ရှန်းရှူးရီ၏ ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် ချဉ်းကပ်လာမှု
Vol. 34 Ch. 499
"ချက်လက်မှတ်...."
လင်းရီ တခဏမျှ ရပ်တန့်လိုက်ပြီး "ငါ မနက်တုန်းက ပို့လိုက်တဲ့ ချက်လက်မှတ်လား...."
"အွန်း... အဲ့ဒီ ယွမ် ဆယ်မီလီယမ်တန် ချက်ခ် လက်မှတ်လေ...."
"မိတ်ဆွေ တစ်ယောက်က ပေးလိုက်တာ... ဘာလို့လဲ .. ပြဿနာ ရှိလို့လား...ငါ့အထင်တော့ မရှိလောက်ဘူးနော..."
လင်းရီ တခဏမျှ စဉ်းစားလိုက်ပြီး ဖြစ်နိုင်ချေမရှိဟု ခံစားလိုက်ရသည်။ ရှန်းရှူးရီ၏ အနေအထားဖြင့် ချက်လက်မှတ်အမှားကြီး ပေးလိုက်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။
"ကျွန်မ အဲ့ဒီချက်ခ်လက်မှတ်ကို ပိုက်ဆံလဲဖို့ အချက်အလက်တွေ ရိုက်ထည့်ကြည့်လိုက်တော့ထောက်ခံပေးလိုက်သူရဲ့ သတင်းအချက်အလက်တွေကျလာခဲ့တယ်လေ....ဘယ်သူဖြစ်မယ်လို့ထင်လဲ.... "
"ဘယ်သူလဲ...."
"CITIC..."
"CITIC ဘဏ်လား...."
"မဟုတ်ဘူး..."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "CITIC ဘဏ်က CITIC ကော်ပိုရေးရှင်းရဲ့ လက်အောက်ခံပဲ....."
"အဲ့ဒီတော့....."
"ဒါ ဘာအဓိပ္ပာယ်လဲဆိုတာ ရှင်က မသိဘူးလား...."ဟော်ယွမ်ယွမ် မယုံကြည်နိုင်သည့် လေသံဖြင့် မေးမြန်းလိုက်၏။
"ငါက ဘာကို သိရမှာတုန်းဟ... မင်း ပြောစရာရှိရင်လည်း တစ်ခါတည်း တန်းပြောလိုက်လေကွာ..."
"အဲ့ဒီအုပ်စုက နိုင်ငံပိုင် ကုမ္ပဏီပဲ... ပိုလီ၊ဟွာရှ ကုန်သည်ကြီးများအုပ်စုနဲ့ ဟွာရှ အရင်းအမြစ်အုပ်စုတွေနဲ့ စုပေါင်းထားပြီးတော့ ဟွာရှရဲ့ အကြီးဆုံး ကုမ္ပဏီလို့ လူသိများတယ်... သူတို့ရဲ့ အရေးပါမှုက ဆန်းရှင်း အီလက်ထရစ် ကုမ္ပဏီလိုမျိုးပဲ... သူတို့ လေးအုပ်စု ပေါင်းစည်းထားတဲ့ ကော်ပိုရေးရှင်းရဲ့ တန်ဖိုးက ခန့်မှန်းခြေ ၇ ထရီလီယမ်လောက် တန်ကြေးရှိတယ်.... "
"ဝှက်တယ်ဖက်...."
လင်းရီ ထိုင်နေရင်း နောက်လန်ကျလုမတတ် ဖြစ်သွားခဲ့ပြီး "တကယ်ကြီးလားဟ..."
"စုံစမ်းစစ်ဆေးတဲ့ နယ်ပယ်က ကျွန်မရဲ့ ကျွမ်းကျင်မှုပဲလေ.. ဘော့စ်က သံသယရှိသေးတာလား..."
"အိုကေ... ငါနားလည်ပြီ.... "
"ဘော့စ် ကျွန်မကတော့လေ ရှင့်ကို ပိုပိုပြီး လေးစားလာပြီ သိလား..."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "ဒီရဲ့ငွေ ပမာဏက CITIC အတွက် ဘယ်လောက်မှ မရှိဘူးဆိုပေမယ့် ဘော့စ်က သူတို့ထဲက လူတစ်ယောက်နဲ့ သိထားတာက အရမ်း အံ့ဩဖို့ကောင်းတယ်..."
"ယှမျယှမျ....."
"ဘာလဲ...."
လင်းရီ ထိုသို့ ခေါ်ဝေါ်လိုက်သည်ကို သူမ နေသားမကျသေးချေ။
"ငါ ခုလေးတင် သူများပိုက်ဆံ သုံးပြီး ကိုယ့်ရည်မှန်းချက် ပြည့်၀အောင် လုပ်မယ်လို့ ပြောထားတယ်မလား....ခုတော့ မတူတော့ဘူး...."လင်းရီ လေးနက်သည့် လေသံဖြင့် ပြောလိုက်ပြီး "ဒီတစ်ကြိမ်တော့ ငါတို့ သူများရဲ့ ပိုက်ဆံကို သုံးပြီး သူတို့ရဲ့ ရည်မှန်းချက် ပြည့်၀အောင် ကူညီပေးရတော့မှာ..." လင်းရီဆက်လက်၍ "မင်းအဲ့ဒီ ချက်ခ်လက်မှတ်ကို ငွေသားမလဲပစ်လိုက်သေးနဲ့ဦး.... ငါ ညွှန်ကြားတာကို ထပ်ပြီးတော့ ထပ်စောင့်နေ....ကြားလား..."
"နားလည်ပါပြီ...."
ဖုန်းချပြီးနောက် လင်းရီ CITIC အုပ်စုအကြောင်း ပိုင်သုနှင့် ကျစ်းဟူ ပလက်ဖောင်းတို့မှ တစ်ဆင့် ရှာဖွေကြည့်လိုက်သောအခါ ထိုကုမ္ပဏီအကြောင်း အကြမ်းဖျင်း နားလည်သွားတော့၏။
CITIC အုပ်စု၏ အဓိက စီးပွားရေး လုပ်ငန်းမှာ ငွေကြေး ရင်းနှီးမြုပ်နှံမှု ဖြစ်ပြီး လက်အောက်ခံ အုပ်စုပေါင်း ၁၇၆ ခု အထိရှိကာ နယ်ပယ် တော်တော်များများကိုလည်း လွှမ်းခြုံထားလေသည်။
ဆောက်လုပ်ရေး ၊ မိုင်းတွင်းတူးဖော်ရေး၊ သံသတ္တုကျောက်၊ ဆီနှင့် သင်္ဘောကျင်းလုပ်ငန်းများ၊ အစရှိသဖြင့် အမျိုးစုံအောင်ပင်။
လက်တံ အမြောက်အများနှင့် ရေဘဝဲကြီး တစ်ကောင်သို့ ဖြစ်နေပြီး အင်မတန်ကြီးမားကာ ၎င်း၏ အရွယ်အစားမှာလည်း စိတ်ကူး၍ မရနိုင်အောင်ပင်။
လင်းရီ သူ၏ လက်ဖ၀ါးနှစ်ဖက်ကို ပွတ်ဆွဲရင်း တိတ်ဆိတ်ငြိမ်သက်သွားနေခဲ့၏။ ယင်းက သူတစ်ခုခု စဉ်းစားလျှင် ပြုနေကျ အပြုအမူပင်။
'CITIC အုပ်စုမှာ လျန်ရူရွှယ်ရဲ့အမေက ဘယ်လို အခန်းကဏ္ဍမျိုးကနေ ပါ၀င်ပတ်သက်နေတာလဲ... '
' ဘော့စ်...ဒါမှမဟုတ် ဒုဥက္ကဌ....'
သို့သော်လည်း ရာထူးအနေအထားကို ထည့်မတွက်လျှင်တောင် သူမ ဖနောင့်တစ်ချက်ပေါက်ရုံမျှဖြင့် တောင်နှင့်မြစ်တို့ လှုပ်ခါသွားလိမ့်မည်မှာတော့ အမှန်တရားပင်။
လင်းရီ သူ့လက်ကောက်၀တ်ရှိ နာရီကို တစ်ချက် ကြည့်လိုက်သည်။ ယင်းက ယွမ် ၁၃.၂ မီလီယမ်တန် Richard Mille ၏ ဆယ်နှစ်ပြည့်အထိန်းအမှတ် RM056 နာရီပင်။
လင်းရီကိုယ်တိုင်ပင် ကျောင်းနှင့် လမ်းတံတားများကို ပြုပြင်ရန် စီစဉ်ထားသောကြောင့် သူ၏ ငွေကြေးအခြေအနေအရ ငွေဆယ်သန်းမှာ မပြောပလောက်ချေ။ လျန်ရူရွှယ်၏ စကားပြောဆိုပုံအရတော့ သူမကိုယ်တိုင်လည်း သူမအမေ၏ ငွေကြေးအင်အားမှာ မည်မျှအတိုင်းအတာထိ ရှိနေလဲဆိုတာကို နားလည်နေသည့်ပုံပင်။
မည်သို့ပင်ဆိုစေ လင်းရီနှင့် ရှန်းရှူးရီတို့ အတွက် ဤ ယွမ်ငွေဆယ်သန်းမှာ ကိန်းဂဏန်းတစ်ခုသာသာပင်။ သို့သော်လည်း သူ့လက်ထဲရှိ နာရီနှင့် ပေါင်းစပ်လိုက်လျှင်တော့ ဖုံးကွယ်ထားသည့် လှည့်ကွက်များ ပါရှိနေပြီး ပါးမရိုက်ခင် ချိုချဉ်အရင် ကျွေးထားသည့် ခံစားချက် ရရှိနေလေသည်။
အကယ်၍ သူမသာ လင်းရီကို ကူညီချင်ပါက သူမ၏ CITIC အုပ်စု ဟူသော အထောက်အထားကို ဖုံးကွယ်၍ ကူညီပေးလျှင်လည်း ရ၏။ ယခုတော့ ထို ချက်လက်မှတ်မှတစ်ဆင့် သူမ၏ အထောက်အထားကို တစ်မျိုးတစ်ဖုံ ဖော်ပြလာချေသည်။ ယင်းက အသေးစား သတိပေးမှုပင်။ ထိုသို့ ဆိုလျှင်တော့ လင်းရီ ဤငွေကို လက်ခံရန်မှာ အတော်လေး အန္တရာယ်များသွားချေပြီ။
တောက် တောက် တောက်...
လင်းရီ စားပွဲကို အဆက်မပြတ် ခေါက်ရင်း တွေးတောနေခဲ့၏။
' ပိုက်ဆံ ရှိတဲ့သူတွေရဲ့ လူကို စကားပြောတဲ့ နည်းလမ်းက အတော်လေးကို ဆန်းကြယ်တာပါလားဟ...'
"လင်းရီ..."
ထိုအကြောင်း စဉ်းစားနေတုန်း လင်းရီ လီချူးဟန်၏ အသံကို ကြားလိုက်ရ၏။
"ဘာလဲဖြစ်တာ..."
လင်းရီ အသိပြန်၀င်လာသောအခါ ရုံးခန်းထဲတွင် ဘယ်သူမျှ ရှိမနေသည်ကို မြင်တွေ့လိုက်ရ၏။ သူနှင့် လီချူးဟန် နှစ်ယောက်တည်းသာလျှင် ရှိနေခဲ့လေသည်။
"ချူးဟန် ဘာကိစ္စလဲ...."
"သန်ဘက်ခါက ငါ့အမေရဲ့ နှစ်ပတ်လည်နေ့လေ... နင်ငါနဲ့အတူ လိုက်ခဲ့မှာလားလို့...."
"လိုက်မယ်လို့ ပြောထားတယ် မဟုတ်ဘူးလား....ငါတို့ မနက်ဖြန် မနက် ရန်ချိန်ကို ထွက်မယ်ဆိုရင် နေ့လည်ဆို ဟိုကို ရောက်လောက်ပြီ..."
"အဲ့တာဆို ငါ လေယာဉ်လက်မှတ် ကြိုဖြတ်ထားလိုက်တော့မယ်နော်... ကိုးနာရီထိုးထွက်မယ့် လေယာဉ်ဆို အဆင်ပြေတယ်မလား.... "
"ပြေပါတယ်... မင်းစိတ် အဆင်ပြေမယ် ထင်တဲ့ အချိန်သာ လုပ်လိုက်... ငါက အချိန်မရွေးဘူး...."
“ အွန်း…”
“ ဒါနဲ့ မင်း ခွဲစိတ်ဖို့ ချိန်းထားတာလေးတွေ ရှိသေးလား….”
“ နောက်အပတ်ထိ ခွဲစိတ်မှုက နေ့တိုင်းရှိတယ်…” လီချူးဟန် ပြောလိုက်ပြီး “ နင့်မှာလည်း ခွဲစိတ်ဖို့ ချိန်းတာတွေ အိမ်ပင့်တာတွေ ရှိတယ်မလား….”
“ ငါ့မှာ တခြားလုပ်စရာတွေရှိတော့ အိမ်ပင့်တာတွေတော့ မလိုက်တော့ဘူး…. ငါက မင်း ခွဲစိတ်တာကို အခွင့်ကောင်းဝင်ယူမလို့ စီစဉ်နေတာ…. မင်း ခွဲစိတ်ဖို့ရှိတယ်ဆိုရင်သာ ငါ့ကို ခေါင်းဆောင်ခွဲစိတ်သူ ပေးလုပ်လို့ အဆင်ပြေမလား…”
“ နင် ယုံကြည်ချက် ရှိနေသရွေ့ပေါ့….”
ခွဲစိတ်မှုပြုလုပ်ရာတွင် ထိုသို့ တောင်းဆိုသည်က အတော်လေးကို လွန်ကဲသည့် တောင်းဆိုမှု ဖြစ်သော်လည်း လီချူးဟန်အတွက်တော့ သာမန်ပင်။ ကျန်သူများ၏ မျက်လုံးထဲတွင်တော့ ယင်းက ကောင်မလေး၏ သူ့ချစ်သူကောင်လေးအတွက် အကန့်အသတ်မဲ့ အချစ်များဟု မြင်ယောင်နေပေလိမ့်မည်။
‘ နင်ပြောသမျှက ငါ့အတွက် အရာရာပဲ…”
“ ကျေးဇူးပဲ…”
အပြင်လူနာ ဆေးခန်းတွင် အလုပ်လုပ်ရင်း သူ့အတွက် ပိုးထည်တံခွန်ရရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။ ထို့ကြောင့် ခွဲစိတ်မှုများကို ဆက်လက်လုပ်ဆောင်ရင်း မစ်ရှင်များကိုသာ အာရုံစိုက်ရန် တတ်နိုင်တော့၏။
ထိုသို့ပြုလုပ်နေသော်လည်း လင်းရီစိတ်ထဲတွင် ယတိပြတ် ဆုံးဖြတ်ချက်တစ်ခု ချထားပြီးဖြစ်၏။
တစ်လ။
အကယ်၍ သူ တစ်လအတွင်း ပိုးထည်တံခွန်ကို မရရှိခဲ့ပါက ယခု အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်ကို သူရပ်စဲပစ်လိုက်ပေမည်။
ဆရာဝန်တစ်ခုတည်းနှင့် ရှေ့ဆက်နေ၍ မဖြစ်သေးချေ။ သူ့ကိုစောင့်ဆိုင်းနေသည့် အခြားသော အလုပ်အကိုင်များကလည်း ကျန်နေသေး၏။
“ ခဏနေကျရင် ငါ နှလုံးခွဲစိတ်မှု အသေးစားလေး လုပ်ဖို့ ရှိသေးတယ်… နင်ပါမလား…”
“ ပြဿနာ မရှိဘူး…”
ချင်တစ်ကောင် မည်မျှ သေးနေစေကာမူ အသား ဖြစ်နေဆဲပင်။ သူ မည်သည့် အခွင့်အရေးကိုမျှ လက်လွှတ်ဆုံးရှုံးလိုက်၍ မဖြစ်ချေ။ ထိုသို့ ပြုလုပ်ရင်း ထင်မှတ်မထားစွာဖြင့် တစ်စုံတစ်ယောက်မှ ပိုးထည်တံခွန် ပေးမလာဟု ပြောနိုင်ပါမည်နည်း။
ထိုအသေးစားခွဲစိတ်မှု ပြီးဆုံးသည့် အချိန်တွင်တော့ နေမွန်းတည့်နေလေပြီ။ လင်းရီလည်း ဆေးရုံတွင် ဆက်လက် နေမနေတော့ပဲ လီချူးဟန်ကို နှုတ်ဆက်ကာ အိမ်သို့ ပြန်လာခဲ့လိုက်၏။
ပရော်ဖက်ရှင်နယ် စက်ပစ္စည်း ကိရိယာများ ရောက်မလာသေးသော်လည်း လင်းရီ ကြိုတင်ပြင်ဆင်၍ လုပ်စရာရှိတာများကို ပြုလုပ်ထား၍ ရသည်။ သူ ချစ်ပ် 3.0 အတွက် အရင်းအမြစ်ကုတ်ကို intel ထက်စောလျှင်စွာ ထုတ်လုပ်နိုင်ရပေမည်။ မဟုတ်ပါက ဖိုတိုလီတိုဂရပ်ဖီစက် ပရောဂျက်အတွက် အချိန်အများကြီး နောက်ကျသွားတော့မည်ဖြစ်၏။
ညနေခင်းတစ်ခင်းလုံး လင်းရီ အစီအစဉ်များရေးဆွဲခြင်းနှင့် အလုပ်ရှုပ်နေပြီး လေးနာရီဝန်းကျင်လောက်တွင် ကျီချင်းရန်ထံမှ ဖုန်းဆက်လာခဲ့၏။
“ ဒေါက်တာလင်း…. နင် အလုပ်တွေအရမ်း ရှုပ်နေတာလား…”
“အင်း... ငါ လုပ်စရာလေးရှိလို့ ဒီနေ့ ဆေးရုံမသွားဘူး… တစ်နေ့လုံး အိမ်မှာပဲ…”
“ ဒီတော့ နင် ညနေစာ ဘာစားဖို့ စီစဉ်ထားလဲ”
“ မစဉ်းစားရသေးဘူး…. အပြင်က မှာစားရင် ကောင်းမလားလို့…”
“ အပြင်စာတွေက ဘယ်လိုလုပ်ပြီး အာဟာရဖြစ်မှာ… ငါနင့်ကို ချက်ပေးမယ်လေ…. နင်ဘာစားချင်လဲ…”
“ မင်းချက်မယ်ဆိုရင်တော့ ငါဘာမှ မတောင်းဆိုပါဘူး… အကုန်လုံးက အရမ်း… အရသာရှိနေမှာမို့လို့လေ…”
“ ခစ်ခစ်… နင်အဲ့လိုမျိုး ပြောတော့မယ်ဆိုတာ သိသားပဲ..” ကျီချင်းရယ် ခိုးခိုးခစ်ခစ် ရယ်မောလိုက်ပြီး “ ဒါပေမယ် နင် ငါချက်ကျွေးတာ စားချင်ရင် အရင် ကမ်းလှမ်းမှရမယ်…”
“ အဲ့တာဆိုလည်း ဟော့ဒီကျွန်တော်မျိုးက စီအီးအိုကျီကို အိမ်မှာ ထမင်းလာချက်ပေးဖို့ ဖိတ်မန္တက ပြုပါသတဲ့ခင်ဗျာ…..မဟုတ်ရင်လည်း ဒီက ကျွန်တော်မျိုးကြီး ဆာလောင်လွန်းလို့ သေရတော့မယ်….”
“ ခစ်ခစ်....အိုကေလေ….” ကျီချင်းရန် ပြောလိုက်ပြီး “ နင့်ရေခဲသေတ္တာမှာ ဘာမှ သိပ်မကျန်တော့ဘူးမလား… ငါ စူပါမားကတ်သွားပြီး တစ်ခုခု သွားဝယ်လိုက်မယ်… ပြီးမှ လာခဲ့လိုက်တော့မယ်လေ…”
“ သဘော သဘော….”
နှစ်နာရီကြာပြီးနောက် ကျီချင်းရန် ကျိုကျုံး ဗီလာသို့ ရောက်ရှိလာခဲ့၏။
ဧည့်ခန်းထဲရှိ ပြန့်ကျဲရှုပ်ပွနေသော စာရွက်စာတမ်းများနှင့် ကုတ်စာလုံးများကိုမြင်တော့ လင်းရီမှာ သူမထင်ထားသည်ထက် ပို၍ အလုပ်ရှုပ်နေကြောင်း သတိထားမိလိုက်သည်။
“ လုံလောက်ပြီ… နင်လုပ်စရာရှိတာလုပ်… ချက်တာပြုတ်တာကို ငါလုပ်လိုက်မယ်… “ ကျီချင်းရန် ပြောလိုက်သည်။
“ မင်း အဆင်ပြေမယ် ထင်သာတာ လုပ်လိုက်… ကိုယ့်ကိုယ်ကို ဒုက္ခမခံနဲ့…”
“ အိုက်ယား… ငါလည်း မိန်းမသားတစ်ယောက်ပါနော်…. ဘယ်လိုချက်ရမလဲဆိုတာ သိပါတယ်.. ဘာလို့ လျှာတွေ အရမ်းရှည်နေရတာ…” ကျီချင်းရန် လင်းရီကို မီးဖိုချောင်ထဲမှ တွန်းထုတ်လိုက်ပြီး “ နင်က စားဖို့ပဲစောင့်နေ…”
ကျီချင်းရန်မှာ ကျွမ်းကျင်သည့် စားဖိုမှူး မဟုတ်သောကြောင့် ဟင်းပွဲများ အဆင်သင့်ဖြစ်ရန် တစ်နာရီခွဲလောက် စောင့်ဆိုင်းလိုက်ရလေသည်။
ချက်ထားသည့် ဟင်းလျာများကတော့ ထုံးစံအတိုင်း လင်းရီအကြိုက် ဝက်နံကင်ကြော်ကတော့ မပါမဖြစ်ပင်။ ဘူးသီးနှင့် ပုစွန်ခြောက်စွပ်ပြုတ်၊ သခွားသီး ကြက်ဥခလောက်ကြော်၊ ခေါက်ဆွဲအေးနှင့် အမဲသားစတိတ်ခ်တို့ ပြုလုပ်ထားပေး၏။
ထို အိမ်ချက်ဟင်းလျာများမှာ အပြင်ကော အဆင်ကော အနံ့အရသာပါ ပြီးပြည့်စုံလှလေသည်။
ညစာစားပြီးနောက် ကျီချင်းရန်ကပဲ ပန်းကန်များကို ဆေးကြောရန် တာဝန်ယူလိုက်၏။ လင်းရီကတော့ စားသောက်ပေးရုံမှလွဲ၍ ဘာမျှ ပြုလုပ်နေစရာ မလိုအပ်ချေ။
ညသန်းခေါင်သို့ ရောက်နေပြီး ဖြစ်သော်လည်း လမ်းမီးတိုင်များမှာ လင်းထိန်နေဆဲဖြစ်၏။ ရောင်စုံ နီယွန် မီးအလင်းရောင်များက လှုပ်ရှားသက်ဝင်နေသည့် မြို့၏ညကို အလင်းရောင်ပေးထားလေသည်။
စာကြည့်ခန်းထဲတွင်တော့ ကွန်ပျူတာစခရင် မီးအလင်းရောင်များမှာ လင်းရီမျက်နှာပေါ်သို့ ဖြာကျနေပြီး သူ၏ လေးနက်နေသည့် အမူအရာကို အထင်သား ပေါ်လွင်နေစေသည်။
ကျီချင်းရန်ကတော့ သူမ၏ ပိုးထည် ညအိပ်ဝတ်စုံကို လဲပြုထားပြီး စာကြည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ခြေဗလာဖြင့် လဲလျောင်းနေလေသည်။ သူမလက်ထဲတွင်တော့ အစီရင်ခံစာ တစ်ခုကို ကိုင်ထားပြီး ထိုသို့ လဲလျောင်းရင်း စာဖတ်နေဟန်မှာ ကျော်ကြားသည့် ပန်းချီဆရာတစ်ဦး၏ လက်ရာမြောက်သည့် ပန်းချီကားလေးအလားအင်မတန် လှုပ်ရှားသက်ဝင်နေခဲ့၏။ သူတို့နှစ်ဦး၏ ငြိမ်ဆိတ်နေမှုကို မည်သည့်ပြင်ပ ပရောဂကမျှ နှောင့်ယှက်နေခြင်းမရှိခဲ့ချေ။ မည်သူကမျှ စကားတစ်ခွန်းမဆိုကြသော်လည်း တစ်ဦး၏ တည်ရှိမှုကို တစ်ဦးက ခံစားနေနိုင်လေသည်။ သူတို့ အတွက်တော့ ယခုနေရာမှာ နွေးထွေးသည့် အိမ်ကလေးပမာပင်။ ဗီလာမှာ ကျယ်ဝန်းလှသော်လည်း စာကြည့်ခန်းကတော့ အလွန်အမင်း နွေးထွေးနေခဲ့၏။