← Chapters

အရိပ်အမြွက်ပေးလာတဲ့ ၀န်ရှူး

Vol. 34 Ch. 502

အရိပ်အမြွက်ပေးလာတဲ့ ၀န်ရှူး

Vol. 34 Ch. 502

၎င်းကိုကြားတော့ ၀န်ရှူး အံ့အားသင့်သွားခဲ့သည်။

သူမ နားကြား မှားလေသလောဟုတောင် ထင်ယောင်ထင်မှား ဖြစ်သွားခဲ့၏။

သူ ကား၀ယ်လိုက်တဲ့ ပိုက်ဆံတွေက မြို့ရန်ပုံငွေ မဟုတ်ဘူးဆိုတော့ သူ့ကိုယ်ပိုင် ပိုက်ဆံတွေပေါ့နော်....

ဒါ...ဒါပေမယ့် သူက သုံးမီလီယမ်ကျော်တန် ကားကြီးကို ဘာမှမဟုတ်တဲ့အတိုင်း ၀ယ်ပစ်လိုက်တာလေ... သူ့ပိုက်‌ဆံအိတ်ကို ရွှေကွပ်ထားတာများလား....

မဟုတ်မှလွဲရော သူမနေ့က အင်တာဗျူးမှာ ပြောခဲ့သမျှက အကုန်လုံး အလိမ်အညာတွေချည်းလား...

ပီပြင်အောင်လို့ မူလတန်းကလေး နာရီတောင် ၀တ်ပြထားသေးတယ်ပေါ့လေ....

"ဟေ့... မင်းငါပြောနေတာကို နားထောင်နေသေးလား...."ဝူ‌ကျောင်းယို မေးလာခဲ့၏။

"ဟုတ် ဟုတ် .. နားထောင်နေပါတယ်...."

"သောက်ရေးမပါတာတွေ စဉ်းစားမနေနဲ့... မင်း မစ္စတာလင်းကိုသာ ကောင်းကောင်းမွန်မွန်ဆက်ဆံ...."

"ဟုတ်ကဲ့ နားလည်ပါပြီ..."

ထို့နောက် ဝူကျောင်းယို၏ ဖုန်းကို ချလိုက်ပြီး လင်းရီတို့ထံ လှမ်းသွားလိုက်၏။

တစ်ချိန်တည်းတွင် အရောင်းသမလေးလည်း စာချုပ်စာတမ်းများ ယူလာခဲ့လေသည်။ သို့သော်လည်း လင်းရီ စာချုပ်ကို လီချူးဟန်ထံ ကမ်းပေးလိုက်၏။

"လက်မှတ်ထိုးလိုက်...."

"ဟင် ငါ လက်မှတ်ထိုးရမှာလား...."

"ဒါပေါ့... မင်းအတွက် ၀ယ်လိုက်တာလေ.. Type R ကြီးပဲ မောင်းမနေနဲ့... တစ်ခါတစ်လေလည်း ပုံစံပြောင်းဦး.... "လင်းရီ ပြောလိုက်ပြီး "ပြီးတော့ ဒါက အရမ်းလည်း အမြင်မဖမ်းစားဘူး... အလုပ်မောင်းလာလို့ရတယ်...."

လင်းရီ၏ စကားလုံးများက ၀န်ရှူးကို မေးရိုးကြီးများ တစ်ဖန် ပြုတ်ကျသွားစေသည်။

သူက သုံးမီလီယမ်ကျော်တန် ကားကြီးကို သူ့ကောင်မလေးအတွက် ၀ယ်ပေးလိုက်တယ်...

သူ့မှာ ပိုက်ဆံတွေ အဲ့လောက် ပေါသောနေရင်တောင်မှ ဒီလိုကြီးတော့ မဖြုန်းတီးသင့်ဘူးလေ...

"ဒီကားက အရမ်း ဈေးကြီးလွန်းတယ်... ငါ လက်မခံနိုင်ဘူး..."လီချူးဟန် ပြောလိုက်ပြီး "ပြီးတော့ နင်က အများကြီးလည်း ကူညီပေးထားသေးတယ်လေ... နင့်နားကနေပဲ ယူနေလို့ ဘယ်ဖြစ်မှာ ဟုတ်တယ်မလား...."

"အပိုတွေ မပြောနဲ့... မြန်မြန် လက်မှတ်ထိုးလိုက်တော့... ငါတို့ ခဏနေကျရင် တခြားလုပ်စရာတွေ ကျန်နေသေးတယ်...."လင်းရီ မာထန်သည့် လေသံဖြင့် ပြောလိုက်သည်။

လင်းရီ၏ အေးစက်သည့် မျက်နှာထားကိုမြင်တော့ လီချူးဟန် အထိတ်ထိတ်အပျာပျာ ဖြစ်သွားခဲ့ပြီး လင်းရီ စိတ်မပျော်ရွှင် ဖြစ်မှာကိုစိုး၍ ဖောင်တိန်ကို ကိုင်ကာ သူမနာမည်ကို လက်မှတ်ထိုးလိုက်သည်။

လီချူးဟန် သူမနာမည် လက်မှတ်ထိုးနေသည်ကိုမြင်တော့ ၀န်ရှူး နှလုံးသွေးတို့ ယိုစီးကျနေသလို ခံစားလိုက်ရသည်။

သူ့ကောင်မလေးကို အမ်းလိုက်တာကြီးက မများလွန်းဘူးလား...

သူမ အသက်ရှင်လာသည့် သက်တမ်းတစ်လျှောက် ယွမ်သုံးသန်းတန်ကားကို မဆိုထားဘိ ယွမ်သုံးသိန်းတန်ကားပင် လက်ဆောင်မရဖူးခဲ့ချေ။

လီချူးဟန် လက်မှတ်ထိုးပြီးသွားတာကို မြင်တော့ အရောင်းသမလေးမှာ ပြုံးလိုက်ပြီး ရိုကျိုးသည့် လေသံဖြင့် "ဆာ .. မစ်... ဒီဘက်ကို ကြွပါရှင့်... ကားယူဖို့ ကားပါကင်ကို ခေါ်သွားပေးပါ့မယ်...."

"ကောင်းပြီ... လမ်းပြပါ...."

ကား၀ယ်ပြီးနောက် သုံးယောက်သား အရောင်းသမလေး၏ ဦးဆောင်မှုအောက်တွင် အပြင်သိုပ ထွက်လာခဲ့လေသည်။ သို့သော်လည်း ၀န်ရှူး၏ စိတ်ခံစားချက်များကတော့ ၀င်လာတုန်းကနှင့် တခြားစီ ဖြစ်နေခဲ့၏။ သူမ ယခုလေးတင် ရိုလာကိုစတာ စီးပြီး ထွက်လာသကဲ့သို့ မူးနောက်နောက် ဖြစ်နေလေသည်။ ယခုတိုင် သူမ၏ နဂို ကြည်လင်သည့် အသိစိတ်ကို ပြန်မရရှိသေးချေ။

"အဲ့ဒီလူက အရမ်းချမ်းသာတာပဲနော်... သူ့ကောင်မလေးအတွက် အဆင့်မြင့် G63 ကိုတောင်မှ လက်မတွန့်ပဲ ၀ယ်ပေးလိုက်တယ်... ပြီးတော့ အဲ့တာကလည်း ဈေးအကြီးဆုံး အနီရောင် Model ကြီး...အဲ့အရောင်ရဖို့ဆို အပို ယွမ်တစ်သိန်းပါ ထပ်ပေးရသေးတာ..."ဖြစ်စဉ်တစ်ခုလုံးကို အစအဆုံး မြင်တွေ့လိုက်ရသည့် အရောင်းသမလေးတစ်ဦးမှ အားကျနေသည့် လေသံဖြင့် ပြောလိုက်၏။

"မင်း မပြောခင် အဲ့လူ၀တ်ထားတဲ့ နာရီကိုပဲ တစ်ချက်ရှိုးကြည့်လိုက်ဦး... အဲ့လိုသာဆိုရင် မင်း အံ့ဩတော့မှာ မဟုတ်ဘူး..."အရောင်းသမားမှ ပြောလိုက်သည်။

"သူ့ရဲ့ နာရီ..."အမျိုးသမီးမှ နာရီကို သာမန်ကာလျှံကာ လှမ်းကြည့်လိုက်ပြီး သူမ၏ အတွေးများကို ထုတ်ဖော်လိုက်ကာ "ဒီတိုင်း သာမန် နာရီလေးပဲ မဟုတ်ဘူးလား.. အလွန်ဆုံးပေးရ ယွမ် တစ်ထောင်လောက်ပေါ့...."

"ယွမ်တစ်ထောင်....မင်းတို့ အရောင်းသမ အသစ်လေးတွေက တယ်လည်း အတွေ့ကြုံ နုလှကြသကိုး...."အရောင်းသမားမှ အထင်သေးသည့် လေသံဖြင့် ပြောလိုက်ပြီး "ငါမင်းကို ပြောပြမယ်.. အဲ့ဒီနာရီရဲ့ ဘရန်းက Richard Mille ... ပီတက်ဖီလီပီနဲ့ တစ်တန်းတည်းပဲ... ဈေးအပေါဆုံးကတောင် ယွမ်သုံးသိန်း ပေးရတယ်..... တစ်ချက်ကြည့်လိုက်တာနဲ့ သူက စူပါ သူဌေးကြီးဆိုတာ သိသာနေပြီးသား... ငါတို့လို သာမန်လူတွေက သွားယှဉ်လို့ မရဘူး..."

ထိုစကားဝိုင်းကို ကြားတော့ ၀န်ရှူး ခြေချော်လဲကျလု မတတ် ဖြစ်သွားခဲ့သည်။

"မဒမ်... အဆင်ပြေရဲ့လား... ကျုပ် ခုနလေးတင် ကြမ်းတိုက်ထားတော့ ကြမ်းပြင်က နည်းနည်းတော့ ချောတယ်...."

"အိုး....ရပါတယ် ရပါတယ်...."

၀န်ရှူး သူမ၏ ရှက်ရွံ့နေသည့် အမူအရာကို အလျှင်အမြန် ဖုံးကွယ်လိုက်သည်။ ထို့နောက် ဘာကိုမျှ ဂရုမစိုက်နိုင်တော့ပဲ ဖုန်းကို ထုတ်ကာ Richard Mille အကြောင်း စတင်ရှာဖွေတော့၏။

မကြာမီ လင်းရီနှင့် ပုံစံတူ နာရီတစ်လုံးကို တရား၀င်၀က်ဆိုဒ်တွင် တွေ့လိုက်ရလေသည်။

Richard Mille ၏ ဆယ်နှစ်ပြည့် အထိန်းအမှတ် RM056 နာရီ

တန်ဖိုး : 13.2 မီလီယမ်...

သုည အတန်းလိုက်ကြီးကို မြင်တော့ ၀န်ရှူး ရင်ဘက်ကို နောက်ထပ် မြားအစင်း ငါးဆယ်ခန့် ပစ်စိုက်သွားသည့်အလား ခံစားလိုက်ရတော့၏။

သောက်ကျိုးနည်း ကမ္ဘာကြီးရယ် ...ဒီလို နာရီမျိုးကို တကယ်ကြီး 10 မီလီယမ်ကျော်နဲ့ ရောင်းနေတယ်တဲ့လား...

ရာဘာ လက်ပတ်ကြိုးနှင့် နာရီတစ်လုံးမှာ ထိုမျှ ဈေးကြီးလိမ့်မည်လို့ သူမ အိပ်မက်ထဲပင် ထည့်မမက်ဖူးချေ။

၀န်ရှူး နှလုံးခုန်သံ မြန်ဆန်လာပြီး လင်းရီအနားသို့ တိုးသွား၍ နာရီကို သေချာလေး အကဲခတ်ကြည့်လိုက်သည်။ ယခုအခါတွင်တော့ ထိုနာရီမှာ အတော်လေး မျက်စိပဒါသ ရှိလှပြီး တော်၀င်ဆန်သည့် အရှိန်အဝါတို့ လွှတ်ထုတ်နေသည့်အလားပင်။

ကားစစ်ဆေးသည့် ဖြစ်စဉ်မှာ လျှင်မြန်စွာ ပြီးဆုံးသွားခဲ့ပြီး ပိုက်ဆံချေပြီး အဆုံးတွင်တော့ ကားသော့များနှင့် လိုင်စင်နံပါတ်ပြားများကို လီချူးဟန်ထံ အပ်နှံလိုက်လေသည်။

သူမရှေ့ရှိ Mercedes Benz G ကို မြင်တော့ ၀န်ရှူး လီချူးဟန်ကို အလွန်အမင်း မနာလို ဖြစ်နေတော့၏။

အကယ်၍များ....မောင်းရမယ့်သူသာ သူမဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ...

သေချာပြီ....အစကနေ အဆုံးထိ ဒီလူက သေချာပေါက် လူချမ်းသာပဲ.... ချမ်းသာတာမှ ကျိကျိတက်ကို ချမ်းတာသာ..

ဟွန့်....အဲ့တာကိုတောင်မှ သူ့ကိုယ်သူ ဆင်းရဲပါတယ်လို့ ပြောထွက်တယ်ပေါ့လေ... ဒါ သူမကို လှည့်စားသွားတာပဲ...

"မစ္စတာလင်းက မစ်လီ အပေါ် အရမ်းကောင်းတာပဲနော်... သာမန်လူတွေဆို ဒီလိုကားမျိုး ၀ယ်ဖို့ မတတ်နိုင်ကြဘူး..."၀န်ရှူး အပြုံးလေးဖြင့် ပြောလိုက်ပြီး "ဒါပေမယ့် ဒီနေ့တော့ ကျွန်မရဲ့ ဆန္ဒတွေထဲက တစ်ခု ပြည့်၀သွားတယ်လို့လည်း ဆိုရမယ်... ဘာလို့လဲဆိုတော့ Mercedes Benz G63 ကို မောင်းနိုင်ဖို့က ကျွန်မ တစ်ချိန်လုံး မက်ခဲ့ရတဲ့ အိက်မက်လေ....ခုတော့ ကျွန်မရဲ့ အိပ်မက်ကားလေးကို မြင်တွေ့ခွင့်ရသွားပြီ...."

၀န်ရှူး မသိမသာ အထာပေးလိုက်၏။

"အိပ်မက်တွေ ရှိတာကောင်းပါတယ်.. တစ်နေ့ အိပ်မက်တွေ အကောင်အထည် မပေါ်လာနိုင်ဘူးလို့ ပြောလို့ မရဘူးလေ..."

"မစ္စတာလင်း ပြောတာ အမှန်ပါပဲ... ရှင့်ရဲ့စကားတွေကို နားထောင်လိုက်ရတာက ဆယ်နှစ်တာ စာပေလိုက်စားတာထက်ကို ပိုပြီး အကျိုးရှိလွန်းပါတယ်ရှင်....."

လင်းရီ "?????? "

'ငါဘာပြောလိုက်လို့လဲ...'

'မင်း မမြှောက်ပြော တတ်ရင်လည်း မမြှောက်ပြောနဲ့လေကွာ... ဒါကြီးကတော့ သိသာလွန်းသွားပြီ.....'

၀န်ရှူး တိတ်တဆိတ် နောင်တရမိသွား၏။ တစ်ချိန်တည်းတွင် သူမ လင်းရီ မည်သူလဲဆိုတာကို အကြမ်းဖျင်း နားလည်သွားလေသည်။

လင်းရီ ယမန်နေ့က ပြောခဲ့သည့် စကားလုံးတို့မှာကျိန်းသေပေါက် မုသားများသာ ဖြစ်ပေရမည်။ ထို့သို့ လူကြိုက်များမည့် စကားလုံးများကို တီဗွီပေါ်တွင် ပြသရင်း သူ၏ ပုံရိပ်ကို မြင့်တင့်ချင်နေသည့် ပုံပင်။အကယ်၍ သူမသာ ထိုကိစ္စကို စောသိခဲ့ပါက ယခုလို ပုံစံမျိုး ၀တ်ဆင်လာခဲ့လိမ့်မည် မဟုတ်ချေ။

' သပပဲဟာ...'

သို့သော်လည်း ကိစ္စတော့ မရှိချေ။ သူမက ကြိုဆိုပေးရန် တာ၀န်ယူထားရသောကြောင့် လင်းရီနှင့် နှီးနှောထိတွေ့ရန် အချိန်အများကြီး ကျန်နေသေးလေသည်။ လင်းရီ၏ စိတ်ထဲတွင် သူမ၏ ပုံရိပ်ကောင်းတစ်ချို့ ချန်ထားနိုင်ရန်သာ တိတ်တဆိတ် မျှော်လင့်နေမိတော့၏။

"ကောင်းပြီ.. သွားစို့... ငါတို့ ခဏနေကျရင် လုပ်စရာတွေ အများကြီး ရှိသေးတယ်...."

လီချူးဟန် ခေါင်းညိမ့်လိုက်၏။ သို့သော်လည်း လင်းရီမှ ခရီးသည်ထိုင်ခုံဘက်သို့ ၀င်ထိုင်လိုက်သောအခါ "ငါ မောင်းရမှာလား..."

"ဒါပေါ့ကွ... ငါ၀ယ်ပေးထားတဲ့ကားကို မင်းသေချာပေါက် မောင်းကြည့်ရမယ်လေ... AMG sports style စစ်စစ်နော်... အပ်ချုပ်သမားက ကိုယ်တိုင်း ချုပ်ထားပေးသလိုမျိုး ခံစားသွားစေရမယ်...."

"အွန်း... အဲ့တာဆိုလည်း မောင်းကြည့်ကြည့်မယ်..."လီချူးဟန် သဘောတူလိုက်သည်။ သူမလည်း ကားအသစ်ကို မောင်းကြည့်ရန် စိတ်အားထက်သန်နေလေသည်။

၀န်ရှူး ယခုလောလောဆယ် လီချူးဟန်ကို မယှဉ်နိုင်သေးကြောင်း နားလည်သောကြောင့် နာခံစွာဖြင့် နောက်ခုံတွင် ထိုင်ရန် ဟန်ပြင်လိုက်သည်။

သူမတွင် အခွင့်အရေးတို့ များစွာ ကျန်ရှိနေသေးလေသည်။ အစီအစဉ်တို့ သေချာလေး ရေးဆွဲပြီးမှ ပရော်ဖက်ရှင်နယ်ကျကျ စနိုက်ကြော်သည်က ပိုကောင်းသည်။ ယင်းကလည်း သိုက်တူးမတို့၏ ရွှေရောင် စည်းမျဉ်းတစ်ခုဖြစ်၏။ ထိုသို့ဆုံးဖြတ်ပြီးနောက် ၀န်ရှူး ကားတံခါးဖွင့်၍ အထဲ၌ ၀င်ထိုင်ရန် ဟန်ပြင်လိုက်သောအခါ "မိန်းကလေးရှူး.. မင်း ‌ဆက်လိုက်စရာမလိုတော့ဘူး... အတော်ပဲ မင်းရဲ့ကားလည်း ဒီရောက်နေပြီးသားဆိုတော့ ဒီမှာပဲ လမ်းခွဲလိုက်ကြတာပေါ့..."

"အမ်....."

၀န်ရှူး တံခါးဖွင့်ရင်းတန်းလန်း ကိုးရို့ကားယား ဖြစ်သွားခဲ့ပြီး "ကျွန်မ သဘောပေါက်ပါတယ်.. ကားတံခါးက သေချာ မပိတ်ထားလို့ ကူပြီး ပိတ်ပေးမလို့ပါ..."

"အိုကေ ကျေးဇူးပဲ...."

တစ်ချိန်တည်းတွင် လီချူးဟန်လည်း ကားကို စက်နှိုးလိုက်၏။ ကားအသစ်ဖြစ်နေသောကြောင့် သူမနှင့် အနည်းငယ် မရင်းနှီးသလို ဖြစ်ကာ မောင်းရသည့် ခံစားချက်ကတော့ အတော်လေးကို ကောင်းမွန်နေလေသည်။

လင်းရီ ဘေးတွင် တိတ်တဆိတ်ထိုင်နေရင်း လီချူးဟန်ကို ငေးမောနေကာ သူမ၏ လက်တစ်ဖက်ဖြင့် ကားမောင်းနေသည့် စတိုင်မှာ လွန်စွာ မိမိုက်လှကြောင်းကိုတော့ ၀န်ခံရပေမည်။

သို့သော်လည်း မိမိုက်ရုံမျှနှင့်တော့ မလုံလောက်သေးချေ။ တစ်စုံတစ်ယောက်၏ ပိုင်ဆိုင်မှုကလည်း ကြွယ်၀ရဦးပေမည်။ သို့မှသာ လုံလောက်စွာ မိမိုက်နိုင်စွမ်း ရှိမည်ဖြစ်၏။

လင်းရီတို့ အနီးရှိ ဓာတ်ဆီဆိုင်တွင် ဆီအပြည့်ဖြည့်ပြီးနောက် လီချူးဟန်မှ

"ငါတို့ခု ဘယ်လဲ သွားကြမှာ..."

"လန်ထျန်း မိဘမဲ့ဂေဟာ... ငါ လမ်းညွှန်ပေးမယ်... မင်းအဲ့ဒီ အတိုင်းသာ မောင်းသွားလိုက်...."

"ဘာလို့ မိဘမဲ့ဂေဟာလဲ..."လီချူးဟန် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူမ လင်းရီ ထိုနေရာမျိုးသို့ သွားလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။

"အဲ့ဒီနေရာက ငါ့ရဲ့အိမ်လေ..."

"ဟင်.....”

All Chapters