ငါက ကျီချင်းရန် ဘက်ကလေ
Vol. 34 Ch. 503
လင်းရီ၏ ဇစ်မြစ်ကို သိရှိသွားပြီးနောက် လီချူးဟန်၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားခဲ့သည်။
လင်းရီတွင် ထိုကဲ့သို့ နောက်ခံရှိနေလိမ့်မည်လို့ သူမ ထင်မှတ်မထားခဲ့ချေ။
"အံ့ဩသွားလား..."လင်းရီ အပြုံးကြီးကြီး ပြုံးလိုက်ပြီး "ထူးတော့ မထူးဆန်းပါဘူး.. ကမ္ဘာပေါ်မှာ မိဘမဲ့ကလေးတွေ အများကြီး ရှိနေတာပဲ မဟုတ်ဘူးလား... ငါ့လိုလူ တစ်ယောက်လောက် ပိုသွားတော့ကော ဘာပြောင်းလဲသွားမှာမို့လို့...."
လီချူးဟန်ကို အံ့အားသင့်သွားစေသည်က သူ၏ ဇစ်မြစ်ကြောင့် မဟုတ်ပဲ ထိုသို့ နောက်ခံရှိသည်ကို ရယ်မောပျော်ရွှင်စွာဖြင့် ဘ၀ကို ဖြတ်သန်းနေနိုင်သောကြောင့်ပင်။
"နင် ဘယ်အရွယ်လောက်လေးကတည်းက မိဘမဲ့ဂေဟာကို ရောက်သွားတာ..."လီချူးဟန် မေးမြန်းလိုက်၏။
"ဘယ်တုန်းကလဲ ဆိုတာတော့ ငါလည်း မသိဘူး..."လင်းရီ ပြောလိုက်ပြီး "ငါ ဂေဟာ ရောက်ပါပြီ ဆိုကတည်းက မေမေ၀မ်ကလည်း ငါ့ကို အဲ့အကြောင်း တစ်ခွန်းမှ မဟဖူးဘူး... ဒါပေမယ့် ငါ့အဖေ အမူးလွန်ပြီးတော့ အဲ့အကြောင်း နည်းနည်းပြောဖူးတယ်... ငါ့အထင် ငါအပို့ခံလိုက်ရတော့ လသားအရွယ်လောက်တော့ ရှိပြီ ထင်တာပဲ...."
"အဲ့တာဆို နင် ဂေဟာမှာ နေရတာ ပျော်ကော ပျော်ရဲ့လား..."လီချူးဟန် လေးနက်စွာ မေးမြန်းလိုက်ပြီး "ငါကြားတာတော့ နိုင်ငံထဲမှာ မိဘမဲ့ဂေဟာတွေ တော်တော်များများ ရှိတယ်... အဲ့ဒီက ကလေးတွေလည်း ၀၀လင်လင် မစားသောက်နိုင်ပဲ မကြာခဏ အရိုက်ခံရတယ်ဆို... "
"ငါတို့က အဲ့လောက်ကြီးလည်း သနားစရာ ကောင်းမနေပါဘူးကွာ... ဒါပေမယ့် အရိုက်ခံရတယ်ဆိုတာကတော့ သာမန်ပါပဲ...."
"ဟင်.... သူတို့ နင့်ကို အကြမ်းကြီး ရိုက်ကြတာလား...."
"ပြောမနေစမ်းနဲ့.... ရိုက်သတ်လုနီးပါးပဲ..."လင်းရီ ပြောလိုက်ပြီး "ငါ အထက်တန်းတုန်းက ကောင်မလေးတစ်ယောက် ရည်းစားစားရေးပြီး ငါ့လွယ်အိတ်ထဲ တိတ်တိတ်လေး ထည့်ထားခဲ့တယ်တဲ့ကွာ.... ငါလည်း အဲ့လိုထည့်ထားမှန်းမသိဘူး... အိမ်ပြန်ရောက်တော့ ပုံမှန်အတိုင်း ဆရာမ ပေးတဲ့ အိမ်စာတွေ ရေးတာပေါ့... အဲ့ချိန်မှာပဲ ရုတ်တရက် အဲ့ကောင်မလေး ထည့်ထားတဲ့စာက အောက်ပြုတ်ကျသွားပါလေရော... ငါ စာလုပ်ရင် မေမေ၀မ်က အမြဲစောင့်ပေးတတ်တော့ အဲ့စာကို ချက်ချင်း တွေ့သွားတယ်လေ... တိုက်ဆိုင်ချင်တော့လည်း အဲ့ဒီတုန်းက ဘတ်စကက်ဘော ကစားရတာ အရမ်းကြိုက်ပြီး အဆင့်တွေ ထိုးကျနေတဲ့ အချိန်ပဲ... ရည်းစားစာလည်း မြင်သွားရော မေမေ၀မ်က ငါ့ကို ငယ်ငယ်လေးနဲ့ ရည်းစားထားရကောင်းလားဆိုပြီး မပြောမဆိုနဲ့ရိုက်နှက်ပါလေရော..တော်သေးတာပေါ့... ငါ အချိန်မှီ မျက်နှာ အုပ်ထားမိလိုက်လို့....."
လီချူးဟန် အစက စိုးရိမ်နေခဲ့သော်လည်း လင်းရီ ရှင်းပြတာကို နားထောင်ပြီးနောက် ပြင်းထန်သည့်ပုံမပေါ်ချေ။
"နင် မရှောင်လိုက်ဘူးလား...."
"မရှောင်ဘူး...."လင်းရီ ခေါင်းရမ်းလိုက်ရင်း "တစ်ခါတုန်းက ငါ အပြင်သွားပြီ ရန်ဖြစ်လာတာကို မေမေ၀မ် သိသွားတယ်လေ... အဲ့ဒါနဲ့ငါ့ကို ရိုက်မယ်လုပ်တော့ ဘယ်ရမလဲ ငါလည်း ပတ်ပြေးတာပေါ့... နောက်ဆုံးကျတော့ ငါ့လိုက်ဖမ်းရင်းနဲ့ပဲ မေမေ၀မ်လည်း နှလုံးဖောက်သွားတာပဲ... အဲ့နောက်ပိုင်းကစပြီး သူရိုက်ရင် ငါ မရှောင်တော့ဘူး... ဒါပေမယ့် တက္ကသိုလ် စတက်တဲ့ အချိန်ရောက်တော့ သူလည်း ငါ့ကို ရိုက်နှက်တာတွေ မလုပ်တော့ပါဘူး... "
"ဘာလို့လဲဆိုတော့ နင်က အရွယ်ရောက်လာပြီလေ.... ကလေးလို ရိုက်နှက်နေလို့မှ မဖြစ်တော့တာ...."
"ဘယ်နားကသာ... ငါ့တက္ကသိုလ်က ကျိုးဟိုင်မှာမို့လို့လေ.... မဟုတ်ရင် သူက ရိုက်ဦးမှာ...."
လီချူးဟန် ပါးစပ်လေးအုပ်၍ ပျော်ရွှင်စွာဖြင့် ခိုးခိုးခစ်ခစ် ရယ်မောလိုက်သည်။
"ဟေ့ ဟေ့ ... ဘာလို့ကားကို ကွေ့လိုက်တာလဲဟ....."
"ဒီနားမှာ မောလ်တစ်ခုရှိတယ်လေ... နင့်အိမ်ပြန်တယ်ဆိုတော့ လက်ဗလာနဲ့ပြန်သွားလို့ ဘယ်ကောင်းမှာ...."
"မလိုဘူး.... ငါ အကုန်ပြည့်စုံအောင် ၀ယ်ထားပေးပြီးသား... ဂေဟာမှာ ချို့တဲ့တယ်ဆိုတာ မရှိဘူး...."
"ဒါပေမယ့်လည်း တစ်ခုခု ၀ယ်သွားတာက ပိုပြီး မျက်နှာလှတယ်လေ... ဘာပဲဆိုဆို ငါက အပြင်လူပဲဟာကို... "
"အင်း... အဲ့တာဆိုလည်း သဘောပဲ.. စတီယာရင်က မင်းလက်ထဲ ရှိနေတာကိုး..."
လီချူးဟန် ထပ်မံ ပြုံးလိုက်ပြန်သည်။ ယင်းက တောက်ပပြီး ချိုမြိန်သည့် အပြုံးလေးပင်။
အချိန်အကန့်အသတ်ရှိသောကြောင့် လီချူးဟန် လိုချင်သည့် အရာကို လျင်မြန်စွာရွေးချယ်လိုက်ပြီး ရွှေလက်ကောက် တစ်ကွင်းနှင့် ယွမ်ငါးသောင်းကျော် တန်ကြေးရှိသည့် အမျိုးသမီး၀တ် လက်ပတ်နာရီတစ်လုံးကို ရွေးချယ်လိုက်သည်။
လီချူးဟန်၏ ၀င်ငွေအရ ထိုပစ္စည်းများမှာ သူမအတွက် လုံး၀ ဈေးမပေါချေ။
ဈေး၀ယ်ပြီးနောက် နှစ်ယောက်သား လန်ထျန်းမိဘမဲ့ဂေဟာသို့ ရောက်လာကြလေသည်။
လင်းရီ အပြင်ဘက် ဧရိယာကို ကြည့်လိုက်သောအခါ ကြီးကြီးမားမား ပြောင်းလဲသွားကြောင်း သတိပြုမိလိုက်၏။
အသစ်တည်ဆောက်ထားသည့် ဘတ်စကက်ဘောကွင်းနှင့် ကျန်းမာရေးပြုလုပ်သည့် ပစ္စည်းကိရိယာများ၊ ဆော့ကစားစရာများမှာ ကွင်း အပြည့်ဖြစ်နေလေသည်။ သိသာစွာပင် ယင်းက ကျီချင်းရန်၏ မာစတာပိရလဒ်ပင်တည်း။
သို့သော်လည်း ထိုအချိန် ကွင်းထဲတွင်တော့ ခွေးတစ်ကောင် ကြောင်တစ်မြီးမှ မရှိဘဲ အချိန်စာရင်းအရတော့ ကလေးများ၏ လက်မှုပညာအချိန် ဖြစ်နေလေသည်။
ထိုလက်မှု ပညာများကို သင်ကြားပေးကြသူများမှာလည်း မိဘမဲ့ဂေဟာရှိ စေတနာ့၀န်ထမ်းများသာ ဖြစ်ပြီး သူတို့၏ အရည်အချင်း အကန့်အသတ်ကြောင့် ရိုးရှင်းသည့် လက်မှုအတတ်လေးများကိုသာ သင်ကြားပေးနိုင်လေသည်။ သို့သော်လည်း အကန့်တစ်ခုအထိတော့ ယင်းက ကလေးငယ်များ၏ ငယ်ဘ၀ကို အသိဉာဏ်ကြွယ်၀စေပြီး အမှတ်တရများကို ပိုမို ဖန်တီးပေးနိုင်လေသည်။
"တိုရီ...."
အောသံကြားတော့ လင်းရီနှင့် လီချူးဟန်တို့ အသံ၏ လားရာကို ကြည့်လိုက်ကြသောအခါ ပထမထပ်ရှိ စာသင်ခန်းထဲမှ ကောင်လေးတစ်ယောက် ပြတင်းပေါက်မှ ခေါင်းပြူ၍ လှမ်းအော်နေကြောင်း သတိထားမိသွားသည်။ မကြာမီ ကျန်ကလေးများပါ ပြတင်းပေါက်နားသို့ ရောက်လာပြီး ဝိုင်း၀န်းအော်ဟစ်ကြလေသည်။
"တိုတိုရီ ....."
"တိုတိုရီ....."
ထို့နောက် ရုတ်ချည်းဆိုသလို စာသင်ခန်းထဲမှ ကလေးတစ်အုပ် ပြေးထွက်လာကြသည်။ လင်းရီနှင့် လက်ရင်းတနှီးရှိသည့် ကလေးမလေးမှာမူ လင်းရီအနားသို့ ရောက်ရှိလာပြီး "တိုရီ မီးမီးကိုပွေ့...."
လင်းရီ တုံ့ဆိုင်းခြင်းမရှိ ကလေးမလေးအား ပွေ့ချီလိုက်သည်။
"အိုက်ယိုး.... ဘာလို့ ဒီလောက်တောင် ၀လာတာ... နင်ဒီတိုင်း ဆက်စားနေရင် အစ်ကိုရီ ပွေ့နိုင်တော့မှာ မဟုတ်ဘူးနော်...."
"ဟုတ်တယ် ဟုတ်တယ်... တိုရီက ကောင်းဆုံးပဲ...."ကလေးမလေးမှ လက်ခုပ်လက်ဝါးတီး၍ ပျော်ရွှင်စွာ ပြောလိုက်သည်။
ထိုအချိန် ကလေးများမှာ လင်းရီအနား ဝိုင်းရံ၍ ခုန်ပေါက်နေကြပြီး ကျန်တစ်ချို့ကလည်း လီချူးဟန်ကို အနည်းငယ် ကြောက်ရွံ့နေသည့် မျက်၀န်းတို့ဖြင့် ကြည့်နေကြလေသည်။
အဘယ်ကြောင့်ဆိုသော် သူတို့၏ အစ်ကိုရီ ခေါ်လာခဲ့သည့် မမလှလှမှာ သူတို့နှင့် မရင်းနှီးသေးသောကြောင့်ပင်။
"မေမေ၀မ်ကော... အထဲမှာလား..."
"ရှိတယ် ရှိတယ်... မေမေက အထဲမှာ...."
"သွားစို့... မေမေ၀မ်ကို သွားရှာကြရအောင်... "
"ဟုတ်...."
တတိယထပ်ရှိ ရုံးခန်းထဲတွင်တော့ ၀မ်ချွေ့ပင်း ဖုန်းပြောနေပြီး ဖြစ်ပေါ်လာသည့် အပြုံးတစ်ခုကြောင့် သူမမျက်နှာရှိ အရေးအကြောင်းတို့မှာ တွန့်ရှုံ့သွားလေသည်။
သူမ ဖုန်းပြောနေသည့်သူကတော့ ကျီချင်းရန်မှတစ်ပါး အခြားသူမဟုတ်ချေ။
"အန်တီ၀မ်... လင်းရီက အန်တီ့ကို စပရိုက်ဖြစ်စေချင်လို့ ကြိုအသိမပေးလိုက်တာနေမယ်..."ကျီချင်းရန် ပြောလိုက်ပြီး "သမီး ပြောပြထားတယ်လို့ အန်တီ သူ့ကို လုံး၀ သွားပြောလို့ မရဘူးနော်...."
"မပူနဲ့... အန်တီလုံး၀ ပြောမှာ မဟုတ်ဘူး..."၀မ်ချွေ့ပင်းပြောလိုက်ပြီး "သမီးလည်း နောင်ကျ အလုပ်တွေအားရင် လင်းရီနဲ့ လာလည်လေ... မတွေ့တာကြာတော့ အန်တီလည်း သတိရနေတာ..."
"ဟုတ်ကဲ့ပါ အန်တီရဲ့... သမီးလည်း ခုလောလောဆယ် ပရောဂျက်တွေကြောင့် မအားလပ်ဘူးဖြစ်နေတာ... မဟုတ်ရင် သမီးလည်း လင်းရီနဲ့ လိုက်လာခဲ့တယ်...."
"အားမှလာခဲ့လေနော်..... အလုပ်က အရေးကြီးတယ်.... သမီးလာတဲ့ အချိန်ကျရင် အန်တီ၀မ် အရသာရှိတာလေးတွေ ချက်ထားပေးမယ်....."
"အွန်း-အွန်း...."
"ဘွားကြီး... ရီလေးက ဒီတောင် ရောက်နေပြီကွ...."ကျောက်ချွမ်းဖူ ကော်ရီဒါမှနေ၍ လှမ်းအော်လိုက်သည်။
"အေး အေး.. ငါလာပြီ..." ၀မ်ချွေ့ပင်း အလိုအလျောက် တုံ့ပြန်လိုက်ပြီး ဖုန်းကို နားသို့ ပြန်ကပ်၍ "ရီလေးက ရောက်နေပြီတဲ့... အန်တီတစ်ချက် သွားကြည့်လိုက်ဦးမယ်... ဒါပဲနော် သမီး...."
"ဟုတ် အန်တီ... အားတဲ့အချိန်မှ စကားဆက်ပြောကြတာပေါ့...."
ဖုန်းချပြီးနောက် ၀မ်ချွေ့ပင်း ရွှင်မြူးစွာဖြင့် ထွက်လာခဲ့သည်။
သူမ၏ သားဖြစ်သူမှာလည်း အလားအလာကောင်းမွန်လှပြီး သူမအတွက် ချွေးမကောင်းကောင်းလေး တစ်ယောက်လည်း ရှာပေးထားလေသည်။ နှစ်ယောက်စလုံးမှာ နေနှင့်လ ရွှေနှင့်မြကဲ့သို့ လိုက်ဖက်ညီလှပြီး သူမအပေါ်လည်း သိတတ်မှု ရှိကြ၏။ ထို့အတွက်ကြောင့် ၀မ်ချွေ့ပင်း ကမ္ဘာပေါ်တွင် သူမလောက် ကံကောင်းပြီး ပျော်ရွှင်ရသူ ရှိလိမ့်မည်ဟု မထင်မိချေ။
ဘယ်လိုတောင် ကျေနပ်အားရဖို့ ကောင်းလိုက်တဲ့ ဘ၀ကြီးလဲ...
သူမ၏ အ၀တ်အစားများကို ချပ်ရပ်အောင် ပြုပြင်ပြီးနောက် ၀မ်ချွေ့ပင်း အပြင်သို့ ထွက်လာခဲ့သည်။ သို့သော်လည်း လင်းရီဘေးတွင် အခြားမိန်းမလှလေးတစ်ဦး ပါလာခဲ့သည်ကို မြင်တော့ ၀မ်ချွေ့ပင်း အံ့အားသင့်သွားခဲ့၏။
၀မ်ချွေ့ပင်း ခေတ္တခန့် ကြက်သေသေသွားပြီး "ဘာတွေ ဖြစ်နေတာလဲ... ရီလေး .. နင်ဘာလို့ တခြား မိန်းကလေးတစ်ယောက်ကို ခေါ်လာခဲ့တာ...."
"မေမေ၀မ်... ကြည့်ရတာ ခုတလော အတော် စိတ်ချမ်းသာနေပုံရတယ်... မျက်နှာတောင် ဖောင်းကစ်လာပြီ..."
"နင် ကောင်စုတ်လေး... လူကြီးကို လာစမနေနဲ့..."၀မ်ချွေ့ပင်း လက်ချာရိုက်လိုက်ပြီး လင်းရီကို မေးခွန်းထုတ်နေသည့် အကြည့်တို့ဖြင့် ကြည့်လိုက်သည်။ သူမ လီချူးဟန် ဘယ်သူလဲဆိုတာကို သိချင်နေလေသည်။
"အမေ သား မိတ်ဆက်ပေးရဦးမယ်... ဒါက လီချူးဟန်တဲ့.. ကျွန်တော်တို့ ဌာနရဲ့ ဒါရိုက်တာလေ...."
လင်းရီလည်း သူ့အလုပ်အကြောင်းကို အသေးစိတ် ရှင်းပြမနေပဲ ၀မ်ချွေ့ပင်းလည်း ရှည်ရှည်ဝေးဝေး မေးမြန်းမနေချေ။
သူမ သိချင်သည်က လီချူးဟန်နှင့် လင်းရီတို့ကြားရှိ ဆက်ဆံရေးကိုပင်။ လုပ်ဖော်ကိုင်ဖက်ဆိုလျှင်တော့ သူမ ပြောစရာ မရှိသော်လည်း ရှုပ်ထွေးသည့် ဆက်ဆံရေးတို့ ရှိနေသည်ဆိုပါက သူမ ထိုအကောင်၏ ခြေထောက်များကို ရိုက်ချိုးပစ်ရပေမည်။
"ဟယ်လို.. အန်တီ... ဟယ်လို အန်ကယ်... "လီချူးဟန် ကိုယ်ကို အနည်းငယ် ကိုင်းညွှတ်၍ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ပြီး "ကျွန်မလည်း အလောတကြီးနဲ့ လာခဲ့လိုက်ရတော့ သေချာလေး မပြင်ဆင်ခဲ့လိုက်ရဘူး... အန်တီတို့ စိတ်မရှိဖို့ မျှော်လင့်ပါတယ်ရှင်..."
၀မ်ချွ့ပင်း လီချူးဟန် ပေးသည့် လက်ဆောင်ကို တစ်ချက်ကြည့်လိုက်သည်။ အပြင်အဆင်ကို ကြည့်ရုံသပ်သပ်ဖြင့် သေချာပေါက် တန်ဖိုးနည်းလိမ့်မည် မဟုတ်ချေ။
ကြည့်ရသလောက်တော့ သူမရှေ့ရှိ မိန်းကလေးမှာလည်း သိပ်မဆိုးရွားသည့်ပုံပင်။
'ဟာ....မဖြစ်သေးပါဘူး..ဘာလို့ မဆိုးရွားရမှာ..... ငါက ကျီချင်းရန်ဘက်ကလေ...'
အကယ်၍ လင်းရီနှင့် ထိုမိန်းကလေးကြားတွင် ရှုပ်ထွေးသည့် ဆက်ဆံရေးတို့ရှိနေပါက သူမသေချာပေါက် မငဲ့ညာပဲ ထိုကောင်စုတ်ကို သင်ခန်းစာ ပေးရပေမည်။