အခန်း (၃၈၈)
Vol. 28 Ch. 388
ထိုစာလုံးများသည် ပေတစ်သောင်းရှည်လျားသောကျောက်ပြားအဖြစ်ပြောင်းသွားပြီး ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူ ဟော်ရှန်လင်းကို ရိုက်ချသည်။
ကျောက်ပြားကျဆင်းလာပြီး ဟော်ရှန်လင်းကို ရိုက်ချသည်။ သူ့ခန္ဓာကိုယ်က ပျက်စီးမသွားဘဲ အနက်ရောင်အလင်း၏လွှမ်းခြုံမှုကိုခံရပြီး မြေကြီးပေါ်သို့ရောက်သွားသည်။
ဟန်မူယဲ့က မြေကြီးပေါ်သို့ကျဆင်းသွားသော ကျောက်ပြားကိုကြည့်လိုက်ပြီး တစ်ခုခုခံစားမိသည်။
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူသည် သေဆုံးမသွားခဲ့ပေ။ ထိုကိုယ်ပွားကို ကျောက်ပြားဖြင့် ဖိနှိပ်ထားသည်။
‘သူ့ကို ဘာဖြစ်လို့မသတ်တာလဲ’
ကြယ်တစ်လုံး၏စွမ်းအားနှင့် သူတော်စင်တစ်ဝက်အဆင့်စွမ်းအားရှိနေသောကြောင့် ဝိညာဉ်ဖွဲ့စည်းခြင်းတစ်ဝက်အဆင့်ကိုယ်ပွားကို သတ်ဖြတ်နိုင်သည်။
သို့သော် ထိုကိုယ်ပွားသေဆုံးသွားလျှင် ဤလောကကို အားဖြည့်ပေးရန်အတွက် ချီစွမ်းအင်တချို့ပဲ ရနိုင်မည်။
အသက်ရှင်နေသော ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတစ်ဦးသည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ဆက်တိုက်အားဖြည့်ပေးနိုင်သည်။
တစ်ရက်၊ တစ်နှစ်၊ ဆယ်နှစ်၊ နှစ်တစ်ရာ ....
ရက်အနည်းငယ်သည် မသိသာသော်လည်း နှစ်တစ်ထောင်၊ နှစ်တစ်သောင်းကြာသည်အထိ စွမ်းအားများကို ဆွဲထုတ်နိုင်လျှင် တစ်ခါတည်းသတ်ဖြတ်ခြင်းထက် ပိုအကျိုးရှိသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာက ပြင်ပဘုံကျင့်ကြံသူနှင့်မိစ္ဆာများကို ဖိနှိပ်ထားသည့်အတွက် အံ့အားသင့်ရန်မလိုတော့ပေ။ ထိုကျင့်ကြံသူနှင့်မိစ္ဆာများကို ကုန်ကြမ်းအသွင်သဘောထား၍ စွမ်းအားများ ဖြည်းဖြည်းချင်းထုတ်ယူနေခြင်းဖြစ်သည်။
အနက်ရောင်ကျောက်ပြားက မြေကြီးကို ထိုးခွဲသွားသောအချိန်တွင် ဟန်မူယဲ့၏ဝိညာဉ်က တုန်ခါသွားသည်။
သူက မြေအောက်တွင် အဆုံးမရှိသောချော်ရည်များကို မြင်လိုက်ရသည်။
ထိုအရာသည် ကြယ်နှလုံးသားဖြစ်သည်။
ယခုအချိန်တွင် ပူလောင်နေသောချော်ရည်များက စိတ်ကူးမယဉ်နိုင်လောက်သောစွမ်းအားများဖြင့် စုစည်းနေသည်။
သို့သော် ထိုစွမ်းအားသည် ပျက်စီးခြင်းစွမ်းအားမဟုတ်ဘဲ ပြန်လည်မွေးဖွားခြင်းဖြစ်သည်။
မီးတောက်များသည် ပျက်စီးခြင်းအတွက်ပဲမဟုတ်ချေ။
ချက်ချင်းဆိုသလိုပဲ ဟန်မူယဲ့၏ စိတ်နယ်ပယ်၊ ချီပင်လယ်နှင့် ဒန်ထျန်အတွင်း၌ မီးတောက်များပေါ်ထွက်လာသည်။
မီးတောက်သည် သူ့ဝိညာဉ်သွေးကြောနှင့်အရိုးများကို လောင်ကျွမ်းသွားသည်။ သို့သော် သူက နာကျင်မှုကိုမခံစားရဘဲ တစ်ကိုယ်လုံးနွေးထွေးနေသည်။
မီးဓာတ်လိုက်ဖက်ညီမှု အမြင့်ဆုံးအဆင့်!
မီးဓာတ်လိုက်ဖက်ညီမှု အမြင့်ဆုံးအဆင့်ဖြစ်သည်။ ဤအဆင့်တွင် မီးတောက်အတွင်း၌ နေထိုင်နိုင်ပြီး မီးလောင်ကျွမ်း၍ သေဆုံးသွားမည်မဟုတ်ပေ။
အနာဂတ်တွင် ဟန်မူယဲ့က ခန္ဓာကိုယ်အတွင်းရှိမီးတောက်များကြောင့် ဒဏ်ရာရမည်မဟုတ်ဘဲ မီးစွမ်းအားကို သုံးစွဲနိုင်လိမ့်မည်။
သူက လက်ဝါးဖြန့်လိုက်သောအခါတွင် ခိုဥတစ်လုံးအရွယ်အစားရှိသော မီးဝိညာဉ်ပုလဲတစ်လုံးပေါ်ထွက်လာသည်။
“ဒါက ကြယ်နှလုံးသားလား”
သူက ပုလဲလုံးအတွင်း၌ရှိသော လှုပ်ရှားနေသည့်စွမ်းအားနှင့် ပေါက်ကွဲလုနီးပါးဖြစ်နေသော အဆုံးမရှိသည့်စွမ်းအားကို ခံစားနိုင်သည်။
“ဒါက ကြယ်နှလုံးသားပဲ။ ဒါပေမဲ့ ကြယ်နှလုံးသားလည်းမဟုတ်ဘူး” ကောင်းကင်ထက်တွင် သစ်ကိုင်းကိုကိုင်ထားသော လုယွီကျိုးက ဖြည်းဖြည်းချင်းဆင်းသက်လာပြီး ဟန်မူယဲ့၏လက်အတွင်း၌ရှိသော ပုလဲလုံးကိုကြည့်သည်။
“တကယ်လို့ ဒီကြယ်ပျက်စီးသွားရင် စွမ်းအားတွေအကုန်လုံး ဒီပုလဲလုံးထဲကိုရောက်သွားပြီး ကြယ်အသစ်မွေးထုတ်ပေးမယ့် ကြယ်နှလုံးသားအဖြစ် ပြောင်းသွားလိမ့်မယ်”
“အခု ဒီကြယ်က အသက်ပြန်ရှင်လာတယ်။ ဒီပုလဲလုံးထဲမှာ ကြယ်စွမ်းအားတွေရှိမနေတဲ့အတွက် ကြယ်နှလုံးသားလို့ မယူဆနိုင်ဘူး”
လုယွီကျိုးက အပြုံးတစ်ခုနှင့်အတူ ဟန်မူယဲ့ကိုကြည့်သည်။ “ဒါက ကြယ်နှလုံးသားဆိုရင် မင်းက ဒါကို အချိန်အတော်ကြာတဲ့အထိ အသက်သွင်းနိုင်မှာမဟုတ်ဘူး။ မခု မင်းက ဒီကြယ်ဝိညာဉ်ပုလဲလုံးကို သုံးနိုင်တယ်”
အသုံးပြုရမည့်နည်းလမ်းကိုတော့ လုယွီကျိုးက ရှင်းမပြခဲ့ပေ။
အသုံးပြုနိုင်သောကြောင့် ဟန်မူယဲ့က ပြန်သွားပြီး လေ့လာကြည့်ရမည်။
သူက ပုလဲလုံးကို တွန့်ဆုတ်ခြင်းမရှိဘဲ သိမ်းသည်။
ထိုပုလဲလုံးသည် သူ့အတွက် ဤကမ္ဘာ၏လက်ဆောင်ဖြစ်သည်။
ဤကြယ်ပေါ်တွင် ဟန်မူယဲ့က အစွမ်းကုန်ထုတ်သုံးပြီး ဝိညာဉ်ကိုယ်ခွဲအဆင့်ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ခဲ့သည်။ ထို့နောက် သူက ကိုယ်ပိုင်ခွန်အားကိုအသက်သွင်း၍ လုယွီကျိုးကို သူတော်စင်တစ်ဝက်အဆင့်သို့ ရောက်သွားစေသည်။ ဤကြယ်ကလည်း အသက်ပြန်ရှင်လာသည်။
သူက ထိုကုန်ကျမှုများအတွက် ပြန်လည်ရရှိသင့်သည်။
ဤလောကတွင် အလကားရသောအရာ မရှိပေ။
လုယွီကျိုးက လက်မြှောက်လိုက်သောအခါတွင် ဓားရှည်တစ်လက်ပေါ်လာသည်။
“ဒါက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူရဲ့ ဓမ္မရတနာဓားပဲ။ ငါက အထဲမှာရှိတဲ့ဓားဝိညာဉ်ကို ချုပ်နှောင်ပြီး ဖိနှိပ်ထားတယ်။ ဓားရဲ့စွမ်းအားကို ဖြည်းဖြည်းချင်းချေဖျက်လိုက်ပါ။ မင်းက နှစ်တစ်ရာအတွင်းမှာ ဒီဓားကိုသုံးနိုင်လိမ့်မယ်”
ဓမ္မရတနာများတွင် ဝိညာဉ်ရှိသည်။ အသိစိတ်သန်မာသောဝိညာဉ်များသည် လူသားအဖြစ် တိုက်ရိုက်ပြောင်းလဲနိုင်သည်။
ဟန်မူယဲ့တွင်လည်း ဓမ္မရတနာများရှိသည်။
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူ၏လက်နက်သည် ဓမ္မရတနာဖြစ်ပြီး ရတနာဝိညာဉ်ကလည်း အားကောင်းလိမ့်မည်။
လုယွီကျိုးက ကောင်းမွန်စွာတွေးတောပြီး လက်နက်ဝိညာဉ်ကို ဖိနှိပ်ထားခဲ့သည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ဓားကိုသိမ်းသည်။
“ဟမ့်၊ ပစ္စည်းကောင်းတွေအားလုံးကို ပေးပစ်နေတော့တာပဲ” လုချန်၏အသံ ပေါ်ထွက်လာသည်။
သူက ထိုသို့ပြောလိုက်သော်လည်း ပြုံးနေခဲ့သည်။
သူက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ညင်သာစွာခေါင်းညိတ်သည်။
“စိတ်မပူပါနဲ့။ ငါပိုင်တာတွေအားလုံးက နောက်ကျရင် မင်းဟာဖြစ်လာမှာပါ” လုယွီကျိုးက ဂုဏ်ယူစွာပြောလိုက်ပြီး ပတ်ဝန်းကျင်ကို ကျေနပ်စွာကြည့်သည်။
“ငါက ဒီကြယ်တာအိုနယ်မြေကို ကောင်းကင်အံ့ဖွယ်ကမ္ဘာဆီ ပြန်ယူလာပြီး အလယ်ပိုင်းကုန်းမြေမှာ ဒေသတစ်ခုအဖြစ် ပြောင်းလဲလိုက်မယ်။ မင်းက ဒေသအုပ်ချုပ်သူဖြစ်လာလိမ့်မယ်”
“အခုအချိန်ကစပြီး လုမိသားစုက ဒီဒေသကို စောင့်ကြပ်မယ်”
“ငါ့ရဲ့အကြီးဆုံးမြေးက အံ့ဖွယ်နေမင်းသက်တော်စောင့်ထဲမှာလို့ မင်းမပြောခဲ့ဘူးလား။ သူ့ကို ဒီပို့လိုက်”
“မြို့တစ်မြို့တည်ပြီး မြို့ပြင်မှာ မြစ်တစ်စင်းဖော်ရမယ်။ မြစ်ထဲမှာ အပျော်လှေတွေနဲ့ ပြည့်နေသင့်တယ် ....”
လုယွီကျိုးက တောက်ပနေသောမျက်လုံးများနှင့်အတူ လက်ကိုဝှေ့ယမ်းသည်။
လုချန်က ထိုစကားများကိုကြားလိုက်ရသောအခါတွင် ပြုံးသည်။ သူက မတားသလို ငြင်းဆန်မှုလည်း မပြုလုပ်ပေ။
“ဝီ!”
သိပ်မဝေးသောနေရာတွင် ချီစွမ်းအင်အလင်းများလှုပ်ရှားလာသည်။
လူများ တစ်ယောက်ပြီးတစ်ယောက်ပေါ်လာသည်။
မတူညီသောအရပ်နှင့် မျက်နှာများရှိသော အစိမ်းရောင်ဝတ်စုံနှင့်လူငယ်ဆယ့်သုံးယောက် ရပ်နေသည်။ သူတို့နောက်တွင် ဒါဇင်ချီသော အစိမ်းရောင်ဝတ်စုံနှင့်မိန်းကလေးများ ရှိနေသည်။
သူတို့က ထင်းရှူးပင်နှင့်မြက်ပင်များမှ အသွင်ပြောင်းလာခဲ့သည်။
ဤလောကသည် ပြန်လည်ရှင်သန်လာသောကြောင့် ကြယ်ပေါ်တွင်နောက်ဆုံးကျန်နေသော သက်ရှိများသည် ကြွယ်ဝသောစွမ်းအားများကို လက်ခံရရှိခဲ့သည်။
လူငယ်နှင့်မိန်းကလေးများသည် လုယွီကျိုးကို ဦးညွှတ်သည်။
လုယွီကျိုးက ပြုံးလိုက်ပြီး လုချန်ကို ညွှန်ပြသည်။ “ဒါက မင်းတို့ရဲ့အစ်ကိုအကြီးဆုံး လုချန်ပဲ”
သူက ဟန်မူယဲ့ကို ညွှန်ပြသည်။ “ဒါက မင်းတို့ရဲ့ ဆရာဦးလေးပဲ”
လုချန်က ဟန်မူယဲ့ကို လှည့်ကြည့်သည်။ “ဆရာဦးလေးဟန်လား”
ဟန်မူယဲ့က ပြုံးသည်။
အဆုံးတွင် လုချန်က ဟန်မူယဲ့ကို ဆရာဦးလေးအဖြစ် အသိအမှတ်မပြုခဲ့ပေ။
သူ့ပြောစကားအရ သူနှင့်ဟန်မူယဲ့သည် တစ်ယောက်ကိုတစ်ယောက် ညီအစ်ကိုအဖြစ်ခေါ်လျှင် ပိုကောင်းသည်။
လုချန်က ဟန်မူယဲ့ကို တော်ဝင်ကျောင်းတော်သို့ ဖိတ်ခေါ်ခဲ့သည်။ ဟန်မူယဲ့သည် အလွန်ပါရမီရှိပြီး တော်ဝင်ကျောင်းတော်၌ လေ့လာလိုက်လျှင် ပြန်လည်မွေးဖွားလာလိမ့်မည်ဟု လုယွီကျိုးက ပြောသည်။
လုယွီကျိုးက ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ရွေ့လျားရန် ကြယ်ကို လမ်းညွှန်လိုက်သည်။
ဧရာမကြယ်ကြီးက ပျံသန်းလာပြီး ပတ်ဝန်းကျင်တွင်ရှိသော ကြယ်နှင့်ဥက္ကာခဲများကို ဝင်တိုက်လိုက်သည်။
ကောင်းကင်နှင့်မြေကြီးက အသံပေးနေသည်။
လုယွီကျိုးက အပျော်လှေတစ်စင်းအား မှောက်ပစ်ခဲ့သောအကြောင်းကို ကြွားဝါနေသည်။ ဟန်မူယဲ့က ဘေးတွင်ထိုင်ကြည့်နေသည်။
သူတော်စင်များသည် အကောင်အထည်ကင်းမဲ့ပြီး လူသားလောကသည် နှလုံးသားကို သန့်စင်ပေးသည်။
သူ့ရှေ့တွင်ရှိသော ခံ့ညားသည့်လုယွီကျိုးသည် သူတော်စင်တစ်ဝက်အဆင့်ကျင့်ကြံသူတစ်ဦးနှင့် မတူညီကြောင်း ဟန်မူယဲ့က ခံစားမိသည်။
သူက အသွေးအသားနှင့် အစစ်အမှန်လူတစ်ဦးဖြစ်သည်။
သို့သော် ယခုအချိန်တွင် ထိုလူက မိုင်ဆယ်သန်းကျော်ကျယ်ဝန်းသော ကြယ်တစ်လုံးကိုထိန်းချုပ်၍ ပျံသန်းနေသည်။
“ငါ့တာအိုနယ်မြေက လိုအပ်နေသေးတယ်။ ရတနာတွေ တစ်ခုမှမရှိဘူး”
“အလယ်ပိုင်းကုန်းမြေမှာ ဒေသတစ်ခုအဖြစ်ပြောင်းပြီးရင် ဆက်တိုက်ပျိုးထောင်ပေးဖို့လိုတယ်။ အလုပ်တွေအများကြီးလုပ်ရတော့မယ်”
လုယွီကျိုးက ဟန်မူယဲ့ကိုလှည့်ကြည့်သည်။ “မင်းက အနောက်ဘက်နယ်စပ်ကုန်းမြေကို စောင့်ကြပ်တာဆိုတော့ ငါတို့က လိုအပ်တာကို လဲလှယ်နိုင်လိမ့်မယ်”
ထို့နောက် သူက လေးနက်ပုံရသောလုချန်ကို ညွှန်ပြသည်။ “အဲ့ဒီကောင်က စီးပွားရေးလုပ်တာ မကောင်းလောက်ဘူး”
“ညီအစ်ကိုဟန်၊ မင်းရဲ့တူလေးကို ကူညီရမယ်နော်”
လုချန်၏မျက်နှာက တောင့်တင်းသွားသည်။ “ခင်ဗျားက ကျွန်တော်တို့ညီအစ်ကိုတွေအကြောင်းကို စိုးရိမ်စရာမလိုပါဘူး”
သူတို့က ညီအစ်ကိုများဖြစ်သည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။
ကြယ်သည် ပျံသန်းနေပြီး ချက်ချင်းဆိုသလိုပဲ မိုင်ထောင်ချီအကွာသို့ရောက်လာသည်။ အာကာသထဲတွင်လှုပ်ရှားနေသော ကြယ်လေပြင်းများသည် မိုင်သောင်းချီအကွာအဝေးကို လွှမ်းခြုံထားသည်။
“ဝမ်မော့ရှန်က ငါ့ကိုကျေးဇူးတင်သင့်တယ်။ ကြယ်စွမ်းအားနဲ့ပေါင်းစပ်လိုက်ရင် သူ့အစီအစဉ်က အောင်မြင်နိုင်ချေမြင့်လာလိမ့်မယ်” လုယွီကျိုးက ရေရွတ်လိုက်သည်။ ထို့နောက် သူ့ကိုယ်ပေါ်တွင် အလင်းရောင်များတောက်ပလာသည်။
ဧရာမကြယ်ကြီးသည် ဖျတ်ခနဲတောက်ပလာပြီး ရှေ့တွင်ရှိသောလေဟာနယ်ကို ဝင်တိုက်သည်။
လေဟာနယ်စွမ်းအားများလှုပ်ရှားလာပြီး ဧရာမကြယ်ကြီးကို လွှမ်းခြုံလိုက်သည်။
လေဟာနယ်စွမ်းအားပျောက်ဆုံးသွားသောအခါတွင် ဟန်မူယဲ့က ရှေ့တွင်ရှိနေသော တောက်ပသည့်စကြဝဠာကို မြင်ရသည်။
ထိုထဲတွင် အတောက်ပဆုံးအရာသည် အဆုံးမရှိသောကုန်းမြေဖြစ်သည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ
သူတို့က လေဟာနယ်ကိုကျော်ဖြတ်ပြီး တခြားအာကာသနယ်မြေတစ်ခုကို ရောက်လာခဲ့သည်။
“အင်မော်တယ်ဝိညာဉ်ကမ္ဘာရဲ့လူက ဝမ်မော့ရှန်ကို ငကြောက်လို့ခေါ်ခဲ့တာ အံ့သြစရာတော့မဟုတ်ဘူး” လုယွီကျိုးက ရှေ့သို့ကြည့်ပြီး ပြုံးသည်။
“ဒါပေမဲ့ ဒီကမ္ဘာကို တခြားသူတွေနဲ့ဝေမျှပြီး တခြားကမ္ဘာတွေနဲ့တိုက်ခိုက်ဖို့ ဘယ်သူကလုပ်နိုင်မှာလဲ”
သူ့အသံသည် ခံစားချက်များဖြင့်ပြည့်နှက်နေသည်။
ဟန်မူယဲ့က လျင်မြန်စွာခေါင်းညိတ်သည်။
မှန်သည်။
ဤကမ္ဘာသည် အလွန်လှပပြီး တောက်ပနေသည်။ စကြဝဠာထဲတွင် ကြယ်များအားလုံးသည် အသက်စွမ်းအားဖြင့်ပြည့်နေသည်။ အဆုံးမရှိသောကုန်းမြေသည် စိမ်းလန်းနေ၏။
ထိုကမ္ဘာမျိုးကို တန်ဖိုးထားပြီး ကာကွယ်လိမ့်မည်။
လုယွီကျိုးက လေးနက်သောမျက်နှာထားဖြင့် ဟန်မူယဲ့ကိုလှည့်ကြည့်သည်။ ”လောကတစ်ခုမှာ မဟာတာအိုရဲ့ သူတော်စင်တစ်ယောက်ပဲရှိနိုင်တယ်။ ဝမ်မော့ရှန်က သူတော်စင်တစ်ယောက်ဖြစ်နေပြီ။ မင်းက အဲ့ဒီအဆင့်ကိုတက်လှမ်းချင်ရင် ရွေးချယ်မှုလုပ်ရမယ်”
ထိုအရာသည် ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုဖြစ်ပြီး ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားအကန့်အသတ်ဖြစ်သည်။
တာအိုတွင်လည်း အထောက်အပံ့ရှိသည်။
ဤလောက၏ကွန်ဖြူးရှပ်တာအိုသည် အမတ်ချုပ်ကြီးဝမ်မော့ရှန်အပေါ်တွင် မှီခိုထားသည်။