← Chapters

စုံတွဲကျင့်ကြံခြင်း

Vol. 18 Ch. 244

စုံတွဲကျင့်ကြံခြင်း

Vol. 18 Ch. 244

“ကျေနပ်သွားတာလား။ အဲ့တာက ဘာကို ဆိုလိုတာလဲ…”

ဟန်လိက သည်စကားကို ကြားသည့်အခါ မည်သည့်အတွက်ကြောင်းမှန်း မသိ မလွယ်ကူသလို ခံစားမိလိုက်သည်။ သူ သိသည်မှာ လီဟွာယွမ်က သူ့ကို ချီးကျူးစကား ဆိုတာ ကြားသည့်အချိန်၌ ပို၍ စိတ်ထင့်သွားသလို ခံစားမိသွားတာသာ ဖြစ်၏။

ထို့အပြင် သူသည် ဒီအခန်းထဲ စဝင်လာတည်းက ယင်းမိန်းမပျိုက သူ့ကို မကျေမနပ် အမူအရာဖြင့် ခိုးခိုးကြည့်နေတာကို တွေ့ရသည်။

ထိုစဉ် ဟန်လိထံ ရန်လိုမှုအပြည့်ပါသည့် အကြည့်တစ်ခု ဖြတ်ခနဲ ရောက်လာပြီး သူ့ကို ခဏ လန့်သွားစေသည်။ သူက ထိုအကြည့်ထံ ပြန်မကြည့်မိဘဲ မနေနိုင်ပေ။ ယင်းအကြည့်ပိုင်ရှင်မှာ အစောပိုင်းက သူနှင့် မိတ်ဆက်ခဲ့သော စီနီယာအစ်ကို ဝူရွှမ်ဆိုသူပင်။

ဝူရွှမ်သည် ဟန်လိက သူ့အကြည့်ကို တုန့်ပြန်လာတာ မြင်သည့်အခါ အံ့အားသင့်ဟန်ဖြင့် မျက်မှောင်ကြုတ်သွားသည်။ သူက မနာလိုဖြစ်ဟန်ဖြင့် ချက်ခြင်း အကြည့်ပြန်လွှဲသည်။

ဟန်လိက ဤသည်ကို မြင်သည့်အခါ သံသယဝင်လာသည်။ သို့သော် သူ့ဟန်ပန်ကမူ တည်ငြိမ်လျက်သာ။ သူက တည်ငြိမ်မှုကို ဆက်ထိန်းထားတာ မြင်သည့်အခါ စီနီယာဟုန်ဖူက ခေါင်းတဆက်ဆက် ညိတ်သည်။

“ဒီတော့ သူက အဲ့ကောင်လေးပဲ ဖြစ်ရမယ်။ ငါ့အနေနဲ့တော့ သူဟာ အတော်လေး သင့်တော်တယ်လို့ ခံစားမိတယ်။ အရင်ဆုံး ငါနဲ့ ရွှမ်အာ ပြန်လိုက်အုံးမယ်။ ပြီးရင် ဒီသိုင်းတပည့်ဆီက သတင်းကောင်းကို ငါ အေးဆေးစောင့်နေမယ်…”

အနီရောင်ဝတ်စုံနှင့်အမျိုးသမီး(စီနီယာဟုန်ဖူ)က ခေါင်းညိတ်နေရင်းကနေ ထိုသို့ ရုတ်တရက် ပြောလာသည်။

“စီနီယာအစ်မ…စိတ်ချပါ။ ကျုပ် ပိုကောင်းအောင် သေချာပေါက် စီစဉ်ပေးပါ့မယ်…”

လီဟွာယွမ်သည် ထိုအမျိုးသမီးက ပြန်ချင်တာကို မြင်သည်။ ထို့ကြောင့် သူက အလျင်အမြန် ခွင့်ပြုပေး၏။ ဟန်လိ စိတ်နှင့်ကိုယ် ပြန်ကပ်လာသည့်အချိန်၌ သိုင်းစီနီယာဟုန်ဖူနှင့် မိန်းမပျိုတို့သည် ထွက်သွားကြပြီ ဖြစ်သည်။

လီဟွာယွမ်နှင့် သူ့ဇနီးက ဟန်လိနှင့် တခြားသူများကို ပင်မခန်းမသို့ ခေါ်လာသည့်အချိန်၌ သူတို့နှစ်ယောက်မှာ စိတ်ပျော်နေသဖြင့် အားပါးတရ ပြုံးနေ၏။ နှစ်ယောက်လုံးက စကားတခွန်းမှ မဆိုကြသေးပေ။

လီဟွာယွမ်တို့နှစ်ယောက်က သူတို့၏ ထိုင်ခုံအပေါ် ပြန်ရောက်လာသည့်အခါ ဟန်လိကို ခြေအဆုံးခေါင်းအဆုံး သေချာကြည့်နေတော့၏။ သူတို့၌ မည်သည့်ရည်ရွယ်ချက် ရှိနေသလဲကိုတော့ မသိရပါ။

“ဟန်လိ…မင်းရဲ့ ဆရာတစ်ယောက်အနေနဲ့ မင်းကို ဂုဏ်ယူပါတယ်…” လီဟွာယွမ်သည် ဟန်လိကို ပျော်ရွှင်ဟန်ဖြင့် လှမ်းကြည့်ပြီးနောက်မှာ ထိုစကားများကို ဆိုလာခဲ့သည်။ ဟန်လိမှာ မလွယ်ကူမှုကို ပိုခံစားမိရတော့သည်။ သူ့စိတ်နှလုံးလည်း ပိုတင်းကြပ်လာ၏။

“တပည့်အနေနဲ့ ဘာအကြောင်းနဲ့ ပတ်သတ်ပြီး ပျော်ရွှင်ရမလဲကို တကယ်ပဲ မသိပါဘူး။ ကျေးဇူးပြုပြီး ဆရာကပဲ ကျနော့်ကို အလင်းပြပေးပါ…”

ဟန်လိက စိတ်တထင့်ထင့်ဖြင့် တလေးတစား ပြောလိုက်သည်။

“အင်း…ဒါက အရေးကြီးလှတဲ့ ကိစ္စတစ်ခုပဲ။ မင်းရဲ့ စီနီယာဟုန်ဖူက မင်းကို မြင်တဲ့အချိန်မှာ ကျင့်ကြံခြင်းလက်တွဲဖော်အဖြစ် သူမရဲ့ တပည့်နဲ့ မင်းကို ချည်နှောင်ပေးဖို့ စိတ်ဝင်စားနေတယ်…”

လီဟွာယွမ်၏ ဇနီးက သူ့ခင်ပွန်း၏ အဖြေကို စောင့်မနေဘဲ ကြားဖြတ်ကာ ဝင်ပြောလိုက်၏။ ထိုစကားကြောင့် ဟန်လိမှာ ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။

“ကျင့်ကြံခြင်းလက်တွဲဖော်လား…” ဟန်လိက ခပ်ဖွဖွ ရေရွတ်မိသည်။ သူသည် စိတ်မကြည်မသာ ဖြစ်လာသည်။ ဤသည်မှာ လုံးဝကို မထင်ထားသည့် ကိစ္စ ဖြစ်နေချေ၏။

“အဲ့ကိစ္စပါပဲ။ ဒါက တခြားသူတွေ မရနိုင်တဲ့ အိပ်မက်မက်ရုံသာ တတ်နိုင်တဲ့ ကိစ္စပဲ။ အမျိုးသမီးကျင့်ကြံသူတွေဟာ အရေအတွက်နည်းတာ မင်းလည်း သိလောက်မှာပါ။ အထူးသဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့်ထိ ကျင့်ကြံနိုင်တဲ့သူတွေကတော့ ပိုလို့တောင် နည်းပါးသေးတယ်။ ဒါ့အပြင် စုံတွဲကျင့်ကြံခြင်းဟာ နှစ်ဦးနှစ်ဖက်အတွက် အပြန်အလှန် အကျိုးကျေးဇူး အများကြီး ရစေတယ်။ တခြားသူတွေဟာ ဒီလို ကောင်းချီးမင်္ဂလာမျိုးကို မီးအိမ်ကိုင်ပြီး လိုက်ရှာရင်တောင တွေ့ရလိမ့်မှာ မဟုတ်ဘူး…”

လီဟွာယွမ်သည် ပျော်ရွှင်နေသော ဟန်ပန်ဖြင့် ထိုသို့ ပြောသည်။

နက်နဲသော မှော်စွမ်းအား ပိုင်ဆိုင်ထားသူ သိုင်းဘိုးဘေးဟုန်ဖူနှင့် ဆက်ဆံရေးကောင်း တည်ဆောက်ထားနိုင်ခြင်းသည် အလွန်အကျိုးများပေလိမ့်မည်။ ထိုအမျိုးသမီးအင်မောတယ် ဟုန်ဖူသည် ယွဲ့ဒေသ၏ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများကြား ထိပ်ဆုံး၌ ရပ်တည်နေသူ ဖြစ်မှန်း မည်သူက မသိဘဲ နေပါ့မည်နည်း။ အဝါရောင်မေပယ်တောင်ကြား၌ သူမ၏ မှော်စွမ်းအားသည် မဟာဘိုးဘေးနောက်တွင် ဒုတိယလိုက်သူ ဖြစ်လေ၏။

တပည့်များကြား ရင်းနှီးနီးကပ်သော ဆက်ဆံရေးတစ်ခု တည်ဆောက်ထားခြင်းကနေ ရနိုင်မည့် အကျိုးအမြတ်များအကြောင်း စဉ်းစားကြည့်ပြီးနောက်မှာ သိက္ခာအပြည့်နှင့် နေတတ်သော လီဟွာယွမ်တစ်ယောက်တော့ အူမြူးကာ တဟားဟား ရယ်မောနေလေ၏။

“ဒီတပည့်ဟာ စုံတွဲကျင့်ကြံခြင်းအကြောင်း အရင်တုန်းက လုံးဝ မကြားဖူးခဲ့ပါဘူး။ ဒါက တကယ့်ကို မထင်ထားတဲ့ ကိစ္စပါ။ ဒါ့အပြင် ဒီတပည့်ထက် ရုပ်ရည်ကော၊ ပါရမီကော သာတဲ့ တခြား အမျိုးသားကျင့်ကြံသူတွေ အမျာကြီး ရှိပါသေးတယ်။ သူမက ဘာလို့များ ကျနော့်ကို လာရှာရတာလဲ…”

ဟန်လိသည် သူ၏ အကြောင်သား ဖြစ်နေရာကနေ အသိစိတ် ပြန်ကပ်လာသည့်အခါ ထိုမေးခွန်းကို ရဲဝံ့စွာ မေးတော့၏။ သို့သော် အခုကိစ္စက သူ့ကို အတော်လေး ဦးနှောက်ခြောက်စေနေသည်။

“ဟားဟား…ဒါက တပည့်ရဲ့ ကံကောင်းမှုပေါ့။ မင်းရဲ့ သိုင်းဘိုးဘေး ဟုန်ဖူဟာ သူမ ငယ်စဉ်တုန်းက ရုပ်ရည်ချောမောပြီး ပါရမီကောင်းတဲ့ အမျိုးသားတွေနဲ့ ပတ်သတ်ပြီး စိတ်ခံစားမှုတစ်ခု ရှိခဲ့ဖူးတယ်။ ဒါ့ကြောင့်လည်း သူမရဲ့ တပည့်အတွက် လက်တွဲဖော်ရွေးမယ့် ကိစ္စအတွက် သူမကိုယ်တိုင် လာခဲ့တာ။ အဝါရောင်မေပယ်တောင်ကြားရဲ့ အခြေခံတည်ဆောက်ခြင်းတပည့် ရာချီကြားထဲမှာ သူမ မျက်စိကျတဲ့သူ တစ်ယောက်ကိုမှ မတွေ့ခဲ့ဘူးလေ။ မင်းရဲ့ စီနီယာဟုန်ဖူက ဆရာ့ရဲ့ လှိုဏ်ဂူလိုမျိုး တခြားသူတွေရဲ့ လှိုဏ်ဂူတွေဆီကိုလည်း အကြိမ်ကြိမ် သွားခဲ့သေးတယ်။ အဲ့ထဲကမှ သူမက မင်းကို တွေ့တော့ ပထမဆုံးအကြိမ်အဖြစ် လုံးဝ စိတ်ကျေနပ်သွားခဲ့တာ…”

လီဟွာယွမ်သည် ထိုသို့ အားပါးတရ ပြောပြသည်။

“ပါရမီကိစ္စကိုတော့ မင်းရဲ့ စီနီယာဟုန်ဖူက ထူးထူးထွေထွေ ဇီဇာကြောင်မနေဘူး။ ဒီနေ့ သူ့ဘေးမှာ ရှိတဲ့ မိန်းမပျိုဆိုလည်း သူမရဲ့ ပါရမီက မင်းလောက်တော့ မဆိုးဝါးပေမယ့် သာမန်ပါပဲ။ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ဖို့အတွက် အဲ့မိန်းမပျိုဟာ အခြေခံတည်ဆောက်ခြင်းဆေးလုံး သုံးလုံးနဲ့ တခြားအဖိုးတန်ဆေးဝါးအများအပြား သုံးစွဲခဲ့ရတယ်လို့တော့ ငါ ကြားဖူးတယ်။ သူမဟာ စီနီယာဟုန်ဖူရဲ့ ဆွေမျိုးမျိုးဆက် မဟုတ်ရင် အဲ့မိန်းကလေးအပေါ် ထွေထွေထူးထူး အာရုံစိုက်ဖို့ကို လိုမှာ မဟုတ်ဘူး။ ဒါပေမဲ့ စီနီယာဟုန်ဖူနဲ့ ပတ်သတ်မှုကြောင့် သူမဟာ အများကြီး မျက်နှာသာပေးခံရတယ်…”

လီဟွာယွမ်က ဟန်လိကို ရှင်းပြ၏။

ထို့နောက်တွင် သူက ခေါင်းညိတ်ကာ သက်ပြင်းချပြီး ဆက်ပြောလာသည်။ “စစချင်းတော့ ငါက မင်းကို ထောက်ခံပေးဖို့ မတွေးထားခဲ့မိတာ အမှန်ပဲ။ မင်းရဲ့ စီနီယာအစ်ကိုခုနစ်ကို ခေါ်ဖို့ တွေးထားခဲ့တာ။ တကယ်တော့ ရုပ်ရည်ပဲဖြစ်ဖြစ် အရည်အချင်းပဲဖြစ်ဖြစ် မင်းရဲ့ စီနီယာအစ်ကို ဝူရွှမ်ဟာ မင်းထက် အပုံကြီးသာတယ်လေ။ စီနီယာဟုန်ဖူက ရုပ်ချောတဲ့ အမျိုးသားတွေအပေါ် အမြင်မကြည်တာ တချို့ ရှိနေမှန်း ငါ သိပေမယ့် ကံလေးများ ကောင်းမလားဆိုပြီး မျှော်လင့်ချက်နည်းနည်းနဲ့ ငါ ကြိုးစားကြည့်ခဲ့သေးတယ်။ ဘယ်လို ရလဒ် ထွက်သွားလည်းတော့ မင်းလည်း သိလောက်ပါပြီ။ မင်းရဲ့ စီနီယာအစ်ကိုဝူဟာ စီနီယာဟုန်ဖူရဲ့ စမ်းသပ်မှုကို မဖြတ်ကျော်နိုင်ခဲ့ဘူး။ သူ ငြင်းပယ်ခံခဲ့ရတယ်။ သူမရဲ့ တပည့်မိန်းကလေးတုန် ကတော့ အတော်လေး စိတ်ဝင်တစား ရှိခဲ့တာကို ငါ မြင်ခဲ့ရပေမယ့်လို့ပေါ့…”

လီဟွာယွမ်က ထိုသို့ ပြောပြီးနောက် ဝူရွှမ်ကို လှမ်းကြည့်သည်။

ဟန်လိသည် သူ၏စီနီယာအစ်ကိုမှာ သူ့အပေါ် အဘယ်ကြောင့် အေးစက်ရန်လိုနေခဲ့သလဲကို သဘောပေါက် သွားတော့သည်။ ကြည့်ရသည်မှာ စီနီယာအစ်ကိုဝူနှင့် ထိုမိန်းမပျိုလေးမှာ သူတို့ချင်း စကားပြောဆိုခဲ့ပြီး တစ်ယောက်နှင့်တစ်ယောက် စိတ်ဝင်တစား ရှိခဲ့လောက်ပုံ ပေါ်သည်။ သို့သော်လည်း လီဟွာယွမ်၏ မိန်းကလေးတုန် ဟူသော အမည်ပါသည့် စကားက ဟန်လိကို သူ အရင်တုန်းက သတ်ပစ်ခဲ့သော စီနီယာအစ်ကိုလု အကြောင်း ပြန်တွေးမိသွားစေသည်။

(TL: မိန်းကလေးတုန်နှင့် စီနီယာဟုန်ဖူတို့အကြောင်းကို အခန်း ၁၆၆ တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ ထိုအခန်း၌ စီနီယာအစ်ကိုလုသည် ဂျူနီယာညီမချန်ကို အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့သည်။)

ထိုညက စီနီယာအစ်ကိုလုထံကနေ မိန်းကလေးတုန်နှင့် သိုင်းဘိုးဘေးဟုန်ဖူတို့၏ အမည်အကြောင်း ပြောခဲ့ဖူးတာကို သူ ကြားခဲ့ဖူး၏။ ထိုအယုတ်တမာကောင် အစ်ကိုလုနှင့် ဒီမိန်းကလေးသည် ပတ်သတ်မှု ရှိခဲ့တာများလား။

ထိုအတွေးဖြင့် ဟန်လိသည် တကိုယ်လုံး မသက်မသာ ဖြစ်သွားသလို ခံစားမိသည်။ စီနီယာဟုန်ဖူ၏ တပည့်အပေါ် သူ့အထင်အမြင်သည် ချက်ခြင်းကြီးကို လျော့ကျသွားတော့သည်။ သူမအပေါ် နည်းနည်းလေးမျှ အကောင်းမမြင်မိတော့ပေ။

အမှန်တော့ ဟန်လိသည် စုံတွဲကျင့်ကြံဖို့ စိတ်မကူးထားပေ။ တဖက်သူက အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူ၏ တပည့်တစ်ယောက် ဖြစ်နေခဲ့လျှင်ပင် သူသည် စိတ်သိပ်မပါပေ။ ထိုသို့သော နောက်ခံရှိသူတစ်ယောက်နှင့် တာအိုလက်တွဲဖော် ဖြစ်လာခြင်းမှာ ကောင်းကျိုးများစွာ ရလာစေနိုင်တာ မှန်၏။ သို့သော် သူ့မှာ လျှို့ဝှက်ချက်များစွာ ရှိနေသည်။ သူက သူနှင့် နီးနီးကပ်ကပ် ရှိလာမည့်အပေါ် မည်သူ့ကိုမျှ ခွင့်မပြုချင်ပေ။

ခုလက်ရှိ၌လည်း ဟန်လိသည် ဤသို့သော အဓိပ္ပာယ်မဲ့နေသည့် ကိစ္စကို သဘောမတူနိုင်ပေ။ သူက လက်တွဲဖော်တစ်ယောက် ရွေးဖို့ စိတ်မဝင်စားပါ။ ထို့အပြင် ထိုမိန်းကလေးတုန်က ရုပ်ရည်ရူပကာ ချောမောပြီး ယုံကြည်မှုအပြည့်ရှိသော ယောက်ျားသားအပေါ်တွင်သာ ပို၍ စိတ်တိမ်းညွှတ်လောက်၏။ သူမသည် သူ့ကို သဘောမကျတာ သိသာသည်။

ထိုအတွေးဖြင့် ဟန်လိက ခဏ ချီတုံချတုံ ဖြစ်နေပြီးနောက်မှာ ပြောလိုက်၏။ “ဒီကိစ္စဟာ မသင့်တော်ဘူးလို့တော့ တပည့်ထင်ပါတယ်။ ပြီးတော့ လုံးဝလည်း မမျှော်လင့်ထားတဲ့အရာ ဖြစ်နေပါသေးတယ်။ တပည့်ကိုယ်တိုင်လည်း နည်းနည်းလေးတောင် ကြိုမပြင်ဆင်ထားရသေးပါဘူး။ တဖက်မှာလည်း စီနီယာဟုန်ဖူရဲ့ တပည့်က ကျနော့်ကို မကျေမနပ် ဖြစ်နေတာ မြင်ခဲ့ပါတယ်။ စီနီယာဟုန်ဖူက သူမကို အတင်းအကြပ် ဖိအားပေးခဲ့ရင်တောင် တပည့်အတွက် အခွင့်အရေးကောင်းတစ်ခု ဖန်တီးပေးခဲ့ရင်တောင် အဆုံးသပ်မှာတော့ သိပ်အဆင်မပြေလောက်ပါဘူး။ ဆရာ ကျေးဇူးပြုပြီး တခြားတပည့်တစ်ယောက်ကို ရှာပြီး သူ့ကို ကြိုးစားကြည့်ခိုင်းပေးပါလား။ ဒီတပည့်ထက် ပိုသင့်တော်တဲ့သူ ရှိလာနိုင်မှာပါ…”

ဟန်လိ ပါးစပ်မှ ထိုစကားများ ထွက်ပေါ်လာသည့်အခါ သူ၏ စကားထဲရှိ ငြင်းဆန်လိုသော ရည်ရွယ်ချက် ပါဝင်နေတာ ထင်ရှားနေ၏။ ဤသည်က လီဟွာယွမ်နှင့် သူ့ဇနီးတို့ကို နည်းနည်းတော့ အံ့အားသင့်သွားစေသည်။

လီဟွာယွမ်၏ ဇနီးက တစ်ခုခုကို တွေးမိလိုက်ပုံ ရသည်။ သို့သော် သူမက စကားတော့ မဆိုပေ။ ဟန်လိ၏ ဆရာဖြစ်သူ လီဟွာယွမ်ကမူ မျက်မှောင်ကြုတ်လျက် စိတ်ကသိကအောက် ဖြစ်သွားပုံ ရသည်။

“မင်းလည်း ကြားခဲ့သားပဲ။ မင်းဆရာ ဖြစ်တဲ့ငါက ရင်ဘက် ပုတ်ပြီး စီနီယာဟုန်ဖူကို ဒီကိစ္စအတွက် သဘောတူကြောင်း ပြောခဲ့ပြီးပြီ။ ငါက ဒီစကားတွေကို ဘယ်လိုများ ပြန်ရုတ်သိမ်းပါ့မလဲ။ ပိုသင့်တော်တဲ့သူတွေ ရှိလာခဲ့ရင်တောင် မင်းဆရာက သူ့စကားကိုယ်သူ ဘယ်လိုလုပ် ပြန်ရုတ်သိမ်းပါတော့မလဲ။ အဲ့မိန်းကလေး မင်းကို စိတ်မဝင်စားတဲ့အပေါ် တွေးပူနေတာဟာ သိပ်တော့ အရေးမပါလှဘူး။ ငါတို့လိုကျင့်ကြံသူတွေထဲမှာ လက်တွဲဖော် နောက်တစ်ယောက်အပေါ် စွဲလမ်းသွားတဲ့သူ ဘယ်လောက်များလိုက်လဲ။ သူတို့ဟာ အတူတူ အချိန်အကြာကြီး နေခဲ့ကြတယ် ဆိုရင်တောင် တစ်ယောက်နဲ့တစ်ယောက် လုံးဝ သဟဇာတ မဖြစ်တာဟာ သဘာဝပဲလေ…”

လီဟွာယွမ်သည် တင်းကြပ်သော လေသံဖြင့် ပြောလာ၏။ သူ့စကားသံထဲ၌ ပြစ်တင်မာန်မဲမှု အရိပ်အယောင်တစ်ခု ပါဝင်နေသေးသည်။

ထိုစကားကို ကြားသည့်အခါ ဟန်လိသည် စိတ်ထဲကနေ အထွန့်တက်နေမိသည်။ သို့သော် သူသည် ဆင်ခြေကောင်းတစ်ခု ချက်ခြင်း ရှာကြည့်သော်လည်း တစ်ခုတစ်လေမျှ ရှာမရ ဖြစ်နေသည်။ သို့ပေမည့် ထိုအခိုက်အတန့်တွင် ဆရာကတော်က စကားဝင်ပြောလာသည်။ သူမ၏ စကားကြောင့် လီဟွာယွမ်ပါ မင်သက်သွားရသည်။

“ဟန်လိ…နင်နဲ့ မိန်းကလေးတုန်တို့ဟာ ဂိုဏ်းကို ဝင်ခဲ့တဲ့ အချိန် သိပ်မကွာဟလှဘူး။ ပြီးတော့ နင် အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဝင်ရောက်ခဲ့တဲ့ အချိန်ဟာလည်း သူမနဲ့ သိပ်မကွာပြန်ဘူး။ အဲ့အချိန်အတွင်း နင်က သူမနဲ့ ပတ်သတ်ပြီး ကောလဟာလ စကားတွေ ကြားဖူးခဲ့တာလား…”

“ကောလဟာလတွေ…” သူ့ဇနီး၏ စကားတို့က လီဟွာယွမ်ကို အကြောင်သား ဖြစ်သွားစေသည်။ သူသည် အံ့အားတသင့်ဖြင့် ထိုသို့ မမေးမိဘဲ မနေနိုင် ဖြစ်ရသည်။ သူသည် ဟန်လိ၏ ငြိမ်သက်နေမှုက တိတ်တဆိတ် သဘောတူကြောင်း မြင်သည့်အခါ ပို၍ပင် အံ့အားသင့်သွားတော့သည်။

“မိတ်ရင်းဆွေရင်း တချို့နဲ့ ကျမ စကားနည်းနည်းပါးပါး ပြောဖူးတဲ့ ကိစ္စတစ်ခု ရှိတယ်။ မိန်းကလေးတုန်နဲ့ ပတ်သတ်ပြီး ကောလဟာလ သတင်းစကားတချို့ ကျမ ကြားခဲ့ရတယ်။ ဒီသတင်းစကားတွေထဲက အများစုကတော့ မမှန်တာ သေချာလောက်ပါတယ်…”

အမျိုးသမီးငယ်(ဝါ) လီဟွာယွမ်၏ဇနီးက သူမ၏ နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်ထား၏။ သူမသည် မိန်းကလေးတုန်နှင့် ပတ်သတ်သည့် ကောလဟာလ စကားများကို ပြောပြရမှာ ရှက်ရွှံ့နေပုံ ရသည်။

“မင်းတို့နှစ်ယောက် ခဏလောက် ထွက်သွားကြတော့။ ဟန်လိတစ်ယောက်ပဲ နေခဲ့…”

လီဟွာယွမ်သည် သူ့ဇနီး၏ အပြုအမူကို မြင်သည့်အခါ ခပ်တိုးတိုး ရေရွတ်မိ၏။ ထို့နောက်တွင် သူက လက်ဝေ့ယမ်းကာ စုန်မင်နှင့်ဝူရွှမ်တို့ကို အခန်းထဲကနေ ထွက်သွားရန် ပြောသည်။ ဟန်လိတစ်ယောက်သာ အခန်းထဲ၌ ကျန်ခဲ့သည်။

စုန်မင်က စိတ်မဝင်စားသည့်ဟန် ရှိ၏။ သူက သူ့ဆရာ အမိန့်ကို ကြားသည်နှင့် ဂါဝရပြု နှုတ်ဆက်ကာ ထွက်သွားသည်။ ဝူဖန်ကတော့ ဆရာဖြစ်သူ၏ အမိန့်ကို မနာခံဘဲ မနေဝံ့၍ စုန်မင်နောက်မှ လိုက်ထွက်သွားသော်လည်း သူ့မျက်နှာထက်တွင် ထွက်မသွားချင်ဟန် အရိပ်အယောင်ပေါ်နေသည်။ သူက ဟန်လိကို တမူထူးသောအကြည့်ဖြင့် လှမ်းကြည့်ခဲ့သေးသည်။ ဟန်လိက သူ့အကြည့်ကို သတိပြုမိသည့်နောက် စိတ်ထဲ၌ အတွေးများသွားသည်။

All Chapters