရက် ထိုအလင်းစာလုံးများသည် အမိန့်တစ်ခု လက်ခံရရှိသည့်နှယ် သူ့ခေါင်းထဲမှာ တပြုံတခေါင်းကြီး ပေါ်လာသည်။ ချက်ခြင်းလက်ငင်း သူ့ဦးနှောက်ထဲမှာ မရေမတွက်နိုင်သော စာလုံးများစွာ ဖြစ်ပေါ်လာ၏။ ထိုသို့ ရုတ်ချည်းဆန်သော ပြောင်းလဲမှုကြောင့် ဟန်လိသည် နာကျင်စူးဝါးစွာ အော်ဟစ်ပြီး သူ့ခေါင်းကို လက်ဖြင့် ဆုပ်ကိုင်လိုက်ရသည်။

ခုလက်ရှိ အခြေအနေများကသာ နောက်ထပ် နည်းနည်း ပိုကြည်ရှည်ခဲ့ပါက ဟန်လိ၏ ဦးနှောက်မှာ ပေါက်ကွဲထွက်သွားနိုင်ချေ များသည်။ ကံကောင်းစွာဖြင့် ထိုနာကျင်မှုမှာ ခဏတာသာ ကြာမြင့်ပြီး အလင်းစာလုံးအားလုံးက သူ့ဦးခေါင်းထဲ ဝင်ရောက်တာ လက်စသပ်သွားခဲ့ပေသည်။ ထို့နောက်တွင် ဟန်လိသည် အားနည်းစွာ မြေပေါ်သို့ ပြိုလဲကျသွား၏။ သူသည် နည်းနည်းလေးမျှ မလှုပ်နိုင်၊မပြုနိုင် ဖြစ်သွား၏။

ဆယ့်ငါးမိနစ်ဝန်းကျင်ခန့် ကြာပြီးနောက်မှာ ဟန်လိက သူ့အင်အားတချို့တဝက်ကို ပြန်ရလာပြီး ထရပ်လာနိုင်သည်။ သူ့ခေါင်းထဲ၌ နာကျင်မှုက သက်သာသွားခဲ့ပြီ ဖြစ်သော်လည်း မူးဝေမှုကတော့ ရှိနေဆဲသာ။

ဟန်လိက ကျောက်အိပ်ယာပေါ် အလျင်အမြန် တက်ကာ မျက်လုံးမှိတ်၊ အသက်ရှုလေ့ကျင့်ခန်း လုပ်ပြီး သူ့စိတ်ကို လုံးဝ အနားပေးသည်။

ဟန်လိသည် ထိုကဲ့သို့ပုံစံဖြင့် သုံးရက်သုံးည တရားထိုင်နေခဲ့သည်။ သူ့ခေါင်းထဲ၌ မသက်မသာခံစားချက် ပျောက်ကွယ်သွားရုံသာမက အလင်းစာလုံးများ စီးဆင်းမှု နောက်ကွယ်မှ အကြောင်းကိုလည်း သူ တွေ့ရှိခဲ့၊ သိရှိခဲ့လေပြီ။

“ မိုးပြာအနှစ်သာရဓားပညာရပ်…” ထို့အပြင် ၎င်းပညာရပ်မှာ အလုံးစုံ ပြည့်စုံပြီး အဆင့်ဆယ့်သုံးဆင့်ရှိနေသော မှော်ပညာရပ်တည်း။ ပညာရပ်၏ မည်သည့်အပိုင်းမျှ ပျောက်ကွယ်မနေသလို လစ်ဟာမှုလည်း ရှိမနေခဲ့ပေ။ ၎င်းမှာ ဒဏ္ဍာရီလာ နတ်အသွင်ပြောင်းခြင်းအဆင့်ထိ ကျင့်ကြံနိုင်သော ပညာရပ်ဖြစ်နေတာ မေးခွန်းထုတ်ဖို့ရန် မလိုပေ။ ဤသည်မှာ အလင်းစာလုံးများမှ ဆောင်ယူလာသော စကားလုံးများတည်း။

ဟန်လိသည် ထိုအကြောင်းကို သိသည့်အခါ မင်သက်မိသွား၏။ သူသည် မဆိုသလောက်လည်း တုန်လှုပ်မိသေးသည်။ သို့သော် သူ့မျက်နှာထက်တွင် နည်းနည်းလေးမျှ ပျော်ရွှင်သည့်ဟန် ပေါ်မနေခဲ့ပေ။

အကြောင်းမှာ ဤပညာရပ်သည် အဆုံးသပ်၌ အဖြည့်ပညာရပ်တစ်ခု ဖြစ်သော အနှစ်သာရသုံးခုပြောင်းလဲခြင်း ပညာရပ်သာ ဖြစ်နေသောကြောင့်ပင်။ စစချင်း ထိုပညာရပ်က ဟန်လိ၏ စိတ်ဝင်စားမှုကို ထင့်သွားစေ၏။ သူက သည်အတိုင်းသာ ယင်းပညာရပ်ကို သာမကာလျှံကာ ကြည့်သည်။

ပညာရပ်၏ အစပိုင်းအကြောင်းအရာ အနည်းငယ်ကို ဖတ်ရှုပြီးနောက်မှာ သူသည် ခဏတာ ငေးမောကြောင်ရီသွားသည်။ သူများ မှားဖတ်မိလေသလား။ သို့သော် သူသည် နောက်ထပ် အကြိမ်ကြိမ် ထပ်ဖတ်ကြည့်သည့်အခါ သူ မမှားကြောင်း သေချာသွားသည်။ ထိုအခါ ဟန်လိသည် အလွန်ပျော်ရွှင်သော အခြေအနေသို့ ဝင်ရောက်သွားချေ၏။

ဤ “အနှစ်သာရသုံးခုပြောင်းလဲခြင်း ပညာရပ်”သည် အမြုတေဖွဲ့စည်းခြင်း အဆင့်တစ်ဆို့မှုကို ဖြတ်ကျော်စေနိုင်သော သက်ရောက်မှုကို အမှန်တကယ် ပိုင်ဆိုင်ထားသည်။ အံ့ချီးဖွယ်ရာပင်။ ထိုအချက်အလက်မှာ ဟန်လိကို အိပ်မက်မက်မိနေသလားဟုပင် ထင်ယောင်မိသွားစေသည်။

သူ ကျင့်ကြံခြင်းလောကသို့ ဝင်ရောက်ခဲ့သည့် အချိန်မှစ၍ ကျင့်ကြံသူတိုင်းနီးပါးသည် အမြုတေဖွဲ့စည်းခြင်း၏ ပြဿနာများစွာနှင့် ပတ်သတ်ပြီး ပြောခဲ့ကြတာ ဖြစ်၏။ လူတိုင်းသည် ထိုအဆင့်ကြောင်း ပြောလျှင် သက်ပြင်းချ၊ ခေါင်းရမ်းကုန်ကြ၏။ အမြုတေအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခြင်းသည် လူတစ်ယောက်၏ ကံအပေါ်လည်း မူတည်သေးသည်ဟု ပြော၍ ရပါသည်။ ဤသည်မှာ မိုးကောင်းကင်က ဆုံးဖြတ်သော ကိစ္စတစ်ခုတည်း။ အလွန်ထူးချွန်သော ပါရမီရှိသူများက အခြေခံတည်ဆောက်ခြင်းအထွတ်အထိပ်အဆင့်ထိ ကျင့်ကြံပြီး အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ဝင်ရောက်ရန် အရည်အချင်းများ ပိုင်ဆိုင်တာက သဘာဝပင်။ ထို့အပြင် ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်များကို ပိုင်ဆိုင်ထားသူများမှာလည်း ထိုအဆင့်၌ မည်သည့်ပြဿနာကိုမျှ ကြုံရလိမ့်မည် မဟုတ်ပေ။

ပွင့်လင်းစွာ ပြောရပါက အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်ဖို့ ဟန်လိ၏ ယုံကြည်မှုမှာ မရှိသလောက်ပင်။ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်ဖို့ အခက်အခဲကြီးများစွာဖြင့် သူ့ တဘဝလုံးကို အသုံးပြုကာ ကြိုးစားတော့ကြည့်မည်သာ။ သူ့အဖို့ လက်လျော့ရန်မှာ အမှန်တကယ် ဝန်လေးနေမိသည်။ ခက်ခဲရုံ သပ်သပ်ကြောင့် ထာဝရရှင်သန်သော ဘဝနောက်ကို လိုက်လံခြင်းအား လက်လွှတ်ပစ်ချင်စိတ် ဟန်လိမှာ ရှိမနေပေ။ မျှော်လင့်ချက် မရှိခဲ့လျှင်ပင် သူ၏ အမြုတေဖွဲ့စည်းခြင်းအဆင့်ထိ ရောက်ချင်စိတ်အတွက်ကြောင့် ရုန်းကန်မှုမှာ ပို၍ အားကောင်းလာလိမ့်မည်သာ။

သို့သော် ခုချိန်၌ သူ့ရှေ့မှာ အမြုတေဖွဲ့စည်းခြင်းထံ ဖြောင့်တန်းသောလမ်းကြောင်းတစ်ခု ပေါ်လာခဲ့ပေပြီ။ သူ့အနေဖြင့် ထိုလမ်းကြောင်းအတိုင်း လျှောက်ကာ အဆင့်တစ်ဆို့မှုကို ဖြတ်ကျော်နိုင်စေလိမ့်မည်။ သို့အတွက်ကြောင့် ဟန်လိမှာ ဝမ်းသာပီတိ မဖြစ်မိဘဲ ဘယ်ရှိပါတော့မည်နည်း။

သို့သော် မည်သို့ပင်ဖြစ်စေ ဟန်လိ၏ စိတ်လှုပ်ရှားမှုကြောင့် သည်ကျင့်ကြံခြင်းပညာရပ်မှာ ရေတိုဖြတ်လမ်းနည်းဟု သတ်မှတ်၍ မရနိုင်ပေ။ တကယ်တော့ ၎င်းပညာရပ်မှာ အလုံးစုံမှန်ကြောင်း သက်သေပြထားပြီး ဟုတ်မနေခဲ့ပေ။

ထိုပညာရပ်နှင့်မိုးပြာအနှစ်သာရဓားပညာရပ်တို့ကို တီထွင်ခဲ့သော ကျွမ်းကျင်သူမှာ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ခဲ့တာ ကြာမြင့်ခဲ့လောက်ပေပြီ။ ထိုသူက သည်ပညာရပ်များကို တီထွင်ခဲ့ချိန်၌ အမြုတေဖွဲ့စည်းခြင်းနှင့် ပတ်သတ်သော တမူထူးသည့် အကြံတစ်ခု အပေါ် အခြေခံခဲ့ပေသည်။ သူသည် ထိုကျင့်ကြံခြင်းပညာရပ်ကို အဆုံးထိ ဖော်ပြခဲ့၏။ အကယ်၍ လူတစ်ယောက်သည် ထိုကျင့်ကြံခြင်းပညာရပ်အတိုင်း အလုံးစုံ လိုက်နာပြီး လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပါက အမြုတေတစ်ခု ချက်ခြင်း ဖွဲ့စည်းဖို့ ဖြစ်နိုင်ချေ ငါးဆယ်ရာခိုင်နှုန်းလောက် ရှိခြင်းပင်။

သို့ပေမည့် ထိုသည်က ဟန်လိအတွက် လုံလောက်နေပေပြီ။ အကယ်၍ တစ်စုံတစ်ယောက်က ဖြစ်နိုင်ချေ ဆယ်ပုံပေါ် တစ်ပုံဟု ပြောလာခဲ့လျှင်ပင် သူသည် တွေဝေခြင်းမရှိ အနှီပညာရပ်အပေါ် အားစိုက်ထုတ်ကာ လိုက်စားလိမ့်မည်သာ။

သို့ပေမည့် ဟန်လိ အားရဝမ်းသာ ဖြစ်သွားပြီး သည်ပညာရပ်အကြောင်း ဂရုတစိုက် စူးစမ်းသည့်အခါ သူ့မျှော်လင့်ချက်များ လျော့နည်းသွားတာကို တွေ့ရှိရတော့၏။ အကယ်၍ ဟန်လိမှာ ခိုင်မာပြင်းပြသော ရည်မှန်းချက်ရှိသူ ဖြစ်ခဲ့လျှင်ပင် သူ့အတွက် ကြီးမားသော ရိုက်ချက် ဖြစ်သွားခဲ့ရပြီ။ သူ့မျက်နှာသည်ပင် ဖြူရောသွား၏။

ထိုအနှစ်သာရသုံးခုပြောင်းလဲခြင်း ပညာရပ်အတွက် ပထမဆုံး ကျင့်ကြံရမည်မှာ မိုးပြာဓားပညာရပ် ဖြစ်၏။ အကြောင်းမှာ ထိုပညာရပ်သည် ဒီဓားပညာရပ်အပေါ် အခြေခံထားခဲ့သောကြောင့်ပင်။ မိုးပြာဓားပညာရပ်သည် လေ့ကျင့်ဖို့ ခက်ခဲသော်လည်း ထိုသည်မှာ အရေးကြီးဆုံးအခြေအနေတော့ မဟုတ်နေပေ။ ဟန်လိကို မျက်စိမျက်နှာပျက်သွားစေသည်မှာ ထိုပညာရပ်၏ အမည်နောက်ကွယ်မှ အဓိပ္ပာယ်ကြောင့်သာ။ ဒီပညာရပ်ကို ကျင့်ကြံမည့်သူတိုင်းသည် မိုးပြာအနှစ်သာရဓားပညာရပ်ကို အဆင့်ခြောက်ထိ ဦးဆုံး ကျင့်ကြံရမည် ဖြစ်ပြီး ယင်းနောက်မှာ သူတို့၏ ထိုဓားပညာရပ်ကို ပြန်ဖြိုဖျက်ရလိမ့်မည်။ ယင်းနောက်မှာ သူတို့က ၎င်းပညာရပ်ကို အစကနေ ပြန်ကျင့်ကြံရမည် ဖြစ်သည်။

ထိုပညာရပ်ကို တီထွင်ခဲ့သူ၏ အဆိုအရ ထိုသို့သော နည်းလမ်းဖြင့်သာ အနှစ်သာရသုံးခုပြောင်းလဲခြင်း ပညာရပ်ကို အောင်မြင်နိုင်စွမ်း ရှိလိမ့်မည် ဟူ၍ပင်။ သူ၏ မှော်စွမ်းအားကို ထပ်ခါထပ်ခါ ကျင့်ကြံခြင်းအားဖြင့် သူ၏ အစစ်အမှန်အနှစ်သာရသည် ပိုပို၍ သိပ်သည်းလာကာ သူ့မှော်စွမ်းအားမှာလည်း ပိုမိုသန့်စင်လာလိမ့်မည်။ ထိုကဲ့သို့ သုံးကြိမ်ဆက်တိုက် ကျင့်ကြံပြီး အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ်အထိ ပြန်လည် ကျင့်ကြံနိုင်ခဲ့ပါက သူသည် သူ့ဒျန်တျန်၌ အမြုတေတစ်ခုကို လွယ်လင့်တကူ ဖွဲ့စည်းနိုင်စွမ်း ရှိလိမ့်မည် ဖြစ်၏။

ထိုကျွမ်းကျင်သူ၏ ထင်ကြေးအရ ရွှေရောင်အမြုတေကို လူတစ်ယောက်၏ အစစ်အမှန်အနှစ်သာရအား သိပ်သည်းအေးခဲစေပြီး ဖန်တီးနိုင်သည် ဟူ၍ပင်။ အစစ်အမှန် အနှစ်သာရကို သိပ်သည်းစေခဲ့လျှင် အမြုတေတစ်ခုဖွဲ့စည်းဖို့ အင်အားစိုက်ထုတ်နေရန် မလိုတော့ပေ။

ဟန်လိသည် ထိုကျွမ်းကျင်သူ ပြောခဲ့တာ အကျိုးအကြောင်းသင့်သည်ဟု ခံစားမိ၏။ သို့သော်လည်း သူ့ကိုယ်ပိုင်ကျွမ်းကျင်မှုကို ဖြိုခွဲခြင်းကဲ့သို့ ရူးကြောင်ကြောင် အရာမျိုး လုပ်ရန် အမှန်တကယ် ချီတုံချတုံ ဖြစ်နေချေ၏။

ထိုသို့ဖြစ်ရခြင်းမှာ ဟန်လိက ဆုံးရှုံးသွားသော သူ့ကျင့်ကြံမှုကို ပြန်ရအောင် ခက်ခက်ခဲခဲ မကြိုးစားဝံ့၍ မဟုတ်ပေ။ သူ့အနေဖြင့် သူ့သက်တမ်းအတွင်း သုံးကြိမ်တိုင်တိုင် ကျင့်ကြံနိုင်စွမ်း ရှိလိမ့်မည့်အပေါ် ယုံကြည်မှု ကင်းမဲ့နေတာသာ ဖြစ်၏။

သူသည် ဆန်းကြယ်သောပုလင်းငယ်၏ အထောက်အပံ့ကို ပိုင်ဆိုင်ထားခဲ့လျှင်ပင် ဤသည်မှာ အလွန်စွန့်စားရမည့် ကိစ္စပင်။

ထိုသို့ ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးမှာလည်း သံသယရှိစရာမလိုအောင် ကြီးမားလှ၏။ ဤပညာရပ်က သူ၏ အစစ်အမှန်အနှစ်သာရနှင့် မှော်စွမ်းအားကို ပုံမှန်ကျင့်ကြံသူများထက် များစွာ သာလွန်နေသည်။ သို့သော် တချိန်တည်းမှာ သူသည် ကျင့်ကြံသူအများစုထက် အချိန်ပိုပေး၍ ကျင့်ကြံရလိမ့်မည်။

သက်တမ်းနှစ်ရာအတွင်း သူသည် ထိုသို့ လုပ်နိုင်စွမ်း ရှိပါမည်လော။ ဟန်လိ တကယ် မသိပါ။

မပြတ်မသား ဖြစ်နေပြီးနောက်မှာ ဟန်လိက သူ လီဟွာယွမ်ထံမှ ရခဲ့သော ရွှေရောင်စာအုပ်ထံ အကြည့်ရောက်သွားသည်။ ယင်းစာအုပ်၌ မည်သည့်အရာ ပါဝင်နေသလဲဟု စူးစမ်းပြီးနောက်မှသာ သူသည် ဆုံးဖြတ်ချက်တစ်ခု ချနိုင်တော့မည် ဖြစ်သည်။

ထို့အတွက်ကြောင့် သူသည် ၎င်းရွှေရောင်စာအုပ်ထဲသို့လည်း တူညီသော ဓားအလင်းတန်းများကို ပစ်သွင်းခဲ့၏။ ထိုအခါ အစောပိုင်းတုန်းကကဲ့သို့ သူ့ခေါင်းမှာ စူးခနဲ နာကျင်မှုကို ကြုံရပြန်သည်။ ထိုသို့ နောက်တစ်ကြိမ် ထပ်ကြုံပြီးနောက် ဟန်လိသည် နောက်ထပ်ရွှေရောင်စာအုပ်၌ ပါဝင်သော အကြောင်းအရာများကို လက်ခံရရှိသည်။

“မိုးပြာဝါးတိမ်အုပ်ဓား” ဤသည်မှာ ဟန်လိ၏ စိတ်ထဲ ဝင်ရောက်လာသောအရာပင်။

ဟန်လိမှာ အတော်လေး စိတ်ဝင်စားမိကာ အလင်းစာလုံးများကို စိတ်ရှည်လက်ရှည် စီစဉ်ကြည့်နေသည်။

ထိုရွှေရောင်စာအုပ်အတွင်း၌ အမြုတေဖွဲ့စည်းခြင်းအဆင့် မှော်ဓားပျံတစ်လက်ကို မည်သို့မည်ပုံ သန့်စင်ရမည်နည်းဟူသည့် ညွှန်ကြားချက်များ ပါဝင်နေ၏။ ထိုမှော်ရတနာဓားကို မိုးပြဝါးတိမ်အုပ်ဓား ဟုခေါ်သည်။ သစ်သားဓာတ်ဖြစ်သော ထိုဓားမှာ ဟန်လိ၏ ရွှေရောင်ပိုးတောင်မာ ဓားသွားအုပ်စုနှင့် အလားသဏ္ဌာန်တူသည်။ ၎င်းမှာ အစုံလိုက် သန့်စင်ရသော မှော်ရတနာတစ်စုံ ဖြစ်သည်။

ထိုသို့ မှော်ရတနာတစ်စုံဖြစ်ရန် အနည်းဆုံး ဝါးဓာတ်ဓားဆယ့်နှစ်လက် လိုအပ်မည် ဖြစ်သည်။ ၎င်းမှာ တော်တော်လေး ထူးခြား၏။ ဟန်လိသာ လုံလောက်သော သတ္တုအမယ်များကို စုဆောင်းနိုင်ပြီး လုံလောက်သည့် အစစ်အမှန်အနှစ်သာရကိုသာ ပိုင်ဆိုင်ထားပါက သီအိုရီအားဖြင့် ဓားသုံးဆယ့်ခြောက်လက် သို့မဟုတ် ခုနစ်ဆယ့်နှစ်လက် ပါဝင်သော မှော်ရတနာတစ်စုံကို သန့်စင်နိုင်လိမ့်မည် ဖြစ်သည်။

All Chapters