← Chapters

အစ်ကိုကြီးက တက်ကြွတဲ့ လူငယ်လေးလေ... ဘာလို့ အဆိုးတွေ မြင်နေရတာလဲဟ...

Vol. 34 Ch. 510

အစ်ကိုကြီးက တက်ကြွတဲ့ လူငယ်လေးလေ... ဘာလို့ အဆိုးတွေ မြင်နေရတာလဲဟ...

Vol. 34 Ch. 510

ဆယ်မိနစ်ခန့်ကြာအောင် မောင်းနှင်ပြီးနောက် လင်းရီတို့ရှေ့တွင် ကျောက်တုံးတံတားကြီးတစ်စင်း ထွက်ပေါ်လာလေသည်။ နှစ်သက်တမ်းကြာမြင့်မှုကြောင့် ကျောက်သား မျက်နှာပြင်ပေါ်တွင် စိမ်းရင့်ရင့် ရေညှိတို့က ပန်းချီကားတံဖွယ် ဖြစ်ပေါ်နေသည်။ ယင်းတံတား၏ အကျယ်ကတော့ ရွံ့ထူသည့် လမ်းနှင့် အတူတူပင်။ လေးမီတာ ကျော်ရုံလေးမျှသာ ကျယ်၀န်း၏။

တံ‌တားပေါ်သို့ ကားရောက်ရှိလာသောအခါ ပေချောင်မြို့၏ မြို့ပုံရိပ်ကို စတင် မြင်တွေ့နေရသည်။ ရှေးဟောင်း လေးထပ်အဆောက်အဦးကြီး နှစ်ခုနှင့် ဘန်ဂလို အိမ်ငယ်လေးများကို မျက်စိတစ်ဆုံး မြင်တွေ့နေရ၏။ အများစုမှာ ရွံ့မြေစေး၊ မြက်ခြောက်တို့ကို အသုံးပြု၍ ဆောက်လုပ်ထားပြီး အုတ်နှင့် ဆောက်လုပ်ထားသည့်အိမ်ကို အတော်လေး ရှားပါးလှသည်။

"နင် အံ့အားသင့်နေတာမလား..."

"အင်း.... ငါ ဟိုး ဆယ်စုနှစ် နှစ်ခုလောက်ကို အချိန်နောက်ပြန် ရောက်သွားသလိုပဲ...."

"တကယ်တမ်းကျတော့ ငါ အစက ဟွာရှတစ်ပြည်လုံး ပေချောင်မြို့လိုပဲ ဆင်းရဲကြတယ်လို့ ထင်ထားတာ.... ဒါပေမယ့် ဟွာရှန်းဆေးရုံမှာ လူပေါင်းစုံနဲ့ ကြုံတွေ့ပြီးတော့ သက်တောင့်သက်တာ နေထိုင်နိုင်တဲ့သူက လူဦးရေရဲ့ အစိတ်အပိုင်း သေးသေးလေးပဲ ရှိပါလားဆိုတာ သိလာရတယ်...."လီချူးဟန် ပြောလိုက်ပြီး "နေရာအများစုက ပေချောင်မြို့လိုမျိုးပါပဲ... ဒါမှမဟုတ် ဒီထက် ဆိုးရွားနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်... ဒီနေရာကမှ ဟွာရှရဲ့ သရုပ်သကန်ပဲ .. ဒါကြောင့် ငါ ကျိုးဟိုင်ရဲ့ တာယာစုံတဲ့ ကောင်းကင်ကို မော့ကြည့်မိတိုင်း ငါရှေ့ဆက်လျှောက်ရမယ့် လမ်းခရီးက အရှည်ကြီးကျန်နေပါလား ဆိုပြီးတော့ တွေးမိတယ်...."

"အင်း...."လင်းရီ သက်ပြင်းချလိုက်၏။

"ဒီကမ္ဘာကြီးက အလိမ်အညာတွေနဲ့ ပြည့်နှက်နေတာ... ငါတို့ မြင်နေရတယ်ဆိုတာကလည်း သူ့ကိုယ်သူ တင်းတင်းကြပ်ကြပ် ပတ်စည်းထားတဲ့ အပေါ်ယံ အရေပြားလောက်ပဲ... ငါတို့ရှေ့မှာ မြင်နေရတဲ့ မြင်ကွင်းကမှ ကမ္ဘာကြီးရဲ့ တကယ့်အစစ်အမှန်ပုံရိပ်ပဲ....."

ထိုစကားပြောပြီးပြီးချင်း လင်းရီ တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွားသည်။

သူက စိတ်ဓာတ်တက်ကြွနေတဲ့ လူငယ်လေးပါ... ဘာလို့ ကမ္ဘာကြီးကို မုန်းတီးနေတာလဲဟ....

"ငါနဲ့ အတူ လိုက်လာပေးလို့ ကျေးဇူးပါနော်... နင် လိုက်လာပေးတော့ ငါလည်း အများကြီး အဖော်ရတယ်....."

"တဖြည်းဖြည်း တိုးတက်လာမှာပါ... မင်းစိတ်မပူနဲ့....."လင်းရီ ပြောလိုက်ပြီး "အမှန်တော့ ငါလိုက်လာတယ်ဆိုတာ ပေချောင်မြို့အတွက် လမ်းတံတားပြုပြင်ပေးဖို့နဲ့ ကျောင်းဆောက်ပေးဖို့ပဲ.. တောင်နဲ့ မြစ်တွေက ဟွာရှရဲ့ အနာဂတ်ကလေးငယ်တွေရဲ့ အိပ်မက်ကို ပိတ်ဆို့ထားတာ ငါ ဘယ်လိုလုပ်ပြီး လက်ခံနိုင်မှာ...."

လီချူးဟန် ရုတ်တရက် ကားကို ရပ်တန့်လိုက်ပြီး လင်းရီကို သူမ၏ လှပသော မျက်လုံးလေးများဖြင့် ကြည့်လိုက်သည်။

"နင်က ဒီမှာ လမ်းတွေ ပြုပြင်ပေးဖို့ လာခဲ့တာ...."

"အင်း....ငါ့အောက်မှာ ငါ့နာမည်နဲ့ ပရဟိတတွေ လိုက်လုပ်နေတဲ့ ဖောင်ဒေးရှင်းတစ်ခုရှိတယ်လေ... တိုက်ဆိုင်ချင်တော့ ပေချောင်မြို့က ငါတို့ရဲ့ နောက်လာမယ့် ပရောဂျက်အသစ်ရဲ့ ပစ်မှတ် ဖြစ်လာတာပဲ... ဒါကြောင့်မို့ ကျောင်းတစ်ကျောင်း တည်ဆောက်ပေးပြီးတော့ လမ်းတွေ ပြုပြင်ပေးဖို့ ဆုံးဖြတ်လိုက်တာ.... "

"ငါနင့်ကို ကျောင်းသွားဖို့ မတတ်နိုင်တဲ့ ပေချောင်မြို့က ကလေးတွေ ကိုယ်စား ကျေးဇူးတင်ပါတယ်... "

"မင်းကြည့်ရတာလည်း ကျေးဇူးတင်ပါတယ်ကလွဲပြီး တခြား ဘာမှ မပြောတတ်တဲ့ ပုံစံပဲ..."

"ငါလည်း တခြားဟာ မစဉ်းစားတတ်တော့လို့လေ..."လီချူးဟန် ချစ်စဖွယ် အမူအရာလေးဖြင့် ပြောလိုက်၏။

"အဆင်ပြေပါတယ်.. လမ်းက ချိုင့်ထူတော့ တစ်ချိန်လုံး ခုန်ပေါက်နေတဲ့ မင်းကို ကြည့်ရင်းလိုက်လာခဲ့တာဆိုတော့ လုံလောက်တာထက်ကို ပိုနေပြီ...."

လီချူးဟန် ရှက်ရွံ့ပြီး နေရခက်စွာဖြင့် ကားကို တစ်ဖန် ပြန်နှိုးလိုက်လေသည်။ သူမ လင်းရီ ဆိုလိုသည့် အဓိပ္ပာယ်ကို နားလည်ပေသည်။

"အဲ့တာဆိုလည်း နင်ဆက်ကြည့်ပေါ့... ငါ စိတ်မရှိပါဘူး..."

ဟမ်...

ဖြစ်နိုင်လို့လား...

လီချူးဟန်၏ သဘောထားကြီးမှုက လင်းရီအပေါ်တွင် အလုပ်မဖြစ်သောကြောင့် သူမ အခြားအကြောင်းအရာတစ်ခုကို ပြောင်းလိုက်သည်။

"ဒီမှာ တစ်ခုခု ဖြစ်နေတာလားမသိဘူး... ငါအရင်လာတုန်းကဆိုရင် ဒီမှာတစ်ယောက်မှ မရှိပါဘူး...."

ကားတစ်စီးလာနေသည်ကို မြင်တော့ ကျောက်တုံးတံတားပေါ်ရှိ လူများမှာ တံတားအလယ်မှ ပိတ်ရပ်၍ ခြေဖျားထောက်ပြီး စပ်စုကြလေသည်။ သူတို့ရှေ့တွင်တော့ ငါးအသေကောင်များ ထည့်ထားသည့် ခြင်းကြီးခြင်းငယ်တို့ကို တန်းစီးထားပြီး ယင်ကောင်တို့ကလည်း တဝဲဝဲလည် ဖြစ်နေကြ၏။

ဒါဇင်နှင့်ချီသော ခြင်းတောင်းများမှာ တံတားအလယ်တွင် နေရာယူထားပြီး လမ်းပိတ်ထားသလို ဖြစ်နေကာ မည်သို့မျှ ကားသွား၍ မရချေ။

"ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါဦးဗျို့... ကျုပ်တို့ ဟိုဘက် သွားမလို့ပါ...."

လင်းရီ ပြတင်းပေါက်မှ ခေါင်းပြူပြီး ရှေ့ရှိ သက်ကြီးရွယ်အို ဦးလေးအန်တီတို့ကို ပြောလိုက်သည်။

လင်းရီကိုမြင်တော့ တံတားအလယ်တွင်ရပ်နေကြသည့် ရွာသားများမှာ လင်းရီထံ ဝိုင်းအုံလာကြပြီး "ငါ့တူ ငါး၀ယ်ပါဦးလား..... ဒါ ဒီမြစ်ထဲက ငါးတွေချည်းပဲ.. အကုန် လတ်ဆတ်တယ်... မင်း မြို့ပေါ်မှာ မစားဖူးတဲ့ အရသာမျိုး ထင်ကျန်စေရမယ်လို့ အာမခံတယ်ကွာ... "

ယင်ကောင် တလောင်းလောင်း ဖြစ်နေသည့် ခြင်းတောင်းများထဲရှိ ငါးကို ကြည့်ရင်း လင်းရီ မအီမသာ ဖြစ်လာပြီး "ဒီလောက် ယင်ကောင်တွေ လှိုင်ထနေတာကို လတ်ဆတ်တယ်ဆိုပြီး ဘယ်လိုတောင် ပြောဝံ့နေတာလဲဟ..."

ထိုအဘိုးကြီးများမှာ သူ့ကို ဂျင်းထည့်ရ လွယ်ကူသည်ဟု ထင်နေပုံပင်။ မည်သို့ပင် ဖြစ်နေစေကာမူ အပြုံးမပျက်၍ လိမ်မလည်နေကြ၏။

'အပြုံးကို မေ့ထားလိုက်ဦး.. ခုဟာက မျက်စိမှိတ်ပြီးကို လိမ်လည်နေတာ....'

"ငါးတွေက အညှီဓာတ်ပြင်းတော့ ယင်ကောင်တွေကို ဆွဲဆောင်တာ သဘာ၀ပဲလေ... ဒါပေမယ့် အားလုံးက လတ်လတ်ဆတ်ဆတ်ပဲ... ငါ့တူ ၀ယ်ပြီးရင် စိတ်ချလက်ချသာ စားလှည့်...ဘာပြဿနာမှ မရှိစေရဘူး...."

"နေတော့.. ကျုပ်တို့မှာ လုပ်စရာတွေ ရှိသေးတယ်... လမ်းသာ ဖယ်ပေးဗျာ..."လင်းရီ စိတ်ရှည်စွာဖြင့် ပြောလိုက်သည်။

"ငါ့တူကလည်း ဘာလို့ ဒီလောက် လောကြီးနေရတာတုန်းဟ... မင်းဘယ်လောက်လောလော အစားတော့ စားရမယ်လေ... ငါးလေးတစ်ကောင် နှစ်ကောင်လောက် ၀ယ်သွားလိုက်ပါကွာ..."

"ကျုပ်တို့ မ၀ယ်သေးဘူးလို့ ပြောထားတာ ခင်များ မကြားလိုက်ဘူးလား... ဒါမှမဟုတ် လူစကားကို နားမလည်တာလား...."

"ကောင်လေး... မင်း လူကြီးကို ဘယ်လိုစကားပြောနေတာတုန်းကွ..."ဦးလေးကြီးတစ်ယောက်မှ မပျော်မရွှင်ဖြစ်သွားပြီး "မင်းကို ပြောလိုက်မယ်... ငါ့ငါးတွေကို မ၀ယ်ပေးရင် ဒီကနေ ဖြတ်သွားဖို့ စိတ်တောင် မကူးနဲ့...."

လင်းရီ ပြုံးလိုက်ပြီး "ခင်များတို့က ဘာလို့ အတင်း၀ယ်ခိုင်းနေကြတာ..."

"ငါး၀ယ်လိုက်ရင် ရှင်းနေပြီလေ.. မင်းငါး ၁၀ ကတ္တီလောက် ၀ယ်လိုက်တာနဲ့ ပေးသွားမယ်... မဟုတ်လို့ကတော့ အပြင်မှာပဲ နေပေတော့... မြို့ထဲ ၀င်ဖို့ စဉ်းတောင် မစဉ်းစားနဲ့... "

လီချူးဟန် မျက်မှောင် တင်းတင်း ကြုတ်လိုက်သည်။ ထိုသူတို့၏ အပြုအမူက သူမကို အရှက်ရစေသည်။ မည်သို့ပင်ဆိုစေ ယင်းက သူမ၏ မွေးရပ်ဌာနေ မဟုတ်ပါလော။ လင်းရီက သူမတို့ထံ ကူညီပေးရန် လာခဲ့သော်လည်း ဒေသခံများက ယခုလို ပြုမူနေလေသည်။ ယင်းက ပေချောင်မြို့ကြီးအတွက် ရှက်ဖွယ်လိလိပင်။

လင်းရီ အပြင်ဘက်ရှိ လူများကို ခင်မင်စရာ မကောင်းတော့သည့် အမူအရာဖြင့် ကြည့်ရင်း "ကျုပ်မှာ ခင်များတို့နဲ့ ဖြုန်းဖို့ အချိန်မရှိဘူး... နောက်ဆုံးတစ်ခေါက်ပြောမယ်... လမ်းဖယ်...."

အဘိုးကြီးမှ သူ၏ လက်ကို ကျောနောက်သို့ ပစ်လိုက်ကာ ဘုရင်တစ်ပါးသဖွယ် ပြုမူရင်း "မင်း လေကုန်ခံ မနေနဲ့... ငါတို့ရဲ့ ငါးတွေကို မ၀ယ်ပေးရင် ဖြတ်ဖို့ စိတ်တောင် မကူးနဲ့..."

"အမှန်ပဲ.. မင်းမှာ အစွမ်းအစရှိရင် ငါတို့ကို ကျော်သွားလိုက်... "ကျန်သူများလည်း အသံကိုယ်စီ ထွက်လာကြသည်။ သူတို့၏ အမှန်တရား၏ ဘက်တော်သားများသဖွယ် ပြုမူနေပုံကို ကြည့်ရင်း လင်းရီပင် အရှက်ရလာခဲ့၏။

"ကားထဲက ထွက်လိုက်... နေရာလဲကြမယ်..."လင်းရီ လီချူးဟန်ကို ပြောလိုက်၏။

"နင် သေချာလို့လား... ပြဿနာတွေ ဖြစ်ရင် မကောင်းဘူးနော်...."

"မပူနဲ့... ငါလုပ်နေတာကို ငါနားလည်တယ်...ဆင်းလိုက်... "

"အိုကေလေ...."

လီချူးဟန် အပိုစကားတို့ ဆက်မဆိုပဲ သူမ၏ ထိုင်ခုံခါးပတ်ကို ဖြုတ်ကာ လင်းရီနှင့် နေရာလဲရန် ဟန်ပြင်လိုက်သည်။

နှစ်ယောက် ကားထဲမှ ထွက်လာသည်ကို မြင်တော့ လမ်းအလယ်ရှိ လူတိုင်း သူတို့၏ ခြင်းတောင်းများကို မကာ လင်းရီတို့ထံ သယ်ဆောင်လာကြလေသည်။

တစ်ချိန်တည်းတွင် ကြိတ်၍ ၀မ်းသာသွားခဲ့ကြ၏။

'ဒီရဲ့ မြို့သားတွေက အားနည်းတဲ့ကောင်တွေလောက် အနိုင်ကျင့်ရဲတဲ့ ကောင်တွေပါကွာ... ခုလေးတင် မောက်မာပြနေတာ သူတို့ထက် လေသံလေးလည်း မာပြလိုက်ရော ချက်ချင်း လက်ငင်းကို လိမ်လိမ်မာမာနဲ့ ကားပေါ်က ဆင်းလာတော့တာပဲ....သူတို့တော့ ဒီနေ့ မြိုးမြိုးမျက်မျက်လေး ရတော့မယ်....'

လူတိုင်း ထိုအတွေးနှင့် ပျော်ရွှင်နေကြ၏။

"ငါ့တူ.. မင်းလုပ်တာ အရမ်းကောင်းတယ်... အားလုံးက အေးဆေး ဆွေးနွေးလို့ ရနေတာပဲ မဟုတ်ဘူးလား... ငါးလေး နည်းနည်းလောက်၀ယ်လိုက်... ငါတို့ အိုးစည်တီးပြီးပါ လိုက်ပို့ပေးလိုက်ဦးမယ်...."

"ဟုတ်တယ်... သူစီးနေတဲ့ကားက မာစီးတီးပဲ... ကားအကောင်းစားကြီး... တစ်ချက်ကြည့်လိုက်တာနဲ့ မြို့ပေါ်က သူဌေးတွေ ဆိုတာ သိသာတယ်... ငါတို့ရဲ့ ငါးတွေ အကုန်လုံးကို ၀ယ်ပေးလိုက်ပါလား..."

ရွာသားများ သူတို့ထံ ဝိုင်းအုံနေကြသည်ကို မြင်သော်လည်း လင်းရီတို့ တစ်ခွန်းမျှ ခွန်းတုံ့မပြန်ချေ။ လီချူးဟန် ခရီးသည်ထိုင်ခုံသို့ ၀င်ထိုင်လိုက်ပြီး လင်းရီကတော့ နောက်ရှိ ထရပ်ကား ဒရိုင်ဘာထံသို့ သွား၍ စကားတစ်ချို့ပြောပြီး သူ့ကားထံ ပြန်လာခဲ့လိုက်သည်။

သူတို့နှစ်ယောက်၏ အပြုအမူက ခြင်းတောင်းများ သယ်ထားကြသည့် လူတိုင်းကို ရှုပ်ထွေးသွားစေသည်။

သူတို့က ငါးတွေ ၀ယ်မှာ မဟုတ်ဘူးလား... ဘာလို့ ကားထဲ ပြန်၀င်သွားကြတာ....

လင်းရီ ခေါင်းပြန်ပြူ၍ တံတားပေါ်ရှိ လူတိုင်းကို အော်ပြောလိုက်သည်။

"ကျုပ် ခင်များတို့ကို လမ်းဖယ်ဖို့ အချိန် သုံး စက္ကန့်ပေးမယ်... မဖယ်ရင် ကျုပ်အဆိုးမဆိုနဲ့....မဟုတ်ရင် ဒီကနေ့ ခင်များတို့ အလောင်းတွေပေါ်မှာ ကျုပ်ကား ဖြတ်သန်းရလိမ့်မယ်...."

လင်းရီ၏ စကားကို ကြားတော့ တံတားပေါ်ရှိ လူတိုင်း ဒေါသတကြီး ဖြစ်သွားခဲ့ကြသည်။ သူတို့အားလုံး လှည့်စားခံလိုက်ရသလို ခံစားလိုက်ရလေသည်။

"ငါတို့ကို ကြောက်မယ်များ ထင်နေတာလားဟျောင့်... ငါ ဆိုတဲ့ကောင်က ငယ်ငယ်တုန်းကရင် ဓားပြတွေနဲ့ ဓားချင်းယှဉ်ခဲ့တဲ့ကောင်ပါကွ... မင်းလို ငတိလေးကို ဘာကိစ္စ ကြောက်နေရမှာ... ငါတို့ကို အနိုင်ကျင့်ဖို့ လွယ်တယ်များ ထင်နေတာလားဟျောင့်...."

တံတားပေါ်ရှိ ရွာသားတိုင်း လင်းရီကို အထင်တသေးဖြင့် ကြည့်ရှုလိုက်ကြပြီး မည်သူမျှ သူ့စကားကို အလေးမထားကြပေ။

ဒီကောင်က လူကို ကားနဲ့တိုက်မယ်တဲ့လား...

ဘယ်လိုတောင် ဥပဒေ မဲ့လိုက်လဲ...

"သုံး....."

လင်းရီ နံပါတ်စဉ် စရေတွက်သည်။ သို့သော်လည်း တံတားပေါ်ရှိ ရွာသားများကတော့ တုပ်တုပ်မျှ မလှုပ်ကြချေ။

"နှစ်....."

လင်းရီ မရပ်တန့်ပဲ ဆက်လက်ရေတွက်လိုက်သည်။ တံတားပေါ်ရှိ ရွာသားများကတော့ သူတို့၏ ခြင်းတောင်းများကို နဂိုအတိုင်း လမ်းလယ်‌ခေါင်တွင် ချရင်း လမ်းပိတ်ဆို့ထားကြလေသည်။

"ငါတို့ရဲ့ငါး တစ်ဆယ်ကတ္တီ ၀ယ်ပေးရင် သွားခွင့်ရမယ်လို့ ပြောထားပြီးသား... မဟုတ်လို့ကတော့ အိပ်မက်မက်နေလိုက်တော့...."

"တစ်...."

" နံပါတ်ရေလည်း အလကားပဲ... မင်းငါး မ၀ယ်မချင်း ငါတို့ ဒီမှာ ရပ်နေမှာ... မင်း ထိရဲရင် ထိကြည့်လိုက်စမ်း... သေတဲ့အထိ ငွေညစ်ပြမယ်...."

လင်းရီ တစ်ခွန်းမျှ ပြန်မပြောချေ။ ထိုအစား ကား၏ လီဗာပေါ်တွင် ခြေထောက်တင်လိုက်ပြီး တံတားတစ်ဖက်သို့ မိုင်ကုန် မောင်းထွက်သွားလိုက်တော့၏။

All Chapters