← Chapters

ဒုက္ခရောက်ခဲ့ခြင်း

Vol. 18 Ch. 251

ဒုက္ခရောက်ခဲ့ခြင်း

Vol. 18 Ch. 251

မော့ချိုက်ဟွမ်၏ ပုံပန်းသွင်ပြင်အရ ဟန်လိသည် အခုချိန်ခါသည် ဖြစ်ပျက်ခဲ့သမျှ ဇာတ်လမ်းအစုံကို မေးရမည့် အချိန်မဟုတ်မှန်း သိလိုက်သည်။ ထိုသို့ဖြင့် မော့ချိုက်ဟွမ်သည် သူ့ကို လမ်းဘေးတစ်ဖက်ရှိ ဆိုင်ခန်းငယ်တစ်ခုထံ ခေါ်လာပြီးနောက် ရပ်လိုက်သည်။

“ ဒီနေရာလား…” ဟန်လိသည် နည်းနည်းတော့ အံ့အားသင့်သွားပြီး မော့ချိုက်ဟွမ်ကို သိချင်စိတ်ဖြင့် တချက် လှမ်းကြည့်သည်။

“ဟုတ်ပါတယ်။ ဒီနေရာပါပဲ။ အမေနဲ့ ကျမတို့က ဒီမှာ အရောင်းအဝယ်လေး နည်းနည်းပါးပါး လုပ်ကြပါတယ်။ အမေရဲ့ မကျန်းမာမှုအတွက် ဆေးလုံးတချို့ ဝယ်လို့ရအောင် ကျမတို့က စိတ်ဝိညာဉ်ကျောက်တုံးအချို့ကို ရချင်ရုံပါပဲ…”

မော့ချိုက်ဟွမ်သည် ရှက်ရွှံ့ဟန်ဖြင့် ပြော၏။ သူမ၏လှပသော မျက်နှာလေးမှာလည်း နီမြန်းသွားသည်။ သူမက ဦးဆောင်ပြီး အထဲ လျှောက်လာသည်။

ထိုသည်ကို မြင်သည့်အခါ ဟန်လိက ပြုံး၏။ သူက ဘာမျှ ထပ်မဆို သူမနောက်သို့သာ အေးအေးဆေးဆေး လိုက်ဝင်လာသည်။

“အမေ….သမီး ဘယ်သူ့ကို ခေါ်လာလဲ ကြည့်ပါအုံး…”

ဟန်လိသည် ဆိုင်ခန်းထဲ လှမ်းဝင်လာစဉ် မော့ချိုက်ဟွမ်၏ ရတနာတစ်ခုကို ယူလာပေးသလိုမျိုး လေသံဖြင့် ပြောလိုက်သည့်စကားကို ကြားရသည်။ ထို့နောက်တွင် ဟန်လိသည် သူ သိသော အမျိုးသမီးတစ်ယောက်၏ စကားသံကိုလည်း ကြားရ၏။ သို့သော် ထိုအသံမှာ အိုမင်းနေခဲ့ပြီ။

“ဘယ်သူများလဲ။ နင့်ရဲ့ အကြီးဆုံးဦးလေး ကျူး သေသွားတဲ့နောက် အိမ်နီးနားချင်းဆိုလို့ ဒေါ်ဒေါ်ရှောင်လျန်ပဲ ဖြစ်မှာပေါ့။ သူက တို့ကို လာတွေ့တာလား…”

ထိုအသံမှာ အမျိုးသမီးယန်၏ အသံမှန်း သံသယ ဖြစ်စရာ မလိုပေ။ မ

“ မဟုတ်ပါဘူး။ စီနီယာအစ်ကို ရောက်လာခဲ့တာပါ။ ရဲတိုက်မှာ ကျမက စီနီယာအစ်ကိုဆီ ပြေးဝင်သွားမိခဲ့တယ်လေ…” မော့ချိုက်ဟွမ်သည် စိတ်လှုပ်တရှားဖြင့် ခပ်ကျယ်ကျယ်လှမ်းပြောသည်။

“စီနီယာအစ်ကို ဟုတ်လား။ နင့်ရဲ့ စီနီယာအစ်ကိုတချို့ဟာ သေသွားတာဖြင့် ကြာပြီ။ နင်က ကလေးဆန်နေတုန်းလား။ နင့်စိတ် ဂယောက်ဂယက် ဖြစ်နေတာလား…”

အမျိုးသမီးယန်သည် စိတ်ပူပန်သည့်ဟန်ဖြင့် ထိုသို့ ပြောလာသည်။

ဟန်လိသည် သည်ဆိုင်၏ အခြေအနေပုံစံကို ရှင်းရှင်းလင်းလင်း မြင်ရပြီ ဖြစ်၏။

ပေခြောက်ဆယ်၊ခုနစ်ဆယ်လောက် ရှိမည့် အခန်းလေးထဲမှာ သစ်သားစင်များ၊ ယင်းတို့ပေါ်တွင် အဆင့်နိမ့်အဆောင်များကို သေသေသပ်သပ် နေရာချထားသည်။ တချို့ တန်ဖိုး သိပ်မရှိသော သတ္တုအမယ်ပစ္စည်းအချို့လည်း ရှိ၏။ ဆိုင်အတွင်းဘက်ထဲ ဝင်ရောက်မည့်နေရာတွင် သစ်သားတံခါးတစ်ခု ရှိနေသည်။ ထိုတံခါး၏ နောက်တွင် လက်မှီဝါးကုလားထိုင်ပေါ်တွင် ထိုင်နေသော အမျိုးသမီးတစ်ယောက် လှဲလျောင်းနေသည်။ ထိုအမျိုးသမီးကို မော့ချိုက်ဟွမ်သည် စိုးရိမ်ပူပန်ဟန်ဖြင့် ကြည့်လို့နေသည်။

သူမမှာ ဟန်လိ လွန်ခဲ့သော ဆယ်နှစ်လောက်က မြင်ဖူးခဲ့သော အမျိုးသမီးယန်ကလွဲ၍ တခြားသူ မဟုတ်လေပေ။

သို့ပေမည့် အမျိုးသမီးယန်၏ အသွင်အပြင်မှာ သိသိသာသာ အိုမင်းသွားခဲ့ပြီ။ သူမ၏ မျက်နှာထက်တွင်လည်း နေမကောင်းဖြစ်ဟန် ပေါ်နေတာ သိသာသည်။ လူတစ်ယောက်သည် ထိုအမျိုးသမီး၏ မျက်ခုံးမျက်တောင်ကို ကြည့်ကာ အတိတ်တချိန်တုန်းက မိန်းမလှတစ်ယောက် ဖြစ်ခဲ့မည်မှန်းကိုတော့ ပြောနိုင်ပါလိမ့်မည်။

ဟန်လိ ရောက်လာမှုက အမျိုးသမီးယန်ကို အာရုံစိုက်သွားစေသည်။ သူမက ဟန်လိကို မြင်၏။ စစချင်း သူမ တုန်လှုပ်သွားကာ ထရပ်မိမတတ် ဖြစ်ရသည်။ သို့သော် သူမက နာဖျားနေသည့်အတွက် ထမရပ်နိုင်ပါ။ သူမသည် ခန္ဓာကိုယ်အပေါ်ပိုင်းလောက်သာ ကြွသွားပြီးနောက် ဝါးကုလားထိုင်ပေါ် ပြန်လဲကျသွားသည်။ အနီးအနားရှိ မော့ချိုက်ဟွမ်က ကဗြာကယာ ပြေး၍ သူမလဲမကျသွားအောင် ထိန်းလိုက်ရ၏။

“ နင်က ဟန်လိလား…” အမျိုးသမီးယန်သည် မော့ချိုက်ဟွမ်ကဲ့သို့ပင် မရေမရာ ဖြစ်ဟန်ဖြင့် ပြောလာ၏။ သူမ၏ တုန်လှုပ်အံ့အားသင့်မှုမှာ မပေါ့ပေ။ သို့သော် သူမသည် တုန်လှုပ်နေသည့်အပြင် သူမ၏မျက်နှာထက်တွင် ပျော်ရွှင်မှုနှင့် မျှော်လင့်ချက်အရိပ်အယောင်တစ်ခုပါ ဖြစ်ပေါ်လာသည်။

ဟန်လိသည် သူမ၏ စိတ်ထဲရှိ အတွေးကို သိ၏။ သူက ခဏလောက် ချီတုံချတုံ ဖြစ်နေပြီးနောက်မှာ ရှေ့သို့ ခြေလှမ်းအနည်းလှမ်းတိုးကာ တလေးတစား နှုတ်ဆက်သည်။

“ဆရာကတော်(လေး)ကို နှုတ်ဆက်ပါတယ်…”

“နင်..နင်က ငါ့ကို နင့်ရဲ့ ဆရာကတော်အဖြစ် အသိအမှတ်ပြုနေတုန်းလား။ အတိတ်တုန်းက ဖြစ်ပျက်ခဲ့တဲ့အပေါ် နင် ရန်ငြှိုးမထားတော့ဘူးလား…”

ဟန်လိက သူမကို ဆရာကတော် ဟု ခေါ်၍ နှုတ်ဆက်သည်ကို ကြားသည့်အခါ အမျိုးသမီးယန်၏ မျက်နှာထက်တွင် ပျော်ရွှင်ဟန် ပေါ်သွားသည်။ သို့သော် သူမက သံသယဖြစ်ဟန်ဖြင့် ထိုသို့ မေးလိုက်မိတုန်းပင်။ သူမက မယုံကြည်ရဲဘဲ ရှိနေခြင်းသာ။

“အတိတ်တုန်းက ဖြစ်ပျက်ခဲ့တာဟာ ကျုပ်နဲ့ သမားတော်မော့တို့ကြား ဘယ်သူက မှားခဲ့တာလဲဆိုတဲ့ဟာကို ဆုံးဖြတ်ခဲ့ကြရရုံပါပဲ။ အခု ဒီကိစ္စကို မပြောကြရအောင်။ ဒါပေမဲ့ ကျုပ်နဲ့ ဆရာမော့တို့ကြားက ဆရာတပည့်ဆက်ဆံရေးကတော့ တကယ် ရှိခဲ့ဖူးပါတယ်။ ဒါ့ကြောင့် ကျုပ်က ခင်ဗျားကို ဆရာကတော်လို့ပဲ ခေါ်သင့်တာပေါ့လေ…”

ဟန်လိက တည်တည်ငြိမ်ငြိမ် ပြန်ဖြေသည်။

“ သူ ကျုပ်ကို အဆိပ်ခက်ခဲ့တဲ့ ကိစ္စကတော့ ဘာမှ မဟုတ်တော့ပါဘူး။ အခု ကျုပ်က ဒီနေရာမှာ ကောင်းကောင်းမွန်မွန် ရပ်နေနိုင်ပြီပဲ မဟုတ်လား…” ဟန်လိက အရေးမစိုက်ဟန်ဖြင့် ပြောသည်။ အခု သူ၏ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူ ဟူသော အဆင့်အတန်းအရ အတိတ်တချိန်တုန်းက သည်သေမျိုးများနှင့် ဖြစ်ခဲ့ဖူးသော ရန်ငြှိုးရန်စကို ဆုပ်ကိုင်ထားရန် မလိုတော့တာ သဘာဝပင်။

“ဟုတ်ပါတယ်လေ။ နင့်ရဲ့ ဉာဏ်ရည်နဲ့ဆို ကျင့်ကြံခြင်းလောကမှာ အဆင်ပြေနေလောက်မှာပါ…။ ငါနဲ့ နင့်ရဲ့ တခြားဆရာကတော်တွေကတော့ နင့်နဲ့ မတူတော့ဘူး။ တို့ဟာ သောင်ပြင်မှာ လွတ်တဲ့ ခွေးတွေ ဖြစ်ခဲ့ရပြီ…ဟူး…”

အမျိုးသမီးယန်သည် စိတ်မကောင်းချင်း ကြီးစွာဖြင့် ထိုသို့ ပြောသည်။ သူမ၏ မျက်နှာမှာလည်း ရုတ်တရက် နီရဲလာ၏။ သူမသည် စိတ်ထိခိုက်မှုကြောင့် ချောင်းဆက်တိုက် ဆိုးလေတော့သည်။

“အမေ…အဆင်ပြေရဲ့လား။ စီနီယာအစ်ကို…” မော့ချိုက်ဟွမ်သည် ထိပ်ထိပ်ပျာပျာ ဖြစ်သွားသည်။ သူမက အမျိုးသမီးယန်၏ ရင်ဘက်ကို အလျင်အမြန် ခပ်ဖွဖွ ပွတ်သပ်ပေးသည်။ သူမ၏အကြည့်က ဟန်လိထံ တောင်းပန်ခယမှုအပြည့်ဖြင့် ကျရောက်နေလေ၏။

“ကျုပ် တချက်လောက် ကြည့်ပါရစေ…”

ဟန်လိက မော့ချိုက်ဟွမ်၏ ထိုအကြည့်ကို မခံနိုင်ပါ။ သူက သက်ပြင်းချပြီး သူ့လက်ကို ဆန့်၍ အမျိုးသမီးယန် လက်ကောက်ဝတ်သွေးကြောကို စမ်းသပ်ကြည့်သည်။ တအောင့်အကြာတွင် သူ့အမူအရာက စိတ်အေးပုံ ပေါက်၏။ ထို့နောက်တွင် သူက ပြောလိုက်သည်။

“အဆိုးကြီး မဟုတ်ပါဘူး။ သူမရဲ့ ဒဏ်ရာဟောင်းက ပြန်ကြွတာပဲ ဖြစ်တယ်။ နှစ်နဲ့ချီပြီး ကိုယ်ရောစိတ်ရော ပင်ပန်းလွန်းခဲ့တဲ့အတွက် ဒီဒဏ်ရာဟောင်းက ပြန်ထကြွလာပြီး သူမကို ဖျားနာစေခဲ့တာပဲ…”

“ဒါက ကုသဖို့ လွယ်ရဲ့လား…” မော့ချိုက်ဟွန်က ပူပန်တကြီး မေးသည်။

“စိတ်မပူပါနဲ့။ လွန်ခဲ့တဲ့ဆယ်နှစ်ကသာ ဒီလိုဒဏ်ရာဟောင်းကို အစ်ကို ကုပေးရရင် အတော်လေး ခက်ခဲခဲ့မှာ အမှန်ပဲ။ ဒါပေမဲ့ အခုတော့ ဒါက အသေးအမွှား ကိစ္စပါပဲ…”

ဟန်လိက မော့ချိုက်ဟွမ်ကို နှစ်သိမ့်ပေးသည်။ ထို့နောက်တွင် သူ့ သိုလှောင်အိတ်ထဲမှ အပ်များထည့်ထားသော ဆေးသေတ္တာကို ထုတ်ကာ အမျိုးသမီးယန်ကို ကျွမ်းကျင်စွာ အပ်စုကုထုံး ပေးသည်။ ထိုအခါ သူမသည် ချက်ခြင်း ချောင်းဆိုးတာ ရပ်သွားတော့၏။

“နောက်ကျရင် တစ်နေ့ကို ဆေးတစ်လုံး သောက်ပါ။ ဆယ်ရက်လောက်ဆို လုံးဝ သက်သာပျောက်ကင်းသွားပါလိမ့်မယ်…” ဟန်လိသည် ပုလင်းငယ်တစ်ခုကို ထုတ်ယူ၍ အမျိုးသမီးယန်ထံ လှမ်းပေးကာ ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။

အမျိုးသမီးယန်သည် သက်တောင့်သက်သာ ခံစားနေရလေပြီ။ နှစ်နှင့်ချီ ခံစားနေရသော သူမ၏ ဝေဒနာမှ ယူပစ်သကဲ့သို့ ပျောက်သွားသည့်အလား။ ထိုအခိုက်တွင် သူမသည် နှစ်အနည်းငယ်စာလောက်ပင် ပို၍ နုပျိုသွားသည်ဟု ထင်ရ၏။ သူမက ဆေးပုလင်းငယ်ကို သိမ်းလိုက်ပြီး သူမ၏ စိတ်အခြေအနေမှာ အများကြီး ပိုကောင်းလာလေ၏။

“ဟန်လိ…” အမျိုးသမီးယန်က ကျေးဇူးတင်ကြောင်း ပြောရုံ ရှိသေး ဟန်လိက သူမ၏ စကားကို ကြားဖြတ်ကာ ပြောလိုက်သည်။

“အခု…မော့အိမ်တော်မှာ ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံ ကျနော့်ကို ပြောပါနိုင်ပါပြီ။ ဆရာကတော်တို့သားအမိက ယန်လင်းရဲတိုက်ကို ဘယ်လိုလုပ် ရောက်လာခဲ့ကြတာလဲ..”

ဟန်လိသည် မော့အိမ်တော် မည်သို့တွေ့ကြုံခဲ့ရသည်ကို သိချင်မိနေ၏။

ဟန်လိ၏ အမေးကို ကြားသည့်အခါ အမျိုးသမီးယန်၏ မျက်နှာပေါ်တွင် ဝမ်းနည်းဟန်အရိပ်အယောင် ပေါ်လာသည်။ ထို့နောက်တွင် သူမသည် ထိုနှစ်က ဖြစ်ပျက်ခဲ့သမျှကို ဖြည်းဖြည်းချင်း ပြန်ပြောပြတော့သည်။

ထိုစဉ်တုန်းက ဟာချီမွန်တောင်ကြား၏ ချူယောင်ဖေးထျန်ကို ရှင်းပေးပြီးနောက်မှာ ရေလွှမ်းနဂါးအဖွဲ့အစည်းသည် အသာစီးယူကာ နယ်မြေ၏ တဝက်ကျော်ကို ထိန်းချုပ်ကာ အကျိုးအမြတ်များ အရယူခဲ့သည်။ သို့သော် နယ်မြေ၏ တခြားအရှင်သခင် ဖြစ်သော သက်တံဂိုဏ်းကလည်း အလျင်အမြန် တုန့်ပြန်သည်ပင်။ သူတို့က နယ်မြေ၏ ကျန်တစ်ဝက်ကို မြန်ဆန်စွာ ထိန်းချုပ်သည်။ ထိုနည်းဖြင့် လန်ပြည်နယ်တွင် အင်အားစုကြီးနှစ်ခု ဘေးချင်းယှဉ် ရပ်လာခဲ့သည်။ သို့သော် လန်ပြည်နယ်၏ နဂိုအင်အားစုကြီးသုံးခု၏ မျှခြေက ပျက်စီးသွားသည့်အခါ တောင်တစ်လုံး၌ ကျားနှစ်ကောင် ရှိ၍ မရတော့ပေ။

အဆုံးသပ်၌ မော့အိမ်တော်၏ ရေလွှမ်းနဂါးအဖွဲ့အစည်းနှင့် သက်တံဂိုဏ်းတို့သည် ထိပ်တိုက်တွေ့ကြတော့၏။ သက်တန့်ဂိုဏ်းက ချူယောင်ဖေးထျန် ထိုသို့ သေသွားခဲ့သည်ကို လက်မခံခဲ့ကြပေ။ သက်တံဂိုဏ်း၏ ခွန်အားမှာ အစများစွာ ပိုသာခဲ့၏။ သူတို့က တိုက်ပွဲစရုံ ရှိသေး ရေလွှမ်းနဂါးအဖွဲ့အစည်းမှာ ဆိုးဝါးစွာ အရေးနိမ့်သွားခဲ့ရသည်။

ထို့နောက်တွင် ရေလွှမ်းနဂါးအဖွဲ့အစည်းသည် အမြစ်ကနေ ရှင်းထုတ်ခံခဲ့ရ၏။ မော့အိမ်တော်သည် သိုင်းပညာရှင်များစွာ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ အကူအညီမဲ့သွားကြသော မော့အိမ်တော်၏ အမျိုးသမီးများသည် ဝိုင်းဝန်းတိုက်ခိုက်မှုများထဲမှ ရုန်းထွက်ကာ အသက်ရှင်ဖို့ ပြေးကြရတော့သည်။ အဆုံးသပ်၌ ဒုတိယဇနီးအမျိုးသမီးလီနှင့် ငါးယောက်မြောက်ဇနီးအမျိုးသမီးဝမ်တို့သည် ထိုသို့ ချိုးဖျက်နေချိန်မှာပင် အသက်ဆုံးရှုံးသွားခဲ့ရသည်။ တခြားသူများကတော့ လွတ်မြောက်နိုင်ခဲ့ကြသည်။ သူတို့က ချက်ခြင်း လူခွဲကာ ပုန်းကွယ်နေဖို့ ထွက်သွားကြသည်။

အမျိုးသမီးယန်နှင့် မော့ချိုက်ဟွန်တို့မှာလည်း ရန်သူအဖွဲ့၏ အသည်းအသန် လိုက်လံ သတ်ဖြတ်တာကို ခံခဲ့ရသည်။ သူတို့နှစ်ယောက် အသက်ဆုံးရှုံးတော့မလို ဖြစ်နေချိန်မှာ သူ့ကိုယ်သူ ယန်ကျူး၏ ခေါ်သည့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က သူတို့နှစ်ယောက်ကို ကယ်တင်ကာ ယန်လင်းရဲတိုက်ထံ ခေါ်လာခဲ့ပြီး ယန်ဂိုဏ်း၏ သေမျိုးများ ဖြစ်လာစေခဲ့တာ ဖြစ်သည်။

ယန်ကျူးက ယန်လင်းရဲတိုက်၏ ချီစုဆောင်းခြင်းတပည့်တစ်ယောက်သာ ဖြစ်၏။ သူ့စွမ်းရည်မှာ အကန့်အသတ် ရှိခဲ့သည်။ သို့သော် သူက အမျိုးသမီးယန်နှင့် သူ့သမီးတို့ကို ကောင်းမွန်စွာ ဆက်ဆံခဲ့ပေသည်။

တစ်နှစ်ကြာပြီးနောက်မှာ အမျိုးသမီးယန်သည် သူတို့သားအမိအသက်ကို ကယ်တင်ပေးခဲ့သော ယန်ကျူး၏ ကျေးဇူးတရားကို ပြန်ဆပ်ဖို့ ထိုသူ့ကို လက်ထပ်ခဲ့သည်။ သို့သော် မော့ချိုက်ဟွမ်၏ အလှတရားကြောင့် မလိုလားအပ်သော ပြဿနာများကို စွဲဆောင်မိမည်ကို ကြောက်လန့်ကာ မော့ချိုက်ဟွန်သည် အရင်တုန်းက လက်ထပ်ခဲ့ဖူးသော မုဆိုးမတစ်ယောက်ဟု အများသိအောင် လိမ်ဆင်လုပ်ကာ ပြောထားခဲ့သည်။ ထိုနည်းဖြင့် မော့ချိုက်ဟွမ် ကိုယ်တိုင် စိတ်ထဲ၌ သဘောကျသူ ရှိလာခဲ့မည်ဆိုလျှင်တော့ သူမသည် သူမ၏ မျိုးရိုးနာမည်ကို စွန့်ကာ သူမ ရွေးချယ်သောသူ၏ မျိုးရိုးနာမည်ကို ခံယူလိမ့်မည် ဖြစ်သည်။

အမျိုးသမီးယန်နှင့် သူမ၏ သမီးဖြစ်သူတို့သည် ရဲတိုက်ပိုင်နက်အတွင်း၌ အေးအေးချမ်းချမ်းဖြင့် နှစ်နှစ်တာ နေထိုင်ခဲ့ရပေသည်။ ကံမကောင်းစွာဖြင့် ယန်ကျူးမှာ ဂိုဏ်း၏ တာဝန်ဖြင့် ခရီးသွာစဉ် မတော်တဆ ဖြစ်ကာ သေဆုံးခဲ့ရပြီး တပါးသော နယ်မြေမှာ သူ့ကို မြှုပ်နှံ့ခဲ့ရသည်။ ထိုအခါ အမျိုးသမီးယန်နှင့် သမီးဖြစ်သူတို့သည် ရုတ်တရက်ကြီး ခိုကိုးရာ မဲ့ခဲ့တော့၏။ သူတို့က ဒီရဲတိုက်ကနေလည်း ထွက်သွားလို့ မရ ဖြစ်ခဲ့ရသည်။ သူတို့က ယန်လင်းရဲတိုက်နယ်မြေတွင်သာ မှီခိုပြီး သူတို့၌ စုထားဆောင်းထားသော စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် ဆိုင်လေးတစ်ခု စတည်ခဲ့ကာ ရှင်သန်နေထိုင်ခဲ့ရတော့သည်။

သည်ဆိုင်၏ ဝင်ငွေက မများလှသော်လည်း အမျိုးသမီးယန်ကို သမားတော်ပြဖို့ လုံလောက်ပြီး ဆေးမှန်မှန်သောက်ကာ သူမ၏ ဒဏ်ရာဟောင်းတို့ကို ဖိနှိပ်ထားနိုင်ခဲ့သည်။ သို့သော် သူတို့ဆိုင်တွင် တင်ရောင်းရသည့် အဆင့်နိမ့်အဆောင်များကို ဖြတ်တောက်ခြင်း ခံလိုက်ရ၏။ ထိုအခါ အမျိုးသမီးယန်၏ ဆိုင်လေးမှာ ပြိုလဲမတတ် ဖြစ်ခဲ့ရသည်။

အမျိုးသမီးယန်က မည်သို့သော လူစားမျိုးနည်း။ သူမက ချက်ခြင်းပင် ထိုအခြေအနေ၏ အဓိကပြဿနာကို မြင်ခဲ့သည်။ အခြေအနေကို သုံးသပ်ကြည့်ပြီးနောက်မှာ သူမက သူတို့ဆိုင်ကို နောက်ကွယ်ကနေ အနှောက်အယှက် ပေးနေသောသူတစ်ယောက်ကို သိခဲ့သည်။

မော့ချိုက်ဟွမ်ကို သဘောကျနေသော အနီးအနား၌ နေသည့် ကျင့်ကြံသူအချို့ ရှိလေ၏။ အမေနှင့်သမီးက သူ့အိမ်တံခါးဝကနေ ဖြတ်သွားဖြတ်လာ လုပ်နေတာကို မြင်ပြီးနောက် ထိုသူမှာ မော့ချိုက်ဟွန်၏ မုဆိုးမ ဟူသော ကောလဟာလစကားများကို လားလားမျှ အရေးမစိုက်ဘဲ မော့ချိုက်ဟွန်ကို လက်ထပ်ဖို့ တောင်းဆိုခဲ့သည်။ အမျိုးသမီးယန်က သဘောမတူခဲ့ပေ။ ထို့ကြောင့် အဆုံးသပ်၌ ထိုကျင့်ကြံသူက ဒေါသထွက်ခဲ့၏။

ယင်းအတွက်ကြောင့် ထိုကျင့်ကြံသူသည် နောက်ကွယ်ကနေ အမျိုးသမီးယန်တို့ ရပ်တည်၍ မရအောင် နှောက်ယှက်ခဲ့ပေသည်။

ယနေ့ ဟန်လိသည် မော့ချိုက်ဟွမ် ပြေးထွက်လာသည်နှင့် ကြုံခဲ့ရသည့် အချိန်မှာ မော့ချိုက်ဟွန်သည် နောက်ထပ် အဆင့်နိမ့်မှော်အဆောင်များ ရောင်းချပေးနိုင်ပြီး သဘောတူညီချက် ကြီးကြီးမားမား ရရန် ကြိုးစား ရှာဖွေနေချိန်တွင် ဖြစ်သည်။

အမျိုးသမီးယန်က ဖြစ်ပျက်ခဲ့သမျှကို ဖြည်းဖြည်းချင်း ပြောပြနေရင်း မော့ချိုက်ဟွမ်က စကားတချို့တလေ ဖြည့်ပြောသည်။ ဟန်လိသည် သူတို့ တွေ့ကြုံခဲ့ရပုံ ဇာတ်လမ်းကို အကြမ်းဖျဉ်း နားလည်သွားတော့သည်။ သို့သော် သူက မော့ချိုက်ဟွန်ကို တစုံတစ်ယောက်က အတင်းအကြပ် လက်ထပ်ရန် ဖိအားပေးကြောင်း ကြားသည့်အခါ ခပ်တိုးတိုး မရယ်မောမိဘဲ မနေနိုင် ဖြစ်မိသွား၏။

ဘယ်ကျွမ်းကျင်သူကများ ဒီငမွှေမလေးကို အတင်းအကြပ် လက်ထပ်ချင်ရတာလဲ။

“ဟန်လိ…နှစ်ပေါင်းများစွာ ကျင့်ကြံပြီးတဲ့နောက် နင့်ရဲ့ ကျင့်ကြံမှုဟာ အဆင့်ကိုးကို ကျော်သွားပြီ မလား…” အမျိုးသမီးယန်က ဟန်လိကို ကြည့်ကာ ယဉ်ယဉ်ကျေးကျေး မေးသည်။ ယန်လင်းရဲတိုက်တွင် နှစ်များစွာ နေထိုင်ခဲ့ပြီး ဖြစ်၍ သူမသည် ကျင့်ကြံရမည့် နည်းလမ်းများကို မသိသော်လည်း ကျင့်ကြံခြင်းလောကနှင့် ပတ်သတ်ပြီး ယေဘုယျ ဗဟုသုတတော့ ရှိထားပေသည်။

“ဟုတ်ပါတယ်။ ဆရာကတော်က ကျုပ်ကို ပြဿနာရှာခဲ့တဲ့ ဟိုကျင့်ကြံသူနဲ့ ရင်ဆိုင်ခိုင်းမလို့လား…”

ဟန်လိသည် ခပ်တိုးတိုး ရယ်မောကာ တည့်ပြောလိုက်ချေ၏။

သူ့စကားကို ကြားသည့်အခါ အမျိုးသမီးယန်သည် အရှက်ရသွားမိ၏။ ဟန်လိ၏ လေသံအရ သူသည် ကူညီပေးချင်စိတ် ရှိပုံတော့ ပေါ်နေသည်။

All Chapters