← Chapters

တုန်ရွှမ်အာ

Vol. 18 Ch. 246

တုန်ရွှမ်အာ

Vol. 18 Ch. 246

သိုင်းစီနီယာဟုန်ဖူက လီဟွာယွမ်၏ ဇနီးကို အနောက်ဘက် အခန်းထဲ ခေါ်လာခဲ့ပြီး ရှက်သွေးဖြန်းနေသော တုန်ရွှမ်အာ၏ ပြစ်မျိုးမှဲ့မထင် လက်တစ်ဖက်ကို စစ်ဆေးကြည့်သည်။ ထိုအခါ သူမ၏ အပျိုစင်သဘာဝမှာ မထိမခိုက်ဘဲ ရှိနေသေးကြောင်း ပေါ်လာသည်။ ယင်းအဖြစ်က ဟန်လိ၏ ဆရာကတော်ကို ကြီးစွာ တုန်လှုပ်အံ့အားသင့်သွားစေခဲ့သည်။

ပရောပရည် ရှိလှသော သည်တုန်ရွှမ်အာသည် သူမ၏ အပျိုစင်သဘာဝကို ထိန်းထားနိုင်သေးတာ အဘယ်သို့ ဖြစ်နိုင်ပါမည်နည်း။ သူတို့ဇနီးမောင်နှံ့က စုံတွဲကျင့်ကြံမည့် ကိစ္စအပေါ် ပယ်ဖျက်ရန် ကြိုးစားဖို့ ရောက်လာသည့်နေ့မှာ သည်မိန်းမပျိုနှင့် ပတ်သတ်သည့် ကောလဟာလစကားများကို မသိဟန်ဆောင်ကာ နေနေခဲ့သေးသည်။

သို့ပေမည့် ထိုမိန်းကလေး၏ ဂုဏ်သတင်းမှာ အများသိနေခဲ့ပြီဟု သူတို့ မမျှော်လင့်ထားခဲ့မိပေ။ ထို့ကြောင့်လည်း လီဟွာယွမ်တို့ ဇနီးမှောင်နှံ့သည် သူတို့၏ ဂုဏ်သိက္ခာကို ထိခိုက်မည် စိုး၍ စီနီယာဟုန်ဖူနှင့် သဘောတူထားချက်ကို ဖျက်သိမ်းရန် ကြိုးစားခဲ့ကြတာ ဖြစ်၏။

လီဟွာယွမ်၏ ဇနီးသည် အမျိုးသမီးငယ် အံ့အားတသင့် ဖြစ်နေစဉ်မှာပင် ဟုန်ဖူက သူမကို ရှင်းပြခဲ့၏။ သူမ၏ တပည့်သည် ရုပ်ရည်ကို ထိန်းသိမ်းထားနိုင်ရန် အံ့အားသင့်ဖွယ် အကျိုးသက်ရောက်မှုကို လိုချင်တပ်မက်သည့်အတွက်ကြောင့် ထိုမိန်းကလေးမှာ နွေဦးအသွင်ပြောင်းခြင်းပညာရပ်ကို ကျင့်ကြံခဲ့ပေသည်။ ယင်းပညာရပ်သည် ကျင့်ကြံမှု အလျောက် သူမ၏ ရုပ်သွင်ကို ပြောင်းလဲစေနေမည်။

(TL: နွေဦးအသွင်ပြောင်းခြင်းပညာရပ်ရှိ နွေဦးဟူသည့် စကားလုံးသည် အပျော်၊ စွဲညှို့မှုနှင့် ငယ်ရွယ်နုပျိုမှု ဟု အဓိပ္ပာယ်ရပါသည်။ )

ထိုတပည့်မက သူမ၏ ဂုဏ်သတင်းအပေါ် များစွာ အရေးမစိုက်တတ်သူ ဖြစ်တာ သံသယရှိစရာ မလိုပေ။ သူမသည် အမျိုးသားကျင့်ကြံသူများစွာနှင့် တရင်းတနှီး ပတ်သတ်မှု တကယ်ကြီး ရှိခဲ့တာ ဖြစ်၏။ သို့ပေမည့် ဟုန်ဖူ၏ ဆွေမျိုးဟူသည့် သူမ၏ ထူးကဲသော အဆင့်အတန်းနှင့်အတူ နွေဦးအသွင်ပြောင်းခြင်းပညာရပ်၏ ညှို့ငင်ဖမ်းစားနိုင်စွမ်းတို့ကြောင့် သူမဘေးနားတွင် ဝိုင်းနေသော အမျိုးသားကျင့်ကြံသူများနှင့် ဟိုဒီကိစ္စများ မဖြစ်ခဲ့ခြင်းမှာ အမှန်တကယ် အထင်ကြီးစရာကောင်းပြီး မမျှော်လင့်ထားသော ကိစ္စတစ်ခုပင်။

သို့သော် သူမဘေးနားသို့ ရောက်လာသော အမျိုးသားကျင့်ကြံသူထုကြီးကတော့ တဖြည်းဖြည်း ပိုများလာခဲ့ပြီး တုန်ရွှမ်အာသည် ငယ်ရွယ်သောယောက်ျားများကို ကစားရတာကို အလေ့အထ ဖြစ်လာခဲ့တော့သည်။ သူမက ယောက်ျားသားများကို သူမ၏ အောက်မှာ ရောက်စေချင်သော ထူးခြာသည့် သဘောထားတစ်ခုကို ပျိုးထောင်မိခဲ့တော့သည်။ သူမ၏ ညှို့ငင်နိုင်စွမ်းကြောင့် တချို့ယောက်ျားသားများကြား ပဋိပက္ခများ ဖြစ်လာစေဖို့အထိ လုံလောက်ခဲ့ပေသည်။

ကံကောင်းစွာဖြင့် ဟုန်ဖူသည် ထိုမိန်းကလေးကို နွေဦးအသွင်ပြောင်းခြင်းပညာရပ်ကို ကျင့်ကြံဖို့ ခွင့်ပြုခဲ့သော်လည်း သူမ၏ အပျိုစင်သဘာဝကိုမူ အထိအခိုက်ခံခွင့် မပေးခဲ့ပေ။ သူမသာ အပျိုစင်ဓာတ်ကို ဆုံးရှုံးခဲ့ရလျှင် အရှင်မဟုန်ဖူသည် သူမ၏ မှော်စွမ်းအားကို ချက်ခြင်း ဖျက်စီးကာ သေမျိုးတစ်ယောက်အဖြစ် အတင်းအကြပ် နေခိုင်းပေလိမ့်မည်။ ဤသည်မှာ နွေဦးအသွင်ပြောင်းခြင်းပညာရပ်ကို ကျင့်ကြံခြင်းကနေ ညှို့ငင်နိုင်စွမ်းကို ပိုင်ဆိုင်ထားသော တုန်ရွှမ်အာကို တုန်ဂိုဏ်း၏ စည်းမျဉ်းများကို မဖောက်ဖျက်ရန် ကြိုတင်ကာကွယ်ထားခြင်းသာ။

ထိုသို့သော တင်းကြပ်သော အခြေအနေများအောက်၌ တုန်ရွှမ်အာသည် ယောက်ျားပျိုများကို မကြာမကြာ ပရောပရည် လုပ်တတ်သော်လည်း သူမသည် စည်းမကျော်ဝံ့ခဲ့ပေ။

သို့သော် သူမ၏ မကောင်းသတင်းများက ဟုန်ဖူ၏ နားထဲအထိ ပြန်ရောက်လာခဲ့သည်သာ။ အမျိုးသမီးအမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူ ဖြစ်သည့် ဟုန်ဖူမှာ သည့်အတွက်ကြောင့် ဒေါသပုန်ထခဲ့လေ၏။ သူမက တုန်ရွှမ်အာကို တင်းကြပ်စွာ အပြစ်ပေးခဲ့ပြီး အချိန်တစ်ခုအကြာထိ အတားအဆီးအစီအရင်ထဲမှာ ပိတ်ထားခဲ့သည်။

သို့သော် နောက်ကျသွားခဲ့လေပြီ။ တုန်ရွှမ်အာ၏ ဆိုးရွားသော ဂုဏ်သတင်းက အဝါရောင်မေပယ်တောင်ကြား တခွင်မှာ ပြန့်နှံ့ခဲ့ပြီး ဖြစ်နေခဲ့ပြီ။ ကောလဟာလ သတင်းစကားဟူသည် ပြန့်နှံ့တာ မြန်လှ၏။ ဖုံးဖိရန် မဖြစ်နိုင်ပေ။ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူဟုန်ဖူသည်ပင် ယင်းကောလဟာလများနှင့် ပတ်သတ်ပြီး ဘာမျှ မတတ်နိုင် ဖြစ်ခဲ့ရသည်။

အခုအခါတွင်တော့ ထိုအမျိုးသား ကျင့်ကြံသူများသည် တုန်ရွှမ်အာမှာ အပျိုစင်မပျက်သေးကြောင်း သိခဲ့လျှင်ပင် သူတို့၏ ဂုဏ်သိက္ခာအတွက် တာအိုလက်တွဲဖော် ဖြစ်မလာဝံ့ကြတော့ပေ။

သို့ပေမည့် သူမသည် နွေဦးအသွင်ပြောင်းခြင်း ပညာရပ်ကို ကျင့်ကြံသည့်အတွက် အဆင့်တစ်ခုကို ရောက်လာခဲ့ပြီ ဖြစ်ကာ ယင်းအဆင့်တွင် သူမ၏ မှော်စွမ်းအား ဆက်တိုးတက်ဖို့ စုံတွဲကျင့်ကြံရန် လိုအပ်လာခဲ့ပေပြီ။ မဟုတ်ပါက သူမ၏ ကျင့်ကြံမှု မှော်စွမ်းအားမှာ ဒုံရင်းသို့ ပြန်ဆိုက်လိမ့်မည်။

တုန်ရွှမ်အာကို ရည်ငံသော ကျင့်ကြံသူများကိုလည်း သူတို့၏ ကိုယ်ကျင့်စရိုက် မဖြောင့်မတ်မှုနှင့် တဏှာရမ္မက်ကြီးမှုတို့အား တွေ့ရှိရသည် ဖြစ်၍ ဟုန်ဖူက သဘောမကျပေ။ သို့သော် သူမက လီဟွာယွမ်၏ အင်မောတယ်လှိုဏ်ဂူသို့ ရောက်လာသည့်အခါတွင်တော့ ဟန်လိကို ရွေးခဲ့ပေ၏။

ထိုအခြင်းအရာအားလုံးကို ကြားသိခဲ့ရပြီးနောက် လီဟွာယွမ်၏ ဇနီးမှာ ရှက်ရွှံ့နေသော ဟန်ပန်ဖြင့် လီဟွာယွမ်ဘေးနားသို့ ပြန်ရောက်လာခဲ့တာ ဖြစ်၏။ သူမက အကြောင်းစုံကို ခင်ပွန်းဖြစ်သူထံ ပြောပြပြီးနောက်မှာ သူတို့နှစ်ယောက်လုံး အချိန်တစ်ခု ကြာသည့်အထိ ငြိမ်သက်တိတ်ဆိတ်သွားသည်။

သူတို့စုံတွဲက တုန်ရွှမ်အာ၏ သန့်စင်မှုနှင့် ပတ်သတ်ပြီး အထင်မှားခဲ့ ကြသော်လည်း ဟုန်ဖူကို စုံတွဲကျင့်ကြံခြင်းကိစ္စအား ပယ်ဖျက်ကြောင်း ပြောပြခဲ့ပြီး ဖြစ်နေလေပြီ။ မည်သို့ပင်ဖြစ်စေ သူမက အပျိုစင် ဖြစ်နေသေးသော်လည်း သူမ၏ ဟိုလေးတကျော် သတင်းများကြောင့် လီဟွာယွမ်က သူ့တပည့်ဖြစ်သူ ဟန်လိနှင့် စုံတွဲကျင့်ကြံခိုင်းစေချင်စိတ် မရှိတော့ပေ။ မဟုတ်ပါက သူ့ကိုယ်ပိုင် ဂုဏ်သတင်းကိုပါ များစွာ ထိခိုက်လာနိုင်၏။ သို့အတွက်ကြောင့် သူ့အနေဖြင့် စီနီယာဟုန်ဖူအပေါ် အပြစ်ရှိသလို ခံစားမိရုံသာ တတ်နိုင်တော့သည်။

ယင်းခံစားချက်ကြောင့် လီဟွာယွမ်သည် ရတနာရှာဖွေခြင်းစုဝေးပွဲသို့ ဟန်လိ သွားရောက်ရမည့် ခရီးစဉ်အပေါ် နည်းနည်းလေးမျှ မဟန့်တားခဲ့တော့ပေ။

လီဟွာယွမ်၏ စိတ်ထဲ၌ တုန်ရွှမ်အာအပေါ် ဟန်လိ၏ အကောင်းမမြင်မှုကြောင့် သည်ခရီးရှည်ထွက်ခြင်းမှာလည်း မည်သို့မျှ ပြောင်းလဲမှု ဖြစ်လာလိမ့်မည် မဟုတ်ဟုသာ ထင်ထားသည်။ အမှန်တော့ သူ၏ ခုနစ်ယောက်မြောက်တပည့် ဝူရွှမ်မှာ တုန်ရွှမ်အာအပေါ် အရင်ဆုံး မြင်ဖူးခဲ့တာ ဖြစ်သလို ထိုတပည့်၏ စိတ်ထဲ၌လည်း ဒီမိန်းကလေးက ထင်ကျန်နေခဲ့ပေသည်။ လွန်ခဲ့‌သော ရက်အချို့က ဝူရွှမ်သည် စီနီယာဟုန်ဖူက တုန်ရွှမ်အာနှင့်သူ့ကို သဘောတူရန် ထပ်စဉ်းစားခိုင်းဖို့ သွားပြောပေးနိုင်မလားဟု သူ့ဆရာဖြစ်သူ လီဟွာယွမ်ထံ သတ္တိမွေးကာ လာတောင်းဆိုခဲ့သေးသည်။

လီဟွာယွမ်မှာ ထိုသို့သော ယုတ္တိမတန်သော အပြုအမူကို သဘောမတူမှာ သဘာဝပင်။ သူက ထိုတပည့်ကို ပြစ်တင်ကြိမ်းမောင်းပြီး တောင်အတွင်းရှိ ပြင်ပကိစ္စရပ်များကို ကိုင်တွယ်ဖို့ စေလွှတ်ခဲ့ပေသည်။

ပြင်းပြင်းထန်ထန် အဆူခံလိုက်ရသည့်နောက် ဝူရွှမ်သည် ပို၍ နာခံလာကာ ပြင်ပကိစ္စရပ်များကို ကိုင်တွယ်နေခဲ့သည်။ သို့သော် လီဟွာယွမ်သည် သူ၏ ထိုတပည့် စိတ်ထဲတွင် တုန်ရွှမ်အာအပေါ် အတွေးများ ရှိနေသေးကြောင်းကို ကောင်းစွာ သိသည်။ သူ့အဖို့ ခေါင်းကိုက်မိရုံကလွဲ၍ ဘာမျှ မတတ်နိုင်တော့ပေ။

လူငယ်ကျင့်ကြံသူနှစ်ယောက်ကို ပို့ပေးပြီးနောက်မှာ အင်မောတယ်ဟုန်ဖူနှင့် လီဟွာယွမ်တို့ ဇနီးမောင်နှံ့သည် ခဏလောက် စကားစမြည် ပြောဆိုပြီး ထွက်လာခဲ့ကြသည်။ လီဟွာယွမ်နှင့် သူ့ဇနီးက အစိမ်းရောင်လှိုင်းတွန့်လှိုဏ်ဂူထဲ ပြန်ဝင်လာခဲ့ပြီး သူတို့၏ နေ့စဉ် ကျင့်ကြံခြင်း အမှုကိစ္စများကို စတင်သည်။ ဟန်လိနှင့် တုန်ရွှမ်အာတို့၏ အရေးကိစ္စကိုမူ ဘေးတွင် ချထားလိုက်တော့သည်။

ယွဲ့ဒေသ၏ နံပါတ်တစ်ဂိုဏ်းဖြစ်သည့် ယန်ဂိုဏ်းမှာ လင်းစီရင်စုတွင် တည်ရှိသည်။ ထိုစီရင်စုမှာ သာမန်သာမက လူဦးရေမှာလည်း မများလှပေ။ လုံးဝ သာမန်ကာလျှံကာသာ ရှိ‌သော ကုန်းမြေတစ်ခုဟု ပြောနိုင်သည်။

ချင်းလျန့်မြို့သည် လင်းစီရင်စု၏ မြို့လေးတစ်မြို့ ဖြစ်သည်။ ထိုမြို့၌ ယန်လျန့်တောင်၏ ရှုမြှော်ခင်းကလွဲ၍ ထူးထူးထွေးထွေး ရှိမနေပေ။ သို့ပေမည့် ထိုယန်လျန့်တောင်တွင် ယန်ဂိုဏ်း၏ အရေးကြီးဆုံး နေရာဖြစ်သည့် ယန်လင်းရဲတိုက် တည်ရှိ၏။

ခုလက်ရှိမှာ ဟန်လိက လက်ထဲတွင် စက္ကူချပ်တစ်ခု ကိုင်ထားသည်။ ၎င်းမှာ ရတနာရှာဖွေခြင်းစုဝေးပွဲသို့ ဖိတ်ကြားစာ ဖြစ်၏။ စုဝေးပွဲနေရာ၊ ယန်လင်းရဲတိုက်၏ တည်နေရာကို ၎င်းပေါ်တွင် ရေးသားထားသည်။

ထိုဖိတ်ကြားစာကို နောက်တစ်ခါ ထပ်ကြည့်ပြီး သူ မမှားကြောင်း မြင်မှ ဟန်လိက ထိုစက္ကူချပ်ကို တည်တည်ငြိမ်ငြိမ် ပြန်သိမ်းလိုက်သည်။ ထို့နောက်တွင် သူ့ဘေးရှိ မိန်းမပျိုလေးထံမှ ထေ့လှောင်ပြောင်သော စကားများကို သူ ကြားရတော့သည်။

“ရှင်က တကယ့်ကို ဉာဏ်ပေတုံးပဲ။ ဒီဖိတ်ကြားစာကို ရှင် ကြည့်နေတာ ငါးခေါက်ခြောက်ခေါက်လောက် ရှိနေပြီ။ ဒါတောင်မှ သက်တောင့်သက်သာ မဖြစ်သေးတဲ့ပုံပဲ…”

ထိုမိန်းကလေးငယ်၏ အသံမှာ နူးညံ့လွန်းပါ၏။ စွဲဆောင်နိုင်စွမ်းလည်း ရှိလှပါ၏။ သူမအသံဖြင့်ပင် ယောက်ျားသားများကို ရူးခါသွားစေလောက်သည်။

သို့သော် ဟန်လိ၏ အမူအရာကမူ နည်းနည်းလေးမျှ မပြောင်းလဲသွားပေ။ သူက သူမ၏ စကားများကို မကြားလေသည့်အလား။ သူက မထင်မှတ်ဘဲ လက်မြှောက်ကာ ကောင်းကင်ထက်သို့ မီးလုံးသုံးလုံးကို ပစ်သွင်းလိုက်ပြီး ၎င်းတို့သည် တော်တော်မြင့်မြင့်သို့ ရောက်သည့်အခါ ပေါက်ကွဲထွက်သည်။

ထို့နောက်တွင် သူက ပြော၏။ “ယန်ဂိုဏ်းက နောက်ခဏအကြာမှာ ကျုပ်တို့ဆီ လူမလွှတ်ပေးသေးရင် ကျုပ်တို့ ထွက်သွားပြီး မနက်ဖြန်ထိ စောင့်နေမယ်။ ဂျူနီယာညီမလေး…နင့်မှာ ရန်စောင်နိုင်ဖို့တောင် စွမ်းအင်တွေ ရှိနေမှတော့ နင့်မျက်စိကို ပိုရှင်ရှင်ထားပြီး ဒီဧရိယာနားမှာ တစ်ယောက်ယောက်များ ရှိနေမလားလို့ စောင့်ကြည့်နေပါလား…”

“အစ်ကိုကြီးဟန်က သွေးကြောင်လှချည်လား။ ကျမတို့က ယန်ဂိုဏ်းရဲ့ ဝင်ပေါက်မှာပါ။ ဒါတောင် ရှင်က အန္တရာယ်တစ်ခုခု ရှိနိုင်သေးတယ်လို့ ထင်နေသေးတုန်းကို။ ရှင်က တကယ့်ကို ရူးကြောင်ကြောင်နဲ့ သတ္တိနည်းတဲ့လူလို့ ကျမ ထင်တယ်…”

တုန်ရွှမ်အာက သူမ၏ နီရဲရဲ နှုတ်ခမ်းတစ်စုံကို ရွှဲ့ကာမဲ့ကာဖြင့် ပျင်းရိပျင်းတွဲ ထိုသို့ ပြောလာသည်။ သူမက ဟန်လိစကားကို နာခံရန် စိတ်ကူး လုံးလုံးမရှိဘဲ သစ်ပင်ကြီးတစ်ပင်ကို မှီ၍သာ နေလိုက်တော့သည်။

ခုချိန်တွင် ဟန်လိနှင့် ထိုမိန်းမပျိုတုန်ရွှမ်အာတို့သည် တောင်ငယ်တစ်ခု၏ ထိပ်တွင် ရပ်နေကာ တစ်ခုခုကို စောင့်နေကြတာ ဖြစ်သည်။

သည်နေရာမှာ ဖိတ်စာအရဆို ဧည့်သည်များကို လာကြိုမည့် နေရာ ဖြစ်ချေ၏။ သို့သော် သူတို့နှစ်ယောက် ရောက်နေတာ တအောင့်လောက် ရှိနေခဲ့ပြီ။ ခုထိ ယန်ဂိုဏ်းမှ မည်သူမျှ မပေါ်လာကြသေးပေ။ ဟန်လိသည် တခုခု လွဲချော်တာ၊ မကောင်းတာ ဖြစ်လာမှာကို စိုးရိမ်ပြီး သတိထားနေ၏။

သို့သော် ထိုမိန်းကလေးငယ်တုန်ကမူ ဟန်လိ၏ သတိထားမှုကို အထင်သေးအမြင်သေးနေပြီး ဟန်လိက သပ်သပ်ကြောင်တာဟုသာ ထင်နေလေ၏။

ခုဆို သူတို့ အစိမ်းရောင်လှိုင်းတွန့်လှိုဏ်ဂူကနေ ထွက်လာခဲ့တာ ခုနစ်ရက်၊ရှစ်ရက်လောက် ရှိလေပြီ။

သို့သော် သည်ခရီးစဉ်တစ်ယောက် ဟန်လိနှင့်တုန်ရွှမ်အာတို့သည် တစ်ယောက်နှင့်တစ်ယောက် အစီးမကပ်ခဲ့ကြပေ။ အမြင်မကြည်ခဲ့ကြပေ။ ပုံမှန်အားဖြင့် သည်မျှကြာသော ခရီးရှည်တစ်ခုမှာ ယောက်ျားနှင့်မိန်းမဟူသည် တစ်ယောက်အပေါ်တစ်ယောက် ခံစားချက်တချို့တလေ ဖြစ်မိကြဖို့ များ၏။ သို့သော် သူတို့၌ ယင်းသို့သော ခံစားချက်မျိုး တစိုးတစိမျှ မပေါ်လာခဲ့ပါ။

တုန်ရွှမ်အာသည် ယောက်ျားပျိုများစွာကို စွဲဆောင်နိုင်သော သူမ၏ ညှို့ငင်နိုင်စွမ်းက ဟန်လိအပေါ်တွင်တော့ ဘာကြောင့်များ နည်းနည်းလေးမျှ အလုပ်မဖြစ်တာကို မသိဘဲ ရှိ၏။ သူမက မြူဆွယ်ကြည့်သော်လည်း ဟန်လိအပေါ်၌ အလုပ်မဖြစ်တာ သိပြီးနောက် ရှက်သွားကာ ဒေါသထွက်နေခဲ့၏။

သို့သော် ဟန်လိကမူ သည်မိန်းမပျိုအပေါ် စိတ်မဝင်စား၊ သူမ၏ ရိုင်းစိုင်းမှုကိုလည်း လစ်လျူရှုထားသည်သာ။ သူက စကားတစ်ခွန်းကိုသာ ပြောခဲ့၏။ ယင်းစကားမှာ “နင် ပြောခဲ့တဲ့ စကားလုံးတိုင်း အတိအကျကို ငါ စီနီယာဟုန်ဖူကို ပြန်ပြောပြမယ်…” ဟူ၍ပင်။ ထိုစကားဖြင့် သူက တုန်ရွှမ်အာကို ချက်ခြင်း ချုပ်ကိုင်နိုင်ခဲ့သည်။

ဟုန်ဖူအမည်နှင့် ကိုင်ပေါက်သည့်အခါ တုန်ရွှမ်အာသည် မတုန်ရင်မိဘဲ မနေနိုင် ဖြစ်ရသည်။ သူမသည် အလျော့မပေးချင်သော်လည်း အရင်ကကဲ့သို့ မဆင်မခြင် မပြုမူဝံ့တော့ပေ။

သို့ပေမည့် ဟန်လိက သူမကို ခက်ခဲအောင်တော့ မလုပ်ပေ။ ထိုမိန်းကလေး၏ အနိုင်ရပြီးရော စကားများကိုတော့ ခွင့်ပြုပေးထား၏။ ထိုစကားများကိုလည်း သူက နည်းနည်းလေးမျှ အရေးမစိုက်နေပေ။ သို့သော် တုန်ရွှမ်အာက နည်းနည်းလွန်လာခဲ့ပါက စီနီယာဟုန်ဖူ၏ အမည်ကို ထုတ်ပြောပြီး သူမကို ချက်ခြင်း ထိန်းထိန်းသိမ်းသိမ်း ပြန်ဖြစ်စေသည်။ တကယ်တော့ ဒီခရီးစဉ်၌ ဟန်လိ၏ စကားကို နာခံရမည်ဟု ဟုန်ဖူက တုန်ရွှမ်အာကို တင်းတင်းကြပ်ကြပ် သတိပေးခဲ့သည် မဟုတ်လား။

ခရီးစဉ်တစ်လျှောက်လုံး ထိုမိန်းကလေးငယ်က သူ့ကို အဆက်မပြတ် ထေ့ကာရွှဲ့ကာ လှောင်ပြောင် စကားများ ပြောနေခဲ့သော်လည်း ဟန်လိကမူ သူမ၏ စကားများကို မကြားသည့်အလား။ ခရီးတွင်ဖို့ကိုသာ အလျင်လိုနေခဲ့၏။

ထို့ကြောင့် သူတို့နှစ်ယောက်သည် ရက်အတော်အတန် ကြာပြီးနောက်မှာ ယန်လျန့်တောင်ထိပ်ပေါ်သို့ ရောက်လာခဲ့ကြတာ ဖြစ်သည်။

All Chapters