← Chapters

ခရီးရှည်

Vol. 18 Ch. 245

ခရီးရှည်

Vol. 18 Ch. 245

“အခု အပြင်လူတွေလည်း မရှိတော့ဘူး။ ညီမက အမှန်တရားကို ဘာကြောင့်များ မပြောရသေးတာလဲ။ ညီမပြောမှ ကျုပ်အနေနဲ့ ဒီကိစ္စကို ရှေ့ဆက်ဖို့ သင့်၊မသင့် ဆုံးဖြတ်နိုင်မှာ…”

လီဟွာယွမ်က ထိုသို့ ပြောလာသည်။

သူ့ဇနီးဖြစ်သူ အမျိုးသမီးငယ်က ထိုစကားကို ကြားသည့်အခါ ဟန်လိကို တချက် လှမ်းကြည့်ပြီး ခါးသီးစွာ ပြုံးသည်။ နောက်ဆုံး၌ သူမသည် ပါးစပ်ဟကာ စကားဆိုလာခဲ့ပြီ။

“လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ညီမဟာ ဒီမိန်းမပျိုတုန်နဲ့ ပတ်သတ်ပြီး မထင်မှတ်ဘဲ သတင်းစကား တချို့ ကြားခဲ့ဖူးတယ်။ ဒါပေမဲ့ အဲ့စကားတွေဟာ မှန်၊မမှန်တော့ ညီမလည်း မသိဘူး။ ကြားခဲ့သလိုဆို စီနီယာဟုန်ဖူရဲ့ တပည့်မဟာ ဖိုမကိစ္စမှာ မရှင်းမလင်းနဲ့ ဖြူစင်မှု မရှိဘူးလို့ ဆိုတယ်။ သူမဟာ ချီစုဆောင်းခြင်းအဆင့်မှာ ရှိတုန်းက ယောက်ျားများစွာနဲ့ မရှင်းမရှင်း ဆက်ဆံရေးတွေ ရှိခဲ့ဖူးတယ်။ သူမအတွက်နဲ့ လူတော်တော်များများ တိုက်လားခိုက်လားအထိပါ ကြိတ်ပြီး ဖြစ်ခဲ့ဖူးတယ်။ ဂိုဏ်းတူအချင်းချင်း တပည့်တွေကြား တစ်ယောက်နဲ့တစ်ယောက် သတ်ကြတော့မတတ်ထိပဲ။ အဆုံးသပ်မှာတော့ အဲ့အကြောင်းကို စီနီယာဟုန်ဖူ သိသွားတော့ သူ့တပည့်မကို သူ့လှိုဏ်ဂူဆီ ပြန်ခေါ်လာခဲ့ပြီး တင်းကြပ်တော့တာပဲ။ သူမ အခြေခံတည်ဆောက်ခြင်းအဆင့်ကို မရောက်မချင်း အပြင် မထွက်ခိုင်းတော့ဘူး။ ဒီလိုနဲ့ သူမဟာ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်တော့မှ အပြင်ဘက်ကို ပြန်ထွက်ခွင့် ရခဲ့တယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ သူမဟာ ဖန်ဂိုဏ်းက လူငယ်သခင်လေးတစ်ယောက်နဲ့ ရည်ငံပြီး သူ့ကို တာအိုလက်တွဲဖော်အဖြစ် ရည်ရွယ်ခဲ့ဖူးတယ်လို့ ဆိုတယ်။ ဒါပေမဲ့လည်း စီနီယာဟုန်ဖူဟာ ဖန်ဂိုဏ်းကသူတွေကို အမုန်းဆုံးလေ။ ဒါ့ကြောင့် သူက ဒီကိစ္စကို သဘောမတူမှာ သဘာဝပဲ။ သူမက သူမရဲ့ တပည့်မကို ထပ်ပြီးတော့ ခြေချုပ်ထားတော့တယ်။ လွန်ခဲ့တဲ့နှစ်နှစ်တုန်းကတော့ အဲ့သတင်းဟာ မပြန့်နှံ့ခဲ့ဘူး။ ဒီကိစ္စဟာ သက်သေအခိုင်အမာ မရှိတဲ့အတွက် ကျမလည်း စိတ်မဝင်စားခဲ့ဘူး။ ဒါ့ကြောင့်လည်း စီနီယာဟုန်ဖူ သူမရဲ့ အဲ့တပည့်မနဲ့အတူ ကျမတို့ရှိ လာလည်တော့ အဲ့အကြောင်းကို မေ့မေ့ပျောက်ပျောက် ဖြစ်နေခဲ့တာ။ အခု ဟန်လိရဲ့ မရွှင်မလန်း ဟန်ပန်ကို မြင်မှပဲ အဲ့ကောလဟာလ သတင်းစကားတွေကို ရုတ်တရက် ပြန်သတိရသွားတာပဲ…”

လီဟွာယွမ်သည် မိန်းကလေးတုန်၌ ထိုသို့သော ဂုဏ်သတင်းဆိုး ရှိနေလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့မိပေ။ သို့အတွက်ကြောင့်လည်း သူက စီနီယာဟုန်ဖူ၏ တောင်းဆိုမှုများကို ခပ်မြန်မြန် သဘောတူခဲ့တာ ဖြစ်သည်။ ဟန်လိလည်း ထိုမိန်းကလေးတုန်မှာ စီနီယာအစ်ကိုလုနှင့်သာ မဟုတ် တခြားသူများနှင့်ပါ မရှုပ်မရှင်း ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။ သူ့အဖို့ ထပ်မံ စွံ့အမိရပြန်သည်။

“ညီမ…နင် ပြောတာ အမှန်ပဲလား။ စီနီယာဟုန်ဖူရဲ့ တပည့်မက အဲ့လို နာမည်ဆိုးနာမည်ပျက် ရှိတာလား…”

လီဟွာယွမ်သည် မယုံကြည်နိုင်ဖြစ်ကာ မေးလာသည်။ သူသည် တည်တည်ငြိမ်ငြိမ် ရှိမနေနိုင်တော့ စိတ်သောက ရောက်ကာ အခန်းထဲ ခေါက်တုံခေါက်ပြန် လျှောက်နေတော့သည်။

ဟန်လိကို စုံတွဲကျင့်ကြံချင်စိတ် ရှိလား၊ မရှိလား ဆက်မမေးတော့ပေ။ သူသည် သူ၏ ကိုယ်ပိုင်တပည့်ကိုသာ ထိုသို့သော အမျိုးသမီးတစ်ယောက်ကို လက်ခံခိုင်းပါက သူ့ဂုဏ်သိက္ခာ မတိုးလာမှာ ကျိန်းသေလေ၏။

“ညီမလည်း မသိဘူး။ ဒီကိစ္စကို ပြောပြခဲ့တဲ့သူတောင် မှန်၊မမှန် သေချာ မသိတဲ့ပုံပဲ…”

လီဟွာယွမ်၏ဇနီးသည် အကူအညီမဲ့စွာဖြင့် သက်ပြင်းချမိသည်။

ထိုစကားများကို ကြားသည့်အခါ ဟန်လိသည် မျက်လုံးကစားကာ စိတ်ထဲကနေ ကျယ်လောင်စွာ အော်ပြောမိလေ၏။ “ခင်ဗျားက ဘာကို ဆိုလိုတာလဲ။ ဒီကိစ္စကို မှန်၊မမှန် ခင်ဗျား မသိဘူးတဲ့လား။ အနည်းဆုံးတော့ အဲ့မိန်းကလေးဟာ စီနီယာအစ်ကိုလုနဲ့ မရှင်းမရှင်း ပတ်သတ်ဖူးတယ်ဗျ။ မဟုတ်ရင် အဲ့လုဆိုတဲ့ကောင်က သူ့ရဲ့ လက်တွဲဖော်ဟောင်းကို သတ်ဖို့ ဘယ်လိုလုပ်များ လွယ်လွယ် ကြိုးစားခဲ့ပါ့မလဲ…”

အပြင်ဘက်တွင်မူ ဟန်လိသည် ထိုသို့ မပြော၊ “ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဆရာကတော်ပါ သိနေတဲ့အတွက် ကျနော့်အတွက် အဆင်ပြေလှပါပြီ…” ဟုသာ ပြောလိုက်သည်။ အခုအခါ လီဟွာယွမ် ခေါင်းကိုက်ရမည့် အလှည့်ရောက်သွားခဲ့လေပြီ။

အခုအခါ မည်သို့ ဖြစ်ပျက်ခဲ့ပြီကို သိပြီ ဖြစ်၍ လီဟွာယွမ်သည် ဒီကိစ္စနှင့် ပတ်သတ်ပြီး လီဟွာယွမ်ကို အတင်းအကြပ် သဘောတူခိုင်းတော့မည် မဟုတ်ပေ။ သို့ပေမည့် စီနီယာဟုန်ဖူမှာ ပေါ့ပေါ့ဆဆ ဆက်ဆံ၍ ရသောသူ မဟုတ်ချေ။ ထို့အပြင် သည်ကောလဟာလများကို အကြောင်းပြ၍ စီနီယာဟုန်ဖူ၏ တောင်းဆိုမှုများကို ငြင်းဆန်ရမှာလည်း မသင့်တော်ဘဲ ဖြစ်နေသည်။ သူသည် ခေါင်းမကိုက်မိဘဲ ဘယ်နေပါတော့မည်နည်း။

လီဟွာယွမ်သည် အခန်းထဲမှာ ခေါက်တုံခေါက်ပြန် လျှောက်ပြီးသည့်အထိ မည်သို့ လုပ်ရမည်နည်းဟု စဉ်းစားမရသေးပေ။ သူက ဘေးတွင် သူ၏ အဖြေကို စောင့်နေသော ဟန်လိထံ မျက်လုံးဝေ့ကြည့်လိုက်၏။ ထိုအခါ သူသည် ပို၍ စိတ်ဓာတ်ကျသွားတော့သည်။ သူက မပျော်မရွှင်ဖြင့် ပြောလာ၏။

“အရင်ဆုံး မင်း ပြန်လိုက်အုံး။ ငါနဲ့ မင်းဆရာကတော်တို့ ဒီကိစ္စကို ဆွေးနွေးပြီးမှပဲ ငါတို့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘယ်လို ရင်ဆိုင်ကြမလဲဆိုတာ မင်းကို ပေးသိမယ်။ ဟုတ်ပြီလား…”

သူ့ဆရာက သည်အခြေအနေများကို အရေးမစိုက်ဘဲ စုံတွဲကျင့်ကြံဖို့ အတင်းအကြပ် လုပ်လာမှာကို ဘေးတွင် ရပ်နေသော ဟန်လိသည် စိတ်ပူပန်နေချေ၏။ သို့သော် လီဟွာယွမ်၏ ညွှန်ကြားချက်ကို ကြားသည့်အခါတွင်တော့ သူ စိတ်အေးသွားတော့သည်။ ထိုစုံတွဲကျင့်ကြံဖို့ ကိစ္စမှာ အဆင်ပြေချောမွေ့စွာ ရှေ့မဆက်ဖို့များတာ သူ သိလိုက်သည်။

ထို့ကြောင့် သူက ပျော်ပျော်ရွှင်ရွင်ပင် သဘောတူပြီး အခန်းထဲကနေ ထွက်လာခဲ့တော့သည်။

ဟန်လိသည် အခန်းအပြင်ဘက်တွင် မတ်တပ်ရပ် စောင့်ကြပ်နေသော စုန်မင်နှင့်ဝူရွှမ်တို့၏ အကြည့်အောက်မှာပင် သည်လှိုဏ်ဂူထံမှ အလျင်စလို ပျံသန်းထွက်လာခဲ့တော့သည်။

စိတ်မသက်မသာဖြင့် သုံးရက်တာ ဖြတ်သန်ပြီးနောက်မှာ နောက်ဆုံး၌ ဟန်လိက လီဟွာယွမ်ထံမှ အသံပို့လွှတ်ခြင်းအဆောင်ကို လက်ခံရရှိသည်။ သူ့ဆရာဖြစ်သူနှင့် စီနီယာဟုန်ဖူတို့ကြား ဆွေးနွေးမှု ရလဒ်ကို ကြားရပြီးနောက်မှာတော့ ဟန်လိသည် ကောင်းကင်ထက်သို့ မော့ကြည့်လျက် သက်ပြင်းရှည်ကြီး ချမိသည်။

နောက်လဝက်အကြာ၊ အစိမ်းရောင်လှိုင်းတွန့် လှိုဏ်ဂူ၏ ရေတံခွန်ရှေ့မှာ လီဟွာယွမ်နှင့် သူ့ဇနီး၊ အမျိုးသမီးအင်မောတယ်ဟုန်ဖူတို့ သုံးယောက်သည် လူနှစ်ယောက်ကို လိုက်ပါ ပို့ဆောင်ပေးနေသည်။ ထိုနှစ်ယောက်မှာ ခရီးရှည်ကြီး အတူတူ ထွက်ရတော့မည် ဖြစ်သည်။ သို့သော် သူတို့မှာ ခပ်တင်းတင်း ဟန်ပန်ဖြင့်သာ ရှိနေပြီး အတူတူ ခရီးရှည်ထွက်သည့်အခါ ဖြစ်လေ့ဖြစ်ထရှိသော စိတ်လှုပ်ရှားမှုမျိုး ရှိမနေကြပေ။

ထိုနှစ်ယောက်မှာ ဟန်လိနှင့် အမျိုးသမီးအင်မောတယ်ဟုန်ဖူတို့၏ တပည့် တုန်ရွှမ်အာတို့ပင်။

“ဟန်လိ…ဒီခရီးမှာ မင်းတို့နှစ်ယောက်လုံး ဂရုစိုက်ရမယ်။ တစ်ယောက်နဲ့တစ်ယောက် ကူညီပေးရမယ်။ ကျင့်ကြံခြင်းလောကမှာ ခုနောက်ပိုင်းမှာ သိပ်မအေးချမ်းတော့ဘူးလို့ ငါ ကြားထားတယ်။ ကျင့်ကြံသူတွေ မကြာမကြာ ပျောက်ကုန်ကြတယ်တဲ့။ အစပိုင်းမှာတော့ ချီစုဆောင်းခြင်းတပည့်တွေပဲ။ ဒါပေမဲ့ သိပ်မကြာသေးခင်ကတော့ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတွေပါ အဲ့လို မတော်တဆဖြစ်မှုတွေ ကြုံနေရပြီ…”

လီဟွာယွမ်သည် ဟန်လိတို့နှစ်ယောက် မထွက်ခွာခင် ရိုးရိုးရှင်းရှင်း စကားအချို့ဖြင့် သတိပေးလိုက်သော်လည်း ဟန်လိကမူ စိတ်ထဲ၌ နည်းနည်းတော့ လှုပ်ရှားသွားရသည်။

သို့သော် စီနီယာဟုန်ဖူ၏ သူ့တပည့်မထံ ပြောသည့်စကားများကြောင့် ဟန်လိမှာ မျက်လုံးပါ ပြူးသွားရ၏။

“ဒီခရီးစဉ်တစ်ခုလုံးမှာ နင်ဟာ နင့်ရဲ့ စီနီယာအစ်ကိုဟန်ရဲ့ စကားတွေကို နားထောင်ရမယ်။ ဒီအတောအတွင်း တစ်ခုခု ဖြစ်လာခဲ့ရင် ဆရာတစ်ယောက်အနေနဲ့ နင့်အပေါ်မှာ ရက်စက်တယ်ဆိုပြီးတော့ ငါ့ကို အပြစ်မတင်ပါနဲ့…”

စီနီယာဟုန်ဖူက တည့်ပြောချသည်။ သူမ၏ စကားကြောင့် မိန်းမပျို၏ မျက်နှာမှာ သေလောက်အောင် ဖြူရောသွားချေ၏။ သူမက ထပ်ခါထပ်ခါ ခေါင်းညိတ်ပြတော့သည်။ သူမ၏ ပုံစံဟန်ပန်မှာ သနားဖို့ပင် ကောင်းနေတော့သည်။

ဟန်လိနှင့် တုန်ရွှမ်အာတို့သည် သူတို့၏ မှော်ပစ္စည်းများပေါ်သို့ ပျံသန်းတက်ကြသည်။ ထို့နောက်တွင် သူတို့သည် တောင်ဘက်သို့ ဦးတည်ကာ မိုးကုပ်စက်ဝန်း တလျှောက် ပျောက်ကွယ်သွားလေ၏။

လီဟွာယွမ်က တဖြည်းဖြည်း ပျောက်ကွယ်သွားသော အလင်းစက်နှစ်စက်ကို စောင့်ကြည့်နေရင်းကနေ ရုတ်တရက် သူက အင်မောတယ်ဟုန်ဖူထံ စိုးရိမ်တကြီး ပြောလိုက်သည်။

“စီနီယာဟုန်… ယန်ဂိုဏ်းရဲ့ ရတနာရှာဖွေခြင်းစုဝေးပွဲမှာ ဒီနှစ်ယောက်ကို ကိုယ်စားပြုပေးဖို့ တကယ်ပဲ ယုံကြည်မှု ရှိခဲ့တာလား။ သူတို့က အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဝင်ရောက်တာ မကြာသေးမှန်း စီနီယာလည်း သိပါတယ်။ သူတို့အတွက် အခွင့်အရေး နည်းနည်းလေးတောင် ရှိမှာ မဟုတ်လောက်ဘူး…”

“ဘာလဲ…ဂျူနီယာလီ….အဲ့တပည့်နှစ်ယောက်ကို စေလွှတ်တာဟာ နင့်ရဲ့ ဂုဏ်သတင်း ကျဆင်းသွားမယ့်အပေါ် စိုးရိမ်နေတာလား။ ဒါမှမဟုတ် ယန်ဂိုဏ်းက ဒီတစ်ကြိမ် ထုတ်လာမယ့် ယင်ယန်မျှော်စင် ရတနာအဆောင်နဲ့ ပတ်သတ်ပြီး စိတ်ထိခိုက်နေတာလား…”

အင်မောတယ်ဟုန်ဖူက လီဟွာယွမ်ကို ငဲ့စောင်းကြည့်ပြီး မကျေမချမ်း ပြောသည်။ လီဟွာယွမ်မှာ ခါးသက်သက် ရယ်မောလိုက်ရ၏။

“ကျမရဲ့ ခင်ပွန်းက အဲ့လိုမျိုး ရည်ရွယ်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျမလည်း သိချင်မိတယ်။ စီနီယာဟုန်ဖူက ဘာကြောင့်များ စီနီယာရဲ့ အားအကောင်းဆုံး တပည့်တွေကို မစေလွှတ်ခဲ့ရတာလဲ။ ဟန်လိနဲ့ မိန်းကလေးတုန်တို့ဟာ အမှန်တကယ် ကျွမ်းကျင်တဲ့ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတွေနဲ့ ယှဉ်ရရင် တချက်လေးတောင် ခံနိုင်ကြမှာ မဟုတ်ဘူး။ စီနီယာဟာ အခု ခရီးရှည်သွားရတဲ့ အခွင့်အရေးကို အသုံးပြုပြီး သူတို့နှစ်ယောက်ကို ရင်းနှီးစေချင်တာလား…”

အမျိုးသမီးငယ်က ညင်သာစွာ ရယ်မောပြီး လီဟွာယွမ်ကိုယ်စား သိမ်သိမ်မွေ့မွေ့ ရှင်းပြပြောဆိုသည်။

“ဂျူနီယာလီ…နင့်ဇနီးက တော်သားပဲ။ ငါ့မှာ အဲ့လို ရည်ရွယ်ချက် မရှိတာ‌တော့ မဟုတ်ဘူး။ တကယ်တော့ ဒီခရီးမှာ နင့်တပည့်နဲ့ ငါ့တပည့်မတို့ရဲ့ ဆက်ဆံရေး တိုးတက်လာခဲ့ရင်တော့ အကောင်းဆုံးပဲ။ ဒါပေမဲ့ အဲ့တာက ငါ့ရဲ့ မူလရည်ရွယ်ချက်တော့ မဟုတ်ဘူး။ ငါ့ရဲ့ အဓိကရည်ရွယ်ချက်ဟာ ယန်ဂိုဏ်းကိုသွားတဲ့ ဒီခရီးစဉ်မှာ ရွှမ်အာအတွက် အခက်အခဲတချို့တလေကို အတွေ့အကြုံရစေချင်တာရယ်၊ သူမရဲ့ မောက်မာမှုကို ဖယ်ရှားပစ်နိုင်ဖို့ရယ်ပဲ။ ယန်ဂိုဏ်းရဲ့ ကောင်းကင်ရင်းမြစ်နဲ့ မိန်းမပျိုလည်း ဒီရတနာရှာဖွေခြင်းစုဝေးပွဲကို တတ်ရောက်မယ်လို့ ငါ ကြားထားတယ်။ ဒါဆိုရင် ရွှမ်အာဟာ အမျိုးသမီး အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတွေကြား သူမဟာ ထူးကဲတယ်လို့ ယုံကြည်နေမှုအစား သူမနဲ့ တကယ့်ပါရမီရှင်တွေကြား ကွာခြားမှုကို သိသွားစေလိမ့်မယ်…”

“သူမဟာ ငါ့အစ်ကိုကြီးရဲ့ တစ်ခုတည်းသော မျိုးဆက်ဖြစ်တဲ့အတွက်ကြောင့် ငါက သူမကို အတော်လေး အလိုလိုက်ထားခဲ့တယ်။ ဒါ့ကြောင့် သူမဟာ အမျိုးသားတပည့် အချို့နဲ့ ရောရောထွေးထွေးနေပြီး နာမည်အပုတ်နံ့ ထွက်စေမယ့် လက်မခံနိုင်တဲ့ ကိစ္စတချို့ကိုပါ လုပ်ဝံ့ခဲ့တယ်လေ။ သူမဟာ သူမရဲ့ အမျိုးသမီးတစ်ယောက် ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ရမယ်။ သူမရဲ့ ခန္ဓာကိုယ်ကို အကြိမ်ကြိမ် စစ်ဆေးကြည့်ပြီးတဲ့နောက် သူမဟာ အပျိုစင် ဖြစ်နေသေးတာကြောင့်သာ မဟုတ်ရင် ငါ သူမကို လက်ဝါးတစ်ချက်တည်းနဲ့ ရိုက်သတ်ပစ်ခဲ့လောက်ပြီ…”

ဟုန်ဖူသည် ထိုစကားများကို အေးစက်စက် ပြောလာခဲ့တာ ဖြစ်သည်။ သို့သော် သူမ၏ စကားအဆုံးသပ်၌ တစ်စုံတစ်ခုကို ရည်ညွှန်းနေသည်ဟု ထင်ရသည်။ ထိုသည်က လီဟွာယွမ်နှင့်သူ့ဇနီးတို့ကို တစ်ယောက်နှင့်တစ်ယောက် ကြည့်မိသွားစေသည်။ သူတို့က သူမ၏ စကားလုံးများထဲရှိ အဓိပ္ပာယ်ကို နားလည်သည်။ လီဟွာယွမ်တို့ ဇနီးမောင်နှံ နှစ်ယောက်၏ မျက်နှာထက်တွင် ကိုးရိုးကားရားဟန် ဖြစ်ပေါ်ကုန်၏။

သည့်မတိုင်ခင် တနေ့တုန်းက လီဟွာယွမ်နှင့်သူ့ဇနီးတို့သည် သတ္တိမွေးကာ စီနီယာဟုန်ဖူနှင့် သဘောတူ စီစဉ်ထားသော ကိစ္စကို ပယ်ဖျက်မည့်အကြောင်း သွားပြောခဲ့သည်။ အဆုံးသပ်၌ လီဟွာယွမ်မှာ သူ မျှော်လင့်ထားသည့်အတိုင်း မဟုတ်လေဘဲ ပုံမှန်ဆို ဒေါသတကြီး ရှိတတ်သော စီနီယာဟုန်ဖူက သက်ပြင်းချကာ ထိုကိစ္စကို သဘောတူခဲ့ပေသည်။ ထိုအခါ လီဟွာယွမ်တို့နှစ်ယောက်မှာ ပျော်ရလေ၏။

သို့သော် ဟုန်ဖူက အခြေအနေတစ်ခုကိုတော့ တောင်းဆိုခဲ့သည်။ ဟန်လိသည် ယန်ဂိုဏ်းက ကြီးမှူးကျင်ပသော ရတနာရှာဖွေခြင်းစုဝေးပွဲသို့ တုန်ရွှမ်အာနှင့်အတူ သွားရမည်ဟူ၍ပင်။

ယွဲ့ဒေသ၏ နံပါတ်တစ်ဂိုဏ်း ဖြစ်သော ယန်ဂိုဏ်းသည် သူတို့၏ ရတနာရှာဖွေခြင်းစုဝေးပွဲကို တက်ရောက်ဖို့ အနီးအနား ပြည်နယ်များမှ အမြုတေဖွဲ့စည်းခြင်းကျွမ်းကျင်သူများ၏ တပည့်များကိုလည်း ဖိတ်ခေါ်ခဲ့သေးသည်။ ကြည့်ရတာ အမြုတေဖွဲ့စည်းခြင်းကျွမ်းကျင်သူများနှင့် ဆက်ဆံရေးကို တိုးတက်လာစေရန်နှင့် ယန်ဂိုဏ်း၏ အနာဂတ်တိုးချဲ့ခြင်းအတွက် ဖြစ်ပုံရသည်။ သူတို့က တခြားသော ထူးခြားရတနာများ၊ မှော်ပစ္စည်းများ၊ စိတ်ဝိညာဉ်ဆေးပင်များနှင့်အတူ နံပါတ်တစ်ဆုအဖြစ် ဒဏ္ဌာရီလာလာ ယင်ယန်မျှော်စင်ကိုပါ ထုတ်ပြလာခဲ့သည်။

ထို့ကြောင့် ဖိတ်ကြားခံရသော အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူ အများစုသည် သူတို့၏ အသန်မာဆုံး တပည့်များကို ထိုစုဝေးပွဲသို့ တက်ရောက်ရန် စေလွှတ်ခဲ့သည်။ တကယ်တော့ ယင်ယန်မျှော်စင် ရတနာအဆောင်သည် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများကိုပင် ကြီးစွာ လိုချင်တပ်မက်စိတ် ဖြစ်စေသော အရာ မဟုတ်လား။

ဝေးကွာလှသော ခရီးကြောင့် ယွဲ့ဒေသ၏ အပြင်ဘက်ရှိ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများအနေဖြင့် ထိုစုဝေးပွဲတွင် ပါဝင်ရန် အခွင့်အရေးသည် သိပ်မမြင့်မားပေ။ ယင်းစုဝေးပွဲတွင် ပါဝင်သူ အများစုမှာ ဒေသတွင်းမှ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများ၏ တပည့်များသာ။

လီဟွာယွမ်သည် တဖက်သူ တောင်းဆိုသော အခြေအနေကို ကြားသည့်အခါ ဟန်လိကဲ့သို့ ကျင့်ကြံမှုအားနည်းသောသူသည် ဒီနှစ် စုဝေးပွဲ၌ ပါဝင်စေခြင်းက အချည်းနှီးသာ ဖြစ်စေလိမ့်မည်ဟု စစချင်း ခံစားမိခဲ့သေးသည်။

သို့သော် သူ သေချာ ထပ်စဉ်းစားကြည့်သည့်အခါ သူ၏ အသန်မာဆုံး တပည့်နှစ်ယောက်မှာ ကိစ္စရပ်များကို ဂရုစိုက်နေရသေးသည် ဖြစ်ရာ သည်နှစ်စုဝေးပွဲကို အလျင်စလို သွားနိုင်ကြမှာ မဟုတ်လောက်ဟု သဘောပေါက်သည်။ သူသာ တခြားတပည့်များကို စေလွှတ်ခဲ့လျှင်လည်း သူတို့သည် ပထမနေရာကို ရနိုင်ကြလိမ့်မည် မဟုတ်ပေ။ သူတို့သည် အဆင့်သတ်မှတ်ချက်များအတွင်း ဝင်ရောက်ကာ မှော်ပစ္စည်းအချို့ ရခဲ့လျှင်ပင် ယင်းပစ္စည်းများလောက်ကိုတော့ သူက အထင်သေးအမြင်သေးဖြင့် ကြည့်မိမည်သာ။ ထို့ကြောင့် သူက စီနီယာဟူဖန် ပြောတာကို သဘောတူခဲ့သည်။

လီဟွာယွမ်နှင့်သူ့ဇနီးတို့က ဤကိစ္စမှာ ပြီးလောက်ပြီဟု အစက ထင်ခဲ့သေး၏။ ထို့ကြောင့် သူတို့က နှုတ်ဆက်စကားပြောကာ ပြန်လာချင်ခဲ့သည်။ သို့သော် မည်သူက သိလေမည်နည်း။ အမျိုးသမီးအင်မောတယ်ဟုန်ဖူက ရုတ်တရက် လီဟွာယွမ်၏ ဇနီးကို ခဏလောက် နေခဲ့ခိုင်းပြီး သူမတစ်ယောက်တည်းနှင့် ဆွေးနွေးစရာ ကိစ္စရှိသည်ဟု ပြောခဲ့ပေသည်။ ထိုသို့ပြောနေရင်း သူမက သံသယအပြည့် ဖြစ်နေသော လီဟွာယွမ်ကို ထွက်သွားခိုင်းခဲ့သည်။

ထို့နောက်တွင် နေ့ဝက်ခန့် ကြာပြီးနောက်မှာ သူ့ဇနီးဖြစ်သူသည် ဟုန်ဖူ၏ လှိုဏ်ဂူကနေ ပြန်ရောက်လာခဲ့ပြီး လီဟွာယွမ်ကို မင်သက်သွားစေမည့် တစ်စုံတစ်ရာကို ပြောပြခဲ့ပေသည်။

All Chapters