ခွဲခွာခြင်း
Vol. 18 Ch. 252
“အဲ့လူရဲ့ ကျင့်ကြံခြင်းနဲ့ ပတ်သတ်ပြီး ဆရာကတော် အသေးစိတ် သိထားလား။ သူက ယန်ဂိုဏ်းရဲ့ အရေးပါတဲ့တပည့် ဒါမှမဟုတ် သူ့ကျင့်ကြံမှုအဆင့်က မမြင့်မားဘူဆိုရင်တော့ ကျနော် သူနဲ့ သွားပြီး စကားပြေလိုက်ရုံနဲ့ ဒီကိစ္စဟာ ပြေလည်သွားပါလိမ့်မယ်…”
ဟန်လိက နှာခေါင်းကို လက်ဖြင့် ပွတ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
တကဘ်တော့ သူသည် သေမျိုးမိန်းကလေးတစ်ယောက်ကို အတင်းအကြပ် လုပ်နိုင်စွမ်း ရှိသူမှာ လုံလောက်သော ကျင့်ကြံခြင်းအဆင့် ရှိနိုင်လောက်သူဟု ကောင်းစွာ နားလည်ထားသည်။ ထို့ကြောင့်လည်း သူက ဒီကိစ္စနှင့် ပတ်သတ်ပြီး နည်းနည်းပါးပါး ဂရုစိုက်နေတာ ဖြစ်၏။
“အရင်တည်းက ချိုက်ဟွမ်ကို သူ့အကြောင်း ငါ စုံစမ်းခိုင်းထားဖူးတယ်။ သူ့ကျင့်ကြံမှုဟာ ချီစုဆောင်းခြင်းအဆင့်ငါးပါ။ သူ့မျိုးရိုးနာမည်က ယန်ဆိုပေမယ့် သူဟာ ယန်ဂိုဏ်းရဲ့ အရေးပါလှတဲ့သူတော့ မဟုတ်လောက်ဘူး။ မဟုတ်ရင် သူက သေမျိုးတွေကြားမှာ ဘယ်နေထိုင်ပါ့မလဲ…”
အမျိုးသမီးယန်သည် တချိန်က သိုင်းလောတွင် နာမည်ကျော်ခဲ့ဖူးသော မော့အိမ်တော်၏ အိမ်တော်အရှင်မ ဖြစ်ခဲ့သူ ပီသပါပေသည်။ သူမသည် ကျင့်ကြံသူနှင့် ပတ်သတ်သည့် ကိစ္စကို မကိုင်တွယ်နိုင်သော်လည်း ရသလောက်တော့ စုံစမ်းခန့်မှန်းကြည့်နိုင်၏။
“မေးစရာ မရှိတော့ပါဘူး။ ဂျူနီယာညီမလေး ကျုပ်ကို လမ်းပြပေးပါ။ ကျုပ် ဒီပြဿနာကို သွားဖြေရှင်းပေးပါ့မယ်…” ဟန်လိသည် အမျိုးသမီးယန်၏ စကားကို ကြားသည့်အခါ ခေါင်းညိတ်ပြီး ထိုသို့ ပြန်ပြော၏။
“ကျေးဇူးအများကြီး တင်ပါတယ်…စီနီယာအစ်ကို။ စီနီယာအစ်ကို ကူညီပေးနိုင်မယ်ဆိုတာ ညီမလေး သိပါတယ်…” မော့ချိုက်ဟွမ်က ဟန်လိ၏ စကားကို ကြားသည့်အခါ အလွန်ပျော်ရွှင်သွားဟန်ဖြင့် ချိုသာစွာ တုန့်ပြန်သည်။
“ဟန်လိ…ငါတို့ နင့်ကို ဒုက္ခများစေပြီ။ ငါတို့ အဲ့လိုမှ အကူအညီမတောင်းရင်လည်း ဒီအမေနဲ့သမီးက ကျင့်ကြံသူတစ်ယောက်ကို စိမ်ခေါ်နိုင်စွမ်း ဘယ်လိုလုပ် ရှိပါ့မလဲ…”
အမျိုးသမီးယန်၏ မျက်လုံးထဲတွင် ကျေးဇူးတင်စိတ်တို့ ဖြတ်ပြေးသွား၏။ ထို့နောက်တွင် သူမက သက်ပြင်းချကာ အကူအညီမဲ့ဟန်ဖြင့် ထပ်ပြောသည်။ “ဒီနေရာမှာ ကျင့်ကြံသူတွေက ငါတို့လို သေမျိုးတွေအပေါ် အနိုင်ကျင့်တာကို တားဆီးပိတ်ပင်ထားတယ် ဆိုပေမယ့် ကျင့်ကြံသူတွေ အနိုင်ကျင့်ခံရတဲ့ သေမျိုးတွေ အများကြီးပါပဲ။ ဒါပေမဲ့ ယန်ဂိုဏ်းက အဲ့ကျင့်ကြံသူတွေအားလုံးကို ဘယ်လိုလုပ် အပြစ်ပေးဖို့ ဖြစ်နိုင်ပါ့မလဲ။ ဒါ့အပြင် သေမျိုးတစ်ယောက်ဟာ ပေါ့ပေါ့ဆဆနဲ့ ကျင့်ကြံဿူတစ်ယောက်နဲ့ ရန်ငြှိုးဖွဲ့မိသွားရင် ဘာသဲလွန်စမှ မရှိဘဲ ပျောက်ကွယ်သွားကြတယ်။ အဲ့လို အဖြစ်အပျက်တွေလည်း အများအပြားပါပဲ…”
ဟန်လိသည် သူမ၏စကားလုံးတွေထဲမှ အင်အားမဲ့မှုကို ကြားရသည်။ တကယ်တော့ တချိန်တုန်းက သေမျိုးလောကမှာ အာဏာကို ဆုပ်ကိုင်ထားနိုင်သော မော့အိမ်တော်နှင့် ယှဉ်ပါက အခု ဒေါသကို မြိုသိပ်ထားရခြင်းမှာ အမျိုးသမီးယန် ပြောသလို အနိုင်ကျင့်ခံရတာသာ ဖြစ်လေ၏။
ဟန်လိက သူ့စကားကို ကြားရပြီးနောက် ခဏ ငြိမ်သက်သွားသည်။ ထို့နောက်တွင် သူက သူ ဒွိဟဖြစ်နေသော မေးခွန်းတချို့ကို မေးလိုက်သည်။
“ဆရာကတော်…ဂျူနီယာညီမလေးက ခုဆို လက်ထပ်ရမယ့် အရွယ် ရောက်နေတာ ကြာခဲ့ပြီ။ သူမက ဒီရဲတိုက်မှာ သင့်တော်တဲ့ လက်တွဲဖော်တစ်ယောက်ယောက် ခုထိ မတွေ့သေးတာလား။ သူမက ကျင့်ကြံသူတစ်ယောက်ကို လက်ထပ်လိုက်ရင် အမှီအခို ရမှာ မဟုတ်ဘူးလား…”
“လက်ထပ်တာလား…”
“ကျမ ယန်ဂိုဏ်းက ကျင့်ကြံသူတွေနဲ့တော့ လက်မထပ်နိုင်ပါဘူး…”
ဟန်လိ၏ စကား ဆုံးပြီးပြီးချင်မှာ အမျိုးသမီးယန်က ခါးသီးစွာ ပြုံး၏။ မော့ချိုက်ဟွမ်က ကြားဖြတ်ကာ မပျော်မရွှင်ဟန်ဖြင့် ထိုသို့ ဝင်ပြောလိုက်သည်။
“ဘာကြောင့်လဲ…” ဟန်လိက အံ့အားသင့်ကာ ထပ်မေးမိသည်။
“စီနီယာအစ်ကို…ယန်ဂိုဏ်းရဲ့ ကျင့်ကြံသူတွေဟာ သေမျိုးမိန်းကလေးတွေကို မျှမျှတတ မဆက်ဆံကြဘူး။ သေမျိုးမိန်းကလေးတစ်ယောက်က သူတို့နဲ့ လက်ထပ်ခဲ့ရင်တောင် ကျေးကျွန်သဖွယ် ပြုမူဆက်ဆံကြတယ်။ အဲ့ထက် မပိုဘူး။ သူတို့နဲ့ လက်ထပ်ခဲ့တဲ့ မိန်းကလေးတွေဆို အကျဉ်းကျသလိုပဲ။ အမြဲတမ်းလိုလိုလဲ ဆူပူကြိမ်းမောင်းခံရတယ်။ အဲ့တော့ လက်ထပ်မယ့်အစား ကျမ တစ်သက်လုံး တစ်ယောက်တည်း နေသားတာကမှ ပိုကောင်းအုံးမယ်…”
မော့ချိုက်ဟွမ်၏ အသံမှာ အလျင်စလိုနိုင်ကာ စိုးရိမ်ပူပန်တကြီး ရှိနေ၏။ သူမက ထိုသို့အဖြစ်ဆိုး ကြုံရမှာ ကြောက်နေတာ သိသာသည်။
“ဟန်လိ…နင်ကတော့ အဲ့တာကို သိမှာ မဟုတ်လောက်ဘူး။ ဒါပေမဲ့ နင့်ညီမလေးရဲ့ အသိသူငယ်ချင်းတစ်ယောက် ဒီမှာ ရှိတယ်။ သူမက ယန်ဂိုဏ်းက ကျင့်ကြံသူတစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်လေ။ ရလဒ်ကတော့ မျှော်လင့်ထားတဲ့အတိုင်း မဖြစ်ခဲ့ဘူး။ သူမဟာ မကြာခဏ အနိုင်ကျင့်ခံခဲ့ရတယ်။ အသက်အရွယ်ကြီးရင့်လာတဲ့အခါကျတော့လည်း အဲ့ကျင့်ကြံသူဟာ သူမကို ရမယ်ရှာပြီး စွန့်ပစ်ခဲ့ပြီး ဆိုးဆိုးဝါးဝါး ချန်ထားပစ်ခဲ့တယ်။ ပြီးတော့ နင့်ညီမရဲ့ သူငယ်ချင်းနဲ့ လက်ထပ်ခဲ့တဲ့ အဲ့ကျင့်ကြံသူဟာ နောက်ထပ် ငယ်ရွယ်လှပတဲ့ မိန်းကလေးတစ်ယောက်ကို ထပ်ပြီး လက်ထပ်ပြန်တယ်။ ဟူး…ဒီမှာက ချိုက်ဟွမ်ရဲ့ ပထွေးလိုမျိုး လူကောင်းတွေ ရှိနေသေးရင်တော့ အရည်အတွက် နည်းပါးလွန်းပါတယ်။ ဒါ့ကြောင့်လည်း ငါ့အနေနဲ့ လက်ထပ်မယ့် ကိစ္စနဲ့ ပတ်သတ်ပြီး ချိုက်ဟွမ်ကို အတင်းအကြပ် မတိုက်တွန်းတော့တာ။ သေမျိုးတစ်ယောက်နဲ့ လက်ထပ်ဖို့ ကျတော့လည်း သူမ လိုချင်တဲ့ အနေအထားက မြင့်နေတယ်လေ။ ဒါ့ကြောင့် သူတို့ဟာ သူမရဲ့ မျက်လုံးထဲ ဘယ်တိုးပါတော့မလဲ…”
အမျိုးသမီးယန်က သမီးဖြစ်သူ၏ အခြေအနေကို ရှင်းပြသည်။
“ဪ..အဲ့လိုကို။ ဒါပေမဲ့လည်း အဲ့လိုဆိုရင် ဂျူနီယာညီမလေးက တစ်သက်လုံး လုံးဝ လက်မထပ်တော့ဘူးလား…” ဟန်လိက မျက်မှောင်ကြုတ်ကာ သည်အတိုင်း မေးကြည့်လိုက်သည်။
ဟန်လိ၏ စကားကို ကြားသည့်အခါ အမျိုးသမီးယန်၏ အမူအရာသည် ပြောင်းလဲသွား၏။ သူမက တစ်ခုခုကို ပြောချင်သည့်အလား။ သို့သော် ခဏလောက် ချီတုံချတုံ ဖြစ်နေပြီးနောက်မှာ သူမက ဘာမှ မပြောဖို့ ဆုံးဖြတ်လိုက်သည်။ မော့ချိုက်ဟွမ်သည် ဘာတွေးမိမှန်းမသိရဘဲ ခေါင်းငုံ့ကာ ငြိမ်သက်သွားလေ၏။
ထို့နောက်တွင် ဟန်လိသည် ခုအခြေအနေမှာ တမျိုးကြီး ဖြစ်နေပြီဟု သဘောပေါက်မိသည်။
သူက ချက်ခြင်းပင် စကားလမ်းလွှဲကာ ပြောလိုက်တော့သည်။ “ဂျူနီယာညီမလေး…စီနီယာအစ်ကို့ကို လမ်းပြပါ။ အရင်ဆုံး ငါတို့ ဟိုပြဿနာကို အရင်ရှင်းကြတာပေါ့။ လက်ထပ်တဲ့ ကိစ္စကိုတော့ နောက်မှပဲ ပြောကြရအောင်…”
“ဟုတ်ကဲ့ပါ…”
မော့ချိုက်ဟွမ်က ခဏလောက် တွေဝေနေပြီးနောက်မှာ သဘောတူသည်။ အမျိုးသမီးယန်က ဤသည်ကို မြင်သည့်အခါ သူမသည် ဘာမျှ ထပ်ပြောနေဖို့ စိတ်မကူးတော့ပေ။
ထို့နောက်တွင် ဟန်လိနှင့် မော့ချိုက်ဟွမ်တို့သည် သည်ဆိုင်လေးထဲကနေ ထွက်လာပြီး အမျိုးသမီးယန်တို့ကို အနှောက်အယှက် ပေးခဲ့သော ကျင့်ကြံသူ၏ နေအိမ်ထံ တန်းသွားကြသည်။
“စီနီယာအစ်ကို…ရှင်ရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲ။ ရှင် အဲ့လူရဲ့ တံခါးကို သွားခေါက်တဲ့အချိန်မှာ သူက ကြောင်ကိုတွေ့တဲ့ ကြွက်အလားပဲ။ ရှင့်ကို စီနီယာလို့ အထပ်ထပ်ခေါ်ပြီး အကြိမ်ကြိမ်ကို ဦးညွှတ်နေတော့တာပဲ။ အဲ့လိုလေးစားပုံ မျိုးနဲ့ဆိုရင် သူက အစ်ကိုကို တွေ့လိုက်ရတာ သူ့ရဲ့ ဘိုးဘေးကို တွေ့သလိုမျိုးအလား ထင်မှတ်ရတယ်…”
မော့ချိုက်ဟွမ်သည် တက်တက်ကြွကြွ ဖြစ်နေလေ၏။ ထိုကျင့်ကြံသူနှင့် ပတ်သတ်သည့် ကိစ္စကို ဖြေရှင်းပြီးနောက် ပြန်လာသည့် တစ်လမ်းလုံးမှာလည်း သူမက တခစ်ခစ်ဖြင့် ရယ်ကာမောကာ ရှိနေတော့သည်။ ဤသည်မှာ နှစ်ဆယ်ဝန်းကျင် အမျိုးသမီးငယ်တစ်ယောက် ရှိသင့်ရှိထိုက်သည့် အပြုအမူမျိုးပင် ဖြစ်ချေတော့သည်။
ဟန်လိက သူမ၏ ထိုပုံစံကို မြင်သည့်အခါ ပြုံးယောင်သမ်းမိသည်။ သူက သူမ၏ အမေးကိုလည်း နှိမ့်နှိမ့်ချချ ပြန်ဖြေသည်။ “အဲ့လောက် မဟုတ်ပါဘူး။ အစ်ကိုက သူ့ထက် ကျင့်ကြံမှု တစ်ဆင့်လောက်ပဲ ပိုမြင့်ရုံလေးပါ။ ကျင့်ကြံခြင်းလောကရဲ့ ဓလေ့ထုံးတမ်းအရ သူက အစ်ကိုကို စီနီယာလို့ ခေါ်သင့်တာတော့ အမှန်ပဲလေ…”
မော့ချိုက်ဟွမ်က ဟန်လိ၏ စကားကို ကြားသည့်အခါ သူမ၏မျက်လုံးထဲတွင် အပျော်တို့ ဖြတ်ပြေးသွားပြီး သဘောကျစွာ တခစ်ခစ် ရယ်ပြန်သည်။
“ဘာပဲဖြစ်ဖြစ်ပါ။ ကျမကတော့ အဲ့လူ ကျမကို တွေ့တော့ ဖြစ်သွားတဲ့ သူ့ရဲ့ ရယ်စရာကောင်းတဲ့ ပုံကို ပြန်မြင်ယောင်တိုင်း မရယ်မိဘဲ မနေနိုင်ပါဘူး…”
သည်တစ်ကြိမ်၌ ဟန်လိသည် ဘာမျှ ပြန်မပြောတော့ပေ။ သူက ငြိမ်သက်စွာသာ မော့ချိုက်ဟွမ်ကို ကြည့်နေသည်။ ခဏအကြာ ဟန်လိ၏ အကြည့်ကြောင့် မော့ချိုက်ဟွမ်က ရှက်သွေးဖြာသွား၏။ သူမက တဖက်သို့ မျက်နှာလွှဲသွားသည်။
သို့သော် တအောင့်အကြာ၌ သူမက ဟန်လိကို အံ့အားသင့်သွားစေသော အရာတစ်ခုကို ပြောလာသည်။
“စီနီယာအစ်ကို…စိတ်ဝိညာဉ်ရင်းမြစ် မပိုင်ဆိုင်ဘဲ ကျင့်ကြံဖို့ နည်းလမ်းဟာ တကယ်ပဲ မရှိတာလား။ ကျမလည်း အစ်ကိုလို ကျင့်ကြံသူတစ်ယောက် ဖြစ်လာချင်တယ်…”
မော့ချိုက်ဟွမ်သည် ဟန်လိဘက်သို့ ခေါင်းပြန်လှည့်လာကာ မျှော်လင့်ချက်အပြည့်ဖြင့် မေးလာခဲ့သည်။
ဟန်လိသည် သူမ၏ အမေးနှင့် ဟန်ပန်ကို မြင်သည့်အခါ ခေါင်းကိုက်မိသွားသည်။ သို့သော် သူက ငြိမ်သက်နေမြဲပင်။ ရှေးဟောင်းအချိန်တွေထဲက စိတ်ဝိညာဉ်ရင်းမြစ်မပိုင်ဆိုင်ပါဘဲ ကျင့်ကြံရန် မဖြစ်နိုင်ခဲ့ပေ။ ဤသည်မှာ ကျင့်ကြံခြင်းလောက၏ အမှန်တရားသာ။ ဟန်လိက ယင်းအချက်ကို ချိုးဖျက်နိုင်မည့် လုံလောက်သော စွမ်းရည်မျိုး ပိုင်ဆိုင်ထားဖို့မှာ အဘယ်သို့ ဖြစ်နိုင်ပါမည်နည်း။
မော့ချိုက်ဟွမ်သည် ဟန်လိ၏ အမူအရာကို မြင်သည့်အခါ သူမ၏ မူလတုန်းက မျှော်လင့်ချက်သည် အေးစက်သွားရတော့သည်။ စွမ်းဆောင်ရည် ပြည့်ဝလှသော သူမ၏ စီနီယာအစ်ကိုထံ၌ပင် ထိုအတွက် နည်းလမ်းမရှိမှန်း သူမ သိလိုက်ပြီ။
သူမက ဝမ်းနည်းမိရ၏။ ဟန်လိနောက်တွင် ခြေလှမ်းအနည်းငယ် ချန်ကာ တိတ်တဆိတ်သာ လိုက်လာတော့သည်။ သူတို့နှစ်ယောက်လုံးသည် ငြိမ်သက်တိတ်ဆိတ်သွားကြ၏။
သူတို့သည် ဆိုင်ခန်းငယ်နှင့် မဝေးသော နေရာသို့ ရောက်လာသည့်အချိန်တွင် ဟန်လိသည် ရုတ်တရက် ခြေလှမ်းရပ်ကာ မော့ချိုက်ဟွမ်ဘက်သို့ လှည့်ပြီး ပြောလိုက်သည်။ “ဆရာကတော့်ကိုတော့ အစ်ကို လိုက်မတွေ့တော့ဘူး။ ဒီမှာပဲ တို့ လမ်းခွဲကြရအောင်။ ကံကောင်းတာတစ်ခု တစ်ခုကတော့ အစ်ကိုက ယန်လင်းရဲတိုက်မှာ နောက်ထပ် ရက်တော်တော်ကြာကြာ နေရအုံးမှာ။ ဒါ့ကြောင့် နောက်ကျရင် အစ်ကိုက ညီမကို ထပ်တွေ့နိုင်မယ့် အခွင့်အရေး ရှိနိုင်ပါသေးတယ်…”
“အန်…စီနီယာအစ်ကိုက အခု ထွက်သွားချင်ပြီလား…” မော့ချိုက်ဟွမ်က စစချင်း မင်သက်သွားသေးသည်။ ထို့နောက်တွင် သူမသည် အကြီးအကျယ် ဝမ်းနည်းအားပျက်သွားတော့သည်။
“အင်း…ဒီမှာ စိတ်ဝိညာဉ်ကျောက်တုံးအချို့။ ဆရာကတော် အရေးတကြီး ကိစ္စတွေမှာ သုံးဖို့ ပေးလိုက်တာ။ ခုချိန်မှာ အစ်ကို တတ်နိုင်တာ ဒါအကုန်ပဲ…”
ဟန်လိသည် သူ၏ သိုလှောင်အိတ်ထဲမှ သားရေအိတ်ငယ်တစ်ခုကို ထုတ်ကာ မော့ချိုက်ဟွမ်ထံ လှမ်းပေးသည်။
“ကျေးဇူးအများကြီး တင်ပါတယ်…စီနီယာအစ်ကို…” မော့ချိုက်ဟွမ်သည် နူးညံ့စွာ ပြော၏။ သူမ၏အသံမှာလည်း တိုးလျလွန်းပါသည်။ သူမ၏မျက်လုံးထဲတွင် ခွဲခွာရတော့မည့်အပေါ် ဝမ်းနည်းမှုတို့ ဖြစ်ပေါ်လာသည်။
ဟန်လိက ထိုမြင်ကွင်းပုံရိပ်ကို မြင်သည့်အခါ ဘာကြောင့်မှန်းမသိဘဲ သူ့စိတ်ထဲ၌ တမျိုးကြီး နာကျင်သလို ခံစားလိုက်ရသည်။
ချီတုံချတုံ ခဏဖြစ်နေပြီးနောက်မှာ သူက ငွေရောင်ပုလင်းတစ်ခုကို ထုတ်၍ ပန်းရောင်ဆေးလုံးတစ်လုံးကို ရွေးယူသည်။
“ဒါကို သောက်လိုက်ပါ။ ဒါက ညီမကို ကျင့်ကြံသူတစ်ယောက် ဖြစ်လာအောင် မလုပ်ပေးနိုင်ပေမယ့် ညီမရဲ့ ရုပ်သွင်ကို လုံးဝ အိုမင်းမလာအောင်၊ အစဉ်နုပျိုနေအောင်တော့ လုပ်ပေးပါလိမ့်မယ်။ ဒါက ညီမအတွက် စီနီယာအစ်ကိုရဲ့ လက်ဆောင်လို့ သတ်မှတ်နိုင်ပါတယ်…” ဟန်လိက အလေးအနက်အသွင်ဖြင့် ပြောလိုက်သည်။
“စီနီယာအစ်ကို…ကျမ…”
မော့ချိုက်ဟွမ်က ဟန်လိ၏ စကားကို ကြားသည့်အခါ ကျေနပ်အံအားသင့်မိသွား၏။ သူမစိတ်ထဲရှိ ပြောပြချင်သော စကားလုံးတို့မှာ ပိုအားကောင်းလာနေပြီ။ သို့သော် ဟန်လိက သူမကို ပြောခွင့်မပေးတော့ပေ။ သူက သူ့လက်ချောင်းဖြင့် ဆေးလုံးကို တောက်၏။ ထိုရုပ်သွင်နုပျိုဆေးသည် သူမ၏ ပါးစပ်ထဲသို့ ပျံသန်းဝင်ရောက်သွားတော့သည်။
“ဂျူနီယာညီမလေး..ကျုပ် သွားတော့မယ်။ နင်နဲ့ ဆရာကတော်တို့ ကိုယ့်ဟာကိုယ်ပဲ ဂရုတစိုက် နေကြပါ…”
ထိုစကားလုံးများကို ပြောသည့်အချိန်တွင် ဟန်လိ၏ သူ့ခန္ဓာကိုယ်ကို မသိမသာ လှုပ်၏။ သူ၏ ရုပ်သွင်မှာ ခဏလောက် ဆက်ရှိနေပြီးနောက် သူ လုံးဝ ပျောက်ကွယ်သွားတော့သည်။
“စီနီယာအစ်ကို…”
မော့ချိုက်ဟွမ်က ဟန်လိကို လှမ်းအော်ခေါ်မိသည်။ သူမက ရှေ့သို့ ခြေလှမ်းအမြန်လှမ်းသွားပြီး အရပ်ရှစ်မျက်နှာထံ လှည့်ပတ်ကြည့်သည်။ ဟန်လိ၏ အရိပ်အယောင်ကို တွေ့ရလေအုံးမလား။
ထို့နောက်တွင်တော့ မော့ချိုက်ဟွမ်သည် ဝမ်းနည်းအားငယ်သော ဟန်ပန်ဖြင့် သူမ၏ ဆိုင်ခန်းလေးထံ တဖြည်းဖြည်းချင်း ပြန်လျှောက်သွားတော့သည်။
တအောင့်အကြာ၌ ဟန်လိသည် ထိုဆိုင်လေးနှင့် သိပ်မဝေးသော နေရာမှာ ပေါ်လာ၏။ သူက ခဏလောက် သည်ဆိုင်လေးထံ ငြိမ်သက်စွ လှမ်းကြည့်နေပြီးနောက်မှာ ချီတုံချတုံ ဖြစ်မနေဘဲ ထပ်မံ ပျောက်ကွယ်သွားတော့သည်။
ဟန်လိသည် ဒီဂျူနီယာညီမလေးက သူ့ကို ဘာပြောမည်မှန်း သေချာ မသိသော်လည်း တိကျသော ခန့်မှန်းမှုတစ်ခုတော့ သူ့မှာ ရှိနေခဲ့သည်သာ။
သို့သော် ကံမကောင်းစွာဖြင့် သူတို့နှစ်ယောက်သည် တွေ့ရဆုံရမည့် ကံပါလာ၏။ သို့သော် အတူရှိရမည့်ကံတော့ ပါမလာခဲ့ပါ။ သူမအပေါ် သူ့ခံစားချက်များသည် ထိုအဆင့်ထိ မရောက်လာခဲ့ပေ။
သူမနှင့် အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူ ဖြစ်သော သူ့ကြား သက်တမ်းကွာဟချက်ကိုတော့ ထည့်ပြောနေရန်ပင် လိုမည် မဟုတ်ပေ။ ထို့ကြောင့်လည်း သူက ဒီခံစားချက်များကို မထိမတို့ချင်မိတာ ဖြစ်၏။ တကယ်တော့ သူ ချစ်ရသူက သူ့မျက်စိရှေ့မှာတင် အိုမင်းသေဆုံးသွားရသည့် အဖြစ်ကို ဘာမျှ လုပ်မပေးနိုင်ဘဲ ကြည့်နေရသည့် အဖြစ်မျိုးမှာ ဟန်လိ လက်သင့်မခံနိုင်သော အရာ ဖြစ်ချေ၏။
“ကောင်းကင်ကြိုးကြာနားခိုရာ…” ဟန်လိရှေ့တွင် ထိုလဘ္ဘက်ရည်ဆိုင်၏ အမည် ပေါ်လာခဲ့သည်။ ၎င်းမှာ ရှေးအဆောက်အဦတစ်ခ ဖြစ်ကာ အထပ်သုံးထပ် ရှိသည်။ မျှော်လင့်ထားသည့်အတိုင်း ၎င်းဆိုင်မှာ တခမ်းတနားတော့ ရှိချေ၏။
အကြမ်းဖျဉ်း တချက်ကြည့်ပြီး ဟန်လိသည် များများစားစား တွေးမနေတော့ဘဲ အနှီဆိုင်ထဲ ဝင်လာခဲ့သည်။ သူသည် သည်ဆိုင်အတွင်းမှ မှော်စွမ်းအားတုန်ခါမှုများကို ခံစားမိ၏။ ယင်းမှော်စွမ်းအားတို့မှာ သူနှင့် ယှဉ်၍ ရသည်။ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူများကသာ ထိုသို့သော စိတ်ဝိညာဉ်စွမ်းအားမျိုးကို ထုတ်လွှတ်နိုင်ကြတာ မဟုတ်လား။
သူက သည်လဘ္ဘက်ရည်ဆိုင်ထဲ ဝင်လာပြီး ဝေ့ဝိုက်ကြည့်ရှုလိုက်သည်။ ထို့နောက်တွင် သူသည် ဒုတိယထပ်သို့ တက်သွားသည်။ အကြောင်းမှာ ပထမထပ်၌ မှော်စွမ်းအားနည်းနည်းလေးမျှ ရှိမနေဘဲ သေမျိုးများသာ ရှိလို့နေ၏။
ဒုတိယထပ်တွင်တော့ ကျင့်ကြံသူ တချို့တလေ ရှိသော်လည်း အများစုမှာ ချီစုဆောင်းခြင်းတပည့်များသာ။ ခုချိန်၌ သူတို့သည် ဟန်လိ၏ မျက်လုံးထဲ မတိုးနိုင်တော့ပေ။ ဟန်လိသည် တတိယထပ်သို့ ဆက်တက်လာစဉ် မှော်စွမ်းအား တုန်ခါလှိုင်းက ပို၍ အားကောင်းလာသည်ဟု ခံစားမိသည်။ ဤမှော်စွမ်းအားများမှာ သည်ဆိုင်သို့ လာခဲ့သည့် ဟန်လိ၏ ရည်ရွယ်ချက်အမှန် ဖြစ်လေ၏။