ယန်မောင်နှစ်မ
Vol. 18 Ch. 247
ဟန်လိတို့နှစ်ယောက် အတော်လေး စိတ်မရှည် ဖြစ်လာကြပြီ။ ထိုစဉ်မှာပင် တောင်အနောက်ဘက် ကောင်းကင်ထက်မှ အနက်ရောင်အစက်နှစ်စက်သည် တဖြည်းဖြည်း ပေါ်လာခဲ့သည်။ ကြီးမားသော ဦးခေါင်းနှစ်ခုဖြင့် နတ်ဆိုးငှက်နှစ်ကောင်သည် ဖြည်းဖြည်းချင်း ဟန်လိတို့ထံ နီးသထက်နီးစွာ ပျံသန်းလာသည်။ ယင်းသားရဲ နှစ်ကောင်မှာ ထိုက်နန်စုဝေးပွဲတွင် သူ အရင်တုန်းက မြင်ဖူးခဲ့သော ဦးခေါင်းနှစ်လုံးဘဲ သတ္တဝါပင်။ ထိုသားရဲငှက်နှစ်ကောင်ပေါ်တွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ လိုက်ပါလာ၏။
ထိုမြင်ကွင်းကို မြင်သည့်အခါ မူလတုန်းက ပျင်းရိနေသော တုန်းရွှမ်အာသည် စိတ်ဓာတ်တက်ကြွလာကာ ခါးဆန့်ကာ ရပ်၏။ သူမက ထိုသားရဲငှက်ကို သိချင်စိတ်ဖြင့် စိုက်ကြည့်နေစဉ်မှာပင် ယင်းငှက်နှစ်ကောင်က အနားရောက်လာခဲ့လေပြီ။
“ခင်ဗျားတို့ကို အကြာကြီး စောင့်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ကျုပ်ကတော့ ယန်ယုပါ။ သူကတော့ ယန်လင်း၊ ကျုပ်ရဲ့ ညီမပေါ့။ ကျုပ်တို့က ခင်ဗျားတို့ကို ယန်လင်းရဲတိုက်ကို သွားဖို့ လာခေါ်ကြတာ…”
ထိုငှက်နှစ်ကောင်က တောင်ထိပ်ပေါ်သို့ ပျံသန်းလာသည့်အချိန်မှာ အမျိုးသားနှင့်အမျိုးသမီးတို့သည် ချက်ခြင်း ခုန်ဆင်းလာ၏။ ထိုအမျိုးသားလူငယ်သည် တောင်ထိပ်ပေါ် ခြေချသည်နှင့် တောင်းပန်သောလေသံဖြင့် စကားဆိုသည်။
“ကိစ္စမရှိပါဘူး။ ကျမတို့ စောင့်ရတာ အဲ့လောက်လည်း မကြာသေးပါဘူး…” ဟန်လိ မပြောခင်မှာပင် တုန်ရွှမ်အာ၏ ညင်သာနူးညံ့သောစကားသံ ထွက်လာခဲ့ပေသည်။ ထိုသူရဲကောင်းဆန်သော ယန်ယု၏ အသွင်ဟန်ပန်ကို မြင်သည့်နောက်မှာ သူမ၏ မျက်လုံးတို့က အရောင်တောက်လာ၏။ သူမ၏အသံက ချောမွေ့နေကာ ဟန်လိကိုပါ မျက်ခုံးပင့်သွားစေသည်။
ယန်ယုကမူ ပန်းလေးကဲ့သို့လည်း လှပသော မိန်းမပျိုလေး၏ ချိုသာနူးညံ့သော စကားတို့က သူ့ကို ရည်ရွယ်လာတာ ကြားသည့်အခါ စိတ်လှုပ်ရှားသွား၏။ တမျိုးတမည် ခံစားချက်ပါ ပေါ်လာမိသည်။ သူက ခါးမတ်ကာ ရွှင်လန်းစွာ ပြောလိုက်၏။ “ကျုပ်တို့ ယန်ဂိုဏ်းက တပည့်တွေဟာ ဒီမှာ ဧည့်သည်တွေကို ကြိုပေးဖို့ စောင့်နေခဲ့တာ အမှန်ပါပဲ။ ဒါပေမဲ့ ဒီမှာ စောင့်နေတဲ့ တပည့်တွေဟာ မတော်တဆ ထိခိုက်မှုလေး ဖြစ်သွားလို့ပါ။ ဒါ့ကြောင့် ဒီမှာ ဘယ်သူမှ ရှိမနေတာပါ။ ခင်ဗျားတို့နှစ်ယောက်ကို လစ်လျူရှုသလို ဖြစ်သွားခဲ့မိပါတယ်။ ဒါ့ကြောင့် ယန်ဂိုဏ်းရဲ့ ကိုယ်စား ကျုပ်၊ယန်ယုကပဲ ခင်ဗျားတို့နှစ်ယောက်ကို တောင်းပန်ပါတယ်။ အပြစ်မယူဖို့ မျှော်လင့်မိပါတယ်…”
တုန်ရွှမ်အာက တစ်ခုခု တန်ပြန်ပြောရန် တွေးနေစဉ်မှာပင် ဟန်လိ၏ စကားသံသည် သူမ၏ နားထဲ ဝင်လာ၏။ “ဂျူနီယာညီမလေးကို ကြည့်ရတာ စီနီယာဟုန်ဖူရဲ့ မှာကြားချက်တွေကို မစိုးရိမ်တဲ့ပုံပဲ…”
ထိုအခါ တုန်ရွှမ်အာ၏ အမူအရာမှာ ကြီးစွာ ပြောင်းလဲသွားတော့သည်။ သူမက တစ်ခုခု ပြောရန် ဟန်ပြင်လိုက်သော်လည်း ဘာစကားမှ ထွက်မလာတော့ပေ။ ထိုထူးခြားသော မြင်ကွင်းက ယန်မောင်နှမကို စဉ်းစားမရ ဖြစ်သွားစေ၏။
ယန်လင်းသည် ခုမှ ဆယ့်ငါးဆယ့်ခြောက်လောက်သာ ရှိသေးသည့် မိန်းမပျိုတစ်ယောက် ဖြစ်၏။ သူမသည်လည်း စွဲဆောင်မှု ရှိသူတစ်ယောက်သာ။ သူမက ဟန်လိနှင့် တုန်ရွှမ်အာတို့ကို ရွှန်းလဲ့တောက်ပသော မျက်ဝန်းနက်ကြီးဖြင့် တလှည့်စီ ကြည့်နေလေသည်။
“ကျုပ်ရဲ့ ဂျူနီယာညီမတုန် ပြောခဲ့သလိုပါပဲ။ ဒါက သိပ်တော့ ကိစ္စမရှိပါဘူး။ ခင်ဗျားတို့ နည်းနည်းပါးပါး နောက်ကျသွားတာလောက်ပါပဲ။ ယန်ဂိုဏ်းက ဧည့်သည်တွေအပေါ် အေးတိအေးစက် မဆက်ဆံမှာ ကျုပ် သေချာသိပါတယ်။ ဒါပေမဲ့ ကျုပ်နည်းနည်းတော့ သိချင်စိတ် ဖြစ်မိတယ်။ ဒီမှာ စောင့်နေခဲ့တဲ့ ဆိုတဲ့ တပည့်တွေက ဘယ်လိုများ မတော်တဆ ထိခိုက်မှု ဖြစ်ခဲ့ရတာလဲ။ သူတို့က ဧည့်သည်တွေကိုများ ရန်စစော်ကားမိခဲ့လို့လား…”
တုန်ရွှမ်အာ၏ နွေဦးအသွင်ပြောင်းခြင်းပညာရပ် အသုံးပြုနေတာကို ဟန့်တားပြီးနောက် ဟန်လိသည် ချောင်းဟန့်ကာ ထိုသို့ ပြောသည်။
“ဒါက…” ယန်ယုက ဟန်လိ၏စကားများကို ကြားသည့်အခါ သူ့မျက်နှာတွင် ခက်ခဲဟန် အမူအရာ ပေါ်လာသည်။ သူသည် ဟန်လိပေးသော ကိစ္စကို ပြောပြရခက်နေပုံ ပေါ်၏။
“အစ်ကိုဟန်လိ…စီနီယာအစ်ကိုယုအတွက် ဖြေဖို့ အဆင်မပြေမှတော့ သူ့ကို ထပ်မမေးပါနဲ့တော့။ ကျမတို့ ယန်လင်းရဲတိုက်ကိုပဲ အရင်ဆုံး သွားပြီး ကြည့်ရအောင်။ အဲ့မှာ လူတော်တော်များများ ရောက်နေလောက်ပြီ မဟုတ်လား…”
“အမှန်ပါပဲ။ ကျုပ်တို့ ယန်လင်းရဲတိုက်ဆီ သွားကြတာပေါ့။ အဲ့မှာ ဧည့်သည်တွေ အများအပြား ရောက်နေကြပါပြီ။ သူတို့က ကျင့်ကြံခြင်းနဲ့ ပတ်သတ်ပြီး အတွေးအမြင်တွေ ဆွေးနွေးနေသလို အရောင်းအဝယ်လည်း လုပ်နေကြတယ်လေ။ ခင်ဗျားတို့နှစ်ယောက်လည်း ပါဝင်နိုင်တဲ့အတွက် ခုပဲ ကျုပ်တို့ အဲ့ကို သွားကြရအောင်…”
တုန်ရွှမ်အာက ယန်ယု ချီတုံချတုံ ဖြစ်နေတာကို မြင်သည့်အခါ သူမက ဟန်လိကိုယ်စား တရင်းတနှီးစကားအချို့ကို ပြောလိုက်ပြီး ထိုယန်ဂိုဏ်းမှ တပည့်ဖြစ်သူကို အတော်လေး စိတ်သက်သာရာ ရသွားစေလိုက်သည်။ ယန်ယုက တုန်ရွှမ်အာ၏ စကားကို ထပ်ခါထပ်ခါ သဘောတူ၏။ သူမအပေါ် သူ၏ အကောင်းမြင်မှုမှာလည်း ပိုတိုးလာသည်။ ဘေးတွင် ရပ်နေသော ယန်ယုကမူ တုန်ရွှမ်အာ၏ မကောင်းသောရည်ရွယ်ချက်များကို ခပ်ရေးရေး သတိပြုမိပုံ ပေါ်ပြီး မပျော်မရွှင်ဟန်ဖြင့် နှုတ်ခမ်းစူထားသည်။
ဟန်လိကလည်း ပြုံး၍ သဘောတူပြီး ပြောလိုက်သည်။ “ဒီတော့ စီနီယာအစ်ကိုယန်နဲ့ မိန်းကလေးယန်တို့ကပဲ လမ်းပြပေးပါအုံး။ ဂျူနီယာညီမလေးတုန်နဲ့ ကျုပ်တို့က နောက်ကနေ လိုက်ခဲ့တာ အဆင်ပြေပါတယ်…”
ဟန်လိက အစောတုန်းက မေးခွန်းကို ထပ်မမေးတော့တာကို မြင်သည့်အခါ ယန်ယုသည် ပိုပျော်ရွှင်သွားသည်။ ထို့နောက်တွင် သူက တောင်းပန်သည့်လေသံဖြင့် ပြောပြန်သည်။ “ကျုပ်က ရှေ့ကနေ လမ်းပြပေးပါ့မယ်။ ခင်ဗျားတို့နှစ်ယောက် နီးနီးကပ်ကပ် လိုက်လာခဲ့ပေးပါ။ ဒီ့အတွက်လည်း ကျုပ်ကို အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်…”
ယန်ယုက ထိုသို့ ယဉ်ကျေးစွာ ပြောနေသော်လည်း ဟန်လိကမူ သူ့စကားလုံးတို့မှာ တုန်ရွှမ်အာကိုသာ ရည်ရွယ်မှန်း အာရုံရနေသည်။ ကြည့်ရသည်မှာ သည်ယန်ဂိုဏ်း၏ တပည့်ဖြစ်သူက တုန်ရွှမ်အာ၏ လက်ထဲ အလျင်အမြန် ကျရောက်သွားခဲ့လောက်ပြီ။
ဟန်လိက စိတ်ထဲကနေ အေးတိအေးစက် ရယ်မိလေ၏။ ထို့နောက်တွင် သူက လီဟွာယွမ်၏ ဖိတ်စာကို ထုတ်ကာ အနီးအနားရှိ ယန်ယုထံ လှမ်းပေးသည်။ တုန်ရွှမ်အာကလည်း စီနီယာဟုန်ဖူထံမှ ဖိတ်ကြားစာကို ထုတ်ကာ သူမ၏ သွယ်လျဖြူဖွေးသော လက်နှစ်ဖက်ကို ဆန့်၍ လှမ်းပေးသည်။ သူမ၏ ခန္ဓာကိုယ်မှ စွဲဆောင်မှု ရှိလှသော ရနံ့နှင့် ကျောက်စိမ်းကဲ့သို့ ချောမွတ်သော လက်ကလေးတို့ကြောင့် ယန်ယုမှာ တခဏတာ မူးဝေသွားရသည်။ သူသည် ထိုစာကို လက်လှမ်းယူဖို့ပါ တကယ်ကြီး မေ့သွားလေ၏။
သူ့ညီမဖြစ်သူမှ ဘေးတွင် အကြောင်သား ရပ်မနေနိုင်တော့ ယန်ယုအစား ၎င်းဖိတ်စာကို ဒေါသတကြီး လှမ်းယူသည်။ တုန်ရွှမ်အာ၏ နူးညံ့စွာ တခစ်ခစ်ရယ်သံ ထွက်ပေါ်လာမှ မိန်းမောသွားသော သူမ၏အစ်ကိုကြီးဖြစ်သူ ယန်ယုမှာ ရှက်ရွှံ့သွားတော့သည်။
“ဂျူနီယာညီလေးဟန်နဲ့ ညီမလေးတုန်တို့ရဲ့ ဖိတ်ကြားစာမှာ ဘာပြဿနာမှ မရှိပါဘူး။ ကဲ ကျုပ်တို့ သွားကြရအောင်…”
ယန်ယုသည် ဖိတ်ကြားစာများကို ပြန်ပေးပြီးနောက် သူက ဦးခေါင်းနှစ်လုံးဘဲသားရဲအပေါ် ခုန်တက်သွားသည်။ သူသည် နောက်မှ လိုက်လာသော တုန်ရွှမ်အာထံ လမ်းမှာ တချက်တချက် ခိုးကြည့်သေး၏။ သို့သော် ထိုအခိုက်တွင် သည်မိန်းကလေးတုန်မှာ တည်တည်ကြည်ကြည်ဟန်ပန်ဖြင့် အမှန်တကယ် ရှိနေလေ၏။ သည်အခါ ယန်ဂိုဏ်း၏ ပါရမီရှင်ယန်ယု၏ စိတ်ကူးယဉ်မှုမှာ အထိန်းအကျောင်း ကင်းမဲ့သွားတော့သည်။
ဆယ်ကီလိုမီတာလောက် ပျံသန်းလာပြီးနောက် သူတို့အုပ်စုသည် တောင်နှစ်ခုကြား နေရာတစ်ခု၌ ဆင်းသက်ကြ၏။
ထိုအချိန်တွင် ယန်ယုသည် အမိန့်ပေးပြားတစ်ခုကို ထုတ်ယူကာ လက်နှစ်ဖက်ဖြင့် ၎င်းကို ခိုင်မြဲစွာ ကိုင်၍ ၎င်းအမိန့်ပြားထံ စိတ်ဝိညာဉ်စွမ်းအားကို မြောက်များစွာ သွန်းလောင်း၏။ ရုတ်တရက် ထိုအမိန့်ပြားထံမှ သည်ဧရိယာတစ်ခုလုံးကို ခြုံလွှမ်းသည့် အဝါရောင်အလင်းမြူထုတစ်ခု ထုတ်လွှတ်ပြီး သူတို့ရှေ့ရှိ ဗလာကင်းမဲ့နေသော ဧရိယာထံ ဦးတည်ဝင်သွားသည်။
ထိုအဝါရောင်အလင်းက မူလတုန်းက ဗလာကင်းမဲ့သော ဧရိယာကို ဖြတ်သန်းခြုံလွှမ်းသွားချိန်တွင် သက်တံရောင် အလင်းတန်းတစ်ခု ရုတ်ချည်း ပေါ်လာသည်။ ထိုအလင်းတန်းသည် တဖြတ်ဖြတ် တောက်ပကာ သူတို့၏ ရှေ့တွင် ပြန့်ကြဲသွားပြီး မူလတုန်းက ဗလာဖြစ်နေသော နေရာတွင် ရှေးဟောင်းရဲတိုက်တစ်ခု လှစ်ဟပေါ်ထွက်လာတော့သည်။
ထိုရဲတိုက်၏ နံရံများမှာ မီတာတစ်ရာလောက်ထိ မြင့်လောက်မည်။ ထိုနံရံကို ကျော်၍ မရေမတွက်နိုင်သော မြင့်မားသည့် အဆောက်အဦများစွာလည်း ရှိလို့နေသည်။ ဟန်လိနှင့် တုန်ရွှမ်အာတို့သည် ထိုသို့သော မြင်ကွင်းကို တရင်းတနှီး မရှိသလို ခံစားမိကြ၏။
“ဒါက ကျုပ်တို့ ယန်ဂိုဏ်းရဲ့ အရေးကြီးဆုံးနေရာဖြစ်တဲ့ ယန်လင်းရဲတိုက်ပဲ။ ဂျူနီယာညီလေးဟန်နဲ့ ဂျူနီယာညီမတုန်တို့ကို ကြိုဆိုရတာဟာ ကျုပ်တို့အတွက် ဂုဏ်ယူစရာပါပဲ…”
ယန်ယုက ရုတ်တရက် မျက်နှာတည်ကာ အလေးအနက် ပြောသည်။
ဟန်လိက ပြုံးမိသည်။ သူက တခုခု ပြောရန် တွေးနေရုံ ရှိသေး သူ့ဘေးမှ တုန်ရွှမ်အာက ရုတ်တရက် ထအော်သည်။ ရဲတိုက်ထံ ကြည့်နေသော သူမ၏ အမူဟန်ပန်တွင် တုန်လှုပ်မှုအပြည့် ဖြစ်သွား၏။
ထိုမိန်းကလေး၏ ယင်းဟန်အမူအရာကို မြင်သည့်အခါ ဟန်လိလည်း သူမကြည့်နေသော နေရာထံ လှမ်းကြည့်သည်။
ဟန်လိသည် ရဲတိုက်၏ ဘေးရှိ သိုင်းပြိုင်ပွဲစဉ်ပေါ်မှာ လူနှစ်ယောက် ပျံဝဲနေတာကို လှမ်းမြင်သည်။ သူတို့ထဲမှ တစ်ယောက်က ယန်ဂိုဏ်း၏ ဝတ်စုံ အညိုရောင်ကို ဝတ်ထားသော ကြမ်းကြုတ်သော ဟန်ပန်ရှိသည့်လူတစ်ယောက် ဖြစ်သည်။ တခြားတစ်ဖက်တွင်မူ မုတ်ဆိတ်မွေး ဗရပစ်၊ မီးခိုရောင်မျက်လုံး၊ နက်မှောင်သော အသားအရေနှင့် အဝါရောင်ဆံပင်တို့ကို ပိုင်ဆိုင်ထားသည့်သူ ဖြစ်၏။ သူက အဇူရာဝတ်စုံကို ဝတ်ထားကာ ထူးခြားသော အသွင်ဟန်ပန် ရှိသည်။
ထိုစင်မြင်ကို အဖြူရောင်အလင်း ခပ်ဖျော့ဖျော့က ခြုံလွှမ်းထား၏။ ၎င်းမှာ အရံအတား ဖြစ်ပုံ ပေါ်သည်။ ယင်းအလင်းအရံအတား၏ အပြင်ဘက်တွင် လူအုပ်နှစ်အုပ် ရှိပြီး တစ်အုပ်က အရှေ့ဘက်ခြမ်း၊ နောက်တစ်အုပ်က အနောက်ဘက်ခြမ်းမှာပင်။ ထိုလူအုပ်နှစ်ခုမှာ မတူညီသော ဝတ်စုံများဖြင့်ပင်။ ထိုလူအုပ်စုနှစ်စုထဲမှ တစ်စုသည် ယန်ဂိုဏ်းမှ ဖြစ်ပြီး ငြိမ်သက်လျက် ရှိသည်။ ကျန်အုပ်စုထဲရှိ အများစုမှာ မုတ်ဆိတ်ဗရပစ်နှင့် ရှိကြပြီး အစိမ်းရောင်ဝတ်စုံများ ဝတ်ထားကြသည်။ သူတို့အုပ်စုထဲ၌လည်း ပုံမှန်အသွင်အပြင်နှင့် လူတချို့တော့ ရှိနေသည်။
ထိုမြင်ကွင်းကို မြင်သည့်နောက်မှာ ဟန်လိသည် အံ့အားသင့်ဟန် ဖြစ်ပေါ်သွားသည်။ သူက ဘေးရှိ ယန်မောင်နှမထံ လှမ်းမကြည့်မိဘဲ မနေနိုင် ဖြစ်သည်။ သူတို့ထံ၌ ရှင်းပြချက်တစ်ခု ရှိနိုင်သည်သာ။
ဟန်လိ မမေးခင်မှာပင် ထိုမြင်ကွင်းကို ကြည့်နေပြီးနောက် ယန်ယု၏ အမူအရာသည် ပုံမှန်မဟုတ် ဖြစ်လာသည်။ သူ့ဘေးရှိ ယန်လင်းကတော့ လက်သီးတင်းတင်းဆုပ်ကာ ဒေါသတကြီး ပြော၏။ “သူတို့က နောက်ထပ် စိန်ခေါ်ပွဲတောင် စပြီပဲ။ သူတို့ တကယ်ပဲ ရက်ရက်စက်စက် ပြုမူကြတာပဲ။ တကယ့်ကို တရားလွန်တယ်…”
ဟန်လိက ထိုစကားကို ကြားသည့်အခါ စိတ်ထဲ၌ အံ့အားသင့် တုန်လှုပ်သွားမိသည်။ ထို့နောက်တွင် သူက မေးလိုက်မိ၏။ “ဒီလူတွေက ယန်ဂိုဏ်းရဲ့ ဧည့်သည်တွေ မဟုတ်ဘူး ထင်တယ်…”
“အမှန်ပဲ။ အဲ့ကောင်တွေဟာ ကျမတို့ရဲ့ တံခါးကို လာခေါက်ပြီး ကျမတို့ရဲ့ တပည့်နှစ်ယောက် ဖြစ်တဲ့ ဆယ့်ငါးနှစ်အရွယ် ဂျူနီယာညီလေးနဲ့ ဆယ့်ခြောက်နှစ်အရွယ် ဂျူနီယာညီလေးတို့ကို ဒဏ်ရာရစေခဲ့တယ်လေ။ ဒါ့အပြင် သူတို့က ရတနာရှာဖွေခြင်းစုဝေးပွဲမှာ ပါဝင်ဖို့ အတင်းအကြပ် တောင်းဆိုခဲ့ကြသေးတယ်။ အကြီးအကဲတွေ ဘာတွေးနေသလဲတော့ ကျမလည်း မသိတော့ဘူး။ ဒါပေမဲ့ သူတို့က အဲ့လူတွေ တောင်းဆိုတာကို တကယ်ကြီး သဘောတူခဲ့ကြတယ်။ တကယ်ကြီး စိတ်တိုဖို့ ကောင်းလိုက်တာ…”
ယန်လင်းက ယန်ယု၏အကြည့်နှင့် သူမ ပြောနေတာကို ရပ်ဖို့ သက်ပြင်းချသံတို့ကို သတိမပြုမိတော့ပေ။ သူမက မိန်းကလေးငယ် ပီသစွာ စိတ်တိုဒေါသထွက်ဟန်သာ ဆက်၍ ပြုမူနေတော့သည်။ ဟန်လိကို ဤသည်ကို မြင်သည့်အခါ မရယ်မိဘဲ မနေနိုင် ဖြစ်ရ၏။ ထို့နောက်တွင် ယန်ယုက အရှက်ရသွားဟန် တူကာ ဘာပြောရမှန်းမသိ ဖြစ်သွားသည်။
“ကြည့်ရတာ ဒါက ကျမတို့ တောင်ထိပ်မှာ အချိန်အတော်ကြာ စောင့်နေခဲ့ရတဲ့ အကြောင်းရင်း ဖြစ်မယ့်ပုံပဲ။ စီနီယာအစ်ကိုယုကများ ဒီထက် ပိုပြီး အသေးစိတ်လေး နည်းနည်းပါးပါး ရှင်းပြပေးနိုင်မလား…”
ဟန်လိမေးနေရန်ပင် မလို။ တုန်ရွှမ်အာက ယန်ယုထံ စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်ကာ ညုတုတု လှမ်းပြောသည်။ သူမက ယန်ယု၏ စိတ်ကို စွဲဆောင်လိုက်သည့်အလား။ ယန်ယုက ခဏတော့ ချီတုံချတုံ ဖြစ်နေသေး၏။ ထို့နောက်မှ သူက သေချာဖြေသည်။
“အဲ့လူတွေက ကျုပ်တို့ ယန်လင်းရဲတိုက်ကို ဒီမနက်ပိုင်းမှာ ရောက်လာခဲ့ကြတာ။ သူတို့ ရဲတိုက်အပြင်ကို ရောက်လာတဲ့အချိန် ဘာဖိတ်ကြားချက်မှ မပါဘဲ သူတို့က အတင်းချိုးဖျက် ဝင်ချင်ခဲ့ကြတယ်။ ဧည့်သည်တွေကို ကြိုနေတဲ့ ဂျူနီယာညီလေးနှစ်ယောက်ကိုလည်း ဒဏ်ရာရစေခဲ့တယ်။ တခြားတပည့်တွေက ဒီကောင်တွေကို သင်ခန်းစာကောင်းကောင်းပေးဖို့ အကူအညီလှမ်းတောင်းခဲ့တယ်။ ဒါပေမဲ့ အဲ့ကောင်တွေက ဘာမှန်းမသိရတဲ့ စာတစ်စောင်ကို ထုတ်ပြပြီး အကြီးအကဲအုပ်စုကို အလေးအနက် ဖြစ်သွားစေခဲ့တယ်။ ဒါနဲ့ အကြီးအကဲတွေကလည်း သူတို့ရဲ့ စကားတွေကို ပြန်မြိုချပြီး အဲ့လူတွေကို ရဲတိုက်ဆီ ဖိတ်ခေါ်လာခဲ့ရတယ်…”
“ဒါပေမဲ့ သူတို့က သူတို့နေရာကိုယ် သူတို့ မသိကြဘူး။ ယန်လင်းရဲတိုက်ထဲ ဝင်လာပြီးတဲ့နောက် ချက်ခြင်းပင် ယန်ဂိုဏ်းနဲ့ ပညာဖလှယ်ဖို့ တောင်းဆိုခဲ့တယ်။ အကြီးအကဲတွေက စဉ်းစားပြီးတဲ့နောက်မှာ သဘောတူခဲ့တယ်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေကြားမှာ ပြိုင်ပွဲဆယ်ပွဲ ယှဉ်ကြမယ်။ ကျုပ်လည်း ပြိုင်ပွဲနှစ်ပွဲ ဝင်တိုက်ခိုက်ခဲ့သေးတယ်။ ဒါပေမဲ့ ရလဒ်ကတော့…”
ယန်ယုက ခေါင်းယမ်း၏။ သူ့အမူအရာမှာ သုန်မှုန်နေ၏။ ယန်ဂိုဏ်းသည် အခြေအနေမလှတာ ထင်ရှားနေသည်။
သို့ပေမည့် သူတို့ ရောက်လာသည့်အချိန်တွင် တိတ်ဆိတ်မှုကသာ စီးကြိုနေခဲ့သည်။ မထင်မှတ်စရာပင်။ ယန်ဂိုဏ်းမှ လူများက ကြိုပြင်ဆင်ထားသင့်သည်။ သို့သော် သူတို့နှစ်ယောက် စောင့်နေတာ နေ့တစ်ဝက်လောက် ရှိခဲ့ပြီ။ ခုထိ ထိုသူများ မပေါ်လာကြသေး။ သို့အတွက် ဟန်လိတို့နှစ်ယောက်သည် နည်းနည်းတော့ စိတ်မရှည် ဖြစ်လာ၏။