← Chapters

အခန်း (၃၈၁)

Vol. 28 Ch. 381

အခန်း (၃၈၁)

Vol. 28 Ch. 381

ယခုအချိန်တွင် ခေါင်းဆောင်တောက်ရင်က ထွက်သွားပြီဖြစ်သောကြောင့် မူလမီးတောက်ကမ္ဘာတွင် တိုက်ခိုက်နိုင်စွမ်းသိပ်မရှိတော့ပေ။ တိမ်တိုက်ကောင်းကင်ကမ္ဘာ၏ကျင့်ကြံသူများသည် မူလမီးတောက်ကမ္ဘာကို အပြည့်အဝဖိနှိပ်ထားသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ လက်ရွေးစင်တပည့်အချို့ မကြာခဏရောက်လာသောကြောင့် မူလမီးတောက်ကမ္ဘာက တောင့်ခံထားနိုင်ခြင်းဖြစ်သည်။

ဟန်မူယဲ့က နောက်တွင်ရှိသောခန်းဆောင်ကို လှည့်ကြည့်ပြီး ကောင်းကင်ကို မော့ကြည့်သည်။

“အနာဂတ်မှာ အကြောင်းကိစ္စသိပ်မရှိရင် ငါက မူလမီးတောက်ကမ္ဘာကို မကြာခဏလာခဲ့မယ်”

သူက မူလမီးတောက်ကမ္ဘာသို့လာပြီး တိမ်မြူရွှေကြာပင်ကို ဂရုစိုက်ပေးရမည်။ ထို့အပြင် ဤကမ္ဘာ၏အခြေအနေကိုလည်း တည်ငြိမ်အောင်ထိန်းသိမ်းရမည်။

မူလမီးတောက်ကမ္ဘာကို ဖိနှိပ်ရန်အတွက် အနည်းဆုံး ကောင်းကင်ဘုံတစ်ဝက်အဆင့်စွမ်းအားကို လိုအပ်သည်။

ရိုးရိုးသားသားပြောရလျှင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူနှစ်ဦးသည် မူလမီးတောက်ကမ္ဘာကို တည်ငြိမ်အောင်မလုပ်နိုင်ပေ။

ဟန်မူယဲ့က ကိုယ်တိုင်လုပ်လျှင် ပိုကောင်းမည်ဟု ခံစားရသည်။

ဟန်မူယဲ့က မူလမီးတောက်ကမ္ဘာကို ကိုယ်တိုင်ဖိနှိပ်မည်ဖြစ်ကြောင်း ကြားလိုက်ရသောအခါတွင် ဝမ်လော့ရှန်က မနေနိုင်တော့ဘဲ ပျော်ရွှင်သွားသည်။

ဟန်မူယဲ့က ကျောက်စိမ်းပေလွှာတစ်ခုကိုပေးလိုက်ပြီး ပြောသည်။ “ဒါက ငါစုဆောင်းထားတဲ့ သန့်စင်ခြင်းနည်းစနစ်တွေပဲ။ အသစ်သန့်စင်ထားတဲ့ဓားတွေမှာ ပြောင်းလဲမှုတချို့ရှိလာမယ်လို့ မျှော်လင့်တယ်”

ဝမ်လော့ရှန်က ကျောက်စိမ်းပေလွှာကိုယူလိုက်ပြီး နတ်အာရုံဖြင့်စစ်ဆေးကြည့်သည်။ ထို့နောက် သူက ခေါင်းမော့ကြည့်သည်။

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။ “ဝိညာဉ်ကျောက်တုံးတွေက ပြဿနာမဟုတ်ဘူး”

‘အဲ့ဒါဆို ပြဿနာမရှိတော့ဘူးပေါ့’ ဝမ်လော့ရှန်က တွေးသည်။

သူက ကျယ်လောင်စွာရယ်လိုက်ပြီး ပြောသည်။ “စိတ်မပူပါနဲ့အကြီးအကဲဟန်၊ ဂိုဏ်းရဲ့ပန်းပဲပညာရှင်တွေကိုစုဝေးပြီး ကျောက်စိမ်းပေလွှာထဲမှာရှိတဲ့ ပန်းပဲပညာနည်းစနစ်တွေကို သေချာလေ့လာလိုက်ပါ့မယ်။ ငါတို့က တစ်လအတွင်းမှာ ဓားတွေထုတ်လုပ်နိုင်လိမ့်မယ်”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး လက်မြှောက်၍ ဝိညာဉ်ပုလဲတစ်အိတ် ပေးသည်။ ထို့နောက် သူက တောင်ပံတစ်စုံပေါ်သို့တက်ပြီး ကောင်းကင်ထက်တွင် ပျံသန်းသွားသည်။

ဝမ်လော့ရှန်က တောက်ပနေသောမျက်နှာဖြင့် ဝိညာဉ်ပုလဲလုံးအိတ်ကို ကိုင်ထားသည်။

မူလမီးတောက်ကမ္ဘာတွင် ဝိညာဉ်သွေးကြောကိုကျယ်ပြန့်စေပြီး ကုသပေးနိုင်သော ဝိညာဉ်ပုလဲလုံးများက သူတို့၏ကျင့်ကြံခြင်းအတွက် ပိုမိုအကျိုးရှိသည်။

“အကြီးအကဲတွေကို မြန်မြန်ဆင့်ခေါ်လိုက်။ ငါတို့က ဒီဓားတွေကို လဝက်အတွင်းမှာ သန့်စင်ရမယ်” ဝမ်လော့ရှန်က အော်ဟစ်လိုက်ပြီး လှည့်ထွက်သွားသည်။

ဟန်မူယဲ့က လေထုထဲတွင်ရှိနေပြီး မူလမီးတောက်ကမ္ဘာနှင့် ဆက်သွယ်နေသည်။

သူက လေဟာနယ်စွမ်းအား၏အကူအညီဖြင့် ကမ္ဘာ့အပြင်ဘက်သို့ ထွက်သွားသည်။

သူက အပြင်ထွက်သွားသောအခါတွင် မူလမီးတောက်ကမ္ဘာ၏နံရံကို တိုက်ခိုက်နေသော အနက်ရောင်တောင်ပံများနှင့် ခြေလေးချောင်းရှိသည့် အာကာသသားရဲတစ်ကောင်ကို မြင်လိုက်ရသည်။

ထိုသားရဲ၏တိုက်ခိုက်မှုသည် မူလမီးတောက်ကမ္ဘာကို မပျက်စီးစေနိုင်သော်လည်း မူလမီးတောက်ကမ္ဘာ၏ကောင်းကင်တာအိုက စိတ်အနှောင့်အယှက်ဖြစ်နေသည်။

ဟန်မူယဲ့က အပြင်ဘက်တွင်ပေါ်လာသောအခါတွင် ဒါဇင်နှင့်ချီသောသားရဲများက တောင်ပံဖြန့်၍ သူ့ကို ခုန်အုပ်လိုက်ကြသည်။

ဟန်မူယဲ့က ပြုံးလိုက်သည်။ သူ့လက်ထဲတွင် အစိမ်းရောင်နှင့် ခရမ်းရောင်ဓားအလင်းများ ပေါ်ထွက်လာသည်။

အစိမ်းရောင်ကံကြမ္မာဓားနှင့် ခရမ်းရောင်မီးတောက်ဓား

ဓားနှစ်လက်၏နည်းစနစ်များ ပေါင်းစပ်သွားသည်။

“ဘုန်း”

မီးလွင်ပြင်

လေဟာနယ်ထဲတွင် မူလမီးတောက်ကမ္ဘာ၏စွမ်းအားကို ငှားယူပြီး ပေတစ်သောင်းရှည်လျားသောမီးနဂါးတစ်ကောင် ဖြစ်လာသည်။ မိုင်ရာချီပတ်ပတ်လည်တွင် မီးတောင်များရှိနေပြီး သားရဲများကို မီးလောင်တိုက်သွင်းလိုက်သည်။

သေဆုံးသွားသော သားရဲများကို မူလမီးတောက်ကမ္ဘာ၏ ကောင်းကင်အတားအဆီးက စုပ်ယူလိုက်သည်။

ထိုဓားချက်ကို ထုတ်ဖော်လိုက်ပြီး ကောင်းကင်တာအိုနှင့် အပြန်အလှန်အကျိုးသက်ရောက်မှုသည် သူ့အတွက် အကျိုးရှိသည်။

ကောင်းကင်အတားအဆီးပေါ်တွင် သဘာဝစွမ်းအင်အလင်းရောင်များ ပေါ်ထွက်လာပြီး ခံစားချက်ကောင်းနေပုံပေါ်သည်။

ဟန်မူယဲ့က ကျယ်လောင်စွာရယ်လိုက်သည်။ သူက အစွမ်းကုန်ထုတ်သုံးပြီး ဓားများကို ဝှေ့ယမ်းလိုက်သည်။

ကမ္ဘာမြေသွေးကြောဖွင့်အဆင့်နှင့် ဝိညာဉ်နိုးထခြင်းအဆင့်တွင်ရှိသော သားရဲများအားလုံးသည် ဓားအလင်း၏ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး သစ်ရွက်ကြွေများသဖွယ် ပြုတ်ကျသွားသည်။

ဓားအလင်းသည် အလွန်လျင်မြန်စွာပြေးလွှားနေသည်။

ဓားအလင်းနှစ်ခုသည် လိပ်ပြာများကဲ့သို့ လေဟာနယ်ထဲတွင် ကခုန်နေသည်။

“ဝေါင်း ....”

ဟိန်းဟောက်သံကို ကြားလိုက်ရသည်။ ပေတစ်ရာရှိသောသားရဲတစ်ကောင်သည် တောင်ပံများဖြန့်လိုက်သောကြောင့် ပေသုံးရာခန့်အထိ ကြီးမားလာသည်။

သားရဲ၏ခန္ဓာကိုယ်ထဲမှ ဖိအားများပေါ်ထွက်လာသည်။ သားရဲက တောင်ပံခတ်လိုက်ပြီး မိုင်ဒါဇင်ချီသောအကွာအဝေးကို ဖြတ်ကျော်လျက် ဟန်မူယဲ့၏ခေါင်းပေါ်သို့ ရောက်လာသည်။

သားရဲသည် အလွန်လျင်မြန်သည်။

မိစ္ဆာအမြုတေဖွဲ့စည်းထားသော ထိုသားရဲ၏ခွန်အားသည် မိုင်တစ်ရာပတ်လည်အတွင်း၌ အသန်မာဆုံးဖြစ်သည်။

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်သည်။ သူက သားရဲများအား လိုက်လံသတ်ဖြတ်နေသော ဓားနှစ်လက်ကို ပြန်လည်ဆင့်မခေါ်ဘဲ အဝတ်အစားကို တင်းကျပ်စွာချည်နှောင်လိုက်သည်။

သူ့နောက်တွင် ပေတစ်ရာရှည်သော ဦးချိုရှည်နွားသိုးနက်တစ်ကောင်၏ပုံရိပ် ပေါ်လာသည်။

နွားသိုးနက်က ခေါင်းမော့၍ အသံပြုလိုက်ပြီး ရှေ့တက်လာသည်။

ဟန်မူယဲ့က ပျံတက်သွားပြီး နွားသို၏ဦးချိုနှင့် သားရဲကိုတိုက်ခိုက်ရန် လမ်းညွှန်ပေးသည်။

ထူးဆန်းသောသားရဲက နောက်တွန့်မသွားဘဲ တိုက်ရိုက်ထိုးဆင်းလာသည်။

“ဘုန်း”

ပတ်ဝန်းကျင်သည် တုန်ခါသွား၏။ နွားသိုးနက်၏ဦးချိုသည် သားရဲ၏ခန္ဓာကိုယ်ကိုထိုးဖောက်ပြီး မိုင်ဒါဇင်ချီအကွာတွင် ရပ်တန့်သွားသည်။

ရွှေနက်ရောင်တောက်နေသော လျှပ်စီးကြောင်းများက သားရဲ၏ခန္ဓာကိုယ်ကို ရစ်ပတ်ထားပြီး ချီ၊ သွေးနှင့် မိစ္ဆာအမြုတေစွမ်းအားများကို သန့်စင်နေသည်။

နွားသိုးခွန်အားနည်းစနစ်သည် ခွေသားရဲ၏ မိုးကြိုးလျှပ်စီးစွမ်းအားဖြင့် ပေါင်းစပ်သွားသည်။ ထိုစွမ်းအား၏အကျိုးသက်ရောက်မှုက အလွန်ကောင်းမွန်နေလိမ့်မည်ဟု သူထင်မထားခဲ့ပေ။

ဟန်မူယဲ့က ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး လက်မြှောက်၍ ဝှေ့ယမ်းသည်။ ဓားနှစ်လက်သည် သူ့လက်ထဲသို့ ပြန်ရောက်လာသည်။ သူ့ပတ်ပတ်လည်တွင် လျှပ်စီးကြောင်းများလှုပ်ရှားနေသည်။ သူက တစ်ဘက်သို့လှည့်ပြီး တိုက်ခိုက်လိုက်သည်။

ထိုနေရာတွင် တိမ်တိုက်ကောင်းကင်ကမ္ဘာ၏ မရေမတွက်နိုင်လောက်သောကျင့်ကြံသူများ စုဝေးနေသည်။

“ရွှပ် ....”

ခရမ်းရောင်မီးတောက်ဓားသည် မိုင်တစ်ရာအထိ ပျံသန်းသွားခဲ့သည်။

ထိုဓားနှင့်အတူ သွေးများပန်းထွက်လာသည်။

သူက လေဟာနယ်ထဲတွင် မိုင်တစ်ရာအထိ ဓားဖြင့်သတ်ဖြတ်နိုင်သည်။ သူက လောကကို လွှမ်းမိုးနိုင်သော ဓားကျင့်ကြံသူတစ်ဦးဖြစ်သည်။

“သတ် ....”

ဟန်မူယဲ့က မနေနိုင်တော့ဘဲ ခေါင်းမော့၍ဟိန်းဟောက်သည်။ သူ့ခန္ဓာကိုယ်က အလင်းတန်းတစ်ခုအသွင်ပြောင်းပြီး ဓားနောက်မှ လိုက်သွားသည်။

ကျင့်ကြံသူများက သူ့ကိုတားဆီးရန်အတွက် ပြေးဝင်လာသော်လည်း သူနှင့် ပေတစ်ထောင်အကွာအဝေးသို့ ချဉ်းကပ်မလာနိုင်ခဲ့ပေ။

အစိမ်းရောင်ကံကြမ္မာဓား၏ ဓားအလင်းလှုပ်ရှားသွားသည်။ ဓားအလင်းသည် သွေးချီများကို သေချာပေါက်ဖြစ်ပေါ်လာစေလိမ့်မည်။

“အဲ့ဒါ သူပဲ”

လူတစ်ယောက်က ဟန်မူယဲ့ကိုမှတ်မိသွားပြီး ထိတ်လန့်စွာနောက်ဆုတ်သည်။

ဟန်မူယဲ့၏ဓားသည် သူတို့ထက် အဆပေါင်းများစွာ ပိုမိုလျင်မြန်သည်။

လေဟာနယ်ထဲတွင် သွေးများစွန်းထင်းသွားသည်။

မူလမီးတောက်ကမ္ဘာမှ ကောင်းကင်နှင့်မြေကြီး၏မဟာတာအိုသည် အလွန်စိတ်လှုပ်ရှားနေသည်။ ကမ္ဘာထဲတွင်ရှိသောတိမ်တိုက်များသည် အပြင်သို့ ပြေးထွက်လာချင်ပုံရသည်။

ဤတိုက်ပွဲတွင် ဟန်မူယဲ့က တိမ်တိုက်ကောင်းကင်ကမ္ဘာ၏ ဒါဇင်နှင့်ချီသောကျင့်ကြံသူများကို ဆက်တိုက်သတ်ဖြတ်ခဲ့သည်။ သူက ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူသုံးဦးနှင့် တိုက်ခိုက်ပြီး နှစ်ဦးကို အပြင်းအထန် ဒဏ်ရာရသွားစေသည်။ သူက တိမ်တိုက်ကောင်းကင်ကမ္ဘာ၏ကျင့်ကြံသူများကို မိုင်တစ်ထောင်အထိမောင်းထုတ်ပြီး ပြန်လာခဲ့သည်။

ဟန်မူယဲ့က ဓားနည်းစနစ်များနှင့် ရုပ်ခန္ဓာကျင့်ကြံခြင်းနည်းစနစ်ကို လေ့ကျင့်ချင်ရုံသာဖြစ်သည်။ သူက လူအများအပြားကို မသတ်ချင်ပေ။

တိမ်တိုက်ကောင်းကင်ကမ္ဘာနှင့် မူလမီးတောက်ကမ္ဘာသည် အချင်းချင်းနားလည်ထားကြသည်။ သူတို့က အပြန်အလှန်လေ့ကျင့်ပေးပြီး မတော်တဆမှုအများအပြား မဖြစ်စေခဲ့ပေ။

သို့သော် ဟန်မူယဲ့က ခွန်အားထုတ်ပြရလိမ့်မည်။ ထိုသို့မဟုတ်လျှင် ပုံရိပ်ယောင်တာအိုဂိုဏ်းက မူလမီးတောက်ကမ္ဘာကို အပိုင်သိမ်းသွားလိမ့်မည်။

ဟန်မူယဲ့က လေဟာနယ်ထဲတွင်ရပ်နေပြီး အစိမ်းရောင်ဓားတစ်လက်ကို ဖမ်းယူသည်။

ထိုဓားကို အပြင်းအထန်ဒဏ်ရာရသွားသော ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူက ချန်ထားခဲ့သည်။

သူ့လက်ထဲတွင်ရှိသောဓားသည် အနည်းငယ်ရုန်းကန်နေသည်။

ထိုဓားသည် ဝိညာဉ်တစ်ခုရှိနေသော ဝိညာဉ်လက်နက်ဖြစ်သည်။

ဟန်မူယဲ့က တုံ့ဆိုင်းခြင်းမရှိဘဲ ဓားချီနှင့်နတ်အာရုံကို ဓားထဲသို့ ထည့်သွင်းလိုက်သည်။

“ဒီဓားကို ကျောက်စိမ်းကိုယ်ဟန်လို့ခေါ်တယ်။ ဓားက သုံးပေနှစ်လက်မရှည်ပြီး တစ်လက်မကျယ်တယ်။ ဓားက ၁၄ပေါင်ကျော်လေးတယ်။ ဓားကို မူလမီးတောက်ဝိညာဉ်သံ၊ အလင်းချိပ်စည်းသံမဏိ၊ ဝိညာဉ်ကျောက်တုံး၊ ရွှေသတ္တုနဲ့ ရောစပ်ထားတယ်”

“ဒီဓားကို ဟန်ချက်ညီဝိညာဉ်နည်းစနစ်အပါအဝင် သန့်စင်ခြင်းနည်းစနစ်သုံးခုနဲ့ ဖန်တီးထားတယ်။ အကြိမ်ရေထောင်ချီအောင် သန့်စင်ထားပြီး မိစ္ဆာဝိညာဉ်တစ်ခုကို ဓားဝိညာဉ်အဖြစ် ထည့်သွင်းထားတယ်”

“ဝီ”

ဓားသည် တုန်ခါသွားပြီး လက်နက်ဝိညာဉ်က ပျက်စီးသွားသည်။ ဟန်မူယဲ့၏စိတ်ထဲတွင် မြင်ကွင်းများပေါ်လာသည်။

တိမ်တိုက်ကောင်းကင်ကမ္ဘာ၏ ပန်းပဲပညာနည်းစနစ်များသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာထက် ပိုမိုအဆင့်မြင့်သည်။

ဓားထဲတွင် ထည့်သွင်းထားသော ဝိညာဉ်သတ္တုများ၏အရည်အသွေးသည်လည်း မဆိုးပေ။

ဟန်မူယဲ့က ထိုဓားမှတစ်ဆင့် ဓားနည်းစနစ်နှင့် လက်နက်သန့်စင်ခြင်းနည်းစနစ်များကို သင်ယူနိုင်ခဲ့သည်။

သူက အလယ်ပိုင်းကုန်းမြေနှင့်ယှဉ်နိုင်သော တိမ်တိုက်ကောင်းကင်ကမ္ဘာကိုလည်း မြင်ခဲ့သည်။

“ဟမ်” ဓားထဲတွင် ပုံရိပ်တစ်ခုပေါ်လာသောကြောင့် ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်သည်။

တိမ်တိုက်ကောင်းကင်ကမ္ဘာ၏စစ်တပ်သည် မူလမီးတောက်ကမ္ဘာကို တိုက်ခိုက်ရန်အတွက် ထွက်လာခဲ့သည်။ သို့သော် လမ်းတစ်ဝက်တွင် ပျက်စီးနေသောကြယ်တစ်လုံးပေါ်ရှိ ကျင့်ကြံသူတစ်ယောက်ကို ဝိုင်းရံသတ်ဖြတ်ရန်အတွက် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများ ထွက်သွားကြသည်။

သူက ထိုကျင့်ကြံသူ၏ပုံစံကို မမြင်လိုက်ရသော်လည်း ခရမ်းရောင်အငွေ့အသက်များကို မြင်လိုက်ရသည်။

လူသားဆန္ဒ၊ ကွန်ဖြူးရှပ်တာအို၏ မဟာကျင့်ကြံသူတစ်ဦး

ဟန်မူယဲ့က တောက်ပနေသောမျက်လုံးများဖြင့် အဝေးကိုကြည့်သည်။

သူ့ခြေထောက်အောက်တွင်ရှိသော အဖြူရောင်တောင်ပံများက တုန်ခါသွားပြီး ပုံရိပ်ယောင်ဆန်သောတောင်ပံတစ်စုံအဖြစ် ပြောင်းလဲသွားသည်။

ကောင်းကင်ကြိုးကြာတောင်ပံ

“မူလမီးတောက်ကမ္ဘာ၊ မင်းရဲ့စွမ်းအားကို ယူသုံးမယ်” ဟန်မူယဲ့က ခပ်အုပ်အုပ်အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင်ရှိသော လေဟာနယ်စွမ်းအားများသည် အောက်တွင်ရှိသော မူလမီးတောက်ကမ္ဘာ၏ လှုပ်ရှားနေသောသဘာဝစွမ်းအင်များဖြင့် ဝင်တိုက်သွားသည်။

“ဘုန်း”

ကောင်းကင်ကြိုးကြာတောင်ပံများ ပြန့်ကားလာပြီး သူ့ရှေ့တွင် ရောင်စုံလမ်းကြောင်းတစ်ခု ပေါ်လာသည်။

သူက ချက်ချင်းဆိုသလိုပဲ မိုင်တစ်သိန်းအကွာသို့ရောက်သွားသည်။

“အဟွတ်၊ အဟွတ် ....

သူက မှောင်မည်းနေသောအာကာသထဲတွင် ပြန်ပေါ်လာပြီး တစ်ကိုယ်လုံး ပဲ့ကြွေသွားလုနီးပါး နာကျင်နေသည်။ သူ့ရင်ဘတ်နှင့်ဝမ်းဗိုက်သည် တုန်ခါနေပြီး သွေးများအန်ထုတ်တော့မည်ဟု ထင်ရသည်။

All Chapters