မူလတန်းကလေး ပတ်တဲ့ လက်ပတ်နာရီ
Vol. 34 Ch. 501
၀န်ရှူ သူတို့ကို Mercedes Benz 4S စတိုးဆိုင်ထံ လိုက်ပို့ပေးလိုက်၏။
"မစ္စတာလင်း... ကျွန်မက ကားအကြောင်း သိပ်မသိတော့ ဘာမှ ကူညီပေးနိုင်မှာ မဟုတ်ဘူးနော်...."
"အဆင်ပြေပါတယ်.... ကျုပ်တို့လည်း ဒီတိုင်း လိုက်ကြည့်ပြီး ကြိုက်တာတွေ့ရင် ယူလိုက်မှာ...."
သို့နှင့် လင်းရီနှင့် လီချူးဟန်တို့ 4S စတိုင်းဆိုင်အနှံ့ လျှောက်ပတ်ကြည့်ကြသည်။ ၀န်ရှူးကတော့ ဘေးအပြင်ဘက်ရှိ နားနေသည့် နေရာတွင် ထိုင်နေပြီး ဝီချက်မှတစ်ဆင့် သူမ၏ BFFနှင့် စာပို့နေလေသည်။
၀န်ရှူး :"ရန်ရန်... ငါနင့်ကို မနေ့က ပြောပြတဲ့တစ်ယောက်လေ မှတ်မိသေးလား...."
BFF :"ဘယ်တစ်ယောက်လဲ... နင်မနေ့က ငါ့ကို သုံးယောက်တောင် ပြောပြခဲ့တာလေ... ငါ သေချာလေး တွက်ချက်ကြည့်ပြီးသွားပြီ... အဲ့ဒီ ထုတ်ကုန် မန်နေဂျာက အတော်လေး မဆိုးဘူး... သူ့ရဲ့ ရာထူးအဆင့်အတန်းနဲ့ဆိုရင် တစ်နှစ်၀င်ငွေက အနည်းဆုံး ယွမ် ငါးသိန်းလောက်တော့ ရှိတယ်... ပြီးတော့လည်း ရန်ချိန် မြို့ခံဆိုတော့ အိမ်လည်းရှိ ကားလည်းရှိ... သူ့အနေအထားက တကယ်ကြီး မဆိုးဘူးဟ...."
၀န်ရှူး :"အဲ့တစ်ယောက်မဟုတ်ဘူးလေ... ငါနင့်ကို နောက်ဆုံးပြောပြခဲ့တဲ့ တတိယတစ်ယောက်... ဟို..သူ့ရဲ့ ပိုက်ဆံတွေ အကုန်လုံးကို လှူဒါန်းပစ်ပြီးတော့မှ ရှာရီစီးနေတဲ့ တစ်ယောက်ကို ပြောတာ....."
BFF : "သူလား... သူ့ကိုတော့ ဒီတိုင်း ကျော်သွားလိုက်စမ်းပါအေ... နာမည်ကြီးကျောင်းကနေ ဘွဲ့ရပြီးတော့ အနာဂတ်မှာ သေချာပေါက် ၀င်ငွေ ကောင်းမယ်ဆိုရင်တောင်မှ သူ့လိုမျိုး ဦးနှောက် ပုံမှန်ဟုတ်တဲ့သူကို နင်ထည့်တောင် မစဉ်းစားသင့်ဘူး....နောင်ကျရင်လည်း သူစုဆောင်းထားသမျှ မလှူပစ်ပါဘူးလို့ ဘယ်သူ ပြောနိုင်လို့လဲ.... ကောင်မ....နင် စဉ်းတောင် မစဉ်းနဲ့နော်...."
၀န်ရှူး :"အေးပါ....ဒါပေမယ့် နင်သိလား... သူ ဒီနေ့ ရန်ချိန်ကို ရောက်လာတယ်... ငါကလည်း သူ့ကို သွားကြိုပေးရတာ...ခု လေယာဉ်ပေါ်က ဆင်းဆင်းခြင်းပဲ Mercedes Benz 4S စတိုးဆိုင်ကို တန်းသွားပြီး ကား၀ယ်နေတယ်ရော..."
BFF :"ဟမ်... ဘာတွေ ဖြစ်နေတာလဲ... လေယာဉ်ပေါ်က ဆင်းဆင်းချင်း သူက ကား၀ယ်နေတယ်.... "
၀န်ရှူး :"အမှန်ပဲ... ငါတို့ခု ဆိုင်မှာ... သူတို့က ကားမရှိတော့ သွားရလာရ အဆင်မပြေဘူး ဆိုပြီးတော့ အဲ့ဒီအဓိပ္ပာယ်နဲ့ ၀ယ်နေကြတာ...."
ထိုသို့ ပြောရင်း သူမ လင်းရီတို့ ကားလိုက်ကြည့်နေသည်ကို ဓာတ်ပုံရိုက်လိုက်ပြီး BFF ထံပို့ကာ သူမစကားများ မှန်ကန်ကြောင်း သက်သေပြလိုက်၏။
BFF :"ဒီတိုင်း ကားတစ်စီးလေးတည်းပါဟယ်.. ဘာမှ အထင်ကြီး မနေနဲ့.....သူ့ပိုက်ဆံတွေ အကုန်လုံး လှူပစ်လိုက်တယ်ဆိုရင်တောင်မှ သူ့လက်ထဲမှာ တစ်ပြားမှ မကျန်တော့ဘူးဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ... ဟိုဟိုဒီဒီ သွားဖို့ ကား၀ယ်တယ်ဆိုတာ သာမန်ပဲ....."
၀န်ရှူး :"အဲ့ဒါဆို သူ့မှာ ပိုက်ဆံတွေ ရှိသေးတယ်ဆိုတဲ့ သဘောပဲ မလား...."
BFF :" မမလေး .... Mercedesလေးတစ်စီး ၀ယ်နိုင်လိုက်တာနဲ့ ချမ်းသာသွားပြီလို့ နင်ထင်နေတာလား.... နဲနဲလေး အမြင်ကျယ်စမ်းပါအေ... တောသားငတုံးလို လုပ်မနေစမ်းနဲ့...."
၀န်ရှူး :"မဟုတ်ပါဘူး....ငါက ဂွင်ကောင်းကို လက်လွှတ်လိုက်ရမှာ ဆိုးလို့ပါဟ.... ဘာပဲဆိုဆို သူက မီလီယမ်နဲ့ ချီပြီး လှူဒါန်းထားတဲ့သူလေ..."
BFF "ကောင်းပြီလေ.. နင့်စိတ် မတင်မကျ ဖြစ်နေတယ်ဆိုရင်လည်း သူက သူဌေး ဟုတ်မဟုတ် ဆုံးဖြတ်တဲ့ နည်းလမ်းကို ငါပြောပြမယ်...."
၀န်ရှူ :" ဘယ်လိုမျိုးလဲ....."
BFF :"အမျိုးသားတစ်ယောက် လက်ပတ်နာရီအကောင်းစား၀တ်တာက မိန်းမတစ်ယောက် စိန်အဆင်တန်ဆာ ဆင်မြန်းတာနဲ့ အတူတူပဲ... သူက တန်ကြေး ဘယ်လောက်မှ မရှိတဲ့ ကားမောင်းတယ်ဆိုရင်တောင်မှ သူ့လက်ပတ်နာရီကို ကြည့်လိုက်တာနဲ့ နင်သိလိမ့်မယ်... အောင်မြင်နေတဲ့ အမျိုးသားတိုင်းမှာ သူတို့အဆင့်အတန်းနဲ့ လိုက်ဖက်ညီတဲ့ နာရီတစ်လုံးစီတော့ ရှိကြတာပဲ... နင် ကြည့်ကြည့်ရင် အမှန်တရားကို မြင်နိုင်လိမ့်မယ်..... "
၀န်ရှူး ယမန်နေ့က မှတ်ဉာဏ်များကို အကောင်းဆုံး ပြန်လည်ပုံဖော်ကြည့်လိုက်သောအခါ လင်းရီလက်တွင် နာရီ မ၀တ်ဆင်ထားကြောင်း သတိထားမိလိုက်၏။
ထိုအကြောင်း စဉ်းစားရင်း ၀န်ရှူး သူမခေါင်းကို အနည်းငယ်ငဲ့စောင်း၍ ကားများ လှည့်ပတ်ကြည့်နေသည့် လင်းရီကို ကြည့်လိုက်သောအခါ သူ၏ လက်ကောက်၀တ်တွင် နာရီတစ်လုံး ရှိနေကြောင်း မြင်တွေ့လိုက်ရသည်။ သို့သော်လည်း အနက်ရောင် ဖြစ်နေ၍ မည်သည့် ဘရန်းဖြစ်ကြောင်းကိုတော့ မပြောပြတတ်ချေ။
၀န်ရှူး :"သူ နာရီ၀တ်ထားတာတော့ မြင်တယ်... ဒါပေမယ့် ဘာဘရန်းလဲတော့ ငါလည်း မပြောတတ်ဘူး...."
BFF :"နာရီရဲ့ပုံစံကို အကြမ်းဖျင်းပြောပြလေ... ငါ က နာရီအကောင်းစားတွေ အများကြီး မြင်ဖူးတော့ တန်ဖိုးကြီး နာရီတွေက ဘယ်လို အနေအထား ရှိလဲဆိုတာ ရင်းနှီးပြီးသား... "
၀န်ရှူး : "သေချာတော့ မမြင်ရဘူး.... နာရီက အမည်းရောင်ဆိုပေမယ့် နာရီဒိုင်ခွက်ကတော့ အတော်လေးကို အရောင်စုံတယ်...ပြီးတော့ ရှုပ်ယှက်လည်း ခက်နေတာပဲ... ရိုးရှင်းတဲ့ပုံတော့ မပေါ်ဘူး... လက်ပတ်ကြိုးက ရာဘာနဲ့ လုပ်ထားတာ...."
BFF :"ဘာကြီး....လက်ပတ်ကြိုးကို ရာဘာနဲ့ လုပ်ထားတယ်.. ဂျူနီယာအထက်တန်း တက်နေတဲ့ ငါ့တူလေးတောင် ရာဘာလက်ပတ်ကြိုးပါတဲ့ နာရီ၀ယ်ပေးရင် မပတ်တော့ဘူး... အဲ့လိုနာရီမျိုးက အရမ်း အဆင့်နိမ့်လွန်းတယ်... သူ တကယ်ကြီး အဲ့လိုနာရီမျိုး ပတ်ထားတယ်ပေါ့လေ... ငါဖြင့် ယုံတောင် မယုံနိုင်ဘူး... တစ်ချက်ကြည့်လိုက်တာနဲ့ သူက ခေါင်းမာပြီးတော့ ငါတို့နဲ့ အဆင့်အတန်းချင်း မတူဘူးဆိုတာ သိသာတယ်...."
၀န်ရှူး :"တန်ကြေးမရှိတာ သေချာလို့လား...."
BFF :"လုံး၀ကို တန်ကြေးမရှိတာ... ငါနင့်ကို ပြောပြမယ် တန်ကြေးအရှိဆုံး နာရီတွေက mechanicalနာရီတွေပဲ... သူတို့ရဲ့ လက်ပတ်ကြိုးတွေကလည်း စတီးချိန်း ဒါမှမဟုတ် သားရေ စစ်စစ်တွေနဲ့ပဲ လုပ်ထားတာ... ရာဘာကြိုးနဲ့ လုပ်ထားတယ်ဆိုတာ မရှိဘူး... ပြီးတော့ ဈေးကြီးတဲ့ နာရီတွေရဲ့ဒိုင်ခွက်ကလည်း လုံး၀ကို ရိုးရှင်းနေပြီးတော့ ကွဲပြားတဲ့ ဝိသေသ လက္ခဏာတွေ ရှိတယ်... သူ၀တ်ထားတဲ့ နာရီပုံစံဆိုရင် မူလတန်းကလေး ပတ်တဲ့ နာရီအဆင့်လောက်ပဲရှိမှာ... "
၀န်ရှူး :" ငါလည်း တော်တော်လေးကို သာမန်ဆန်တယ်လို့ ထင်တာပဲ... ငါ့ကောင်လေး ဝယ်ထားတဲ့ ယွမ်တစ်သောင်းတန် နာရီတောင်မှ ခု သူ၀တ်ထားတာထက် ပိုပြီး ကြည့်ကောင်းနေသေးတယ်..."
BFF :"ဒါကြောင့်မို့ ငါအကြံပေးတာကို နားထောင်စမ်းပါလို့...... သူက ရုပ်ချောတာနဲ့ပဲ နင် မကျရှုံးလိုက်ရဘူးနော်... ပိုက်ဆံ မရှိရင် ဘာမှ အသုံးမ၀င်ဘူး...နင် ဟိုရဲ့ ထုတ်ကုန် မန်နေဂျာကိုပဲ အာရုံစိုက်ထားစမ်းပါဟယ်.... "
၀န်ရှူး :"အပိုတွေ လျှောက်မပြောနဲ့... ငါနဲ့ ထုတ်ကုန် မန်နေဂျာက ရိုးရိုးသားသား ခင်တာ... ပြီးတော့ ငါ့မှာ ကောင်လေးလည်း ရှိပြီးသား...."
BFF :" ကျွတ်.. နင့်မှာ ကောင်လေးရှိတယ်ဆိုရင်လည်း ဘာလို့ သူများနဲ့ နောက်လ ဘန်ကောက် သွားဖို့ ချိန်းလိုက်တာ....လုံး၀ကို အလိမ်အညာပဲ... "
သူမ သူငယ်ချင်း၏ ကဲ့ရဲ့မှုဒဏ်မှ ကင်းလွတ်စေရန် ၀န်ရှူး ဆက်လက် ရီပလိုင်း မပြန်တော့ပဲ ဘန်ကောက်ရှိ ရာသီဥတု အခြေအနေကို လေ့လာနေလိုက်တော့၏။
အကယ်၍ မိုးရွာနိုင်သည်ဆိုပါက သူမတို့ သွားမည့်နေ့ကို ရွေ့ဆိုင်းရပေမည်။
"လူကြီးမင်းတို့... ဒီဘက်ကြွပါရှင့်..."
ဝန်ရှူး ရာသီဥတုအခြေအနေများကို စစ်ဆေးကြည့်နေတုန်း 4S စတိုးဆိုင်၏ အရောင်းသမလေးမှာ လင်းရီတို့နှင့်အတူ ရောက်လာကြောင်း မြင်တွေ့လိုက်ရ၏။
“ မစ္စတာလင်းက အနီရောင် G63 ကို ယူမယ်ဆိုတာ သေချာပြီလားရှင်….”
“ အင်း …” လင်းရီ ခေါင်းညိမ့်လိုက်သည်။
“ ကျွန်မတို့စီမှာ တစ်စီးရှိတယ်ဆိုပေမယ့် အနီရောင် model က ယွမ် တစ်သိန်းပိုများတယ်လို့ ကြိုပြီး သတိပေးပါရစေ….”
မလိုလားအပ်သည့် ဒရာမာများကို ရှောင်ရှားရန်အတွက် အရောင်းသမလေးမှာ ဈေးနှုန်းကို ကြိုတင်တိုးမြင့်၍ ဖော်ပြလိုက်လေသည်။
“ ကောင်းပြီလေ… ငါလည်း G63 ရဲ့ ဈေးကွက်တန်ဖိုးကို နားလည်တယ်… ငါ့ကို အဆင့်မြင့်ဆုံး Model ဆို ဘယ်လောက်ကျမလဲ ဆိုတာကိုပဲ တစ်ချက်တွက်ပေး…”
“ ကျွန်မ တွက်ချက်ကြည့်ပြီးသွားပြီ… အနီရောင် G63 အဆင့်မြင့် Model က AMG sports kit တွေနဲ့ဆိုရင် ကားရဲ့တန်ဖိုးက 2.79 မီလီယမ် ကျသင့်ပါမယ်…. အာမခံကြေးနဲ့ အခွန်ခတွေပါ ထပ်ပေါင်းလိုက်မယ်ဆိုရင်တော့ အပြီးအစီး 3.05 မီလီယမ်ပါရှင့်….”
“ ကောင်းပြီလေ… ကျုပ်ကတ်ကို ဖြတ်လိုက်…”
ကား၏ တန်ဖိုးကို ကြားတော့ ဝန်ရှူး ရှော့ခ်ရလွန်း၍ ဖုန်းပင်လွှတ်ချလုမတတ် ဖြစ်သွားခဲ့၏။
“ G class က အဲ့လောက်တောင် တန်ဖိုးကြီးတယ်လားဟ…. ငါထင်နေတာ တစ်မီလီယမ်လောက်ပဲ ရှိတယ်ထင်နေတာ….”
“ မစ်…. အဲ့ဒီ လူကြီးမင်း ဝယ်လိုက်တာက G63လေ…. G500 မှ မဟုတ်တာ…. ဈေးနှုန်းအရဆိုရင်တော့ အဲ့တာက နှစ်မီယမ် ဈေးပိုများတယ်….”
ဝန်ရူး ခေါင်းမူးနောက်သွားခဲ့ပြီး တိတ်ဆိတ်သွားတော့၏။
သူက ပိုက်ဆံ မရှိတော့ဘူး မဟုတ်လား… ဘယ်လိုလုပ်ပြီး သုံးမီလီယမ်ကျော်တဲ့ ကားကြီး ဝယ်နိုင်နေရတာလဲ…..
မဟုတ်မှလွဲရော သူ အစိုးရရန်ပုံငွေတွေနဲ့ ဝယ်နေတာများလား… ဒါပေမယ့် ရန်ပုံငွေကလည်း ငါးမီလီယမ်တည်းလေ…. အဲ့ဒါကို မျက်တောင်တစ်ခတ်အတွင်း သုံးမီလီယမ်ကျော်ကြီး သုံးချထည့်လိုက်တာကတော့ လွန်လွန်းသွားပြီ….
ငါ အတွင်းရေးမှူးဝူကို သတင်းပေးသင့်လား….
ထိုအကြောင်းစဉ်းစားရင်း ဝန်ရူး မတ်တပ်ရပ်ကာ ယဉ်ကျေးသည့် လေသံဖြင့် “ ဟိုလေ မစ္စတာလင်း…. ကျွန်မ သန့်စင်ခန်း ခဏသွားလိုက်ဦးမယ်နော်…”
“ အင်း သွားလေ…”
ပြောပြီးနောက် ဝန်ရှူး ထောင့်တစ်နေရာသို့ သွားကာ ဝူကျောင်းယို၏ ဖုန်းနံပါတ်ကို ဆက်သွယ်လိုက်သည်။
“ မစ္စတာလင်းကို ကြိုခဲ့ပြီးပြီလား… အဆင်ကော ပြေရဲ့လား…” ဝူကျောင်းယို မေးမြန်းလိုက်၏။
“ အတွင်းရေးမှူးဝူ… ကျွန်မ ရှင့်ကို ပြောစရာတစ်ခုရှိတယ်….” ဝန်ရှူး အပိုစကားတို့ မပြောဘဲ အဓိကအချက်ကို တန်းသွားလိုက်သည်။ သို့မှသာ အချိန်မှီ ပိုက်ဆံ ပြန်တောင်း၍ရပေမည်။
“ ဘာလဲ…. တစ်ခု မှားမှားနေလို့လား…”
“ မစ္စတာလင်းက ခုလေးတင် အစိုးရရန်ပုံငွေနဲ့ ယွမ် သုံးသန်းကျော်တန် ကားတစ်စီး ဝယ်ပစ်လိုက်ပြီ…..”
“ မင်း နောက်နေတာလား…”
“ကျွန်မလည်း နည်းနည်း လွန်တယ်လို့ ထင်တာပဲ…. ရန်ပုံငွေတွေက လမ်းတံတား ပြုပြင်ဖို့လေ… ခု သူ့အိတ်ကပ်ထဲထည့်ပစ်လိုက်ပြီဆိုတော့ ကျွန်မတို့ လူကဲခတ်မှားသွားပြီ ထင်တာပဲ…….”
“ မင်းနောက်နေတာလားလို့ပဲ ငါနောက်တစ်ကြိမ် ထပ်မေးလိုက်မယ်…” ဝူကျောင်းယိုပြောလိုက်ပြီး “ ရန်ပုံငွေ ငါးမီလီယမ်က မြို့ရန်ပုံငွေဌာနမှာပဲ ရှိသေးတယ်ကွ… မလွှဲပေးရသေးဘူး…အဲ့တာကို သူက ဘယ်လိုလုပ်သုံးနိုင်မှာ…. မင်းက ဘယ်လို သတင်းထောက်တုန်းဟ…. ဘာလို့ မဟုတ်မမှန်တာတွေ လျှောက်ပြောနေတာ…”