← Chapters

ဆေးအစွမ်း

Vol. 18 Ch. 243

ဆေးအစွမ်း

Vol. 18 Ch. 243

ဟန်လိက သူ့လက်ချောင်းဖြင့် တောက်ထုတ်လိုက်သည်။ မိုးပြာအလင်းတန်းတစ်ခုသည် ဘန်းခနဲ ပေါက်ကွဲသံနှင့်အတူ မီးတောက်ထံ ပျံသန်းထွက်သွား၏။ မီးတောက်သည် ပေအနည်းငယ်ထိ လွင့်ထွက်သွားပြီး လီဟွာယွမ်၏ အသံသည် ရုတ်တရက် ရှင်းလင်းစွာ ထွက်ပေါ်လာချေသည်။

“ခုချက်ခြင်း အစိမ်းရောင်လှိုင်းတွန့်လှိုဏ်ဂူဆီ လာခဲ့ပါ။ မင်းရဲ့ ဆရာက မင်းနဲ့ ပတ်သတ်ပြီး ပြောစရာ တစ်ခုခု ရှိတယ်...”

ထိုစကားများ ထွက်ပေါ်လာပြီးနောက်မှာ မီးအလင်းတန်းသည် မီးအစက်မီးပွားများအဖြစ်သို့ ချက်ခြင်း ပေါက်ကွဲကာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။

ဟန်လိက ထိုသတင်းစကားကို ကြားပြီးနောက် သူ့နှာခေါင်းကို ပွတ်သပ်ကာ သူ့အခန်းထဲ ဝင်လာသည်။ သူ့အမူအရာမှာ တည်ငြိမ်လျက်သာ။

အခန်းထဲ ဝင်လာပြီးနောက်မှာ ဟန်လိသည် သူ့ကျောက်အိပ်ယာအောက်မှ သစ်သားသေတ္တာကြီးတစ်ခုကို ဆွဲထုတ်သည်။ ၎င်းသေတ္တာထဲ၌ ပုံစံမတူသော သိုလှောင်အိတ်မျိုးစုံ ဆယ်ခုလောက် ပါဝင်နေသည်။ ဟန်လိက သူ သယ်လာသော အဆောင်များနှင့် ပစ္စည်မျိုးစုံကို ၎င်းသေတ္တာထဲသို့ သွန်ချသည်။ ထို့နောက်တွင် သူသည် ယင်းပစ္စည်းများကို တစ်ခုချင်းစီ အမျိုးအစားနှင့် အရည်အသွေးခွဲခြားကာ မတူညီသော နေရာများမှာ နေရာချသည်။

ယင်းနောက်မှာ သူက ၎င်းသေတ္တာကြီးကို မူလနေရာအတိုင်း ပြန်ထားသည်။ ခဏ ချီတုံချတုံ ဖြစ်နေပြီးနောက်မှာ သူက လှိုဏ်ဂူ၏ အဓိကဝင်ပေါက်ထံ တိုက်ရိုက် လှမ်းလျှောက်လာသည်။

......

နတ်လေလှေပေါ်တွင် ရပ်နေလျက် ဟန်လိသည် ပြီးခဲ့သော လေးနှစ်က သူ၏ ကျင့်ကြံမှု အခြေအနေ၊ အဆောင်များ ဖန်တီးခြင်းတို့အကြောင်းကို ပြန်တွေးတောနေလျက် သူ့အမူဟန်ပန်မှာ အလေးအနက် ဖြစ်နေ၏။

ဟန်လိသည် သူ၏လှိုဏ်ဂူကို ချိပ်ပိတ်ထားသည့်အချိန်၌ သူက သူ့လှိုဏ်ဂူထဲ၌ အလွန်တရာ ကွယ်ဝှက်နေသော ဆေးဥယျာဉ်ကို နေရာချထားခဲ့သည်။ ၎င်းဥယျာဉ်မှာ ကြီးမားလှခြင်း မရှိသော်ငြားလည်း သူ ကျင့်ကြံနေစဉ်အတွင်း သူ၏ ဆေးဝါးပင်များကို ရင့်မှည့်အောင်လုပ်ဖို့တော့ သူ့အတွက် လုံလောက်ပေသည်။ သူ တံခါးပိတ်ကျင့်ကြံခဲ့စဉ်အတွင်း ထိုနည်းလမ်းဖြင့် သူက အချိန်ကို အကျိုးရှိအောင် အသုံးချခဲ့သည်။ သူ့အဖို့ ဆေးဝါးပင်မျာား ရင့်မှည်၊မမှည့်နှင့် ပတ်သတ်၍ စိတ်ပူနေစရာ မလိုပေ။

ထိုသို့ ဆေးပင်များ ရင့်မှည့်နေစေဖို့အတွက် သူသည် ဆေးဥယျာဉ်အနီးအနားရှိ ကျောက်နံရံတွင် မရေမတွက်နိုင်သော အပေါက်ငယ်လေးများ ဖောက်ကာ နေရောင်ဝင်အောင် ပြုလုပ်ထားခဲ့သည်။ ယင်းနေရောင်ကနေ ဆန်းကြယ်ပုလင်းငယ်က စိတ်ဝိညာဉ်ချီများကို စုပ်ယူနိုင်မည် ဖြစ်၏။ သည်အပေါက်ငယ်များမှာလည်း သူ၏ အစီအရင်ကြီးအတွင်းမှာ ရှိနေသဖြင့် အပြင်လူများက သည်အပေါက်ငယ်များကို ရှာတွေ့သွားမှာကိုလည်း ပူပန်နေစရာ မရှိပေ။

အပြင်ဘက်တွင်မူ ဆေးဥယျာဉ်အကြီးစားတစ်ခုကို သူက အကာအကွယ်အနေဖြင့် ယောင်ပြထားထားသေးသည်။

ဆေးဥယျာဉ်ငယ်နှင့် ဟန်လိသည် ဆေးလုံးများကို မူလအစစ်အမှန်မီး အသုံးပြု၍ သန့်စင်နေစဉ်အတွင်း သူ၏ စိတ်ဝိညာဉ်ဆေးပင်များကိုလည်း ရင့်မှည့်အောင် ကြိုးစားထားသည်။ ယင်းအစစ်အမှန်မီးက ကမ္ဘာမြေမီးလောက် မကောင်းသော်လည်း ၎င်းမီး၏ တည်ငြိမ်မှုနှင့် ဘေးအန္တရာယ်ကင်းမူကတော့ သာလွန်သည်။ ဟန်လိက သူ ဆေးလုံးများ သန့်စင်ခြင်း၌ ကျရှုံးမည့် အကြိမ်အရေအတွက်နှင့် ပတ်သတ်ပြီးတော့ စိတ်ပူနေရန် မလိုပေ။

ရှေးဟောင်းဆေးဖော်စပ်နည်းမှ သန့်စင်သော ဆေးလုံးများကမူ မျှော်လင့်ထားသည့်အတိုင်း သေးသေးမွှားမွှား ဟုတ်မနေပါ။

ဟန်လိသည် ထိုဆေးဖော်စပ်နည်းအတိုင်း ချီသန့်စင်ခြင်းအမှုန့်ကို သန့်စင်ဖော်စပ်ပြီး ၎င်းကို သုံးစွဲခဲ့ပြီးနောက် သူ အခြေခံတည်ဆောက်ခြင်းအဆင့်ကို စရောက်တုန်းက ခံစားချက်မျိုး ဖြစ်သည့် စိတ်ဝိညာဉ်ချီ ပေါက်ကွဲမှုမျိုးကို ထပ်တွေ့ကြုံရသည်။ ထိုအဖြစ်က သူ့ကို တုန်လှုပ်အံ့အားသင့်ကာ ဖင်ထိုင်ကျစေသည့်အထိ ဖြစ်စေခဲ့ပြီး ၎င်းချီစွမ်းအားများကို ချက်ခြင်းလက်ငင်း သန့်စင်ပစ်သည်။ သူသည် ယင်းစွမ်းအားပမာဏ နည်းနည်းကိုပင် အလကားဟသ အဖြစ်မခံစေဝံ့ပေ။

ယင်းတုန်လှုပ်ဖွယ်ရလဒ်က သူ၏ မှော်စွမ်းအားကို တံခါးပိတ်ကျင့်ကြံစဉ် ပထမဆုံးနှစ်အတွင်းမှာပင် တရှိန်ထိုး မြင့်တက်စေခဲ့သည်။ သူ မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေခဲ့သည်။

ထိုဆေးအာနိသင်မျာားကို ကျေညက်စေခြင်းက ဟန်လိကို စိတ်ဝိညာဉ်ချီများ စုပ်ယူရမည့် အချိန်ကို သက်သာစေခဲ့သည်။ မှော်စွမ်းအားအရာ၌ သူ၏ တိုးတက်မှုမှာ အဆများစွာ မြင့်တက်သွားခဲ့ပေသည်။

သို့အတွက် ဟန်လိမှာ သူ့ ပျော်ရွှင်မှုကို မထိန်းသိမ်းနိုင်သည့်အထိ ဖြစ်ခဲ့ရလေ၏။ မိုးပြာအနှစ်သာရဓားပညာရပ်ကို သုံးကြိမ်တိုင်တိုင် ပြန်လည် ကျင့်ကြံခြင်းသည် အလွန်လက်တွေ့ကျသော ဖြစ်နိုင်ချေ ရှိသော အရာတစ်ခု ဖြစ်လာခဲ့ချေသည်။

ထိုဓားပညာရပ်သည် ရက်အနည်းငယ်ကြာတိုင်း လူတစ်ယောက်၏ မှော်စွမ်းအား တစိတ်တပိုင်းကို လွင့်ပြယ်ပျောက်ကွယ်သွားစေသော်လည်း ခြောက်ရက်ခုနစ်ရက်ကြာတိုင်းမှာ ချီသန့်စင်ခြင်းအမှုန့်ကို သုံးစွဲခြင်းဖြင့် ထိုဆုံးရှုံးမှုကို ပြန်ထေမိပေသည်။

ထိုအချိန်အတွင်း ဟန်လိသည် စူးစမ်းချင်စိတ်ဖြင့် အခြေခံတည်ဆောက်ခြင်းဆေးလုံးတစ်လုံးကိုလည်း သုံးစွဲကြည့်သေးသည်။ အဆုံးသပ်တွင်မူ ယင်းဆေးလုံး၏ သက်ရောက်မှုကမူ မပြောပလောက်တော့ပေ။ ထို့ကြောင့် ဟန်လိက အခြေခံတည်ဆောက်ခြင်းဆေးလုံး သုံးစွဲမည့်အကြံကို လက်လျော့လိုက်တော့သည်။

သို့ပေမည့် နောက်သုံးနှစ်မှာ သူ့ကို အံ့အားတသင့်ဖြစ်သွားစေခဲ့သော ကိစ္စတစ်ခု ဖြစ်ခဲ့သည်။

ဒုတိယနှစ်မှစ၍ ချီသန့်စင်ခြင်းအမှုန့်ကို ချေဖျက်သည့်အချိန် မြင့်တက်လာသော စိတ်ဝိညာဉ်ချီများသည် ပြီးခဲ့သော နှစ်ကထက် တဖြည်းဖြည်း လျော့လာခဲ့သည်။ လေးနှစ်မြောက်တွင် ယင်းချီသန့်စင်ခြင်းအမှုန့်၏ အာနိသင်မှာလည်း အရင်တုန်းက သူ သုံးစွဲခဲ့ဖူးသော နဂါးဝါဆေးလုံးနှင့် ရွှေအနှစ်သာရဆေးလုံးတို့ကဲ့သို့ တူညီစွာ ထပ်ဖြစ်လာခဲ့ပေသည်။ ချီသန့်စင်ခြင်းအမှုန့်မှာ ၎င်း၏ အကျိုးအာနိသင်အားလုံးကို ဆုံးရှုံးသွားခဲ့ပေပြီ။ သူ့အပေါ်၌ စစချင်းတုန်းကကဲ့သို့ အကျိုးမများစေတော့ပေ။ သူ ထိုအမှုန့်မည်မျှများများကို သုံးစွဲပါစေ မည်သည့်စိတ်ဝိညာဉ်ချီကိုမျှ မခံစားမိတော့ချေ။

ဟန်လိမှာ ခေါင်းကိုက်ရပြန်သည်။ သူသည် အကြီးအကျယ်လည်း စိတ်ဓာတ်ကျရ၏။

ထိုသို့ဖြစ်ရသည့် အကြောင်းရင်းမှာ ချီသန့်စင်ခြင်းအမှုန့်က သူ၏ ကျင့်ကြံမှုအမြန်နှုန်းကို လိုက်မမှီတော့တာ ကျိန်းသေပေါက် မဟုတ်လေပေ။ ထိုဆေး၏ အာနိသင်မှာ အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့်များအတွက်ပင် မည်သည့်ပြဿနာမျှ မရှိနိုင်ပေ။ တကယ်တော့ ယင်းဆေးမှုန့်သည် ရှေးဟောင်းဆေးဖော်စပ်နည်းဖြင့် ဖော်စပ်ထားတာ မဟုတ်လား။ ယင်းချီသန့်စင်ခြင်းဆေးမှုန့်သည် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများအတွက်ပင် အနည်းနှင့်အများ အသုံးတည့်နိုင်သေးသည်။

ချီသန့်စင်ခြင်းဆေးမှုန့် ထိုသို့ အာနိသင် ပြယ်သွားသည့်အပေါ် သူ အဖန်ဖန် စဉ်းစားကြည့်ပြီးနောက်မှာ ဟန်လိသည် သူ တတ်မြောက်ထားသော ဆေးပညာရပ်ကို အခြေခံ၍ ကောက်ချက်တစ်ခု ချမိသည်။ သူက သည်ဆေးမှုန့်များကို အကြိမ်ရေ စိပ်စိပ် အသုံးပြုခဲ့သည့်အတွက်ကြောင့် သူ့ခန္ဓာကိုယ်မှာ ထိုဆေး၏ အာနိသင်ကို ခံနိုင်ရည် ရှိသွားတာ ဖြစ်ဖို့များသည်။ ထို့အတွက်ကြောင့် သည်ဆေး၏ အကျိုးအာနိသင်က သူ့အတွက် တဖြည်းဖြည်း ဆုံးရှုံးသွားတာ ဖြစ်ဖို့များသည်။

ဟန်လိသည် သူ၏ ထိုကောက်ချက်မှာ အမှန်တကယ် ဟုတ်၏လားကိုမူ သေချာ ဆုံးဖြတ်နိုင်ခြင်း မရှိပေ။ တကယ်တော့ ကျင့်ကြံခြင်းလောက၌ ဆေးလုံးများကို နေ့စဉ်နီးပါး သုံးစွဲနေသူများမှာ မရှိနိုင်လောက်ပေ။ ထို့ကြောင့်လည်း သူ့အနေဖြင့် တခြားဖြစ်ရပ်များနှင့် သူ အခု ကြုံတွေ့နေရသော အဖြစ်ကို နှိုင်းယှဉ်ကြည့်၍လည်းမရ၊ တခြားတစုံတစ်ယောက်၏ အတွေ့အကြုံများကိုလည်း ငှားရမ်း၍ မရ ဖြစ်နေသည်။

သို့ပေမည့် ဟန်လိသည် အချိန်တစ်ခုထိ ထိုဆေးလုံးကို အသုံးပြုတာ ရပ်လိုက်ပါက ယင်းချီသန့်စင်ခြင်းအမှုန့်သည် ၎င်း၏ အာနိသင် ပြန်ရလာလိမ့်မည်ဟု မျှော်လင့်ထားတုန်းပင်။

ထိုသို့တွေးကာ ဟန်လိသည် လာမည့်နှစ်မှာ ဆေးလုံးများကို အသုံးပြုခြင်းကို ရပ်ထားပြီး မိုးပြာအနှစ်သာရဓားပညာရပ်ကို ပြောင်း၍ ကျင့်ကြံသည်။

သို့ပေမည့် စိတ်ဝိညာဉ်ဆေးများ သုံး၍ မှော်စွမ်းအားအမြန်နှုန်း တိုးတက်မှုနှင့် အသားကျနေသည့်အတွက်ကြောင့် သမာရိုးကျနည်းလမ်းဖြင့် ကျင့်ကြံရာ၌ နှေးကွေးလှသော အမြန်နှုန်းကို သည်းခံဖို့မှာ သူ့အဖို့ အလွန်ခက်လှသည်။ မည်သို့ပင်ဖြစ်စေ ထိုနည်းလမ်းကို အသုံးပြု၍ ကျင့်ကြံခြင်းသည် ပင်ကိုယ်ပါရမီအပေါ် အခြေခံပါက အကယ်၍ သူ့ဘဝတွင် ကျင့်ကြံရာ၌ အံ့ဖွယ်ရာ ဖြစ်လာခဲ့လျှင်ပင် သုံးကြိမ်တိုင် ပြန်ကျင့်ကြံရလိမ့်အုံးမည်။

လိပ်တစ်ကောင်ကဲ့သို့ အမြန်နှုန်းဖြင့် တစ်နှစ်လောက် သည်းခံကျင့်ကြံပြီးသည့်နောက်မှာ ရလဒ်များသည် ဟန်လိကို လွန်စွာ စိတ်ပျက်မှုသာ ယူဆောင်လာခဲ့သည်။ ချီသန့်စင်ခြင်းအမှုန့်ကို ထပ်မံ အသုံးပြုကြည့်ရသေးသော်လည်း ၎င်းမှာ အာနိသင်မရှိတုန်းပင်။ ထိုဆေးမှုန့်မှာ ၎င်း၏ အာနိသင် ဆုံးရှုံးသွားလေသည့်အလား။ ဟန်လိသည် တခြားစိတ်ဝိညာဉ်ဆေးပင်များကို ရှာဖွေရန်သာ တတ်နိုင်တော့မည်။

သို့ဖြစ်၍ လီဟွာယွမ်သည် အသံပို့လွှတ်ခြင်းအဆောင်ကို အသုံးပြုကာ သူ့ကို လှမ်းမခေါ်ခဲ့လျှင်ပင် ဟန်လိသည် သူ့လှိုဏ်ဂူအပြင်ဘက်သို့ ခရီးတခု သွားရန် ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်သည်။

တကယ်တော့ သူ့၌ ခုထိ ကုန်ကြမ်းအမယ်များ မပြင်ဆင်ရသေးသော နောက်ထပ် ရှေးဟောင်းဆေးဖော်စပ်နည်းတစ်ခု ပိုင်ဆိုင်ထားသေးသည်။ ထိုစိတ်ဝိညာဉ်ဆေးကို သန့်စင်ဖော်စပ်ပြီး အသုံးပြုမှသာ သူ့မှော်စွမ်းအားသည် ထပ်မံ၍ တဟုန်ထိုး တိုးတက်နိုင်လိမ့်မည်။ ထို့အပြင် သူသည် နောက်ထပ် ဆေးဖော်စပ်နည်းအချို့ကိုလည်း ရှာဖွေရန် စီစဉ်ထားသည်။ သူ မဖော်စပ်ရသေးသော စိတ်ဝိညာဉ်စုဆောင်းခြင်းဆေးလုံးမှာလည်း ချီသန့်စင်ခြင်းအမှုန့်ကဲ့သို့ ၎င်း၏ အာနိသင် ဆုံးရှုံးသွားခဲ့လျှင်ပင် ဟန်လိသည် လာမည့်နှစ်အနည်းငယ်တိုင်းမှာ တခြား ဆေးလုံးအမျိုးအစားများကို အသုံးပြုနိုင်သေးသည်။

ပြီးခဲ့သော လေးနှစ်အတွင်း အဆောင်များ သန့်စင်သည့် ဖြစ်စဉ်ကမူ အတော်လေး ချောချောမွေ့မွေ့ရှိခဲ့သည်။

နေ့စဉ်နေ့တိုင်း သူက နေ့တစ်နေ့၏ ပထမပိုင်းတစ်ဝက်ကလွဲ၍ သူ ကျွမ်းကျင်ပြီးသား အဆင့်နိမ့်မှော်ပညာရပ်များကို လေ့ကျင့်သည်။ အဆောင်အတွက် ကုန်ကြမ်းသတ္တုအမယ်များကို တန်ဖိုးထားခြင်းမရှိဘဲ သူက အဆောင်များကို မရပ်တန်း အရူးအမူး သန့်စင်ခဲ့သည်။ ယင်းသို့သော တခြား အဆောင်သန့်စင်ခြင်းပညာရှင်များ လုံးလုံး မစဉ်းစားသော ဖြုန်းတီးသည့် နည်းလမ်းကို အသုံးပြုကာ လေ့ကျင့်ခြင်းကြောင့် ဟန်လိ၏ အဆောင်များ ဖန်တီးသန့်စင်ခြင်းအပေါ် ကျွမ်းကျင်မှုက အဆက်မပြတ် မြင့်တက်လာခဲ့သည်။ သူ၏ အောင်မြင်မှုနှုန်းက ခုထိ သနားစရာကောင်းလောက်အောင် နိမ့်ပါးသေးသော်လည်း အခုအခါ၌ သူသည် စဦးအဆင့်မြင့်အဆောင်များကို သန့်စင်နိုင်ရုံ ရှိလာခဲ့သည်။

ဟန်လိသည် နောက်တစ်ကြိမ် သူ တံခါးပိတ် မကျင့်ကြံခင်မှာ အလယ်အဆင့် မှော်မန္တာန်များကို စတင်လေ့ကျင့်ထားဖို့ ဆုံးဖြတ်ထားပြီး အလယ်အဆင့်မှော်အဆောင်များကို သန့်စင်ရန် ရည်ရွယ်ထားသည်။ ဤသည်မှာ အဆောင်များ သန့်စင်ဖို့အတွက် သူ၏ ပဓာနပန်းတိုင်ပင်။

ထို့အပြင် သူ တံခါးပိတ်ကျင့်ကြံနေစဉ်အတွင်းမှာလည်း ဟန်လိက ချီသန့်စင်ခြင်းဆေးလုံးများအပြင် သူ့အားလပ်ချိန်၌ ရုပ်သွင်နုပျိုဆေး ခုနစ်လုံးရှစ်လုံးလောက်ကို သန့်စင်ကာ တစ်လုံးတစ်လေ စမ်းသပ်၍ သောက်ကြည့်မည်ဟုလည်း တွေးထားသည်။ ထိုဆေးက သူ့ရုပ်သွင်ကို အမှန်တကယ် ထိန်းသိမ်းထားနိုင်စွမ်း ရှိစေခဲ့လျှင် ဟန်လိမှာ အလွန်ပျော်ရလိမ့်မည်သာ။ ကျင့်ကြံသူများသည် အသက်အရွယ်အိုမင်းမှု အလွန်တရာ နှေးကွေးသော်ငြားလည်း တကယ်တော့ အသက်အရွယ်ကြီးရင့်ကာ ဆံပင်များ ဖြူလာချင်သူ မည်သူမျှ မရှိလေပေ။

ခုချိန်၌ ဟန်လိသည် ချီသန့်စင်ခြင်းအမှုန့်၏ ဆေးအာနိသင် ဆုံးရှုံးသွားမှုကြောင့် သူသည် ပျံသန်းနေရင်း စိတ်ဓာတ်ကျနေမိသည်။ သို့သော် သူ့ဆရာ လီဟွာယွမ်က သူ့ကို ဘာကြောင့်များ တွေ့ချင်ရသလဲဟု သူ သိချင်သေးသည်။ သူက ထိုအကြောင်းကို ခန့်မှန်းကြည့်နေ၏။

ထိုသို့ဖြင့် စိတ်ထဲတွင် အတွေးများစွာ ပြည့်နေလျက် ဟန်လိသည် အစိမ်းရောင်လှိုင်းတွန့်လှိုဏ်ဂူထံ ရောက်လာခဲ့သည်။ အသံပို့လွှတ်ပြီးနောက်မှာ သူ့အတွက် အတားအဆီးများကို ဖွင့်လှစ်ပေးသူသည် အကြီးဆုံးအစ်ကိုယု မဟုတ်တော့မှန်း သူ သိလိုက်သည်။ သူ့အတွက် အစိမ်းရောင်လှိုင်းတွန့်လှိုဏ်ဂူထဲ ဝင်ဖို့ အတားအဆီးများကို ဖွင့်ပေးသူမှာ အနီရောင်နှုတ်ခမ်းရဲရဲ၊ သွားဖြူဖြူတို့နှင့် အသက်နှစ်ဆယ်ဝန်းကျင်လောက် လူချောတစ်ယောက် ဖြစ်နေ၏။

ဟန်လိ စကားမဆိုခင်မှာပင် ထိုလူငယ်က မထူးခြားနားဟန်ဖြင့် စကားအရင် ပြောလာသည်။

“မင်းက ဂျူနီယာညီလေးဟန်မလား။ ငါကတော့ ဆရာ့ရဲ့ ခြောက်ယောက်မြောက်တပည့် ဝူရွှမ်ပါ။ ဆရာက မင်း လာမှာ ဖြစ်တဲ့အတွက် ဒီမှာ ငါ့ကို စောင့်ခိုင်းထားတာ။ ငါနဲ့ လိုက်ခဲ့ပါ…”

ဝူရွှမ်က ထိုသို့ ပြောပြီးနောက် ဟန်လိကို တစ်စက်လေးမျှ မကြည့်တော့ဘဲ တဖက်သို့ လှည့်ကာ ထွက်သွားသည်။ သို့အတွက် ဟန်လိသည် ခေါင်းခြောက်သွားပြီး သူ့မျက်နှာကို လက်ဖြင့် ပွတ်လိုက်မိသည်။

“ငါ့မျက်နှာကများ ရုပ်ဆိုးနေတာများလား…”

ဟန်လိသည် အကူအညီမဲ့စွာဖြင့် ဘာမျှ မတတ်နိုင်ဘဲ ထိုလူငယ်နောက်ကိုသာ မပျော်မရွှင်ဖြင့် လိုက်လာတော့သည်။ သူတို့ကြား၌လည်း ပြောစရာစကားများ ရှိမနေပေ။ ထိုသို့ဖြင့် သူတို့သည် ဧည့်ကြိုအခန်းထံ ရောက်လာခဲ့ကျသည်။ ထိုအခန်းထဲရှိ ထိုင်ခုံများပေါ်တွင် လူသုံးယောက် ထိုင်နေကျ၏။ နှစ်ယောက်ကတော့ ထိုင်နေသူများ နောက်မှာ ရပ်လို့နေသည်။

ထိုင်နေသူများမှာ လီဟွာယွမ်၊ သူ့ဇနီးနှင့် အသက်သုံးဆယ်ဝန်းကျင်လောက် ရှိမည့် အမျိုးသမီးတစ်ယောက်တို့ပင်။ ထိုအမျိုးသမီးက အနီရောင်ဝတ်စုံကို ဝတ်ထား၏။ သူမက အသက်ကြီးပုံ ပေါ်နေသော်လည်း ညှို့ဓာတ်အချို့ ပိုင်ဆိုင်နေတုန်းပင်။ သို့သော်လည်း သူမ၏ မျက်နှာမှာ ရေခဲတမျှ အေးစက်နေ၏။ တခြားကျင့်ကြံသူများထံ၌ ပိုင်ဆိုင်ခဲသော သတ်ဖြတ်လိုစိတ် အငွေ့အသက် ခပ်ရေးရေးလည်း သူမထံမှ ထွက်ပေါ်နေသေးသည်။

လီဟွာယွမ်က ထိုအမျိုးသမီးထံ တခုခု ပြောနေပုံ ရသည်။ လီဟွာယွမ်၏ အမူအရာနှင့် စကားလုံးအသုံးအနှုန်းတို့ကို အခြေခံကာ သူက ယင်းအမျိုးသမီးအပေါ် လေးစားသမှု များစွာ ရှိနေပုံ ပေါ်သည်။

ဘေးမှာ ရပ်နေသောနှစ်ယောက်ကတော့ သူ အရင်တုန်းက ဆုံခဲ့ဖူးသော လေးယောက်မြောက်အစ်ကို စုန်မင်နှင့် တခြားတစ်ယောက်ကတော့ အသက်ဆယ့်ရှစ်ဆယ့်ကိုးလောက် ရှိမည့် မိန်းမပျိုလေးပင်။ သူမသည် ကိုယ်လုံးပြည့် အနီရောင်ဝတ်စုံကို ဝတ်ထားသည်။

“ဟန်လိ…ဒီကိုလာပြီး မင်းရဲ့ စီနီယာဟုန်ဖူနဲ့ လာတွေ့လှည့်…”

လီဟွာယွမ်သည် ဟန်လိ လှမ်းလာသည်ကို မြင်သည်နှင့် ပျော်ရွှင်သောလေသံဖြင့် သူ့ကို ချက်ခြင်းလှမ်းခေါ်သည်။ ဝူရွှမ်ကတော့ စုန်မင်ဘေးနားသို့ တိတ်တဆိတ် လှမ်းလျှောက်ကာ သူ့လက်နှစ်ဖက်ကို အတူတကွ ယှက်၍ ရပ်နေလေသည်။

“စီနီယာဟုန်ဖူကို နှုတ်ဆက်ပါတယ်…” ဟန်လိသည် မည်သို့ဖြစ်ပျက်နေတာ မသိသော်လည်း သူက လေးစားသမှုဟန်ပန် မကင်းမဲ့နေပေ။

အနီရောင်ဝတ်စုံနှင့် အမျိုးသမီးက ဟန်လိ၏ နှုတ်ဆက်စကားကို ကြား၏။ သို့သော် ချက်ခြင်း ဘာမျှ ပြန်မပြော၊ထိုအစား သူမက ဟန်လိကို ခြေအဆုံးခေါင်းအဆုံး သေချာ စူးစမ်းကြည့်နေသည်။

အချိန်အတော်အတန် ကြာပြီးနောက်မှာ သူမ၏မျက်နှာထက်တွင် အပြုံးတစ်ခု ခပ်ရေးရေး ပေါ်လာခဲ့ပြီး စူးရှသောလေသံဖြင့် ပြောလာသည်။

“အင်း…သိပ်ကောင်းတယ်…”

“ဟားဟား…စီနီယာဟုန်ဖူ ကျေနပ်သွားပုံပဲ။ ကျုပ်ရဲ့ ဒီတပည့်ဟာ ရုပ်ရည်က သာမန်ပဲ ဆိုပေမဲ့ သူဟာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပဲလေ။ သူက နှစ်လိုဖွယ် ကောင်းပြီး တော်လည်းတော်တဲ့အတွက် ကျုပ် စိတ်နှလုံးကိုတောင် ဖမ်းစားနိုင်ခဲ့သေးတယ်…”

အနီရောင်ဝတ်စုံနှင့် အမျိုးသမီး၏ ကျေနပ်သွားသော ဟန်ပန်ကို မြင်သည့်အခါ လီဟွာယွမ်သည် ချက်ခြင်းလက်ငင်း ပြုံး၍ စကားဆိုပြီး ဟန်လိကို ချီးကျူးမြှောက်ပင့်သည်။

ဟန်လိသည် ဘာကြောင့်မှန်းမသိ ရေအေးဖြင့် လောင်းချခံလိုက်ရသည်နှယ် ခံစားမိ၏။

All Chapters