မိတ်ဆွေဟောင်းတစ်ယောက်နှင့် ပြန်တွေ့ခြင်း
Vol. 18 Ch. 250
ဟန်လိသည် တုန်ရွှမ်အာနှင့် အဝေးမှ နေချင်နေသည့်အခါ စီနီယာအစ်ကိုဖန်နှင့် ယန်ယုတို့သည် ထိုသည်ကို သဘောကျမည်မှာ သဘာဝပင်။
ထို့ကြောင် ယန်ယုက ဟန်လိကို မတားသည့်အပြင် ယန်လင်းရဲတိုက်၏ မြေပုံပါသည့် ကျောက်စိမ်းပြားတစ်ခုကိုပါ ပေးလိုက်သေးသည်။ ထိုမြေပုံဖြင့်ဆို ဟန်လိသည် အချိန်တချို့ သက်သာကာ သူ သွားလိုသော နေရာထံ တန်းတန်းမတ်မတ် သွားနိုင်မည် ဖြစ်၏။
တုန်ရွှမ်အာသည် ဟန်လိက ရုတ်တရက် ထွက်သွားကာ သူမကို တားဆီးဟန့်တားနေတာကို ရပ်ပစ်သည့်အပေါ် အတော်လေး အံ့အားသင့်စွာ ခံစားမိသော်လည်း သူမက လွတ်လွတ်လပ်လပ် ဖြစ်သွားသည့်အတွက်တော့ ပျော်မြူးသွားပေသည်။ ရေထဲကငါးကဲ့သို့ အမျိုးသားကျင့်ကြံသူများကြား သူမ စိတ်ကြိုက် ကစားနိုင်ပြီ မဟုတ်လား။ တကယ်တော့ ထွက်သွားသော ဟန်လိကို သူမက အံ့အားတသင့်ဖြစ်ကာ အကြိမ်အနည်းငယ် ကြည့်မိသေး၏။ ဟန်လိ၏ ထိုအပြုအမူနောက်မှ အဓိပ္ပာယ်ကို သူမ နားမလည်နိုင်တာတော့ အမှန်ပင်။
“ဘာရည်ရွယ်ချက်နဲ့လဲ ဟုတ်လား။ ဟက်…ကျုပ်နဲ့အတူ ဝန်ထုပ်ဝန်ပိုးတစ်ခု မသယ်ချင်ယုံပါပဲ။ ကျုပ်တစ်ယောက်တည်း စိတ်ကြိုက် လှုပ်ရှားသွားလာလို့ ရပြီလေ…”
ဟန်လိက ယန်လင်းရဲတိုက်၏ မိုးပြာကျောက်တုံးများ ခင်းထားသော လမ်းပေါ်မှာ လက်နှစ်ဖက် နောက်ပစ်လျက် အေးအေးဆေးဆေး လျှောက်နေသည်။ သူက လမ်းလျှောက်လာနေရင်း ဘယ်ညာရှိ ဆိုင်ခန်းများကိုလည်း ကြည့်လာသည်။
ထိုဆိုင်ခန်းများ၌ အဆောင်များ၊ မှော်ပစ္စည်းများ၊ ဆေးဝါးကုန်ကြမ်းအမယ်များနှင့် အဆင့်နိမ့် မှော်ပစ္စည်း တချို့တလေကိုလည်း ရောင်းချ၏။ သို့သော် ဆိုင်ခန်းပိုင်ရှင် အများစုမှာ သေမျိုးများ ဖြစ်ကာ မှော်စွမ်းအား ကင်းမဲ့ကြသည်။
ဤသည်က ထူးတော့မထူးဆန်းပေ။ ယန်လင်းရဲတိုက်အပိုင် ကုန်းမြေနေရာမှာ ကြီးမားလွန်း၏။ လူဦးရေမှာ ရာထောင်ချီ ရှိသည်။ သို့သော် စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်ကာ မှော်ပညာရပ်များကို ကျင့်ကြံနိုင်သူများကတော့ လူနည်းစုသာ။ အများစုက သေမျိုးများသာ ဖြစ်၏။
ထိုသေမျိုးများသည် အစက သေမျိုးလောကတွင်သာ နေခဲ့တာ ဖြစ်လောက်မည်။ သို့သော် သူတို့ထဲမှ တချို့က ယန်ဂိုဏ်း၏ သွေးမျိုးဆက် ပိုင်ဆိုင်ထားပြီး တခြားသူများမှာလည်း ယန်ဂိုဏ်းမှ တပည့်များနှင့် ဆွေမျိုးနီးစပ် တော်ကြသည်။
ယန်လင်းရဲတိုက် ပိုင်နက်ထဲမှာ ဝင်ရောက်နေထိုင်ကြသည့် သေမျိုးများသည် မြို့ကနေ လုံးဝ မထွက်သွားနိုင်ကြပေ။ သူတို့က ဒီမှာသာ အသက်ကြီးအိုမင်းပြီး သေဆုံးသည့်အထိ နေထိုင်ကြသည်။ သူတို့က အခြေခံလိုအပ်ချက်များနှင့် ပတ်သတ်ပြီး ပူပန်စရာ မလိုသော်လည်း အလွန်ဝမ်းနည်းဖွယ်ကောင်းသော ကိစ္စတစ်ခုတော့ ရှိနေသေးသည်။
အပြင်လောကမှ ဒီကို ပြောင်းလာသော လူသစ်များအတွက်တော့ သိပ်မဆိုးလှ။ အနည်းဆုံးတော့ သူတို့က အပြင်ဘက်လောကကို မြင်ဖူးခဲ့ဖူးသည်။ သို့သော် သည်ရဲတိုက်ပိုင်နက်တွင် မွေးလာပြီး စိတ်ဝိညာဉ်ရင်းမြစ် မပိုင်ဆိုင်သူများကမူ အပြင်ဘက်လောကကို မြင်ရတွေ့ရဖို့ အခွင့်အရေး တစ်ခုလေးပင် မရှိလေပေ။
ယန်လင်းရဲတိုက်က သေမျိုးများ သည်ရဲတိုက်ပိုင်နက်ကနေ ခိုးကြောင်ခိုးဝှက် ထွက်သွား၍ မရအောင် အစီအရင်များ ချထားပေသည်။ ထိုသို့ ခိုးထွက်သည်ကို သိသည်နှင့် အသက်ခံရမည်သာ။ ခုချိန်ထိ ဒီနေကနေ အပြင်ဘက်လောကသို့ အောင်အောင်မြင်မြင် ထွက်သွားနိုင်သော သေမျိုးဟူ၍ မကြားဖူးသေးပေ။
ဟန်လိက သည်အကြောင်းကို ခန့်မှန်းကြည့်ခဲ့တာမဟုတ်။ ယန်ယုပေးခဲ့သော မြေပုံပါသည့် ကျောက်စိမ်းပြားတွင် ဖော်ပြထားခြင်းသာ ဖြစ်သည်။
အခုအချိန်တွင် ဟန်လိသည် မြို့ထဲရှိ လဘ္ဘက်ရည်ဆိုင်ထံ ဦးတည်လာနေ၏။ အကြောင်းမှာ ဟန်လိ၏ နားလည်ထားမှုအရ ကျင့်ကြံသူအများစုသည် လဘ္ဘက်ရည်သောက်ရခြင်းကို နှစ်သက်ကြကာ လဘ္ဘက်ရည်ဆိုင်တစ်ဆိုင်သည် ကျင့်ကြံသူများ လာရောက်လည်ပတ်ဖို့အတွက် မရှိမဖြစ်ပင်။ ဟန်လိက ယင်းလဘ္ဘက်ရည်ဆိုင်မှာ ကျင့်ကြံသူတချို့နှင့် တွေ့ကောင်း တွေ့နိုင်လောက်သည်ဟု ခံစားမိ၏။
ကျောက်တုံးလမ်း၏အဆုံး၊ လမ်းသုံးခွ ဆုံသည့် နေရာအနီးအနားတွင် လဘ္ဘက်ရည်ဆိုင်တစ်ဆိုင် ရှိနေလေ၏။ ထိုဆိုင်ကို ခပ်လှမ်းလှမ်းကနေပင် မြင်ရနိုင်သည်။ ဟန်လိသည် ၎င်းဆိုင်ထံ ခြေလှမ်းပြင်လာသည်။
သို့သော် သူသည် ဘေးရှိ ဆိုင်အချို့ထံမှ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့၏ အငြင်းအခုံ ဖြစ်သံကို ကြားရသည်။ ထို့နောက်တွင် အမျိုးသား၏ ဒေါသတကြီး အော်သံဟစ်သံများနှင့်အတူ လှပစွာ ဝတ်ဆင်ထားသော အမျိုးသမီးငယ်တစ်ယောက်က ဆိုင်ခန်းထဲကနေ လမ်းပေါ်သို့ အလျင်စလို ပြေးထွက်လာပြီး ဟန်လိ ရှိနေသောဘက်သို့ ဦးတည်လာသည်။
ထိုအမျိုးသမီးငယ်မှာ အလွန်လှ၏။ တခြားယောက်ျားသားများကဲ့သို့ပင် ဟန်လိလည်း တူညီသော အားနည်းချက် ရှိသူ ဖြစ်ရာ သူသည် ထိုမိန်းမလှထံ လှမ်းမကြည့်မိဘဲ မနေနိုင် ဖြစ်မိသည်။ အဆုံးသပ်၌ ဟန်လိသည် သူမကို ရှင်းရှင်းလင်းလင်းကို မြင်သည်။ ထိုအခါ သူသည် နေရာတွင် တောင့်တင်းသွားပြီး အံ့အားတသင့် ဖြစ်နေ၏။
ထိုမိန်းမပျိုလေးကလည်း ဟန်လိက သူမကို စိုက်ကြည့်နေတာ မြင်သည့်အခါ စိတ်ထဲ၌ ကသိကအောက် ဖြစ်မိသွားသည်။
သို့ပေမည့် သူမက ဒီရဲတိုက်တွင် နေနေတာ ကြာခဲ့ပြီ ဖြစ်၍ ဟန်လိမှာ ကျင့်ကြံသူတစ်ယောက်မှန်း ပြောနိုင်သည်။ သူမက ဟန်လိ၏ အကြည့်စူးစူးကြောင့် ဒေါသဖြစ်မိသော်လည်း ဟန်လိကို သိသလို၊မသိသလိုလည်း ခံစားမိ၍ သူမ၏ ဒေါသကို အတင်းအကြပ် ဖိနှိပ်ကာ ခေါင်းငုံ့ပြီး လေသံတိုးတိုးဖြင့်သာ ပြောလိုက်သည်။
“မြင့်မြတ်တဲ့ ကျင့်ကြံသူ။ ရှင် ကျမကို သွားခွင့်ပေးနိုင်မလား။ ကျမက လက်ထပ်ပြီးသားပါ။ အရှင်လိုလူက ကျမကို ခုလိုကြီး ကြည့်နေတဲ့ အပြုအမူက မသင့်တော်ဘူးလို့များ မထင်ဘူးလား…”
ထိုသို့ပြောလိုက်သော်လည်း သူမက အမှန်တကယ်တော့ စိတ်မပူပေ။ တကယ်တော့ ယန်လင်းရဲတိုက်တွင် စည်းကမ်း တင်းကြပ်ပေ၏။ သေမျိုးများ၏ ဘဝအပေါ် မနှောက်ယှက်ဖို့ ကျင့်ကြံသူများကို တားမြစ်ထားသည်။ ထိုတားမြစ်မှုကို မနာခံပါက အပြစ်ကြီးကြီးမားမား အပေးခံရမည် ဖြစ်သည်။ သေမျိုးများကလည်း ကျင့်ကြံသူများအပေါ် လေးစားသမှု ထားရမည်သာ။ မဟုတ်ပါက ကျင့်ကြံသူများသည် ထိုသို့ မလေးမစားလုပ်သော သေမျိုးများကို သူတို့ ဆန္ဒရှိသလို ကိုင်တွယ်နိုင်သည်။
ထို့အပြင် အခုက သူမတို့သည် လူမြင်ကွင်းတွင် ရှိနေသည့်အတွက်ကြောင့် သူမက ပို၍ပင် မစိုးရိမ်နေတာ ဖြစ်၏။
သို့သော် ထိုအမျိုးသမီးငယ်မှာ ခေါင်းငုံ့ထားတာ ကြာနေပြီ။ ခုထိ သူမရှေ့မှ ကျင့်ကြံသူသည် တစ်စက်လေးမျှ မလှုပ်ရှားသေး၊ သည်အတိုင်းသာ ရပ်နေတုန်း ဖြစ်သည်။ သူမကို လမ်းမဖယ်ပေးသေးချေ။ ထို့အတွက်ကြောင့် သူမသည် တုန်လှုပ်စွာ ခံစားမိပြီး သူမ၏ ကျက်သရေရှိလှသော ခန္ဓာကိုယ်လေးကို လှုပ်ကာ မော့မကြည့်မိဘဲ မနေနိုင် ဖြစ်ရသည်။
သူမ၏ မျက်လုံးရှေ့တွင် ထိုကျင့်ကြံသူ၏ ပြုံးနေသော ဟန်ပန်ပေါ်လာသည်။ ထိုမျက်နှာဟန်အမူအရာကို သည်အမျိုးသမီးငယ်မှာ တရင်းတနှီး ရှိလှပါသည်။ သူမက လွန်ခဲ့သော ဆယ်နှစ်လောက်က ခြံဝန်းတစ်ခုထဲရှိ ညတစ်ညအကြောင်းကို ပြန်ပြောင်းတွေးမိသွားပေသည်။ ထိုညက ကပ်စီးနဲလှသော စီနီယာအစ်ကိုတစ်ယောက်နှင့် ဉာဏ်ကောင်းကာ ရှက်ရွှံ့တတ်သော မိန်းကလေးငယ်တစ်ယောက်တို့သည် ငြင်းခုန်စကားနိုင်လုခဲ့သည့် မြင်ကွင်းသည် သူမ၏ စိတ်ထဲ၌ ပြန်ပေါ်လာသည်။
“စီနီယာအစ်ကိုလား…”
“ဂျူနီယာညီမလေးလား…”
ထိုအမျိုးသမီးငယ်သည် နောက်ဆုံးတော့ ဟန်လိကို မှတ်မိသွားခဲ့လေပြီ။ အနှီမိန်းမပျိုက သူ့ကို စီနီယာအစ်ကိုလားဟု မေးလာသည့်အခါ ဟန်လိသည် သူ့ရှေ့မှ ဒီမိန်းမလှလေးမှာ လွန်ခဲ့သော ဆယ်နှစ်တုန်းက ဉာဏ်ကောင်းကာ ရှက်ရွှံ့တတ်သော သမားတော်မော့၏ အငယ်ဆုံး သမီးဖြစ်သူ မော့ချိုက်ဟွမ်မှန်း သေချာ သိလိုက်ပေပြီ။ ထိုစဉ်တုန်းက သည်ကောင်မလေး မော့ချိုက်ဟွမ်သည် သူမကိုယ်သူမ ဂျူနီယာညီမဟု ရည်ညွှန်းခဲ့ဖူးသည်။
“ရှင်က စီနီယာအစ်ကို ဟန်လိလား…” မော့ချိုက်ဟွမ်သည် အလွန်အမင်း ကြောင်ငေးနေမိသည်။ သူမသည် ခံစားချက်မျိုးစုံဖြင့် ထိုသို့ မေးမိ၏။ သို့သော် သူမသည် ခုထိ မယုံကြည်ဝံ့သေးဘဲ ရှိနေသည်။
“ငါ နင့်ကို ပေးခဲ့တဲ့ လေရနံ့ဆေးလုံးက ခုထိ အကျိုးအာနိသင် ရှိနေတုန်းလား…”
ဟန်လိက စနောက်လိုသော လေသံဖြင့် ရုတ်တရက် မေးလိုက်သည်။
“စီနီယာ…စီနီယာအစ်ကိုဟန်…တကယ်ပဲ ရှင်လား…” ဟန်လိသည် အတိတ်တုန်းက သူမကို လက်ဆောင်ပေးခဲ့သော ပစ္စည်း၏ အမည်ကို ပြောပြလာသည့်အခါ မော့ချိုက်ဟွမ်သည် သံသယမရှိနေတော့ပေ။ သူမ၏ မျက်လုံးတို့မှာ ရုတ်တရက နီရဲလာပြီး စငိုလေတော့သည်။
ထိုအခိုက်တွင် ဟန်လိသည် လုံးဝ မင်သက်သွား၏။ တကယ်တော့ သူတို့သည် လမ်းပေါ်တွင် ရှိနေကာ ဖြတ်သွားဖြတ်လာအချို့နှင့် ကျင့်ကြံသူအနည်းငယ်လည်း သွားသွားလာလာ ရှိနေသည်။ မိန်းမလှလေးတစ်ယောက်က သူ့ရှေ့တွင် ငိုနေသည့်အခါ သူ့အပေါ် မည်သို့ ထင်ကုန်ကြမည်နည်း။
ထိုသို့တွေးကာ ဟန်လိက ခေါင်းကုတ်ပြီး အားမွေး၍ မော့ချိုက်ဟွမ်ကို လှမ်းပြောသည်။
“ညီမလေး…ငါတို့ တခြားနေရာသွားပြီး စကားပြောကြရအောင်။ ဒီနေရာက အပြန်အလှန် စကားပြောလို့ ကောင်းတဲ့ နေရာ မဟုတ်ဘူးလေ…”
“အင်း…ကျမ အစ်ကိုရဲ့ စကားကို နားထောင်ပါ့မယ်…” မော့ချိုက်ဟွမ်သည် ငိုနေတာ ခဏရပ်သွားပြီး နာနာခံခံဖြင့် ပြန်ပြောသည်။
သူမ၏ ထိုအပြုအမူက ဟန်လိကို များစွာ အံ့အားသင့်သွားစေ၏။ တကယ်တော့ သူ့မှတ်ဉာဏ်ထဲရှိ မော့ချိုက်ဟွမ် ဟူသော ကောင်မလေးမှာ ငမွှေမလေး ဖြစ်၏။ သူမ အခုလို ရုတ်တရက်ကြီး နူးညံ့ကာ နာနာခံခံ ဖြစ်သွားခြင်းအပေါ် သူသည် တကယ်ပင် အသားမကျပေ။
“ ကျမအိမ်ကို သွားကြမယ်လေ။ အမေလည်း အဲ့မှာ ရှိနေတယ်…” အနည်းငယ် တည်ငြိမ်မှု ပြန်ရပြီးနောက် မော့ချိုက်ဟွမ်က ထိုသို့ ဆိုသည်။
“ယန်လင်းရဲတိုက်မှာ ဆရာကတော်(လေး)လည်း ရှိနေတာလား…”
ဟန်လိမှာ အံ့အားသင့်မိသွား၏။
ကြည့်ရသည်မှာ မော့အိမ်တော်၌ ကိစ္စကြီးတစ်ခု အမှန်တကယ် ဖြစ်ပျက်ခဲ့ပုံ ပေါ်သည်။ မဟုတ်ပါက မော့အိမ်တော်၏ ခေါင်းဆောင် အမျိုးသမီးယန်သည် ထိုနေရာကနေ လွယ်လွယ်ကူကူ ထွက်လာခဲ့လိမ့်မည် မဟုတ်ပေ။
“ဟုတ်ပါတယ်။ စီနီယာအစ်ကို။ အခုတော့ အမေက အသည်းအသန် ဖျားနေတယ်။ ရှင် သူ့ကို ကယ်ပေးရမယ်…”
မော့ချိုက်ဟွမ်က ဟန်လိကို ထိုသို့ ခါးသီစွာ တောင်းဆိုနေစဉ် သူမ၏ မျက်လုံးထံမှ၌ မျက်ရည်များ ရစ်သီးနေလျက်။
“ကောင်းပါပြီ။ ကဲ ဒီလိုဆိုလည်း ကျုပ်တို့ မင်းအမေ ရှိတဲ့နေရာ အရင်ဆုံး သွားကြရအောင်။ အရမ်းမဆိုးရွားသေးသ၍ ဒီစီနီယာအစ်ကိုက မင်း အမေကို ကယ်တင်ပေးနိုင်မှာပါ…”
မော့ချိုက်ဟွမ်၏ သနားစဖွယ် အခုပုံစံကို မြင်သည့်အခါ ဟန်လိသည် အတိတ်တချိန်တုန်းက မော့အိမ်တော်၌ သူမ၏ အပူအပင်ကင်းကင်း အခြေအနေကို ပြန်တွေးလိုက်မိသည်။ သူ့စိတ်နှလုံး၌လည်း သနားစိတ် ဖြစ်မိ၏။ သူက သူမကို နှစ်သိမ့်စကား ပြောပေးမိသည်။
“အို…ကျမက စီနီယာအစ်ကိုရဲ့ စကားတွေကို ယုံပါတယ်။ အဲ့နှစ်တုန်းက အမနှစ်က ပြောခဲ့ဖူးတယ်လေ။ စီနီယာအစ်ကိုရဲ့ ဆေးပညာအပေါ် ကျွမ်းကျင်မှုက သူမထက် အများကြီး သာတယ်တဲ့ အခု ရှင် ဒီမှာ ရှိနေပြီဆိုမှတော့ အမေ့ကို ကယ်ပေးနိုင်မှာ သေချာပါတယ်…”
ဟန်လိ၏ ကတိစကားကို ကြားသည့်အခါ မော့ချိုက်ဟွမ်သည် မျက်ရည်များကို သုတ်ကာ စတင်ရယ်မောတော့၏။ ဟန်လိမှာ သူမ၏ နူးညံ့လှပမှုကို မြင်သည့်အခါ သူ့စိတ် ကယောက်ကယက် မဖြစ်မိဘဲ မနေနိုင် ဖြစ်ရသည်။ ကံကောင်းစွာဖြင့် သူက စိတ်မလွတ်သွားခင် ချက်ခြင်း အသိကပ်နိုင်သွားသည်။
“ကဲ သွားကြစို့။ ကျမအိမ်က ဒီနဲ့ သိပ်မဝေးလှဘူး။ ကျမတို့ နောက်ထပ် တစ်လမ်းကျော်လောက် ကျော်ပြီးရင် ရောက်ပြီ။ အမေတော့ စီနီယာအစ်ကိုကို တွေ့ရင် အရမ်းပျော်သွားမှာ သေချာတယ်…”
သူမက ဟန်လိအင်္ကျီလက်အိုးကို ဆွဲကာ ရှေ့ကနေ ဦးဆောင်ခေါ်သွားသည်။ သူမက စိတ်လက်ပေါ့ပါးနေပုံ ရသည်။ သူမသည် အမှီတစ်ခုကို ရှာတွေ့လိုက်သည့်အလား။
မိန်းမလှတစ်ယောက်က ယောက်ျားသားတစ်ယောက်၏ လက်ကို ဆွဲ၍ စကားတစ်ထိုး ပြောကာ အများရှေ့တွင် လျှောက်လာသည့်မြင်ကွင်းမှာ အနီးအနားရှိ ဖြတ်သွားဖြတ်လာသူများ၏ အာရုံကို စွဲဆောင်တာ သဘာဝပင်။ ကံကောင်းစွာဖြင့် ကျင့်ကြံသူဟူသည့် ဟန်လိ၏ အဆင့်အတန်းကြောင့် မည်သူကမျှ သူတို့နှစ်ယောက်ရှေ့တွင် မကောင်းမပြောဝံ့ကြပေ။ ဟန်လိတို့ ကွယ်ရာ ရောက်လျှင်တော့ ထိုသူများက မည်သည့်စကားများ ပြောကြလေမလဲကတော့ ပြောဖို့ ခက်မည်သာ။
“ဂျူနီယာညီမလေး..နင်နဲ့ ဆရာကတော်တို့ ဘယ်ကဘယ်လို ဒီမှာ ရောက်နေတာလဲ။ မော့အိမ်တော် တစ်ခုခုများ ဖြစ်ခဲ့လို့လား…”
ဟန်လိနှင့် မော့ချိုက်ဟွမ်တို့သည် ပုခုံးချင်းယှဉ်ကာ လျှောက်လာနေစဉ် ဟန်လိက သူ့အင်္ကျီလက်အိုးကို ညင်ညင်သာသာ ပြန်ရုတ်၍ သူ့အတွေးများကို မပေါ်စေဘဲ ထိုသို့ မေးမြန်းကြည့်သည်။
“အဲ့ကိစ္စကို ရှင်းပြရင် အကြာကြီး ပြောပြရမှာ။ မော့အိမ်တော်ဟာ လွန်ခဲ့တဲ့ ခုနစ်နစ်က ဖျက်စီးခံလိုက်ရပါပြီ။ ရေလွှမ်းနဂါးအဖွဲ့အစည်းလည်း ပျက်စီးသွားခဲ့ပြီ…”
ဟန်လိ၏ အမေးကို ကြားသည့်အခါ မော့ချိုက်ဟွမ်၏ အမူအရာသည် ရုပ်ပျက်သွားပြီး ထိုသို့ ပြန်ဖြေသည်။ သူမ၏အသံပင် မသိမသာ တုန်နေ၏။
“မော့အိမ်တော်ရဲ့ တခြား ဂျူနီယာညီမနှစ်ယောက်နဲ့ သူတို့ရဲ့ အမေတွေကရော…”
ဟန်လိသည် ထိုအခြေအနေကို ကောင်းကောင်း ခန့်မှန်းမိထားပြီး ဖြစ်သော်လည်း သူက သက်ပြင်းချပြီး မော့အိမ်တော်၏ တခြားမိသားစုဝင်များအကြောင်းကိုလည်း ထပ်မေးမိသည်။
“အမေနှစ်နဲ့ အမေငါးတို့က သေသွားခဲ့ကြပြီ။ ကျန်တဲ့သူတွေနဲ့ ပတ်သတ်ပြီးတော့ ကျတော့ ကျမလည်း သေချာ မသိတော့ပါဘူး။ အမေနဲ့ ကျမ အသက်ခံရတာကနေ လွတ်အောင် ထွက်ပြေးလာခဲ့တဲ့ အဲ့အချိန်တုန်းက အရာအားလုံး ရှုပ်ထွေးနေတဲ့အတွက် လူတိုင်းဟာ သူတို့ဘာသာ သူတို့ လွတ်မြောက်အောင်သာ လုပ်ရုံ တတ်နိုင်ခဲ့ကြတယ်လေ…”
မော့ချိုက်ဟွမ်၏ အသံသည် တုန်ယင်နေပါသည်။ သူမသည် စိတ်ထဲကနေ နက်နက်ရှိုင်းရှိုင်း ခံစားနေရပုံ ပေါ်သည်။
(မှတ်ချက်…ဟန်လိသည် မော့ချိုက်ဟွမ်နှင့် အမျိုးသမီးယန်တို့ကို အပိုင်း(၁၀၉) တွင် တွေ့ဆုံခဲ့တာ ဖြစ်သည်။ )