မင်း နေသားကျသွားလိမ့်မယ်
Vol. 34 Ch. 504
"အင်း...အထဲ၀င်ကြလေ.."
ယဉ်ကျေးမှုရှိပြီး လှပသိမ်မွေ့သည့် လီချူးဟန်ကို မြင်တော့ ၀မ်ချွေ့ပင်း ပြုံးလိုက်ပြီး အထဲသို့ ဖိတ်ခေါ်လိုက်သည်။
သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးကို ထည့်မတွက်သေးလျှင်တောင် သူမမှာ အိမ်အလည်လာသည့် ဧည့်သည် ဖြစ်နေသောကြောင့် သူမဘက်မှ ပျူငှာရန် တာ၀န်ရှိလေသည်။
"ရီလေး... သားကလာမယ်ဆိုလည်း ဘာလို့ ကြိုမပြောတာ... မေမေ၀မ် ဘာမျှတောင် မပြင်ဆင်ထားရသေးဘူး...."၀မ်ချွေ့ပင်း တီးတိုး ပြောလိုက်သည်။
"အမေ... ဟန်ဆောင်မနေနဲ့... ချင်းရန် အမေ့ကို ဖုန်းထဲကနေ လှမ်းပြောထားပြီးသား မလား... ကျွန်တော် မသိဘူးလို့ မထင်လိုက်နဲ့..."
"မဟုတ်တာတွေ လျှောက်မပြောစမ်းနဲ့... ချင်းရန်လေးက ငါ့ကို ဘာမှ မပြောပြထားဘူး...."
"အဲ့တာဆိုရင်တော့ အမေ့ရဲ့ သရုပ်ဆောင်တဲ့ စွမ်းရည်က မပီပြင်ဘူးလို့ပဲ ပြောရတော့မယ်... ကျွန်တော့်ကို မြင်တော့ စိတ်လှုပ်ရှားသွားတာမျိုးလည်း မရှိဘူး...."
၀မ်ချွေ့ပင်း လင်းရီကို ကြည့်၍ သူမကိုယ်သူမ တွေးတောလိုက်သည်။ ' နင်က တခြား မိန်းကလေးတစ်ယောက်ကို မပြောမဆိုနဲ့ ခေါ်လာခဲ့တော့ ဒီအဘွားကြီးက လန့်သေတော့မလို့ဟဲ့... သိရဲ့လား....'
ထို့နောက် ၀မ်ချွေ့ပင်း လင်းရီတို့နှင့်အတူ တခဏခန့် စကားလက်ဆုံကျပြီး ထရပ်လိုက်၏။ "နင်တို့နှစ်ယောက် ဘာမှ မစားရသေးဘူးမလား... မေမေ၀မ် တစ်ခုခု သွားလုပ်ပေးမယ်...."
"အင်း... ကျွန်တော်တို့ မနက်ကတည်းကနေ ဘာမှကို မစားရသေးတာ... ခု ဆာလောင်လွန်းလို့ သေတော့မယ်..."
"ခဏလေးစောင့်... ခုချက်ချင်း လုပ်ပေးမယ်...."
"အန်တီ... ကျွန်မလည်း ကူညီပေးမယ်လေ..."
လီချူးဟန် မတ်တပ်ရပ်ပြီး အလိုက်သိတတ်စွာ ပြောလိုက်သည်။
"နေ နေ ရတယ်.. အန်တီတစ်ယောက်တည်းလည်း ဖြစ်တယ်...."
"ရပါတယ် အန်တီရဲ့...."
လီချူးဟန် ကူညီပေးတော့မည့် အချိန်တွင် ကျောက်ချွမ်းဖူ သူမကို လက်ကာပြလိုက်၏။
"မလိုဘူး မလိုဘူး... ကလေးတို့ နှစ်ယောက်က ခရီးပမ်းလာတယ်ဆိုတော့ ဒီမှာပဲ နေကြ... ဒီလိုအလုပ်တွေ ဘယ်လိုလုပ် ခိုင်းရက်မှာ... အန်ကယ်တို့ နှစ်ယောက်တည်းနဲ့ အဆင်ပြေတယ်...."
ထိုသို့ ပြောပြီးနောက် ကျောက်ချွမ်းဖူ ၀မ်ချွေ့ပင်းကို မီးဖိုချောင်ထဲသို့ ခေါ်ဆောင်သွားပြီး "ဘွားကြီး .. မင်းဘာဖြစ်နေတာ.. ကလေးမလေးက ခုမှ ပထမဆုံးအကြိမ် လိုက်လာလည်တာလေ... ဘာလို့ မီးဖိုချောင်ထဲ ၀င်ခိုင်းမှာ...."
၀မ်ချွေ့ပင်းမှ လီချူးဟန်၏ တောင်းဆိုမှုကို ငြင်းဆန်လိုက်သော်ငြား ယတိပြတ် ငြင်းဆန်လိုက်ခြင်းတော့ မဟုတ်ချေ။ ဟွာရှလူမျိုးများအတွက်တော့ ယင်းက ငြင်းဆန်တယ်လို့ပင် မမှတ်ယူချေ။
"သူက ကူညီပေးချင်တယ် ပြောတာကိုး..."၀မ်ချွေ့ပက်း ရေရွတ်လိုက်၏။
"ငါ့အထင်တော့ မင်းက ဘက်လိုက်နေတာပဲ..."ကျောက်ချွမ်းဖူ ပြောလိုက်ပြီး "ချင်းရန် လာတုန်းကကျတော့ မင်း ဘာမှ မလုပ်ခိုင်းပဲနဲ့ ခု သူများ လာတော့ကျမှ မီးဖိုချောင်ထဲ၀င်ခိုင်းနေတယ်ဆိုတော့ ဘွားကြီး... မင်းနှလုံးသားက အရမ်း မည်းနက်နေတာပဲကွ...."
"ချင်းရန်က ကျွန်မ ချွေးမလေးလေ... ဘာလို့ ပင်ပန်းတဲ့ အလုပ်တွေ လုပ်ခိုင်းရမှာ.... "
"သူမလည်း ရီလေးရဲ့ မိတ်ဆွေပဲလေ... အဲ့တာဆို ဘာလို့ အလုပ်လုပ်ခိုင်းနေတာ..."
"မိတ်ဆွေ ဆက်ဆံရေးလိုမျိုး ရိုးရှင်းမယ်လို့ ရှင်ထင်လား... "၀မ်ချွေ့ပင်း ပြောလိုက်ပြီး "သူတိူ့နှစ်ယောက်ကြားထဲမှာ သေချာပေါက် တစ်ခုခုတော့ ဖြစ်ကို ဖြစ်ထားရမယ်... ကျွန်မရဲ့ ချင်းရန်လေးကိုတော့ အကျောမခံနိုင်ပေါင်...."
"မင်းက အသက်လည်း ကြီးလှပြီကိုကွာ... ဘာလို့ အဲ့တာတွေ လိုက်ပြီး စိုးရိမ်နေတာ..."ကျောက်ချွမ်းဖူ ဆုံးမလိုက်ပြီး "ရီလေးရဲ့ ကိစ္စတွေကို သူ့ဘာသူ ကိုင်တွယ်ပါလေ့စေ... မင်းက ကိုယ့်အလုပ်ကိုယ်လုပ်... သူ တစ်ယောက် ခေါ်လာခဲ့ရင် အဲ့တစ်ယောက်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးလိုက်..... တကယ်လို့ အမေတစ်ယောက် ဖြစ်ပြီးတော့မှ သူတို့ကို ကောင်းကောင်းမွန်မွန် မဆက်ဆံဘူးဆိုရင် ရီလေးရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား...."
"အဓိပ္ပာယ်မရှိတာ... ခု ကျွန်မသားက အရမ်းချမ်းသာပြီး ရုပ်လည်း ချောတယ်လေ... မိန်းကလေးတွေ အများကြီးက သူ့ကို တွယ်ကပ်နေကြမှာပဲ မဟုတ်ဘူးလား... ရီလေးက တွေ့သမျှ အကုန်ခေါ်လာခဲ့ရင် ကျွန်မက အကုန် လက်ခံပေးရမှာလား....."
"အဲ့တာက သူစွမ်းလို့ပဲလေ... ကျန်တဲ့သူတွေဆို နှစ်ယောက်လိုချင်တောင် မရဘူး... "ကျောက်ချွမ်းဖူ ပြောလိုက်ပြီး "ဘာပဲဆိုဆိုကွာ ရီလေးရဲ့ ကိစ္စတွေကို မင်း လိုက်စိတ်ပူမနေနဲ့... ကိုယ့်ကိစ္စကိုပဲ အာရုံစိုက်...."
"ပြီးတော့ ဘွားကြီး... မင်းကိုကြိုပြောထားမယ်နော်... ဘယ်လိုဆက်ဆံရေးတွေ ရှိတယ်ဆိုတာကို မင်းဘေးချိတ်ထား... သူတို့ ပြန်တဲ့ အချိန်ကျရင်တော့ မင်း ဟုန်ပေါင်း ပေးရမယ်...."
"ဟုန်ပေါင်း ပေးရဦးမှာလား...."
"ပေးရမှာပေါ့ကွ....သူမက ဒီကို ပထမဆုံးအကြိမ် လာလည်တာလေ... ပြီးတော့ လက်ဆောင်တွေတောင် ၀ယ်လာခဲ့ပေးသေးတယ်... အဲ့တာကို မင်းက ဟုန်ပေါင်စလေးတောင် ပြန်မပေးသင့်ဘူးလား.... ကလေးမလေးက ဆိုးဆိုးရွားရွားကြီး အဆက်ဆံခံရအောင် ဘာအပြစ်ရှိနေလို့လဲ.... "
၀မ်ချွေ့ပင်း လီချူးဟန်ကို မမုန်းပေ။ သူမ အနှီယဥ်ကျေးသိမ်မွေ့သော မိန်းကလေးအပေါ် နှစ်သက်မှုတချို့ပင် ရှိလေသည်။ သို့သော်လည်း သူမမှာ လင်းရီ၏ နောက်တွဲ ဖြစ်နိုင်ခြေများသည်ဟု မြဲမြံစွာ ယုံကြည်ထားသောကြောင့် သူမ၏ရပ်တည်ချက်ကို အစောကြီးကတည်းက ရှင်းလင်းစွာ ဖော်ပြထားခြင်း ဖြစ်လေသည်။
"ကျွန်မသူ့ကို ဟုန်ပေါင်းပေးလို့ရတယ်... ဒါပေမယ့် ယွမ် ငါးရာပဲနော်...."
"ဘာလို့ ငါးရာတည်းတုန်းဟ... ဒီခေတ်ကြီးထဲမှာ ငါးရာက ဘာသွားလုပ်လို့ရမှာ...."
"ချင်းရန် ဒီရောက်လာတုန်းကလည်း ကျွန်မ ငါးရာတည်း ပေးခဲ့တာလေ... ကျွန်မက ခုကောင်မလေးကို ပိုပေးလိုက်တယ်ဆိုတာ ချင်းရန် သိသွားခဲ့ရင် ကျွန်မ ဘယ်မျက်နှာနဲ့ မျက်နှာချင်းဆိုင်ရတော့မှာ...."၀မ်ချွေ့ပင်း ပြောလိုက်ပြီး "ရှင့်ဘာရှင် ကျေနပ်ချင် ကျေနပ်.. မကျေနပ်ချင်နေ.. ဒါက စည်းမျဉ်းပဲ... ဂေဟာမှာ ကောင်စုတ်လေးတွေ အများကြီး ရှိသေးတယ်... သူတို့ထဲက ဘယ်သူပဲ သတို့သမီးလောင်း ခေါ်လာခေါ်လာ ယွမ် ငါးရာတည်းပေးမှာ...."
"သဘောကွာ... သဘောပဲ.. မင်းပေးရမယ်ဆိုတာ မှတ်မိနေသရွေ့ မင်းဘာမင်း ဘယ်လောက်ပေးပေး ပြဿနာ မရှိဘူး...."
"ရှင်လည်း ရှင့်ကြက်ဥသာ မြန်မြန် ကြော်စမ်းပါ... ကျွန်မ ဘယ်လိုလုပ်ရမလဲဆိုတာ သိပါတယ်...."
သူမ လင်းရီ ပြန်လာမယ်ဆိုတာ ကြိုသိသောကြောင့် ၀က်စတူးနှင့် အမဲနှပ်ထားလေသည်။ ထို့ကြောငိ့ အသီးအရွက်တစ်ချို့ ကြော်လှော်ပြီးသည်နှင့် စားရန် အဆင်သင့် ဖြစ်ပြီဖြစ်၏။
မိနစ်နှစ်ဆယ်ကြာပြီးနောက် ဟင်းပွဲ ခြောက်မျိုးမှာ စားပွဲပေါ်တွင် ခင်းကျင်းထားပြီး ဖြစ်သည်။ ၀မ်ချွေ့ပင်းမှ "သား... နင်ဒီတစ်ခေါက် ပြန်လာတာ တစ်ခုခု လုပ်စရာရှိလို့ဆို... လေးငါးရက်လောက် ဖြစ်ဖြစ် နေသွားပါဦးလား...."
"အဲ့တာတော့ မဖြစ်နိုင်ဘူးထင်တယ်... ကျိုးဟိုင်မှာကလည်း လုပ်စရာတွေက အများကြီး ရှိနေသေးတာ...ဒါပေမယ့် မပူနဲ့... ကျွန်တော်မပြန်ခင် မေမေ၀မ်တို့ဆီ တစ်ခေါက် ပြန်လာခဲ့ဦးမှာပါ..."
သူ၏ အိမ်ဖြစ်နေသောကြောင့် လင်းရီ ဟန်ဆောင် မနေဘဲ စိတ်ထဲရှိရာကို ပြောချလိုက်သည်။
"အလုပ်များတယ် ဆိုပေမယ့် ကိုယ့်ကိုယ်ကိုလည်း ဂရုမစိုက်ပဲ မနေနဲ့ဦးနော်... ပိုက်ဆံဆိုတာ က တစ်နေ့တည်း ရှာရတာ မဟုတ်ဘူး...."
ပြောနေရင်းဖြင့် ၀မ်ချွေ့ပင်း ၀က်စတူးများကို တူဖြင့် ညှပ်၍ လီချူးဟန်၏ ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်သည်။ "ကလေး.. နင်က အရမ်းပိန်တာပဲ... ထမင်း များများစားပေး...."
လီချူးဟန် တိတ်ဆိတ်စွာ စားသောက်နေသည်ကို မြင်တော့ ၀မ်ချွေ့ပင်း အနည်းငယ် စိတ်မကောင်းသလို ခံစားလိုက်ရသည်။ သူမ စောနက ပြုမူသည့် အပြုအမူမှာ အနည်းငယ် မမှန်ကန်ကြောင်းတော့ ခံစားမိလေသည်။
သို့သော်လည်း ဟုန်ပေါင်းထဲတွင်တော့ သူမ ယွမ် ငါးရာသာလျှင် ထည့်ပေးနိုင်၏။ မည်သူမျှ သူမ၏ ချွေးမလေးထက် ပိုရပိုင်ခွင့် မရှိချေ။
"ဟုတ်... ကျေးဇူးပါ အန်တီ..."
"အမေ.. ခု ဂေဟာက ဘယ်လိုလဲ... တစ်ခုခု လိုအပ်တာများ ရှိသေးလား..." လင်းရီ မေးမြန်းလိုက်၏။
"ဘာမှ မပူနဲ့တော့... ခု အမေတို့ ဂေဟာက အကုန်လုံး ပြီးပြည့်စုံနေပြီ... သူတို့အားလုံး ဝိတ်တက်လာတာကို နင်လည်း မြင်တယ်မလား..."၀မ်ချွေ့ပင်း အပြုံးတို့ အတောမသတ်နိုင်အောင် ဖြစ်ပေါ်နေရင်း ရွှင်မြူးစွာဖြင့် "ခုဆို အမေတို့ အပြင်ထွက်ပြီး ဈေး၀ယ်လို့လည်း ရသွားပြီ... အရမ်း ကျေနပ်ဖို့ ကောင်းတယ်... သားသတ်ရုံကို သွားပြီးတော့ ၀က်တွေ အမဲတွေ စိတ်ကြိုက်ရွေးပြီး စားရတာ အရမ်းကောင်းတယ်... ..ခု ကလေးတွေလည်း အပြင်ထွက်ရမယ်ဆို ပျော်နေကြပြီ...."
"အင်း... ဘာမှ နှမြောမနေနဲ့... အမေပိုက်ဆံလိုရင် ကျွန်တော့်ကိုသာ ပြောလိုက်..."
"အမေတို့ ပိုက်ဆံ ပြတ်တယ်ရယ်လို့တော့ မရှိပါဘူး... ဒါပေမယ့် ကျောင်းကိစ္စတွေနဲ့ပဲ ဒုက္ခရောက်နေတာ... သူတို့က ခဏခဏ မိဘဆရာ အစည်းအဝေး ခေါ်တတ်တော့ နင့်အဖေနဲ့ မေမေလည်း ဘယ်တစ်ယောက်ဆီ အရင်လိုက်ရမလဲ မသိတော့ဘူး...."
"ဆရာမတွေကို သေချာပြောပြထားလိုက်လေ... သူတို့ နားလည်ပေးမှာပါ....."
"အင်း အမှန်ပဲ... ကျောင်းက ဆရာမတွေက စိတ်ထား အရမ်းကောင်းတယ်... ငါတို့ အခြေအနေကိုလည်း သိတော့ နားလည်ပေးကြပါတယ်လေ...."
"ကောင်းတာပေါ့...."လင်းရီ ပြောလိုက်ပြီး "တကယ်လို့ အခက်အခဲရှိရင်လည်း ကျွန်တော့်ကို ပြောပြဖို့ မမေ့နဲ့.... ကျွန်တော် ဖြေရှင်းပေးမယ်...."
"အင်းပါ....ဂေဟာကိစ္စတော့ နင် ဘာမှ စိတ်ပူနဲ့... အားလုံးက အဆင်ပြေပြေပဲ..."
ထို့နောက် အားလုံး ပျော်ရွှင်စွာဖြင့် ထမင်းလက်ဆုံ စားကြလေသည်။ လင်းရီနှင့် လီချူးဟန်တို့လည်း မပြန်ခင် ဂေဟာရှိ ကလေးများနှင့် ခေတ္တ ဆော့ကစားသွားပေးကြ၏။
"ကလေး... နင်ဒါယူထားလိုက်..."
၀မ်ချွေ့ပင်း ဟုန်ပေါင်း ကမ်းပေးနေသည်ကိုမြင်တော့ လီချူးဟန် နောက်သို့ ခြေနှစ်လမ်းခန့် ဆုတ်သွားပြီး လက်ကို ကပျာကရာ ရမ်းကာ "အန်တီ... သမီး လက်မခံနိုင်ဘူး..."
"ဘာလို့ လက်မခံနိုင်တာ..."၀မ်ချွေ့ပင်း မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်ပြီး "အန်တီပေးတာက အရမ်း နည်းနေလို့လား...."
"အဲ့လို သဘောမျိုး မဟုတ်ပါဘူး.... ဒီပိုက်ဆံတွေကို ကလေးတွေ အတွက်သုံးလိုက်လေ.. အန်တီ့မှာလည်း သုံးစရာ နေရာတွေ အများကြီး ရှိမှာပဲ မလား...."
လီချူးဟန် ရှင်သန်လာသည့် သက်တမ်းတစ်လျှောက် ယခုလို မြင်ကွင်းမျိုး မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ပင်။ သို့သော်လည်း ဟုန်ပေါင်း ပေးသည်က သာမန်ထက်ထူးခြားသည့် အဓိပ္ပာယ်ကို ဆောင်နေကြောင်းလည်း လီချူးဟန် နားလည်ပေသည်။
"ဒါက ပိုက်ဆံနဲ့ မဆိုင်ဘူး... စည်းမျဉ်းပဲ... ဒီကို ပထမဆုံး အကြိမ် အလည်လာရင် အန်တီ့ဘက်က ဟုန်ပေါင်းပေးရမှာပဲ.."၀မ်ချွေ့ပင်း ပြောလိုက်ပြီး "မြန်မြန်ယူလိုက်လေ... မဟုတ်ရင် အန်တီက စိတ်မကောင်း ဖြစ်နေတော့မှာနော်....."
"ယူလိုက်လေ... အရမ်းကြီး များတာလည်း မဟုတ်ဘူး... ငါ့အမေရဲ့ စေတနာကို လက်ခံတယ်လို့ပဲ သဘောထားလိုက်ပေါ့...."
လီချူးဟန် ရှက်ရွံ့စွာဖြင့် ဆံပင်ကို နားအနောက်သို့သပ်ရင်း ၀မ်ချွေ့ပင်းထံမှ ဟုန်ပေါင်းကို လက်နှစ်ဖက်ဖြင့် ယူလိုက်သည်။
"ကျေးဇူးတင်ပါတယ် အန်တီ...."
"ဘာလို့ ကျေးဇူးတင်နေတာ... နောင်လည်း အားရင် ရီလေးနဲ့ အတူ လာလည်...ကြားလား...."
"ဟုတ် အန်တီ...."
"အမေ.. ကျွန်တော်လည် လုပ်စရာရှိသေးလို့ ပြန်တော့မယ်... နောက်အားမှပဲ ပြန်လာလည်တော့မယ်..."
"အင်း.. သေချာလည်း ဂရုစိုက် မောင်းသွားဦး..."
လင်းရီနှင့် လီချူးဟန်တို့ ထွက်ခွာသွားသည်ကို လူတိုင်းမှ စောင့်ကြည့်နေကြရင်း ၀မ်ချွေ့ပင်း သက်ပြင်း တစ်ချက်ချလိုက်သည်။
"အဘိုးကြီးကျောက်... ကျွန်မ သူ့ကို ဟုန်ပေါင်းပေးလိုက်တော့ ရင်ထဲ ဘာလို့ နေလို့ မကောင်းသလို ဖြစ်နေပါလိမ့်...."
"ဘာလို့ ရင်ထဲ မကောင်းဘူး ဖြစ်နေတာ... မင်း နှလုံးဖောက်တော့မလို့လား... ငါ ဆေးခန်းလိုက်ပို့ပေးဖို့ကော လိုသေးလား...."
"ကျွန်မ နှလုံး မကောင်းတာ မဟုတ်ဘူး... ချင်းရန်အတွက် စိတ်မကောင်းသလို ခံစားနေရလို့... ကျွန်မ အရမ်းကို မျက်နှာနှစ်ဖက် ဆန်နေသလိုပဲ... "၀မ်ချွေ့ပင်း ပြောလိုက်ပြီး "နေ့လည်တုန်းကပဲ ကျွန်မ ချင်းရန်နဲ့ စကားတွေ ပြောနေတယ်.. ခဏနေကျတော့ တခြား မိန်းကလေးတစ်ယောက်ကို ဟုန်ပေါင်း ပေးလိုက်တယ်ဆိုတော့ အဲ့ဒါ လူကောင်းတစ်ယောက် လုပ်သင့်တဲ့ အပြုအမူလားလို့.... "
"အဆင်ပြေပါတယ်... နောင်ကျ ရီလေး နောက်လေးငါးယောက်လောက် ထပ်ခေါ်လာခဲ့ရင် မင်း နေသားကျသွားလိမ့်မယ်....”